Tuesday, December 22, 2009

တခုခု ကဗျာ




















ဘာတွေဖြစ်ကုန်ကြတာလဲ...

ဘာမှ မဖြစ်ရင်
ဘာမှ မဖြစ်ဘူး...

တခုခုဖြစ်ချင်ရင်
တခုခု ဖြစ်အောင်လုပ်...

ငါလည်း တခုခု လုပ်နေတယ်...
မင်းလည်း တခုခု လုပ်နေတယ် မဟုတ်လား...

တခုခုကတော့ ဖြစ်ရမှာပေါ့လေ...
အခု တခုခု မဖြစ်သေးရင်လည်း တခြားတခုခု ထပ်လုပ်ပေါ့...
ဒါဆို တခုခုတော့ဖြစ်လာမှာ မဟုတ်လား...

မင်းကို ပြောရတာလည်း
မောတယ်ကွာ...
အဲသလို မပြောရအောင်
ငါ တခုခုတော့ လုပ်ရတော့မယ်...
စဉ်းစားမိတာကတော့
မင်းက ကဗျာရေးတယ်ဆိုတော့ကာ
မင်းအတွက် ငါက ကဗျာရေးမှဖြစ်မယ်...

သည်ကဗျာဟာ
မင်းအတွက် ပါ...

ဒါကို ဖတ်ပြီးရင်
မင်း တခုခု လုပ်ချင်လာလိမ့်မယ်...

သည်လိုမှ မဟုတ်ရင်လည်း
တခုခုကို မလုပ်နဲ့ကွာ...
တခြား တခုခုကို လုပ်ကွာ...
မင်းကို အဲလို ပြောနေရတာကို
ငါ စိတ်မရှည်တော့ဘူး...

တခုခုတော့ လုပ်မိတော့မယ်...

(အောင်သာငယ်)

၃၁ ဘုံလည်ပတ်ရေးသာ ကျုပ်တာဝန်ဆို ခင်ဗျားသေပြီ

ဆိုလိုတာက
ခင်ဗျားဗိုက်ထဲစုနေတဲ့ အဆီတွေများနေတာပဲ
ဆိုလိုတာက ခင်ဗျားနာမည်
အမြီးမြှောက်လိုက် အီးပေါက်လိုက်ဖြစ်နေတာပဲ
လူတိုင်းဟာ အရူးချည်းပဲဆိုရင်လည်း
ရွှေတံဆိပ် ငွေတံဆိပ် ကြေးတံဆိပ်တွေ
ဘာလို့ခွဲနေသေးလဲဗျာ
မောင်ဥမ္မတကော မဥမ္မတကော
ကျုပ်နာမည်လည်း ဥမ္မတကော ပြီးရောပေါ့
ခုတော့
ခင်ဗျားငယ်နာမည် ကုလားလေးတဲ့
လုပ်မနေပါနဲ့ဗျာ
ခင်ဗျားလည်းအရူး
ကျုပ်လည်း အရူး
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး
ဆိုလိုတာက
‘ရွှေစင်တစ်မတ် ငွေငါးကျပ်’
ဆိုလိုတာက
‘သုံးထောင်သင်္ချာဟေ၀န္တာ အာဏာစိုးလျှက် သီဟစက်’
ဆိုလိုတာက
တစ်ချောင်းဝင်လည်းအရည်ထွက် နှစ်ချောင်းဝင်လည်းအရည်ထွက်
ကြံရည်စက် မဖြစ်ဖို့သာအရေးကြီးတာပါ
အရေးကြီးတယ်ဆိုရင်လည်း အရအမိပေါ့ဗျာ
ကျုပ်ကတော့ ကျုပ်အိမ်မှာနေပါတယ်
တွေ့ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လာ
အိမ်ရှေ့ခန်းမှာ ကျုပ်သီချင်းဆိုနေမယ်
‘မပေး … ပေး … ပေး
ပေး … ပေး … ပေး …
ငါ့ကဗျာပြန်ပေး’ လို့ …
ဆိုလိုတာက ခင်ဗျားသောက်နေတဲ့ ရေမသီးဖို့
ဆိုလိုတာက ကဗျာဆရာတွေကို မပစ်မှားမိဖို့
ဆိုလိုတာက စေ့စပ်ညှိနှိုင်းဖို့
ဆိုလိုတာက လူငယ်တွေရှိတယ်
ဆိုလိုတာက မျက်စိကိုဖွင့်ထားဖို့
ဆိုလိုတာက နားကိုစွင့်ထားဖို့
ဆိုလိုတာက ကြည်ကြည်လင်လင်မြင်တတ်ဖို့
ပြောနေရတာကိုက အလုပ်မဟုတ်ဘူး
ခင်ဗျားအသက်လည်းကြီးပြီ
ဆိုလိုတာက
နားလိုက်တော့ …။ ။



ကြက်သွန်

Wednesday, December 16, 2009

ပင်လယ်ကိုဆဲသူ

တစ်စုံတစ်ယောက်
ကျောက်ကမ်းပါးစွန်း ထိပ်ပေါ်ရုတ်ချည်းတက်
ပင်လယ်ကို ဆဲပါလေရော။

မိုက်မဲတဲ့ရေ မိုက်မဲတဲ့ကိုယ်ဝန်ဆောင်ရေ၊
ကောင်းကင်ရဲ့ ရွှံ့စေးထူတဲ့ ပုံတူကား၊
နေနဲ့လကြား တွန့်ဆုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်လုပ် ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသိုး၊
ကျောက်တုံးများကို သူ့သွေးနဲ့မျိုးအောင်စေသူ၊
သူ့ကိုယ်သူ ပြန်သတ်တဲ့ဓား၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူ အစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာ ညကို အပိုင်းပိုင်းဖြတ်သူ၊
တိတ်ဆိတ်မှုရဲ့ ဆားငန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံတွေဖြန့်ပြီး၊
အချည်းနှီး၊ အချည်းနှီးပဲ၊
ဂေါ်ဂွန် ကိုယ့်ကိုယ်ကို ပြန်လည်ဝါးမျိုနေသူ။
ရေ၊ ရေရဲ့ ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံ အသင်-
အဲဒီလို အတန်ကြာ ပင်လယ်ကို သူဆဲပစ်လိုက်တယ်။

သဲပေါ်က သူ့ခြေရာတွေကို လျှာနဲ့လျက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရ ခွေးတစ်ကောင်လို။

ပြီးတော့ သူအောက်ကို ဆင်းလာ
ပြီး ပွတ်သပ်လိုက်တယ်
သေးသိမ်စွာ ထုထည်ကြီးမား မုန်တိုင်းထန်နေတဲ့
ပင်လယ်ရဲ့ ကြေးမုံကို။

တွေ့ပလားကွ၊   ရေ၊   လို့   သူပြောပြီး
သူ့လမ်းသူ ဆက်သွားပါလေရော။ ။

Miroslav Holub
(မောင်သစ်မင်း ဘာသာပြန်သည်)

ဟိုက်ဒြာ= ခေါင်းတစ်လုံးဖြတ်လျှင် နှစ်လုံးတိုးသည် ဆိုသော ဂရိဒဏ္ဍာရီထဲက နဂါးကြီး
ဂေါ်ဂွန်= ဂရိဒဏ္ဍာရီထဲက အလွန်စက်ဆုပ်ဖွယ် ကောင်းသော ဘီလူးမ

Monday, December 14, 2009

ကမ္ဘာကျော်ချင်လို့ ကဗျာကရာကျော်တယ် ၊ခွတယ် ။

ကမ္ဘာကြီးကိုကျော်ဘို့
ပရောက်ဇီ 212 နဲ့စတယ်
မေးလ်ပို့တယ်
မေးလ်ပြန်တယ်
အအေးပတ်တော့ မေးပါခိုင်တယ်
ချက်တင် မှာပွားတယ် / ဖျားမယ်
အခန့်မသင့်ရင် နားပါကားမယ်
အစွန်းရောက်တယ်
လိင်သွေးကြွတယ်
ဗုံးကြဲတယ်
အမုန်းဆွဲတယ် (ဘာဖြစ်ဖြစ်ပါ)
ထိချင်တာလား ၊ ငြိချင်တာလား
ဖိုက်တာတော့ မဟုတ်ဘူး အပျင်းပြေ လူသတ်တယ် (ဂိမ်းထဲမှာ)
ခေတ်ရှေ့ပြေးတယ်
ဗေဒင်တွက်တတ်တယ်
တခုခုထူးခြားရင်
အတိတ်ကောက်ပြီး ၂ လုံးထီထိုးတယ်
ငွေမခင်တတ်ဘူး
လူကိုခင်တယ် (လူကိုခင်မှအကုန်ပါတာ)
ကိုယ့်စိတ်ပျော်ရွှင်ဘို့
မိသားစု အညိုအငြင်ခံတယ်
ချစ်တတ်တယ်
မလွမ်းရဲဘူး
ကဗျာဆရာတွေအပေါ်မှာ ယောက်ကျားကြောက်ရတဲ့ မိန်းမလို
ရိုကျိုးတယ် . .
လန်းတယ် ၊ ဂွမ်းတယ် ၊ ဆန်းတယ်
စိတ်ထက်တယ် ၊ မြွေပွေးလို အဆိပ်ပြင်းတယ်
ငါ့နာမည် ဖုန်းမြင့်
ဆက်သွယ်ချင်ရင် Port 443 ဒါပဲ   . . . ။

ဖုန်းမြင့်

Sunday, December 13, 2009

မမမြိုင်


မမမြိုင်


ကုန်သွားပြီ…

ကုန်ပစ္စည်းတွေ

ကုမ္ပဏီတွေက တင်သွင်းထားတာတွေ

ပြည်တွင်း ကုန်ထုတ်လုပ်မှုပမာဏ ပြည့်မီအောင်ထုတ်လုပ်ထားမှုတွေ

ထုတ်လုပ်ခြင်းကို ထုတ်လုပ်မှုတွေ

ဘာတွေထုတ်လုပ်မိနေတာတွေ

ထုတ်လုပ်သမျှ ထုတ်ပိုးနေရတာတွေ

ထုတ်ပိုးပြီးသမျှ ထမ်းပိုးနေရတာတွေ

ထမ်းပိုးထားရတာတွေကို ထန်းလက်နဲ့ကာနေရတာတွေ

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တွေ

ကျီးကြည့်ကြောင်ကြည့်တွေ

ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ မေးခွန်းတွေ

မေးခွန်းက မေးခွန်းကို မေးခွန်းနဲ့ပဲ တုံ့ပြန်နေတာတွေ

တုံ့ပြန်မှုဟာ လက်တုံ့ပြန်ခြင်းခံနေရတာတွေ

ခံနေရတာတွေကို ခံစားချက်လုပ်ပြီး ကဗျာရေးရကောင်းမလားစဉ်းစားမိနေတာတွေ

စဉ်းစဉ်းစားစားနဲ့ စား နေတာတွေ မိသွားတာတွေ

မိကျောင်းတွားတက်လာနေတဲ့ သွားတွေ

သွားတွေ တဆစ်ဆစ် ကိုက်မြဲကိုက်နေ

ကိုက်လမ်း အတိုင်းပြေးမြဲ ပြေးနေမိတဲ့ ကိုက်လမ်းကဗျာထဲက ယုန်သတ္တ၀ါ လေးတွေ

ယုန်ကလေးရေ…တကယ်တမ်းမတော့

ငါဟာ ငါ့ဘ၀ အမှန်အတိုင်းမနေထိုင်နိုင်ခဲ့ဘူးကွယ်

ငါဟာ ငါ့ကိုယ်ငါ ကွယ်ခဲ့တယ်

ငါ့ဘ၀အမှန်ကို ငါကိုယ်တိုင် ကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ရိုသေစွာ ကွယ်ခဲ့တယ်

ငါဟာ ငါ့ကိုယ်ငါ ရိုသေစွာ ကိုးကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ကိုးကွယ်မှုမှားခဲ့တယ်

ငါဟာ မှန်ကန်စွာမှားခဲ့တယ်

ရှေ့သွားလေး ငေါငေါ နဲ့မှားခဲ့တယ်

လူ့သမိုင်းကြီးတခုလုံးဟာ ရှေ့သွားတွေ တငေါငေါ

ဘီစီ ငါးထောင်ရဲ့ဟိုဘက်ခြမ်းမှာ တငေါငေါ

အေဒီ ၁ ရာစု ၂ ရာစုမှာ တငေါငေါ

တကောင်း အဘိရာဇ ဆိုပြီး တငေါငေါ

ဘယ်ညာ hang bag တွေ suitcase တွေ ဆွဲလာပြီး တငေါငေါ

ဆတ်ကနဲ shock ရပြီး တငေါငေါ

တော်လောက်ပြီ တငေါငေါ

ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ တငေါငေါ

တငေါငေါ ဟာ တငင်ငင်

တနွယ်ငင်မိတာ တစင်ပါရောပဲ

အဲဒီတော့..

မင်းလဲတစင်ထောင် ငါလဲတစင်ထောင်မယ်

ဟိုကောင်တွေကလဲ တယောက်တစင်စီဆိုတော့ မြိုင်ပြီပေါ့ မမမြိုင်။


ခင်အောင်အေး


၁၀၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူ စံတော်ချိန် ၁၃း၂၆ နာရီ

Friday, December 11, 2009

ရုပ်ရှင်

ရုပ်ရှင်


အမှောင်ရောင် နှစ်ခုထပ်တွဲ ထပ်လျှက်
ငါအရှေ့က ကုဗတုံးပုံသဏာန်ကြီးဟာ ဘာလဲ
ကိုယ့်အလုပ်ကိုယ်လုပ်နေရာကနေ
တဖြည်းဖြည်း တဖြည်းတဖြည်း
နာမည်ကျော် လက်ချင်းချိတ်ဆက်မှု နဲ့
ဟောဒီမှာ အားလုံးငြိမ်သက်နေရာကနေ
တဖြည်းဖြည်း လှုပ်ရှားလာ
ငါ နဲ့ မတော်မတဲ့ ရည်းစားတစ်ယောက်ကိုပြန်တွေ့တယ်
ရွှေ တွေ ထွက် ရွှေ တွေ ထွက်
အလုပ်ရှုပ်နေကျတာ
ဓာတ်ပုံတွန့်တွန့်ကျေတစ်ပုံလဲ နေရာတိတိ ကျသွားတယ်
မြင်ကွင်းက တဖြည်းဖြည်း တဖြည်းဖြည်း
ကဲ .. ဒီမှာ ပင်လယ်ကို မှောက်လို့မှောက်
မိန်းမ တစ်ယောက် လိပ်စာကဒ်နဲ့
အပျော်အပါးမက် ခေတ်လူငယ်တသိုက်
ကဲ .. ဒီထဲမှာ တဖြည်းဖြည်း တဖြည်းဖြည်း
ရှေ့သွားလေး နှစ်ချောင်း နဲ့ ကမ်းခြေတခုလုံးကို ကုတ်ခြစ်လိုက်တယ်
အရာအားလုံး ဘောင်ဝင်သွားပြီ
အိနြေ္ဒရရပဲ
ကမ္ဘာကျော်ဆိုသူဟာ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
တလှမ်းခြင်းထထွက်သွားတယ် ။


ရုပ်သေး
၁ဝ.၁၂.၂ဝဝ၉







ရုပ်ရှင်



မလိုအပ်ပဲ ဆေးလိပ်မီးခိုးတွေ ရှိုက်သွင်းနေခဲ့ရ
ညနေဟာ ဆွေးမြည့်ခြင်းကို
သာသာထိုးထိုးလေး ခင်းပြနေတယ် ၊၊
ငါ့မျက်စိထဲ အညိုရောင်မြင်ကွင်းတွေချည်းဖြစ်လို့
ဇာတ်သိမ်းခန်းသိုးမသွားခင်
နှိုက်စားချင်စိတ်ကို မနည်းထိန်းထားရ …
သက်ပြင်းတွေနဲ့ပဲ ပရိသတ်မပျင်းရအောင်
ထပ်တလဲလဲ ရယ်ပြနေရတယ် ၊၊ ၊၊



ကြက်သွန်
၁ဝ.၁၂.၂ဝဝ၉











ရုပ်ရှင်



ချက်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်၊၊

ကိုယ့်ဘာသာခြေခေါက်လဲရင်တောင် ကိုယ့်အပြစ်ပဲ ဖြစ်ရမှာလဲ သိတယ်
ကန်နေကြတာကလဲ အကန်းတွေအတိုင်းပဲ
ခေါင်းစားလာပြီ
ဘာလို့ ဒီလောက် ခေါင်းပါးနေရတာလဲ
ခင်ဗျားတို့သာ သိတတ်ကြည့်
ဒီလက်ခေါက်ထဲက သီချင်းဟာ ခင်ဗျားတို့အတွက်ပဲ
ဒီထဲကို ဒီလိုဆင်း
ဒီပေါ်ကို ဒီလိုတက်
ခင်ဗျားတို့အိတ်ကပ်ထဲက ခေါက်ဆွဲခြောက်တွေ အစိုမပျံမခြင်းလေးတော့ ....
အချို့ သာစေတနာ ကို ဖျက်လိုဖျက်ဆီး မလုပ်ခဲ့ရင်
ဇာတ်လမ်း နဲ့ ဇာတ်အသွားအလာမှာ ရုပ်သေနေမှာမဟုတ်ဘူး
ရှေ့ကလူက ဓာတ်ပုံတစ်ပုံကို ပြပြီး
ဒါဟာ ရုပ်ရှင်လို့ပြောတယ်

‘မင်းတို့တစ်ရုပ်ကိုမှ ငါ အရှင် မထားဘူးကွ”
ချက်စ်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်
စစ်တုရင် အကွက်တွေမှ …၊၊




ဇာတိ

၁ဝ.၁၂.၂ဝဝ၉




 



ရုပ်ရှင်


ပုံသေကားချပ်မဆန်ချင်လို့
ဒီမြင်ကွင်းကို အရွေ့လို့ နာမည်ပြောင်းတယ်
ဆက်တင်ရဲ့နောက်ခံကားမှာ ဘဝ ဆိုတာကို ကြီးကြီးရေးချလိုက်
ဇတ်ညွှန်းက ပုထုဇဉ် တယောက်ရဲ့ နွေနံနက်
သွားသွားလာလာ နားနားနေနေ စားစားသောက်သောက်
လောကဓံကို ဗီလိန်နေရာမှာထားမယ်
အော်စကာပေးမယ်ပြောရင် သွက်သွက်ခါအောင်ငြင်းလိုက်
ကိုယ်က
ဒီဇတ်လမ်းမှာ ရှန်ဒလားရဲ့
စာရင်းထဲက မေ့ကျန်နေခဲ့သူ သက်သက် ။


ဖုန်းမြင့်
10.12 .2009




 



ရုပ်ရှင်

တစ်ယောက်ကလမ်းဖြတ်ကူးလာတယ်
တစ်ယောက်က ဘရိတ်အုပ်လိုက်တယ်
တစ်ယောက်က ကော်ဖီခွက်ကိုမလိုက်တယ်
တစ်ယောက်က လှေကားပေါ်ကပြေးအဆင်း
တစ်ယောက်က လေပြည်တွေကို မျက်နှာမူလို့
တစ်ယောက်က မုန်တိုင်းထဲမှာရုန်းကန်လို့
တစ်ယောက်က မွေးခန်းထဲမှာ
တစ်ယောက်က မီးခိုးခေါင်းတိုင်ကိုလှမ်းအငေး
တစ်ယောက်က အဝေးကြီးကပြန်အလာ
တစ်ယောက်က နောက်ဆုံးကျောခိုင်းလိုက်တယ်
တစ်ယောက်က ပန်းစည်းတွေယူလာတယ်
တစ်ယောက်က ကျောင်းထွက်လိုက်ရတယ်
တစ်ယောက်က စီးပွားရေးလုပ်တာအရမ်းအောင်မြင်နေတယ်
တစ်ယောက်က စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံ
တစ်ယောက်က တစ်ယောက်ကိုမယုံဘူး
တစ်ယောက်က တစ်ယောက်အပေါ်ကောက်ကျစ်နေတယ်
တစ်ယောက်ချင်း စိန်ခေါ်ပစ်လို့
တစ်ကိုယ်တော် အရက်ပုလင်းနဲ့ကြေကွဲ
တစ်ယောက်နဲ့ တစ်ယောက်ပြေးဖက်လိုက်ကြတယ်
တစ်ယောက်နောက်ကျောကို တစ်ယောက်ဓားနဲ့ထိုးလို့...
တစ်ယောက်ယောက်က မီးခလုတ်ကိုထအဖွင့်
တစ်ယောက်တည်းထပြန်လာတယ်
တစ်ယောက်တည်းပဲ... ရုပ်ရှင်ထဲမှာ...။


မိုးလှိုင်ည

၁ဝ.၁၂.၂ဝဝ၉

Tuesday, December 8, 2009

ကဗျာဟုရေးသဖြင့် ကဗျာဖြစ်ကြောင်း




ကဗျာဟာ ကဗျာပတ်လမ်းကြောင်းပေါ်မှာတည်ရှိ
ရှိချင်သလောက်ရှိတဲ့ဒီဂရီနဲ့
စောင်းချင်သလိုစောင်းပြီး လည်ချင်သလိုလည်
ကဗျာဖိုကဗျာမ ဆက်ဆံရေး*
မော်ဒန်ဂိုဏ်းချုပ် ၊ အယ်လ်ပီဂိုဏ်းချုပ်အချို့၊
သူ့ထက်သူလူစွမ်းကောင်းများနဲ့ ကဗျာသိုင်းလောက
ဒီကြားထဲ ကဗျာနာနာဘာဝလောကလည်း ပါဝင်ဆင်နွှဲ
ခင်ဗျားကဗျာဖတ်ပြီး ကျွန်တော်သနားကရုဏာသက်တော့
ခင်ဗျားအတွက်ရေစက်ချအမျှဝေ
ကဗျာအိပ်၊ ကဗျာစား၊ ကဗျာကျင့်၊ ကဗျာကြံ
ဘယ်ကဗျာဘယ်လောက်တန်သလဲ
`အော်´ကဗျာ၊ `ပတ်တီး´ကဗျာ၊ `အင်ဂျင်ညက်´တဲ့ကဗျာ၊
ကဗျာ`အလိုင်းမင်း´
ကဗျာပေါင်ကဗျာရင်းသန်သန်နဲ့ ကဗျာဈေးကစားနေသူ
ဒီမှာ . . ဒီမှာ ခင်ဗျားက ကဗျာပွဲစားလား
ဟုတ်တော့မဟုတ်သေးဘူး
ကဗျာဆရာမကောင်း ကဗျာ့ခေါင်းပေါ်တည့်တည့်
ဘာသားနဲ့ထုထားတဲ့ ဘာတွေထက်သာတဲ့ ဘာသာစကားလဲ
ခင်ဗျားကရော ဘာနဲ့ဒန် ၊ ဘာနဲ့ဒမ်သလဲ
ကဗျာရေးကဗျာရာ၊ ကဗျာရည်လုပွဲ၊ ကဗျာဗျူဟာအခင်းအကျင်း
ပြောလိုက်ရရင်မကောင်းဘူး
သောက်ပြီးရေးရင်တော့ `သောက်ကဗျာ´ပဲဖြစ်မှာပေါ့
တိုင်းရင်းကဗျာစစ်စစ်၊ ပြည်တွင်းဖြစ်ကဗျာ
ကိုလိုနီကဗျာ၊ ဖောရိမ်းကဗျာ၊ အပျော်ဖတ်ကဗျာ
ကျော်ဖတ်ကဗျာ ၊ စသည်ဖြင့် . . . . .
အဆင့်အတန်းခွဲနေလိုက်ကြတာများ
သူတို့ကပဲ ကဗျာအဖေ ကဗျာအမေကြီးတွေလိုလို
`က´ကျက်ရင် `က´စား၊ `ဗျာ´ကျက်ရင် `ဗျာ´စား
ကဗျာပါးဝနေကြသူတွေ
အစွယ်ပြူးပြူး ကဗျာကျူးတဲ့ ကဗျာဘီလူးတွေ
တော်လောက်ပြီလို့ယူဆ၍ ရပ်ထားလိုက်သော
ယခု `သင့်အတွက်မနက်ဖြန်´ကို အခန်းဆက်ကဗျာဟာ
ယူဆစေလိုကြောင်း . . . . ၃၁ ဘုံတွင် ကျင်လည်ကြကုန်တဲ့
ဝေနေယျကဗျာဆရာအပေါင်းတို့ . . . . . . ။                 ။




ဝန်ခံချက် ။          ။ ကိုသိုးထိန်း၏ `ကဗျာဖိုကဗျာမ ဆက်ဆံရေး ´ ကဗျာခေါင်းစဉ်အား စာသားအဖြစ်
                          ယူငင်သုံးစွဲထားပါသည်





သူရဿဝါ
 ရသစာပေအနုပညာဘလော့ဂ်
November .10.2009

Sunday, December 6, 2009

ရောက်ရာပေါက်ရာမှာ ရွာရိုးကိုးပေါက်




အစကသာ ဒီလိုမှန်းသိရင် ကိုယ့်ပေါင်မုန့်ပဲ ကိုယ်စားမှာပေါ့

ပေါင်မုန့်ကလဲ ပေါင်မုန့်ပီပီသသ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းထားတဲ့

ထုတ်ပိုးပုံ သေသေသပ်သပ် ပေါင်ချိန်ပြည့်ပြည့် ပေါင်မုန့်မျိုးဟာ

ဘယ်လို တည်ဆောက်ထားသလဲ ညနက်နက်ထဲ နစ်စိုက်ထားသလို

အပိုအလိုမရှိ သိသာသိစေမမြင်စေနဲ့ပုံစံခွက်ထဲမှာ

ခေါင်းလျှိုနေရတယ် သပ်လျှိုခံထားရတယ်

မနက်ဖြန်သဘက်ခါဆိုရင်ပဲ ပိုမိုစိမ်းစိုတော့မလိုလို

အရောင်တွေနဲ့ပဲ အားလုံးကိုတိုင်းတာ အကဲဖြတ်သွားတော့မယ်တဲ့

ဒီမှာ..ဒီမှာ..သိပ်တာဝန်ကျေဦးကြီးလုပ်ပြမနေနဲ့ဗျာ

ဒီဇာတ်လမ်းမှာ အဓိက အကျဆုံး

ပွဲလမ်းအလှူ အိမ်မှာသုံး လက်ဆောင်ပေးရန် အကောင်းဆုံး

ထိုနာမ်ကလေးကို ငြိမ်အောင်ထိန်းနိုင်ဘို့ဆိုသည်မှာ

သန်သန်မာမာရှိတဲ့လူ လေးငါးခြောက်ယောက်လောက်က၀ိုင်းဝန်းဖမ်းချုပ်ပြီး

မလိုတော့ပါဘူးလေ ရထားလဲထွက်သွားခဲ့ပြီ

တောဘူတာရုံကလေးရဲ့ နှုတ်ခမ်းပဲ့ ပလက်ဖောင်းပေါ်မှာ

နောင်တချိန်မှာ ကမ္ဗည်းတင်ခံရကောင်းခံရနိုင်မယ့် ကောက်ကွေးရှုပ်ထွေးမှုတွေ

အထူအပါးကို လက်ဖြင့်/စက်ဖြင့် ဒသမ နှစ်နေရာသုံးနေရာလောက်အထိ တိတိကျကျချိန်ဆ

တွဲလောင်းကျနေတဲ့ ခေတ်ဆိုတဲ့ သတ္တ၀ါကြီး နိုးမလာခင်

ကျနော်တို့ ပိပြားသေသပ်မှုသီချင်းသံပြိုင် သီဆိုမြင့်တက်

ရောက်ရာအရပ်မှ သာဓုခေါ်ပါရန်။



ခင်အောင်အေး


၂၉ နိုဝင်ဘာ ၂၀၀၉ စင်္ကာပူစံတော်ချိန် ၉း၂၇ နာရီ

Friday, December 4, 2009

စိတ်ကူးမဲ့မနက်ခင်းများ…

"စိတ်ကူးယဉ်ခြင်းက အသိဥာဏ်ထက်ပိုအရေးကြီးတယ်" အိုင်စတိုင်းကပြောခဲ့ဖူးသည်။

သူ အိုင်းစတိုင်းနဲ့ သိကျွမ်းခဲဖူးခြင်းမရှိပါ။ အိုင်စတိုင်းရဲ့ ရီလေတီဗီတီကိုလည်း မဖတ်ခဲဖူးပါ…။ အထက်က အိုင်စတိုင်းစကားကို မဂ္ဂဇင်း အဟောင်းတစ်အုပ်ထဲမှာ အမှတ် မထင် ဖတ်ခဲ့ဖူးခြင်းပါ…။ သူက စိတ်ကူးမယဉ်တတ်ပါ အသိဥာဏ်ကြီးနေ၍ တော့မဟုတ်… ဘ၀က စိတ်ကူးယဉ်ဖို့ အချိန် မရ၍သာ….. ။ တစ်ခါတော့ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီကို စာအုပ်ဆိုင် တစ်ဆိုင်မှာ မေးကြည့်ဖူးပါတယ်…။ ဆရာဗန်းမော်တင်အောင် ဘာသာပြန်တဲ့ ရီလေတီဗီတီက ကိုးတန်းကျောင်းသူ ညီမလေးရဲ့ ကျူရှင်စရိတ် တစ်လစာဖြစ်ပြီး… တက္ကသိုလ် ကြယ်ပွင့်ရေးတဲ့ ရီလေတီဗီတီက သူတိုမိသားစုရဲ့ ညနေစာ တစ်နပ်ဖြစ်နေပြန်ပါတယ်။

"ထမင်းတနပ်ရှာစားတာချင်း အတူတူမင်းကို ပန်ကာအောက်မှာ စားပွဲနဲ့ကုလားထိုင် နဲ့ ချွေးမထွက်ပဲ အလုပ်လုပ်နိုင်အောင် ပညာသင်ပေးနေတာ"

အထက်တန်းကျောင်းသားဘ၀က သူကျောင်းပြေးတုန်းက အဖေသိသွားလို့ ဆုံးမတဲ့ စကားတွေထဲမှာ သူမှတ်မှတ်ထင်ထင်ဖြစ်မိတဲ့စကားပါ…။ နောက်ပိုင်းတော့သူ တတ်စွမ်းသမျှတော့ကြိုးစား ခဲ့ပါတယ်…။ မိဘ၀န်ထမ်းတွေရဲ့မျက်နှာကိုငဲ့ပြီး ဆယ်တန်းမှာအမှတ် မကောင်းတောင် နှစ်ချင်းပေါက်အောင်ဖို့ သူဂရုစိုက်ခဲ့တယ်…။

တက္ကသိုလ်တက်တော့လည်းစရိတ်နည်းနည်းနဲ့ဘွဲ့မြန်မြန်ရတဲ့အဝေးသင်ပဲ ရွေးချယ်ခဲ့ရတာ…။လူငယ်ဘ၀တွေမှာရွေးချယ်စရာတွေအများကြီးရှိတတ်ပေမယ့် ရွေးချယ်နိုင်ခွင့်ကတော့အနည်းငယ်ပါ…။ သူဘွဲ့လက်မှတ်လေးကိုင်ပြီး ယောင်ခြောက်ဆယ် လုပ်နေတုန်း ဦးလေးတွင်ခုံဆရာတစ်ယောက်က မင်းအလုပ်မရှိရင် ငါတို့အလုပ်ရုံလိုက်ခဲ့ကွာဆိုတော့… တစ်နေ့ရှစ်ရာကျပ်နဲ့သံပန်း အလုပ်ရုံတစ်ခုမှာလုပ်ဖြစ်ခဲ့တယ်။ စက်မှုဇုန်ရဲ့ နေပူပူ နားဆူဆူအရပ်မှာ သံပန်းတွေကို သံချေးခေါက်ချရင်း အဖေရဲ့ ထမင်းတစ်နပ်ရှာစားတာခြင်းအတူတူ ဆိုတဲ့စကားက သူ့အတွေးထဲ ထော်လော် ကန့်လန့် ၀င်ချလာပါတယ်…။

ဆရာသစ္စာနီရဲ့တိမ်နဲ့လူ ဆိုတဲ့ဝတ္ထုကို ဖတ်မိတော့ သူငယ်ချင်းအစ်ကိုတစ်ယောက်ရဲ့ လူတွေမှာကိုယ်ပိုင်နံပါတ်တွေပါတယ်ဆိုတဲ့ စကားကိုသူ သွားအမှတ်ရမိပါတယ်….။

ကံကြမ္မာရဲ့ ပြဌန်းချက်တွေနဲ့ လိုက်လျောညီထွေပြုပြင်ရဖန်များ လာတော့ သူ့ကိုယ်ပိုင်ဆန္ဒတွေကို မေ့လျော့လာမိခဲ့တယ် …. လေဆန်ညတွေကို ဖြတ်ပျံလာပြီးတဲ့နောက်မှာ အတောင်တွေကြမ်းခတ်လာခဲ့တယ်။

ငှက်တွေက ပျံရင်းသေတယ်တဲ့ လူတွေကကြံရင်းသေတယ်…သူ့ဘ၀မှာအေးအေးလူလူ စာဖတ်နိုင်မယ့်အချိန်တွေမျော်လင့်ခဲ့ဖူးတယ်… ဒါပေမယ့် သူနေတဲ့အရပ်မှာမှ နေရောင်ခြည်က ပိုမိုစူးလျှလေသလားမသိပါ… နေရိပ်ကိုရဖို့အတွက် နေပူထဲကရပ်စောင့် မနေခဲ့ပါ… ၀မ်းတစ်ထွာအတွက် နှစ်ကာလတွေကိုကြုံသလိုဖြတ်လာခဲ့ရဖူးတယ်.. ယုတ္ထိကျတယ်လို့ အသိုင်းအ၀ိုင်းကယူဆထားတဲ့ ဆင်ခြင်ခြင်းတွေနဲ့လျှောက်ခဲ့ရဖူးတယ်.. သူ့အရပ်က ငါးပေဆယ့်တစ်လက်မရှိပေမယ့်…. တိမ်တွေကမြင့်လွန်းနေပါတယ်…။ ဘ၀ရေပြင်ညီကနေ ခုန်ပျံကျော်လွှားဖို့ သူ့ဆီမှာနည်းပညာမရှိပါ… တစ်ခါတစ်ခါတော့ဘာကိုနာကြည်းရမယ်မှန်းမသိပဲအရာရာကိုနာကြည်းနေမိပြန်ပါတယ်…။

ရိုးသားကြိုးစားရင် တစ်နေ့အောင်မြင်ရမယ်လို့ တက်ကျမ်းစာအုပ်တွေထဲမှာ ဘာလို့ရေးတတ်ကြတာလဲ … တစ်ယောက်စနှစ်ယောက်စ အောင်မြင်ရုံနဲ့တော့ သက်သေပြချက်တွေ ထုတ်ပြတတ်တာဆိုးပါတယ်… သူလည်း တက်ကျမ်းစာအုပ်တွေဖတ်ပြီး တစ်နေ့ကြီးပွားလိမ့်နိုးနဲ့ မျော်လင့်ခဲ့ဖူးပါတယ်… လမ်းဆုံးတော့ချောက်က ဆီးကြိုနေပါတယ်…. တံတာထိုးဖို့သူ့ဆီမှာ အပိုပစ္စည်းကပါမလာဘူး…. တချို့လူတွေက အမြင့်ပျံယာဉ်တစ်ချို့နဲ့ မြင့်လွန်းတဲ့တောင် နက်လွန်းတဲ့ချောက်တွေကို ဖြတ်သန်းသွားတာမြင်ဘူးပါတယ် …. သူတို့လိုမွေးကတည်းက ဘာမှပါမလာတဲ့သူတွေက ချောက်ကမ်းပါးနားမှာ တ၀ဲလည်လည်ပါ။

လူတိုင်းမှာကိုယ်ပိုင်နံပါတ်တွေပါရင်တောင် ကံကြမ္မာကခွဲခြမ်းဖို့ နံပါတ်တွေပေးထားတာပဲဖြစ်မှာ … ကဗျာဆရာပိုင်ပြောသလို ဒီတစ်ညတော့ ဘုရားသခင်က လူချမ်းသာတွေအတွက် နည်းနည်းပိုပေးမိလို့ ညစောင့် အဘိုးအိုမှာ စွပ်ပြုတ်မရရှာတာပါ…သန်းခေါင်ကျော်လာပေမယ့်… မိုးမလင်းတတ်သေးတာ သူ့ဆီမှာညတာတွေပိုရှည်လျားခဲ့လို့………..။


မိုးလှိုင်ည

Thursday, November 26, 2009

တောင်ပေါ်ရောင်စဉ်ဓါး၊ ဂိမ်း



လယ်ဗယ်ကို ရွေးပြီးတာနဲ့

တသမ်းသမ်းတဝေေ၀ နေလို့မရတော့ဘူး


စထွက်တာနဲ့ အစွမ်းကုန်လှုပ်ရှား

မျက်စေ့ရှင်ရှင်၊ လက်ရှင်ရှင်ထား

ရသမျှ အကုန်စား

မီးအစိမ်းလင်းနေသမျှ အကုန်စား၊ တွီ တွီ

ဒီဘောနပ်စ်တွေ စားထားမှ ရောင်စဉ်ဓါးရမယ်

'ရှေ့အပတ်ထဲ ပြန်မရရင် မဖြစ်တော့ဘူး၊ ရှော့ခ်ရှိတယ်'

ရောင်စဉ်ဓါးရမှ မီးနဂါးကို နိုင်မယ်

တောင်ပေါ်လမ်းမှာ ဘယ်လမ်း၊ ညာလမ်း

ညာဘက်လမ်းကိုရွေး

ရှေ့ခလုတ်၊ အောက်ခလုတ် တစ်ပြိုင်တည်းနှိပ်

တွေ့သမျှ ခုတ်၊ လိုက်ခုတ်၊ တွီ

'ငါလည်း ရှာနေတာပဲကွာ၊ ရမှ မရတာ'

တောင်ကြားကတက်လာမယ့် တိမ်တွေကို စောင့်

အကြီးဆုံးပေါ်လာရင် ပေါ်နဲ့ ရှေ့ခလုတ်နှိပ်၊ တိမ်ပေါ်ရောက်

အပေါ်ဆုံးရောက်ရင် ရှေ့နှစ်ကွက်ဆက်နှိပ်၊ တွီ

အဲဒါ တောင်ထိပ်ပဲ၊ နောက်ဆုံးစတိတ်ခ်ျပဲ

'ငါ အိမ်မှာ မရှိဘူးပြောလိုက်၊ အပြင်သွားနေတယ်ပြောလိုက်'

အဲ့ဒီမှာ ဆရာကောင်တွေချည့်ပဲ

မင်းလည်း ဆရာကောင်ဖြစ်နေပြီပဲ

သွေးမကုန်သေးသ၍. . . ချ ။



မောင်ပြည့်မင်း

၂၀၀၉

Saturday, November 21, 2009

သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။


ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။

ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင်ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။


သစ်ကောင်းအိမ်

Thursday, November 5, 2009

လမ်းလျှောက်ထွက်သွားတဲ့ အိပ်မက်

တနေ့က ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်။ အိပ်မက်အကြောင်း ပြန်ပြောမယ်ဆိုရင် လူအများစုက `ညက ငါ အိပ်မက်မက်တယ်´ ဒါမှမဟုတ် `မနေ့ညက ငါ အိပ်မက်တစ်ခု မက်တယ်´လို့ ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ ကျွန်တော့်အိပ်မက်ကတော့ နေပူပူ နေ့လည်ခင်းတစ်ခုမှာ မက်ခဲ့ပုံပေါ်ပါတယ်။ အဲဒီနေ့လည်ခင်းမှာ အမှန်တကယ် ပူ မပူ ကျွန်တော် မသိပါ။ ကျွန်တော်က အိပ်ပျော်နေပြီး နေပူမယ်ဆိုတာကို ထင်ကြေးဖြင့် ပြောဆိုခြင်းဖြစ်၍ စာဖတ်သူက ကျွန်တော့်အား ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်သည် ညအချိန် အတော်များများကို အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးစေသဖြင့် မနက်စောစောပိုင်းမှသည် နေ့လည်နေ့ခင်းအထိ အိပ်တတ်၍ အိပ်မက်သည်လည်း နေ့ခင်းဘက်ကြီး ရောက်လာရခြင်း ဖြစ်မည်ထင်ပါသည်။ သာမန်အားဖြင့်တော့ ကျွန်တော်သည် အိပ်မက်များကို ယုံကြည်လေ့ရှိသူ မဟုတ်ပါ။ သို့သော်လည်း ထို့အတွက်ကြောင့် ကျွန်တော့်အား အိပ်မက်မမက်သူဟု မယူဆစေလိုပါ။ အိပ်မက်တွေကို မှတ်သား ပြန်ပြော နိမိတ်ကောက် ပုံဖော်တတ်သူတစ်ယောက် မဟုတ်ပါဟုသာ ဆိုလိုခြင်း ဖြစ်ပါသည်။

ယခု အိပ်မက်ကတော့ နည်းနည်းထူးဆန်းနေပါသည်။ နိုးနိုးခြင်း ကျွန်တော် အိပ်မက်မက်နေသည်ဟူသော အသိတရားတစ်ခုကို ဘယ်ကမှန်းမသိ လက်ခံရရှိနေခြင်း ဖြစ်ပါသည်။ ကျွန်တော် အိပ်မက်ကနိုးတော့ ညနေ သုံးနာရီထိုးနေပြီ။ ညနေခင်းနေက အီလည်လည်ကြီး ပွင့်လို့ ပူလောင်အိုက်စပ်နေသည်။ အမှန်မှာ ကျွန်တော်က အိပ်မက်မှ နိုးလာခြင်းမဟုတ်ဘဲ အိပ်ပျော်နေရာမှ နိုးလာခြင်းသာ ဖြစ်ပါသည်။ အိပ်မက်ကတော့ အိပ်ယာထဲမှာ ဆက်မက်နေပုံ ရပါသည်။ ကျွန်တော် ရေမိုးချိုးရန်အတွက် ရေချိုးခန်းထဲ ၀င်စဉ်အတွင်းမှာပဲ အိပ်မက်အကြောင်းကို ပြန်စဉ်းစားမိနေပါတယ်။ အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို တစ်ခုခု ပြောနေပုံပဲ။ `ချစ်သော ဖေဖော်ဝါရီ ကလေးနှစ်ယောက်နဲ့ ရောက်လာပြီး သူမ ဒုက္ခရောက်နေတယ်လို့´ ကျွန်တော့်ကို ပြောပြတာလား… ဒါလည်းမဟုတ်သေးပါဘူး… သိသလိုရှိနေသော သိမှုက သေချာစဉ်းစားကြည့်မှ မသိဘူး ဖြစ်နေပါတယ်။

မျက်နှာသစ် ရေမိုးချိုးပြီးတော့ အိပ်မက်ကို မေ့သလို ရှိသွားပြီ။ `ကျွန်တော် အလုပ်သွားတော့မယ်…´ အိမ်ခန်းထဲကနေ လမ်းမကို ဖွင့်ချလိုက်တော့ တချို့လူတွေက တအိအိနဲ့… တချို့လူတွေက လှုပ်လှုပ်ရွရွနဲ့… ဂနာမငြိမ်တာကို တွေ့နေရတယ်။ သူတို့လည်း သူတို့အိပ်မက်တွေနဲ့ ဒွိဟဖြစ်နေပုံရပါတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း မရေမရာလမ်းတွေ ဆက်လျှောက်နေလိုက်ပါတယ်။ ညနေခင်းကတော့ အဟောင်းတန်းထဲမှာတောင် ရီဂျတ်ထိသွားတဲ့ အင်္ကျီတစ်ထည်လို စိတ်ပျက်လက်ပျက် ဆုတ်ခွာနေတာကို တွေ့လိုက်ရတယ်။

ကျွန်တော်လည်း ညနေခင်းကို ဂရုတစိုက် ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။ နုစဉ်အခါတုန်းကတော့ အခုလို ညနေခင်းမျိုးကို `အသည်းကွဲညနေ ငါးနာရီခွဲ´ လို့ သေသေချာချာ ချိန်တွယ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုယ့်အလုပ်လောက် ညနေခင်းက ငေးမောချင်စရာ မကောင်းတော့ပါဘူး။ အမှန်တကယ် ကျွန်တော့်အလုပ်ဆိုတာက လမ်းများများလျှောက်ပြီး လူတချို့နဲ့ စကားပြောကြည့်တာပါပဲ။ အဲဒီအလုပ်တွေကို ညဉ့်နက်တဲ့အထိ ကျွန်တော်လုပ်ပြီးရင် မိုးသောက်ချိန်နီးပါးလောက်မှာ စကားလုံးများအဖြစ် စာရွက်အလွတ်တွေပေါ် ရေးရေးချတာပါ။ ညနေခင်းလူတချို့က အိပ်တန်းပြန်ပြီးတဲ့နောက် ညထဲကို လူတချို့ ထိုးစိုက်ဆင်းလာသလိုပါပဲ…။ အလင်းရောင်တွေ ကွက်တိကွက်ကြား စွန်းထင်းနေတတ်တဲ့မြို့မှာ ကျွန်တော် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားရင်း အိပ်မက်အကြောင်းကို ဒုတိယအကြိမ် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ အမေရိကန် အိတ်စ်ပရက်စ်ကုဝန်ထမ်းက ကျွန်တော့်ကို တောင်ကြီးက နှင်းဆီပွင့်တွေ လာပို့ပေးတာပါ… ပြီးတော့ သူက ပြောသေးတယ် `ပန်းတွေ နွမ်းကုန်မှာစိုးတဲ့အတွက် သူ့ဆောင်းဥတုထဲ ထည့်သယ်လာခဲ့တာ´ တဲ့… ကျွန်တော်က သူ့ကို ကော်ဖီတစ်ခွက် ဖျော်တိုက်ပါတယ်။ ကော်ဖီက နှစ်ချို့နေတော့ သူ တော်တော် သည်းခံပြီး သောက်သွားရရှာတယ်…´အေးဗျာ… ဘရာဇီးက ကော်ဖီဆိုတော့ ရန်ကုန်ရောက်တော့ တော်တော်နောက်ကျနေပြီ´ လို့ ကျွန်တော် တောင်းပန်စကား ပြောလိုက်မိသလား မသိဘူး။ အိပ်မက်ထဲမှာမို့ သိပ်မသေချာဘူး။

အဲဒီအချိန်မှာပဲ ရဲကင်းက ရဲက ကျွန်တော့်ကို လှမ်းတားတယ်… `ဟေ့လူ… ဘယ်သွားမလို့လဲ…´ `ကျွန်တော် လမ်းလျှောက်နေတာပါ´ `ဒီအချိန် လမ်းလျှောက်တဲ့အချိန် မဟုတ်ဘူး´ သူက ကျွန်တော့်ကို သင်္ကာမကင်း ဖြစ်နေပါတယ်။ ကျွန်တော့်ကို သူခိုးတစ်ယောက်နဲ့ ဆင်ဆင်တူလားလို့ ခြေဆုံးခေါင်းဆုံး ကြည့်နေပါတယ်။ အမှန်တော့လည်း ကျွန်တော်ဟာ သူခိုးတစ်ယောက်ပါ။ လူတွေရဲ့ ခံစားချက်တွေကို ခိုးယူပြီး စာရေးစားသောက်နေတဲ့ သူခိုးတစ်ယောက်ပါပဲ။ ဒါပေမယ့် ကျွန်တော် အဲဒီလို ရှင်းပြလို့မရတဲ့ အခြေအနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော်က မူးယစ်ရီဝေနေဟန်ဆောင်လိုက်ပြီး တစ်ဖက်လမ်းထဲက ဗြူတီဆလွန်းလို့ အမည်ခံထားတဲ့၊ ကောင်မလေးတွေက ဧည့်သည်ကို နှိပ်ပေးပြီး သဘောကောင်းတဲ့ ဧည့်သည်တွေဆို ကောင်မလေးတွေကို ပြန်နှိပ်ပေးလို့ရတဲ့ အနှိပ်ခန်းတစ်ခုကို သွားမလို့ လို့ ပြောလိုက်တယ်။ ရဲသားလည်း အဲဒီတော့မှ စိတ်ချသွားတဲ့ဟန်နဲ့ `ကောင်းပြီ…သွားတော့´လို့ ပြောပါတယ်။ ကျွန်တော်လည်း ခေတ်ဟောင်းဝတ္ထုတွေထဲကလို ခပ်သုတ်သုတ် လျှောက်မသွားပါဘူး။ အေးအေးဆေးဆေး လေချွန်ပြီး ထွက်သွားလိုက်တယ်။ ဒီမြို့ထဲမှာ ဟန်ပျက်လို့ မရပါဘူး။ အကုန်လုံးက ဟန်မပျက် နေနေကြတာမဟုတ်လား…။

လမ်းမတွေကို လှမ်းမျှော်ကြည့်လိုက်တော့ တိတ်တဆိတ်သေနေတဲ့ အနက်ရောင် မြွေကြီးတွေလိုပါပဲ… အလင်းရောင်စူးစူးရှိတဲ့ နေရာတွေကို ပိုက်ဆံအထပ်လိုက်နဲ့ ရမ္မက်ထူထူ လူတချို့ ပိုးဖလံတွေလို တိုးဝှေ့သွားနေပါတယ်။ တချို့နေရာတွေက မယ်လိုဒီမမှန်တဲ့ အသံတွေနဲ့ ရစ်သမ်ပျက်နေတဲ့ ဂီတတွေ ဖိတ်လျှံကျနေပါတယ်။ အကာကွယ်ရောင်းတဲ့ ကောင်လေးတွေ တက္ကစီတစ်စီးဆိုက်တိုင်း ပြေးကပ်သွားတဲ့ မြင်ကွင်းမျိုးကို မနက်ဆိုရင် ဈေး၊ ညဆိုရင် နိုက်ကလပ်… မျက်နှာနှစ်ဖက်နဲ့ အဆောက်အဦးတွေ ကြားထဲမှာ အတိုင်းသား တွေ့နေရပါတယ်။ ကောင်လေးတစ်ယောက်က ငွေအကြွေတွေကို ပလက်ဖောင်းပေါ်မှာ ထိုင်ရေနေပါတယ်။ ဓါတ်မီးတိုင်အောက်မှာတော့ ဆိုက်ကားတစ်စီး အိပ်ပျော်နေပါတယ်။ ဆိုက်ကားရော ဆိုက်ကားဆရာပါ ခြင်မကိုက်သလို၊ အိပ်ယာမလိုသလို လမ်းဓါတ်မီးတိုင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ။ လူရိပ်မြင်ရင် ထိုးထိုးရပ်တတ်တဲ့ ဈေးကြိုကားတွေ ထွက်လာတော့မှ ကျွန်တော် အိပ်ပြန်ဖို့ သတိရတာပါ။ ဒါဆိုရင် အလုပ်ချိန်ပြီးပြီလို့ ကျွန်တော်ယူဆလို့ ရပါတယ်။ ကျွန်တော့်အလုပ်က ရုံးဆင်းလက်မှတ် ထိုးစရာမလိုသလို အချိန်မှတ်ကဒ်ပြားကိုလည်း တာလီစက်ထဲ ထိုးထည့်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် မြင်သမျှ ထိတွေ့သမျှ အရာအားလုံးကို ဘာသာစကားထဲ ထိုးသွင်းတတ်ဖို့ လိုပါတယ်။ ဒါကို ကျွန်တော်က စာရေးတာလို့ ယုံကြည်သတ်မှတ်ထားတာပါ။ စာရေးတာ အလုပ်မဟုတ်ဘူးလို့ ကျွန်တော့်ကို သြဇာလွှမ်းမိုးသူတစ်ဦးက ပြောဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်မခံခဲ့ပါဘူး။ တတ်နိုင်သမျှ တစ်ဦးတည်း လုပ်နိုင်တဲ့ ဒီအလုပ်ကို ကျွန်တော် ကြိတ်မှိတ်ချစ်နေမိတယ်။ တစ်ခါတစ်လေတော့ အထီးကျန်ဆန်ခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ မွန်းကြပ်မှုများနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးရလေ့ ရှိပါတယ်။

စာရေးဖို့ စားပွဲမှာ ထိုင်လိုက်ချိန်ကျတော့မှ အိပ်မက်အကြောင်း တတိယအကြိမ်မြောက် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ နေရောင်ခြည်ဆိုတဲ့ ကောင်မလေးက ကျွန်တော့်ကို ဝေဖန်နေတာပါ။ `ရှင်က လူတွေအားလုံးထဲမှာ အကောက်ကျစ်ဆုံး ဖြစ်ပုံရတယ်… ရှင့်မျက်လုံးတွေက နွေဦးထဲမှာ ရင့်မှည့်နေတဲ့ သစ်သီးတွေလို နွေးထွေးချိုမြိန်နေပြီး ရှင့်အပြုအမူက အေးစက်အက်ကွဲနေတယ်´ `မဟုတ်သေးပါဘူး…´ ကျွန်တော် တစ်ခုခု ပြန်ရှင်းပြမှဖြစ်မယ်…။ ဒီမနက်တော့ စာမရေးတော့ဘဲ စောစောအိပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော် အိပ်ယာခင်းပြီး အိပ်မက်ကို စောင့်နေလိုက်တယ်…။ အတော်အကြာမှာ ကျွန်တော် သတိရမိတယ်။ ကျွန်တော်နိုးတဲ့အချိန်တုန်းက အိပ်ယာကို ခေါက်သိမ်းခဲ့ပြီး အိပ်မက်ကိုမှ ခေါက်မသိမ်းခဲ့တာ…။

အိပ်မက်က အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်သွားပုံရတယ်။

အဲဒီနေ့က ကျွန်တော် အိပ်မက် ထပ်မမက်တော့ပါ။

မိုးလှိုင်ည

Wednesday, November 4, 2009

ငါ့ ဆံပင်တွေရှည်နေပြီ

ငါ့ ဆံပင်တွေရှည်နေပြီ …
ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား
စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်…

ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
မိုးလင်းလို့ မျက်နှာသစ်ရင်
ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)

ကဗျာရှည်တွေဖတ်မိနေတယ်
ဝတ္ထုအရှည်ကြီးတွေဖတ်မိနေတယ်…
အခန်းဆက်ဘ၀တွေမှာ
အဓိပ္ပါယ်က မရှိခြင်းသက်သက်…..။

ငါ့ ဆံပင်တွေရှည်လာပြီ
ငါ့ မျှော်လင့် ချက်တွေရှည်လျားလာပြီ
ငါ့ အသက်ကိုတော့ ခပ်တိုတိုပဲနေချင်တော့ တယ်….။

ငါ့ခြေထောက်တွေ ရှည်လျားလာပြီ
ငါ့ခရီးလမ်းတွေ ပိုရှည်လျားလာပြီ
ငါကတော့ အတိုဆုံးလမ်းကိုပဲ ရွေးသွားချင်နေမိ…

ငါညှပ်ချလိုက်တဲ့ ဆံပင်တွေလို
ငါ့မာန…
ငါ့ အတ္တတွေ အထွေးလိုက် ပြုတ်ကျသွားတဲ့နေ့

ငါ ….
သံသရာ….

ရှည်မနေချင်တော့…


မိုးလှိုင်ည

Monday, November 2, 2009

'တော်ရုံသာပြော'

ဘာလဲ။ ဘာလဲ။ အလန့်တကြား အနုပညာလား၊ အနုပညာဆိုတာလား။ တကယ်တော့ ဘာမှ သိပ်မဟုတ်ပါဘူး။ လိင်စိတ်၊ ကိုယ့်ဘောလုံးအသင်း နိုင်စေချင်တဲ့စိတ်၊ ထမင်းဆာခြင်း၊ အိပ်ငိုက်ခြင်း၊ ငွေတစ်ထောင်တန် ဆယ်ရွက်လောက် ကောက်ရလိုက်ခြင်း၊ ဥက္ကဌဖြစ်သွားခြင်း၊ အရက်ကောင်းကောင်း သောက်ရမည့် ဧည့်ခံပွဲဖိတ်စာရခြင်း၊ ချစ်သူတစ်ယောက် ကောင်းစားသွားခြင်း၊ မုန်းသူတစ်ယောက် ပျက်စီးသွားခြင်း၊ အစရှိသော ကိစ္စများကဲ့သို့ ဖြစ်ရိုးဖြစ်စဉ်ကလေးများ၊ ဘ၀မှာ အရေးပါသည်ဟု ထင်ထားသော အသေးအဖွဲ ကလေးတွေလိုပါပဲ၊ သိပ်အရေးကြီးသည်ဟု မထင်ပါ။

ငါ အနုပညာတစ်ခု ဖန်တီးလိုက်ပြီ၊ ငါဖန်တီးသော အနုပညာကို လောကကိုပေးအပ်လိုက်ပြီလို့ ထင်တတ်ကြသည်။ အပြစ်မတင်ပါ။ သမိုင်းမှာ လိုအပ်တာတွေထက် ပိုပြီး ရေးကြီးခွင်ကျယ် လုပ်နေတာ မဟုတ်ဘူးလား။ ပီကာဆို ပန်းချီမဆွဲခဲ့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မှာ မဟုတ်ပါဘူး။ ဂျိမ်းစ်ဂျွိုက်စ်တို့ ကပ်ဖကာတို့ ကမျူးတို့ ၀တ္ထုမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အဲလရော့တို့ အက်ဇရာပေါင်းတို့ ဗရှိုးတို့ န၀ဒေးတို့ ကဗျာမရေးခဲ့လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မြ၀တီမင်းကြီးနဲ့ ပြင်စည်မင်းသား၊ မြို့မငြိမ်းတို့၊ ကိုစောညိန်းတို့ သီချင်းတွေ မစပ်ခဲ့ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

အနုပညာဆိုတာတွေအားလုံး အစထဲက မရှိခဲ့ရင် (စကားပမာ ပြောတာပါ) ဘာဖြစ်မလဲ။ အနုပညာမရှိတဲ့ လောကကြီးပဲ ဖြစ်မှာပေါ့။ သိပ်ပြီးတော့ ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက်က စိတ်ကူးပေါက်လို့ ထလုပ်လိုက်တာ ကြုံကြိုက်တိုက်ဆိုင် ကာရံသင့်ပြီး တစ်ခုခုဖြစ်သွားတာပဲ။ အဲဒါကို အဲဒီအခိုက်အတန့်မှာ တစ်ယောက်ယောက် သဘောကျနှစ်ခြိုက်ပြီး ကျေနပ်သွားတယ်။ အဲဒါကို အနုပညာပဲလို့ ပြောလိုက်တော့ လူတွေကလည်း အဲဒါအနုပညာပဲလို့ လိုက်ပြောကြတယ်။ ဒါပါပဲ။

လိုအပ်နေချိန်မှာ လိုအပ်သောလူတစ်ယောက်နဲ့ အတူအိပ်လိုက်ရတာမျိုး။ ချွေးတွေသံတွေနဲ့ အလွန်ပင်ပန်း နွမ်းနွယ်နေခိုက် ရေတ၀ချိုးလိုက်ရတာမျိုး၊ အရက်ကောင်းတစ်ခွက်ကို တစ်ရှိန်ထိုးမော့ပြီး ပါးစပ်ထဲက ခါးသက်စေးပျစ်သော တံတွေးကို ပျစ်ခနဲ ထွေးလိုက်ရတာမျိုး၊ သိပ်ဆာနေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့ ထမင်းတ၀ စားလိုက်ရတာမျိုး လိုပါပဲ။ ပိုချင်ရင် ဒါထက် နည်းနည်းပဲပိုမယ် ။

သမိုင်းမှာ လူတွေဟာ လိုတာထက်ပိုပြီး ရေးကြီးခွင်ကျယ် ပုံကြီးချဲ့တတ်ကြလို့ အနုပညာ ဆိုတာလည်း တကယ်ရှိတဲ့ နေရာထက် ပိုမြင့်တယ်လို့ ထင်နေရတာပါပဲ။ အနုပညာ ဆိုတာ လူ့အလုပ်တစ်မျိုးကို ပုံကြီးချဲ့ပြောကြတာလို့ ပြောရမှာပါပဲ။ အဲဒီ အနုပညာရှိလို့ လောကကြီး နေပျော်တယ်ဆိုတာကို မငြင်းလိုပါဘူး။ လူအားလုံး ခံစားနိုင်ရင် ပေါ့လေ။ ဒါပေမဲ့... သူ့ထက်အရေးကြီးတဲ့အလုပ်တွေ ရှိနေတယ်ဆိုတာတော့ သတိပြုမိကြဖို့ ကောင်းပါတယ် ။

(ဇော်ဇော်အောင်)

Thursday, October 29, 2009

ဖတ်လို့ကောင်းတဲ့မေတ္တာ

ချစ်သူက တနေ့နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိတ် ခြေရာလက်ရာပျက်ခဲ့ရတာပါ ။

အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကို စော်ကား သလိုပါပဲဗျာ
အဲ့ဒါနဲ့ . . . . .
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘဝတခုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့်ဘဝကို ရဲရဲကြီးစိုက်ချပေးလိုက်တယ်


အဲ့ဒါတောင် အမေ့ပိုက်ဆံအိတ် ပွင့်နေတုန်းပဲ ။ ။



သုအိုင်စံ


( သိုးထိန်း မှ မျှဝေပါသည် )

Thursday, October 22, 2009

မြို့ပြ၌နေထိုင်ခြင်း

တရက်နောက်ကျလို့မဖြစ်ဘူး
ဆင်ဖမ်းမလား ၊ အချဉ်ဖမ်းမလားမေးရင်
လွယ်လွယ်ကူကူ အချဉ်ဖမ်းဘို့
သတ်မှတ် စံချိန်၊စံညွှန်းမှီ
ISO ဘယ်အဆင့်ရှိသလဲက စတယ်
စက္ကူ ၊ စာရွက် ၊ စာချုပ် ၊စာတမ်း
ဘွဲ့လက်မှတ်၊ဆာတီဖီကိတ် တွေဟာ
သူ့ထက်အရေးပါတာတောင် သူ့လောက် အရေးမပါဘူး ..
လူသားဆိုတဲ့ အဓိပ္ပါယ်ဟာ တရာသီလုံးစာ ဒါဏ်ရာနဲ့
အရံခုံမှာတောင် နေရာမရရှာတဲ့ ကစားသမား
ယဉ်ကျေးမှု ထွန်းကားရာ အရပ်ဆိုတော့
လူသားချင်း ဝတ်မှုံကူးမှုမှသည် လက်ဆွဲနှုတ်ဆက်ခြင်းအထိ
အကာအကွယ် မသုံးရင် တဘက်သားကို မလေးစားသလိုဖြစ်မယ်
ကဗျာဖတ်တော့လဲ စိတ်အဆာမပြေဘူး
ကဗျာရေးကြည့်တော့လဲ စိတ်အစာမကျေဘူး
ကျနေတဲ့ စိတ်ကို ငယ်ထိပ်အထိဆွဲတင်လိုက်တော့
မို့မို့မြင့်အောင်ရဲ့ စံပယ်တင်မှဲ့နက်လေးကိုလဲ
အရင်လို မတပ်မက်တော့ပြန်ဘူး
မြို့ပြရဲ့ညနက်တွေထဲ လက်ထိုးအန်ချလိုက်ရရင်
လမင်းကြီးတောင် "ထွီ" ကနဲ ထွက်ကျလာမယ်
ကောင်မလေး . . .
အံ့ကြိတ်ထားတဲ့ ငါ့ပါးစောင်နှစ်ဘက်ဟာ
မင်းကို မာန်ဖီရုံသက်သက်မဟုတ်ဘူး
မြို့ပြရဲ့ တန်းဆင်းဇုံထဲမှာ
အသေအလဲ ရုန်းကန်နေရတဲ့မျက်နှာပြင်ပေါ့ကွာ . . .။


ဖုန်းမြင့်

နတ္ထိတရား

သင်ရိုးမရှိတဲ့ဘ၀မှာ
မင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ကောင်မလေးရယ်
တစ်ကယ်တော့ ကိုယ်ကိုယ်မှမသင်ကြားမတတ်မြောက်တော့
ကိုယ်ပြင်ပအခြားအရာတွေကို
ငါတို့ ကြွားဝါပြီးနားလည်ခဲ့ကြတယ်…


ကြွယ်ဝမှုမရှိတဲ့ဘ၀ကို
မင်းက ဘယ်လောက်ချမ်းသာပြီလည်းမေးတယ်
ငါကတော့ ဒုက္ခသစ္စာကိုပဲယုံတယ်
သုခတစ်ခဏကိုတော့
ဘယ်လိုမှခံစားလို့မရဘူး…
ငါအတယ်…
သံသရာအလည်အရှုပ်
ငါအပါယ်လေးဘုံက သတ္တ၀ါမလုပ်ချင်ဘူးကောင်မလေးရေ…


အလှမရှိတဲ့ဘ၀မှာ
အလှပြင်ဆိုင်တွေကတော့ခပ်များများပဲ
ဆံပင်၊မွေးညှင်း ၊ခြေသည်း ၊လက်သည်း
ဘယ်အရာကမြဲမလည်း…
နောက်ဆုံးတော့
သူအို ၊သူနာ၊သူသေတွေနဲ့
ငါတို့ဟာ ကိုယ့်အသုဘ ကိုယ်
အလှပြင်ပေးလို့မှမရတာလား…


နောက်ဆုံးတော့
ဘ၀ဆိုတဲ့ နတ္ထိတရားကိုပဲ
ငါရင်ထဲမှာ ဥာဏ်ပညာနဲ့အလှမွေးထားတယ်…။


မိုးလှိုင်ည

Monday, October 19, 2009

တကယ်အိပ်ချင်နေပြီ

ငါ တကယ်အိပ်ချင်နေပြီ။
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာ အဲဒါသိပ်ခက်တယ်
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့စကားစုအပေါ်
မင်းတစ်မျိုးတစ်မည်ခံစားအဓိပ္ပါယ်ဖွင့်အုန်းတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှ မပါပဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဘို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေကို ငါ ပြန်ဆိုလိုက်တာပါ
ငါ တကယ်အိပ်ချင်နေပြီကွာ


လူဆန်း
၂၀၀၆
"ရေးသူလူဆန်း" မှ ကူးယူဖော်ပြသည်

Friday, October 16, 2009

ရွှင်ပျော်မြူး ပြဇတ်



ရေတံခွန်လို တဝေါဝေါ စက်လှေကားမှာ

တစ်ရက်ရှေ့တိုး တရက်နောက်ဆုတ်လို့ ရသလိုကြီး

ငါတို့ မျက်နှာချင်းဆိုင်မိကြ

နီးရာဆိုင်တစ်ဆိုင် ၀င်ထိုင်ကြ

ငါက အရက်ကောင်းကောင်းတွေကြိုက်

သူက ‘မော်’ စီးကရက်ကြိုက်သလို စီးကရက်ကြိုက်

တစ်ယောက်နဲ့တယောက်တော့ မကြိုက်တော့

ခုတော့ ဒီမှာ။


တစ်ယောက်ကိုတစ်ယောက် မကြိုက်တာကိုက ‘လွမ်းစရာ’

ငါက ကဗျာဆန်ပြတော့ သူ့ခပ်မျှင်းမျှင်း အလာပ သလ္လာပ

ဟိုတုန်းကလို လိင်ဆွဲဆောင်မှုမရနိုင်တော့တဲ့ ကုန်လွန်မှု

ငိုလည်း ရယ်လည်း အငိုအရယ်တွေက ရယ်စရာမဟုတ် ချောက်ချားစရာ

ထိုင်ကြည့်နေချင်စရာမဟုတ် မျက်နှာလွှဲပစ်စရာ

နာရီဝက်လောက်သာသာမှာ

စကားလုံးတွေလိုချင်

အတိတ်ကိုလိုချင် ပစ္စုပ္ပန်ကိုလိုချင် အနာဂတ်ကိုလိုချင်

အဲဒီအရာတွေ ပြည့်ဖောင်းလာခဲ့

ကြော်ငြာပူပေါင်းအကြီးကြီးလို

ကျီးအာသီးလို။


သူက သူ့လက်ပတ်နာရီကိုကြည့်

ငါက ဆိုင်က နံရံကပ်နာရီကိုကြည့်ပြီး

ဖက်ငိုသလို

ငါတို့ ရယ်မောလိုက်ကြတယ်။



အောင်ချိမ့်

ဟန်သစ် နိုဝင်ဘာ ၂၀၀၄ မှ ကူးယူဖော်ပြသည်။

Monday, October 12, 2009

နွားကလေးများ၊ ဆရာကြီးဇော်ဇော်အောင်၊ ကျွန်ပ်နှင့် ၀မ်းမြောက်ဝမ်းသာ ဂိုးဒင်းလန်း


မြက်ကလေးတွေ နုနေသည် ( ကျွန်ပ်နှင့် မဆိုင်ပါ)



နွားအသစ်ကလေးများအရောင်မျိုးစုံနှင့်လာစားကြသည်။ (မြက်လိုတရောင်တည်း မဟုတ်တော့ပါ။)



၎င်းတို့အူတွင် အကြာကြီးဝါးကာအစာခြေကြသည်။(အစာအိမ်ထဲမရောက်မီအပိုင်းလတ်လတ်ဆတ်ဆတ်

ထုတ်ယူပြီး ကြူကုတ်ပန်ဆိုင်းဘက်တွင် ကလီစာအပြုပ်များဖြင့် တို့နှစ်ကာ အနှစ်အဖြစ်စားကြသည်။ ယခု

ရန်ကုန်သို့ ရောက်ပေပြီ။ ဆာခုန် ဟု ဒေသ အမည်တွင်သည်။ အေးသော် ည တွင် လမုန်း အက စုပေါင်း

ကကြသည်။ ဗမာစစ်ဗိုလ်ကြီးများ အထူးနှစ်သက်ကြသည်၊ အကိုးအကားမှာ စိုင်းထီးဆိုင်၏ လမုန်းအက

သီချင်း၊ ယိမ်းနွဲ့ပါး (ဗိုလ်မှူးကြီးစောမြင့်) ၏ ခါကာဘိုရာဇီ ခရီးသည်စာအုပ် နှင့် သံလွင် အရှေ့ပိုင်း စစ်ဌာန

ချုပ် မှတ်တမ်းများ။



အစာအိမ်ကို မူတည်လျက် နောက်ပိုင်းအူထွက်ကုန်ကို မြေသြဇာအဖြစ် အသုံးပြုကြပြီး အူကို ရေနွေးဆူဆူ

ဖြင့် ပြုတ်တည်ကာ စားစရာအလို့ငှာလည်း အသုံးပြုကြပါသေးသည်။ လုပ်နည်းကိုကား များသောအားဖြင့်

မပြသကြ ချေ။




နွားကလေးများ အရွယ်ရောက် ခုန်ပေါက်မြူးတူးကြသဖြင့် နွားကြီးများ တင်းကုပ်တွင်း အစာစားရာ

အနှောက်အယှက်ဖြစ် စိတ်ညစ်ကြသည်။ နဖားကြိုးမူ ၄င်းတို့ အထိုးမခံကြရသေးပေ။ လွတ်လပ်လှသည်။

၎င်းတို့ ကစားမြူးတူး ပျော်သမျှ ၄င်းတို့သခင် အနာဂတ် ရည်မှန်းချက် ကောက်ရိုးပုံ ကြီး (သို့) တောင်ယာ

မြက်များ တနှစ်ပြီး တနှစ်ချောရလေသည်။ ဤအထိ ကျွန်ပ် အာဘော် ကားမပါသေး။

(၄င်းတို့သခင်တတ်နှိုင်သလောက် အတူနေရချေ၏။)




နွားကလေးများမြူးတူးနေကြသည်ကိုကြည့်ဘိမူ ယေဘုယျ အားဖြင့် ကျွန်ပ်တို့ ကမ္ဘာသူကမ္ဘာသား ပျော်ရွှင်

ကြသည်။ အဘယ်ကြောင့်ဟူမူ ကျွန်ပ်တို့၏ အင်အားများ ခွန်အားသတ္တိများ ကာလအလျောက် ယုတ်လျော့

လာရာ၊ နွားမများလည်း စိတ်မကောင်းဖြစ်လှစွာ၊ ကျွန်ပ်တို့မျိုးဆက်အတွက် လယ်မြေတောင်ယာ ဧကများ၊

ဟက်တာများစွာတောင်ပေါ်မြေပြန့်အတွက် ဂျင်နရေတာဖြင့်မောင်းရန် များစွာ မလိုအပ်လှသေးသော်လဲ၊ အော်ဂဲနစ်ဂျင်နရေရှင်းအတွက်စိုးရိမ်မိကြသည့်အလျောက် အချို့သောနွားလူကြီးသူမပညာရှိ ပညာမဲ့များ

လည်း ၄င်းတို့နေ၀င် မြေကျချိန်အတွက် ထိတ်လန့်ကြဟန်တူပေသည်။




ဤတွင်ကျွန်ပ်အာဘော် လုံးလုံးလျားလျားမပါသေးသော်လည်း အနည်းငယ်ထက်ပို၍တော့ ရောစွက်နေဟန်

တူသည်။ ထို့ပြင် ဖြစ်သမျှကိစ္စအ၀၀ကို ဆရာဇော်ဇော်အောင် ရှင်းပါလိမ့်မည်။ ၄င်းထံမှ ၀ကလေးပင်မကွက်

ပဲ ပေးအပ်လိုက်သော ဘော်လီဘောကို မည်သူ့ထံ ပုတ်ထုတ်ရမည်မှန်း ကျွန်ပ် တကယ်မသိပါ။




ကျွန်ပ်တကယ်သိသည်ကား နွားကလေးများ ဘာသာဘာဝအလျောက် (သိမှုနဲ့မသိမှု အထူးအားထုတ်ကြိုး

စားရသလောက် ပြန်ပေးဆပ်ရတာမျိုးလည်း မလိုချင်ပါ။) နွားကလေးများ စစ်မဲ့၊ ရောဂါမဲ့၊ မြေမြှုပ်မိုင်းမဲ့၊ အစားအစာလိုအပ်ချက်မဲ့၊ သစ်တောမဲ့၊ တောင်ယာမြေမဲ့၊ လျှပ်စစ်မဲ့၊ မြက်ကောက်ရိုးမဲ့၊ ရောဂါမဲ့ အရပ်တို့

၌ နွားအဖြစ် ရွေးချယ်ပိုင်ခွင့် မရှိပဲ အထီးအမ ဆန္ဒအလျောက် သန္ဓေတည်မွေးဖွား၊ ပြုစုပြဌာန်းခံ၊ အနှစ်သာရ

မဲ့ မွေးဖွားလာကြမည်ကို ကျွန်ပ်၏အာဘော်အတိုင်း အာဘောင်အာရင်းသန်သန် စိုးရိမ်ပူပန်လျက် အထူးသတိပေး တင်ပြလိုက်ရပေသည်။



ချစ်လှစွာသော

နွားပေါက်လေးများဟု ဤနေရာတွင် သုံးနှုန်းသောကြောင့် တကယ့်နွားပေါက်လေးများ စိတ်ဆိုးမျက်ရန်မရှိ

ကုန်ပဲ ဂုဏ်တက်ကြရန်သာ လိုပါသည်။ အဘယ်ကြောင့်မူ ကျွန်ပ်တို့ကိုယ်တိုင်ပင်လျင် ဘိုး ဘေး ဦးလေး

ရီးတော် အကိုကြီးနောင်များ၏ ‘ဟေ့ကောင် နွား’ ဟု ချစ်စနိုးခေါ်သံကို ယခုတိုင်ကြားယောင်ထိတ်လန့်

လေးစား သတိဆွဲလျက် နေရလေသည်။ ချစ်ရသောကလေးများတွေ့လျင်လဲ သစ္စာရှိသော၊ သက်သတ်

လွတ်မြက်စားသော နွားကို ဂုဏ်ရည်လျက် နွားလေးဟုခေါ်ကာ ချီပွေ့ချင်သောစိတ် ဖြစ်ပေါ်နေသည့်

အလျောက်အပြင် နွားတို့သည် ဆိုရှယ်လစ်ခေတ် မြှောက်စား လိမ်ခိုင်း ညာဝါးနေသော ကာလကတည်းက

သင်္ဘောမလိုက် နိုင်ငံခြားမသွား စီးပွားမထူထောင် ကိုယ်လွတ်မရုန်း ယနေ့မျိုးဆက်ထိတိုင် အမိန့်နာခံ

လျက် လယ်ထဲကိုင်းထဲမှ ဂျွန်လ၏ မိုးရေမြက်များကိုသာ၎င်း၊ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ

မြက်များကိုသာ၎င်း၊ တရှိုက်မက်မက်တွယ်တာလျက် ၄င်းတို့ကို ယခုထက်တိုင် တွေ့မြင်နေရသေးသော

ကြောင့်ပင် (ဆင်မဆိုထားဘိ လိပ်၊ ငါးမန်း၊ လင်းပိုင်၊ ဝေလငါး၊ သင်းခွေချပ်၊ ဖြူ၊ ဖွတ် စသောသတ္တ၀ါတို့မှာ

တဖြည်းဖြည်း ပြုန်းတီးလာသည့်အားလျော်စွာ နောက်ကလေးများ တွေ့နိုင်ရန်ခဲယဉ်းပေပြီ) ဤကားစကားချပ်။

စကားဖောင်း။ အဆီဖောင်း။ ကတိုးကောင်။ ပင်လယ်မျှော့။ ဒေါင်းတောင်။ ငါးမန်းတောင်။

စပါးကြီးသည်းခြေ။ ဖြုတ်သည်းခြေ။ လိပ်မွှေး။ တောင်ထိပ်ကြာ။ ဘရိတ်အမြန်အုပ်ရပေမည်။




နွားကလေးတို့ နားလည်နိုင်စွမ်းအလို့ငှာ အကျယ်ဆွေးနွေးလိုပါက http;//www.လူဆန်း.org.net ကို

တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ကျွန်ပ်မှာ ယခုလိုအချိန်မျိုးတွင် ခွက်နှင့်ပုလင်းကုန်သော် အမြည်းအား

ဖြင့် ဗိုက်ပြည့်သလို ဖြစ်လာသည့်အလျောက် နောက်ထပ် ထမင်းတပန်းကန် ကိုသော်မျှ မတို့မထိလိုတော့

ပါ။ ၀မ်းမီးကောင်းသော နွားကလေးများတွေ့လျင် အားပေးချင်သည့် သဘာဝအတိုင်း လိုက်လျောညီထွေ

သာ နေထိုင်သွားချင်နေလေတော့သည်။ ဤတပတ် ဤမျှဖြင့် သင်တို့အား တိုက်ရိုက်နှုတ်ဆက်ခွင့်ရသည့်

အတွက် ၀မ်းမြောက်စရာ။ နွားကလေးများ ကျန်းမာ ချမ်းသာ ပျော်ရွှင်မြူးတူးကြပါစေ။




လူဆန်း

ဇူလိုင်၊ ၂၀၀၉