Thursday, October 29, 2009

ဖတ်လို့ကောင်းတဲ့မေတ္တာ

ချစ်သူက တနေ့နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိတ် ခြေရာလက်ရာပျက်ခဲ့ရတာပါ ။

အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကို စော်ကား သလိုပါပဲဗျာ
အဲ့ဒါနဲ့ . . . . .
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘဝတခုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့်ဘဝကို ရဲရဲကြီးစိုက်ချပေးလိုက်တယ်


အဲ့ဒါတောင် အမေ့ပိုက်ဆံအိတ် ပွင့်နေတုန်းပဲ ။ ။



သုအိုင်စံ


( သိုးထိန်း မှ မျှဝေပါသည် )

Thursday, October 22, 2009

မြို့ပြ၌နေထိုင်ခြင်း

တရက်နောက်ကျလို့မဖြစ်ဘူး
ဆင်ဖမ်းမလား ၊ အချဉ်ဖမ်းမလားမေးရင်
လွယ်လွယ်ကူကူ အချဉ်ဖမ်းဘို့
သတ်မှတ် စံချိန်၊စံညွှန်းမှီ
ISO ဘယ်အဆင့်ရှိသလဲက စတယ်
စက္ကူ ၊ စာရွက် ၊ စာချုပ် ၊စာတမ်း
ဘွဲ့လက်မှတ်၊ဆာတီဖီကိတ် တွေဟာ
သူ့ထက်အရေးပါတာတောင် သူ့လောက် အရေးမပါဘူး ..
လူသားဆိုတဲ့ အဓိပ္ပါယ်ဟာ တရာသီလုံးစာ ဒါဏ်ရာနဲ့
အရံခုံမှာတောင် နေရာမရရှာတဲ့ ကစားသမား
ယဉ်ကျေးမှု ထွန်းကားရာ အရပ်ဆိုတော့
လူသားချင်း ဝတ်မှုံကူးမှုမှသည် လက်ဆွဲနှုတ်ဆက်ခြင်းအထိ
အကာအကွယ် မသုံးရင် တဘက်သားကို မလေးစားသလိုဖြစ်မယ်
ကဗျာဖတ်တော့လဲ စိတ်အဆာမပြေဘူး
ကဗျာရေးကြည့်တော့လဲ စိတ်အစာမကျေဘူး
ကျနေတဲ့ စိတ်ကို ငယ်ထိပ်အထိဆွဲတင်လိုက်တော့
မို့မို့မြင့်အောင်ရဲ့ စံပယ်တင်မှဲ့နက်လေးကိုလဲ
အရင်လို မတပ်မက်တော့ပြန်ဘူး
မြို့ပြရဲ့ညနက်တွေထဲ လက်ထိုးအန်ချလိုက်ရရင်
လမင်းကြီးတောင် "ထွီ" ကနဲ ထွက်ကျလာမယ်
ကောင်မလေး . . .
အံ့ကြိတ်ထားတဲ့ ငါ့ပါးစောင်နှစ်ဘက်ဟာ
မင်းကို မာန်ဖီရုံသက်သက်မဟုတ်ဘူး
မြို့ပြရဲ့ တန်းဆင်းဇုံထဲမှာ
အသေအလဲ ရုန်းကန်နေရတဲ့မျက်နှာပြင်ပေါ့ကွာ . . .။


ဖုန်းမြင့်

နတ္ထိတရား

သင်ရိုးမရှိတဲ့ဘ၀မှာ
မင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ကောင်မလေးရယ်
တစ်ကယ်တော့ ကိုယ်ကိုယ်မှမသင်ကြားမတတ်မြောက်တော့
ကိုယ်ပြင်ပအခြားအရာတွေကို
ငါတို့ ကြွားဝါပြီးနားလည်ခဲ့ကြတယ်…


ကြွယ်ဝမှုမရှိတဲ့ဘ၀ကို
မင်းက ဘယ်လောက်ချမ်းသာပြီလည်းမေးတယ်
ငါကတော့ ဒုက္ခသစ္စာကိုပဲယုံတယ်
သုခတစ်ခဏကိုတော့
ဘယ်လိုမှခံစားလို့မရဘူး…
ငါအတယ်…
သံသရာအလည်အရှုပ်
ငါအပါယ်လေးဘုံက သတ္တ၀ါမလုပ်ချင်ဘူးကောင်မလေးရေ…


အလှမရှိတဲ့ဘ၀မှာ
အလှပြင်ဆိုင်တွေကတော့ခပ်များများပဲ
ဆံပင်၊မွေးညှင်း ၊ခြေသည်း ၊လက်သည်း
ဘယ်အရာကမြဲမလည်း…
နောက်ဆုံးတော့
သူအို ၊သူနာ၊သူသေတွေနဲ့
ငါတို့ဟာ ကိုယ့်အသုဘ ကိုယ်
အလှပြင်ပေးလို့မှမရတာလား…


နောက်ဆုံးတော့
ဘ၀ဆိုတဲ့ နတ္ထိတရားကိုပဲ
ငါရင်ထဲမှာ ဥာဏ်ပညာနဲ့အလှမွေးထားတယ်…။


မိုးလှိုင်ည

Monday, October 19, 2009

တကယ်အိပ်ချင်နေပြီ

ငါ တကယ်အိပ်ချင်နေပြီ။
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာ အဲဒါသိပ်ခက်တယ်
ငါ တကယ်အိပ်ချင်နေပြီကွာဆိုတဲ့စကားစုအပေါ်
မင်းတစ်မျိုးတစ်မည်ခံစားအဓိပ္ပါယ်ဖွင့်အုန်းတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှ မပါပဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဘို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေကို ငါ ပြန်ဆိုလိုက်တာပါ
ငါ တကယ်အိပ်ချင်နေပြီကွာ


လူဆန်း
၂၀၀၆
"ရေးသူလူဆန်း" မှ ကူးယူဖော်ပြသည်

Friday, October 16, 2009

ရွှင်ပျော်မြူး ပြဇတ်



ရေတံခွန်လို တဝေါဝေါ စက်လှေကားမှာ

တစ်ရက်ရှေ့တိုး တရက်နောက်ဆုတ်လို့ ရသလိုကြီး

ငါတို့ မျက်နှာချင်းဆိုင်မိကြ

နီးရာဆိုင်တစ်ဆိုင် ၀င်ထိုင်ကြ

ငါက အရက်ကောင်းကောင်းတွေကြိုက်

သူက ‘မော်’ စီးကရက်ကြိုက်သလို စီးကရက်ကြိုက်

တစ်ယောက်နဲ့တယောက်တော့ မကြိုက်တော့

ခုတော့ ဒီမှာ။


တစ်ယောက်ကိုတစ်ယောက် မကြိုက်တာကိုက ‘လွမ်းစရာ’

ငါက ကဗျာဆန်ပြတော့ သူ့ခပ်မျှင်းမျှင်း အလာပ သလ္လာပ

ဟိုတုန်းကလို လိင်ဆွဲဆောင်မှုမရနိုင်တော့တဲ့ ကုန်လွန်မှု

ငိုလည်း ရယ်လည်း အငိုအရယ်တွေက ရယ်စရာမဟုတ် ချောက်ချားစရာ

ထိုင်ကြည့်နေချင်စရာမဟုတ် မျက်နှာလွှဲပစ်စရာ

နာရီဝက်လောက်သာသာမှာ

စကားလုံးတွေလိုချင်

အတိတ်ကိုလိုချင် ပစ္စုပ္ပန်ကိုလိုချင် အနာဂတ်ကိုလိုချင်

အဲဒီအရာတွေ ပြည့်ဖောင်းလာခဲ့

ကြော်ငြာပူပေါင်းအကြီးကြီးလို

ကျီးအာသီးလို။


သူက သူ့လက်ပတ်နာရီကိုကြည့်

ငါက ဆိုင်က နံရံကပ်နာရီကိုကြည့်ပြီး

ဖက်ငိုသလို

ငါတို့ ရယ်မောလိုက်ကြတယ်။



အောင်ချိမ့်

ဟန်သစ် နိုဝင်ဘာ ၂၀၀၄ မှ ကူးယူဖော်ပြသည်။

Monday, October 12, 2009

နွားကလေးများ၊ ဆရာကြီးဇော်ဇော်အောင်၊ ကျွန်ပ်နှင့် ၀မ်းမြောက်ဝမ်းသာ ဂိုးဒင်းလန်း


မြက်ကလေးတွေ နုနေသည် ( ကျွန်ပ်နှင့် မဆိုင်ပါ)



နွားအသစ်ကလေးများအရောင်မျိုးစုံနှင့်လာစားကြသည်။ (မြက်လိုတရောင်တည်း မဟုတ်တော့ပါ။)



၎င်းတို့အူတွင် အကြာကြီးဝါးကာအစာခြေကြသည်။(အစာအိမ်ထဲမရောက်မီအပိုင်းလတ်လတ်ဆတ်ဆတ်

ထုတ်ယူပြီး ကြူကုတ်ပန်ဆိုင်းဘက်တွင် ကလီစာအပြုပ်များဖြင့် တို့နှစ်ကာ အနှစ်အဖြစ်စားကြသည်။ ယခု

ရန်ကုန်သို့ ရောက်ပေပြီ။ ဆာခုန် ဟု ဒေသ အမည်တွင်သည်။ အေးသော် ည တွင် လမုန်း အက စုပေါင်း

ကကြသည်။ ဗမာစစ်ဗိုလ်ကြီးများ အထူးနှစ်သက်ကြသည်၊ အကိုးအကားမှာ စိုင်းထီးဆိုင်၏ လမုန်းအက

သီချင်း၊ ယိမ်းနွဲ့ပါး (ဗိုလ်မှူးကြီးစောမြင့်) ၏ ခါကာဘိုရာဇီ ခရီးသည်စာအုပ် နှင့် သံလွင် အရှေ့ပိုင်း စစ်ဌာန

ချုပ် မှတ်တမ်းများ။



အစာအိမ်ကို မူတည်လျက် နောက်ပိုင်းအူထွက်ကုန်ကို မြေသြဇာအဖြစ် အသုံးပြုကြပြီး အူကို ရေနွေးဆူဆူ

ဖြင့် ပြုတ်တည်ကာ စားစရာအလို့ငှာလည်း အသုံးပြုကြပါသေးသည်။ လုပ်နည်းကိုကား များသောအားဖြင့်

မပြသကြ ချေ။




နွားကလေးများ အရွယ်ရောက် ခုန်ပေါက်မြူးတူးကြသဖြင့် နွားကြီးများ တင်းကုပ်တွင်း အစာစားရာ

အနှောက်အယှက်ဖြစ် စိတ်ညစ်ကြသည်။ နဖားကြိုးမူ ၄င်းတို့ အထိုးမခံကြရသေးပေ။ လွတ်လပ်လှသည်။

၎င်းတို့ ကစားမြူးတူး ပျော်သမျှ ၄င်းတို့သခင် အနာဂတ် ရည်မှန်းချက် ကောက်ရိုးပုံ ကြီး (သို့) တောင်ယာ

မြက်များ တနှစ်ပြီး တနှစ်ချောရလေသည်။ ဤအထိ ကျွန်ပ် အာဘော် ကားမပါသေး။

(၄င်းတို့သခင်တတ်နှိုင်သလောက် အတူနေရချေ၏။)




နွားကလေးများမြူးတူးနေကြသည်ကိုကြည့်ဘိမူ ယေဘုယျ အားဖြင့် ကျွန်ပ်တို့ ကမ္ဘာသူကမ္ဘာသား ပျော်ရွှင်

ကြသည်။ အဘယ်ကြောင့်ဟူမူ ကျွန်ပ်တို့၏ အင်အားများ ခွန်အားသတ္တိများ ကာလအလျောက် ယုတ်လျော့

လာရာ၊ နွားမများလည်း စိတ်မကောင်းဖြစ်လှစွာ၊ ကျွန်ပ်တို့မျိုးဆက်အတွက် လယ်မြေတောင်ယာ ဧကများ၊

ဟက်တာများစွာတောင်ပေါ်မြေပြန့်အတွက် ဂျင်နရေတာဖြင့်မောင်းရန် များစွာ မလိုအပ်လှသေးသော်လဲ၊ အော်ဂဲနစ်ဂျင်နရေရှင်းအတွက်စိုးရိမ်မိကြသည့်အလျောက် အချို့သောနွားလူကြီးသူမပညာရှိ ပညာမဲ့များ

လည်း ၄င်းတို့နေ၀င် မြေကျချိန်အတွက် ထိတ်လန့်ကြဟန်တူပေသည်။




ဤတွင်ကျွန်ပ်အာဘော် လုံးလုံးလျားလျားမပါသေးသော်လည်း အနည်းငယ်ထက်ပို၍တော့ ရောစွက်နေဟန်

တူသည်။ ထို့ပြင် ဖြစ်သမျှကိစ္စအ၀၀ကို ဆရာဇော်ဇော်အောင် ရှင်းပါလိမ့်မည်။ ၄င်းထံမှ ၀ကလေးပင်မကွက်

ပဲ ပေးအပ်လိုက်သော ဘော်လီဘောကို မည်သူ့ထံ ပုတ်ထုတ်ရမည်မှန်း ကျွန်ပ် တကယ်မသိပါ။




ကျွန်ပ်တကယ်သိသည်ကား နွားကလေးများ ဘာသာဘာဝအလျောက် (သိမှုနဲ့မသိမှု အထူးအားထုတ်ကြိုး

စားရသလောက် ပြန်ပေးဆပ်ရတာမျိုးလည်း မလိုချင်ပါ။) နွားကလေးများ စစ်မဲ့၊ ရောဂါမဲ့၊ မြေမြှုပ်မိုင်းမဲ့၊ အစားအစာလိုအပ်ချက်မဲ့၊ သစ်တောမဲ့၊ တောင်ယာမြေမဲ့၊ လျှပ်စစ်မဲ့၊ မြက်ကောက်ရိုးမဲ့၊ ရောဂါမဲ့ အရပ်တို့

၌ နွားအဖြစ် ရွေးချယ်ပိုင်ခွင့် မရှိပဲ အထီးအမ ဆန္ဒအလျောက် သန္ဓေတည်မွေးဖွား၊ ပြုစုပြဌာန်းခံ၊ အနှစ်သာရ

မဲ့ မွေးဖွားလာကြမည်ကို ကျွန်ပ်၏အာဘော်အတိုင်း အာဘောင်အာရင်းသန်သန် စိုးရိမ်ပူပန်လျက် အထူးသတိပေး တင်ပြလိုက်ရပေသည်။



ချစ်လှစွာသော

နွားပေါက်လေးများဟု ဤနေရာတွင် သုံးနှုန်းသောကြောင့် တကယ့်နွားပေါက်လေးများ စိတ်ဆိုးမျက်ရန်မရှိ

ကုန်ပဲ ဂုဏ်တက်ကြရန်သာ လိုပါသည်။ အဘယ်ကြောင့်မူ ကျွန်ပ်တို့ကိုယ်တိုင်ပင်လျင် ဘိုး ဘေး ဦးလေး

ရီးတော် အကိုကြီးနောင်များ၏ ‘ဟေ့ကောင် နွား’ ဟု ချစ်စနိုးခေါ်သံကို ယခုတိုင်ကြားယောင်ထိတ်လန့်

လေးစား သတိဆွဲလျက် နေရလေသည်။ ချစ်ရသောကလေးများတွေ့လျင်လဲ သစ္စာရှိသော၊ သက်သတ်

လွတ်မြက်စားသော နွားကို ဂုဏ်ရည်လျက် နွားလေးဟုခေါ်ကာ ချီပွေ့ချင်သောစိတ် ဖြစ်ပေါ်နေသည့်

အလျောက်အပြင် နွားတို့သည် ဆိုရှယ်လစ်ခေတ် မြှောက်စား လိမ်ခိုင်း ညာဝါးနေသော ကာလကတည်းက

သင်္ဘောမလိုက် နိုင်ငံခြားမသွား စီးပွားမထူထောင် ကိုယ်လွတ်မရုန်း ယနေ့မျိုးဆက်ထိတိုင် အမိန့်နာခံ

လျက် လယ်ထဲကိုင်းထဲမှ ဂျွန်လ၏ မိုးရေမြက်များကိုသာ၎င်း၊ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ

မြက်များကိုသာ၎င်း၊ တရှိုက်မက်မက်တွယ်တာလျက် ၄င်းတို့ကို ယခုထက်တိုင် တွေ့မြင်နေရသေးသော

ကြောင့်ပင် (ဆင်မဆိုထားဘိ လိပ်၊ ငါးမန်း၊ လင်းပိုင်၊ ဝေလငါး၊ သင်းခွေချပ်၊ ဖြူ၊ ဖွတ် စသောသတ္တ၀ါတို့မှာ

တဖြည်းဖြည်း ပြုန်းတီးလာသည့်အားလျော်စွာ နောက်ကလေးများ တွေ့နိုင်ရန်ခဲယဉ်းပေပြီ) ဤကားစကားချပ်။

စကားဖောင်း။ အဆီဖောင်း။ ကတိုးကောင်။ ပင်လယ်မျှော့။ ဒေါင်းတောင်။ ငါးမန်းတောင်။

စပါးကြီးသည်းခြေ။ ဖြုတ်သည်းခြေ။ လိပ်မွှေး။ တောင်ထိပ်ကြာ။ ဘရိတ်အမြန်အုပ်ရပေမည်။




နွားကလေးတို့ နားလည်နိုင်စွမ်းအလို့ငှာ အကျယ်ဆွေးနွေးလိုပါက http;//www.လူဆန်း.org.net ကို

တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ကျွန်ပ်မှာ ယခုလိုအချိန်မျိုးတွင် ခွက်နှင့်ပုလင်းကုန်သော် အမြည်းအား

ဖြင့် ဗိုက်ပြည့်သလို ဖြစ်လာသည့်အလျောက် နောက်ထပ် ထမင်းတပန်းကန် ကိုသော်မျှ မတို့မထိလိုတော့

ပါ။ ၀မ်းမီးကောင်းသော နွားကလေးများတွေ့လျင် အားပေးချင်သည့် သဘာဝအတိုင်း လိုက်လျောညီထွေ

သာ နေထိုင်သွားချင်နေလေတော့သည်။ ဤတပတ် ဤမျှဖြင့် သင်တို့အား တိုက်ရိုက်နှုတ်ဆက်ခွင့်ရသည့်

အတွက် ၀မ်းမြောက်စရာ။ နွားကလေးများ ကျန်းမာ ချမ်းသာ ပျော်ရွှင်မြူးတူးကြပါစေ။




လူဆန်း

ဇူလိုင်၊ ၂၀၀၉



Sunday, October 11, 2009

ရုပ်နာမ် နှစ်ပါးနဲ့ ပင်လယ်တရား

ပေါက်ဓားက တစ်ချောင်းတည်း
ပစ်မှတ်က အရှင်တွေနဲ့
အာရုံတွေမများပါနဲ့...

အနုပညာမရရင်
ရေချိုးမပြန်ချင်သူတွေမို့
ကျွန်တော်တို့ပေါက်ဓားတွေဟာ
လောကဓံရှစ်ပါးကို ထုတ်ချင်းခတ်သွားမယ်

လက်ခုပ်သံမလိုဘူးနော်
အံ့သြပြီးမလေးစားနဲ့
ငါးသွားမျှားတာမဟုတ်ဘူး
ပင်လယ်နဲ့ကစားနေတာ...

ဒီလောက်ကြီးကြီးငါးတွေ
ကိုဖုန်းရေစားလိုမှမကုန်တာအရပ်
ဝေပေးလိုက်တာပေါ့
တစ်လှေတည်းစီးနေတာ မဟုတ်ဘူး
ကမ်းတစ်ဘက်တည်းကို လက်ပစ်ကူးနေတာ

ကိုယ်သမိုင်းကိုယ်မှမကူးတတ်ရင်
နစ်ကျန်ခဲ့ရုံပေါ့...

မယုံရင်မရေးဘူး မကြုံရင်မရေးဘူး...
ယုံသမျှနဲ့ ကြုံသမျှကိုရေးတာ
ကဗျာကို လွှတ်တော် အမတ်ကြော်ငြာလို
ဓါတ်တိုင်မှာ လာမကပ်နဲ့...


နဖူးစည်းစာတန်းမှာ ကံစမ်းမဲပေးမယ်နဲ့

ခင်ဗျားတိုမဖတ်ဖူးသေးတဲ့ စာအုပ်မှာ
ဇီဝမျိုးစိတ်အသစ်အကြောင်းပါတယ်
ပျက်စီးသွားတဲ့ ဂလက်စီအဟောင်းတစ်ခုပါတယ်

နေ့စွဲတွေကိုကြည့်...

ကိုယ်ဘယ်လောက်နောက်ကျခဲ့သလည်းသိမယ်
အသက်တွေနောက်ပြန်သွားတဲ့အချိန်
ခင်ဗျားတို့ငယ်ငယ်ကဆိုတာကို
ကျွန်တော်တို့ခံစားလို့မရတော့ဘူး...

အသက်ကြီးရင်လူကြီးဖြစ်မယ်
အဲဒီလို ကလေးတွေက လှောင်ရယ်နေကြပြီ...

ကျွန်တော်မှာ ပေါက်ဓားတစ်လက်ပဲပါတယ်
လောကဓံရှစ်ပါးကိုပဲ ထုတ်ချင်းခတ်ပစ်မှာ..
ပင်လယ်တရားမှာ
မုန်တိုင်းကို ဘယ်လိုတုန့်ပြန်နိုင်မလဲ...
ယုံကြည်လို့ နစ်ရဲခဲ့တယ် ပင်လယ်ထဲက
ကဗျာ....။


မိုးလှိုင်ည

ဘုရားသခင်အလိုတော်အရ ခင်ဗျားနဲ့ကျနော် ။

ကမ္ဘာကြီးကို ရေလွှမ်းမိုးမယ် မကြံသေးဘူး

ခင်ဗျားက နောဧပေါ်ရောက်နေပြီ

ခင်ဗျားရဲ့ အာရုံသိ အကင်းပါးမှုနဲ့

နေရာယူတတ်မှု ဆိုတဲ့ ဘာသာစကားကိုတော့ လေးစားမိပါရဲ့

နွားကျတယ်ပဲပြောပြော

ကျနော်ရဲ့ ပိန်းအ ခဲ့မှုဟာ

ဘုရားသခင်အလိုတော်အရပါ

ခင်ဗျားဟာ ဝိတ်မ လေ့ကျင့်လေ့ရှိသူ ဆိုတော့

လူထူပြီဆိုရင် အင်္ကျီလက်မောင်းလေးပင့်

လက်မောင်းကြွက်သားတွေ ကားကားနဲ့ လမ်းသလားလေ့ရှိတယ်

ဒါဟာလဲ ဘုရားသခင်အလိုတော်အရပါ

ခင်ဗျားမှာ ဘာရည်ရွယ်ချက်မှ မပါမှန်း

ကျနော်သိပါတယ်

အခုဆို ကျနော်ဟာ

အလင်း၊ အလျှင် ၊ အရွေ့ဆိုတဲ့ ပြတ်ရွေ့ကြောင်းကြီးထဲမှာ

တစုံတခုက ကျနော်နေ့တွေကို တွန်းတိုက်သွားတယ်

အမျိုးအမည်မသိ ဘာသာစကား နဲ့

လူနားမလည်တဲ့ ဝေါဟာရတွေကို တဖွဖွရွတ်လို့

နံရံတွေကို ကျနော် တွန်းဖြိုကြည့်မိနေတယ်

ခင်ဗျားလို ထွားကျိုင်းသန်မာမှုမရှိတဲ့

ကျနော့်လက်ဖျံရိုးလေး နှစ်ချောင်းဟာ အသနားခံသလို တောင်းပန်တယ်

ဘုရားသခင်အလိုတော်အရ ဖွံထွားမှု နောက်ကျရတာပါဗျာ တဲ့

ခင်ဗျားရဲ့ အိပ်မက် ဆောင်ကြာမြိုင် ထဲက

လေညှင်းကလေးတွေ လှုတ်ခတ် ကစားတဲ့ ခန်းဆီးစ မှာ

နားလေ့ရှိသူ လိပ်ပြာကလေးတွေအပေါ်

ဆေးရောင်စုံချယ်ရေး ပရောဂျက် လက်စသတ်လိုက်နိုင်ပြီလား

ဘုရားသခင် အလိုတော်အရ အဆင်ပြေချောမွေ့ပါစေဗျာ

ကမ္ဘာကြီးလုံးတယ် ပြောပြော ၊ ပြားတယ်ဆိုဆို

ကျနော်ကတော့ လုံးလည်ချာလည်ပါပဲ

လူပျက်တွေ ပြက်လုံးထုတ်ကြသလို

လည်သာလည်တယ် ၂ပတ်ထဲဆိုတာမျိုးပါ

ဘုရားသခင်အလိုတော် အရ ခင်ဗျားကတော့

အထုခံလိုက်ရတိုင်း တဒူဒူ အော်နေရတဲ့ ကြေးစည်လို ချာချာလည်နိုင်ပါစေ

ဒီတပတ်အတွင်း အကောင်းဆုံး ဟာသ စာရင်းမှာ

ခင်ဗျားရယ် ၊ ဘုရားသခင်ရယ် ၊ ချာလီချက်ပလင်ရယ် ပါတယ်

စိတ်မရှိလိုက်ပါနဲ့ဗျာ

အခုကျနော် ချရေးလိုက်တဲ့ အကြောင်းအရာကလဲ

ဘုရား သခင်အလိုတော်အရပါပဲ

ကားစင်ထက်က ဘုရားသခင်ရဲ့ လည်ပင်းပေါ်ကိုမှ

ဓါးတင်ထားချင် တယ် ဆိုတဲ့ခင်ဗျား

ကောင်းချီးမင်္ဂလာ ဝေဖြာပါစေ

အာမင် . . . ။ ။



ဖုန်းမြင့်

Wednesday, October 7, 2009

ကဗျာပွင့် ၉ ပွင့်၊ ကဗျာ တင်ဆက်မှု အစီအစဉ်



ခေတ်ပေါ်ကဗျာအကြောင်းစကားစပ်ကြမယ်ဆိုရင် ကိုယ့်မှာ ကဗျာ အကိုကြီး ၃ ယောက်ရှိပါတယ်၊ တကယ်ပြောကြကြေးဆို ၄ ယောက်ပေါ့၊ ကိုဖော်ဝေးကို

သက်ရှိထင်ရှားရှိစဉ် မသိမှီလိုက်တာကြောင့် နို့သက်ခံစို့ခဲ့ရတဲ့ ကျန် အကို ၃ ယောက်ကိုပဲ စာရင်းတို့လိုက်ရတာပါ၊ အောင်ချိမ့် မောင်ချောနွယ် နဲ့

ကိုယ်တို့က သိဒ္ဓတ္ထလှိုင် လို့နှုတ်ကျိုးနေတဲ့ သုခမိန်လှိုင်တို့ပါပဲ။ မြန်မာခေတ်ပေါ်ကဗျာ ဆာမူရိုင်းများလို့ တင်စားပါရစေ။



ကိုအောင်ချိမ့် ရဲ့ ကိုယ့်ကဗျာလမ်းကြောင်းအပေါ်လွှမ်းမိုးမှုကို မျက်စေ့လျင်သူတချို့ ကိုယ့်ကဗျာတွေ အပေါ်မှာ ရှာဖွေတူးဆွနိုင်ကောင်းပေမယ့် ကိုချောနွယ်

ကဗျာတွေ ကိုယ့်အပေါ် သက်ရောက်ခဲ့မှု ကိုတော့ ကိုယ့်ကဗျာတွေထက် ကိုချောနဲ့ ကဗျာဆရာချင်း ကြီးသူက ငယ်သူကို ဖေးမ တွဲခေါ်တဲ့ ချစ်စရာ ဓလေ့

ကတဆင့် ၀တ်မှုန်ကူးခွင့် ရခြင်းက ထင်ရှားစေမှာဖြစ်ပါတယ်။



သုခမိန်လှိုင် ကဗျာတွေ ကိုယ့်အပေါ် ဘယ်လို ဘယ်လောက် ပူးသတ်ခဲ့တယ်ဆိုတာကိုတော့ ဒီနေ့ ၆၊၁၀၊၂၀၀၉ ညနေခင်းတခုထဲမှာတင် ရေးသားပြီးစီးသွားတဲ့ကဗျာစု

- ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ်အားဖြင့် ကိုယ်တိုင်ပဲ သက်သေပြ ဖော်ကောင်လုပ်လိုက်ပါရစေတော့…..


ကဗျာသစ္စာအားဖြင့်-



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉

ဘန်ကောက်စံတော်ချိန် ၂၃း၁၉ နာရီ




*********



ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၁

ကျောက်တူးသမား



ရသမျှဟာ

တူးယူခဲ့ကြလို့သာ။


အရင်းအမြစ်များလှတဲ့ ကမ္ဘာကြီး

ဘယ်လောက်အိပ်စားပျက်ခံခဲ့သလဲနဲ့

ဘယ်လောက်ရူးခဲ့သလဲတို့ရဲ့ အလေးချိန်မျှ

ကိုယ်စီရခဲ့ကြတယ်

ဘာမှ ၀မ်းနည်းစရာမရှိဘူး။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၂

ပန်းကလေးတွေအကြောင်း




ပန်းကလေးတွေ အကြောင်းကိုပြောဘို့

ဘယ်နှစ်ခါလောက် ပန်း ဖြစ်ကြည့်ဖူးသလဲ။


နူးညံ့တာလောက်

ရနံ့မွှေးတာလောက်

အရောင်စုံတာလောက်နဲ့

ပန်းအကြောင်းလာမဖွဲ့နွဲ့ဘို့ တောင်းပန်ပါတယ်။


ပန်းကလေးဘက်က

(ကြင်နာစွာ) နာကျင်မိသွားလို့ပါ။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********





ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၃

သင်ခန်းစာအဟောင်းတွေ



စက်ဘီးလဲလို့

ဒူးပြဲတဲ့ဒဏ်ရာမျိုး


ငါးကိုစားလို့

ငါးရိုးက ကိုယ့်ကိုပြန်စူးတာမျိုး


မရဲပဲ ကျွဲပြဲ စီးကြည့်ပြီး

ကျွဲ ပေါ်က မရှုမလှပြုတ်ကျတတ်တာမျိုး


ဘ၀သင်ခန်းစာတွေဟာ

သင်ယူလို့ပဲ မကုန်နိုင်

ဘယ်သူမှ အသစ် မတက်ကြပဲ

ဒါမျိုး အမှားတွေပဲ ထပ်တလဲလဲ သင်ယူခြင်းမှာ

မပျင်းရိ ကြတော့ဘူးတဲ့လား။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********





ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၎

ဆုနဲ့ တန်ဘိုးသတ်မှတ်ချက်တို့ အကြောင်း



ပုစွန်တွေဖတ်ဖို့ ကဗျာ ရေးတဲ့

အဲဒီကဗျာဆရာကို

တော်လို့ဆိုပြီး ပုစွန်တုပ်ကြီးကြီး တကောင်လောက်

ဆုချဘို့မကောင်းဘူးလား။


ကဗျာကောင်းတွေက

ရှားပါးလာပြီး

ပုစွန်ထုပ်ကြီးတွေက

ဖမ်းမိဘို့ခက်သထက်ခက်လာတဲ့ ဒီကမ္ဘာကြီးမှာ။




ခင်အောင်အေး

၆၊ အောက်တိုဘာ။ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၅

ခေတ်ရယ် ကဗျာဆရာရယ် သူ့ကဗျာရယ်



ဈေးကြီးပြီး နစ်ဘ် ကောင်းကောင်း

အမျိုးအစားဖောင်တိန်တွေ

‘ပိုင်းလော့’ တဲ့ ‘ရှယ်ဖာ’ တဲ့


နောက်တော့

ဈေးချိုချို ဘောလ်ပင် ဆိုတာ

အစားထိုး ကုန်စည်သစ် အနေနဲ့ပေါ်လာတယ်


ပထမဆုံး ကဗျာလေး

ဘ၀တသက်တာရဲ့ ၁၉၇၆ ခုနှစ်မှာ

ဘောလ်ပင်လေးနဲ့ပဲ ရေးဖြစ်တယ်


ပိုင်းလော့ဖောင်တိန်က

မှင်လိုက်မကောင်းတော့လို့။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉



*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၆

ကိုယ့်ရေးပုံရေးနည်းနဲ့ နေနည်း/သေနည်း



ဟိုး အစတုန်းကတော့

ကဗျာတွေကို ပင်လယ်ကမ်းခြေမှာ ခရုကောက်သလို

ဒါမှမဟုတ် တောင်ပေါ်တောလမ်းမှာ အရိုင်းပန်းတွေခူးဆွတ်သလို

စ ရေးတယ်။


နောက်တော့..

အိမ်ဆောက်သလို ဘောလုံးကွင်းကြီးကြီးဆောက်သလို

မြို့ပြ ပြည်ရွာအသစ်တခုတည်သလို

တည်ဆောက်တယ် ရေးသားတယ်၊


ခုတော့..

လမ်းမှာ မတော်တဆ ကောက်ရသလောက်ပဲ

တော်ပြီလေ..သေခါနီးမှ သိပ်လောဘကြီးနေလို့လဲမဖြစ်ဘူး

ရသမျှလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲ နေရဲ ရေးရဲ၊ အခု သေဆိုလဲ သေရဲပြီ။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၇

ထိန်လင်းရဲ့ မာရှယ်ဒူးရွှန့်သို့တမ်းခြင်း အမှတ်တရ



ဒီကမ္ဘာကြီးပေါ်မှာ

အနုပညာအကြောင်း

သိပ်ပြီး ခက်ရာခဲဆစ် လိုက်လေ့လာနေစရာမလိုတော့ပါ။


မာရှယ်ဒူးရွှန့်ရယ်

သေးပေါက်တဲ့ခွက်ရယ်

နောက် ၁၀ နှစ် အနှစ်၂၀ လောက်စီ် ခြားပြီး

အဲဒီသေးပေါက်ခွက်ကို performance artist တယောက်က

လူပုံလည်မှာ သေးပေါက်ထည့်တာ တစ်ခါ

တူကလေးနဲ့ အက်ရုံထုပြခဲ့တာတခါ လုပ်ပြခဲ့တဲ့

အကြောင်းတွေကို သိရုံနဲ့တင် လုံလောက်ပါတယ်။


အနုပညာဆိုတာကလဲ

နားလည်ဘို့ ခက်တာနဲ့ လွယ်တာ နှစ်မျိုးပဲရှိတာဆိုတော့။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၈

အရူး (ရှယ်လီ)



ခုတလော

ဘ၀င်ရူး ရူးလောက်အောင်

ကဗျာတွေရေးမိတယ်၊


တောင်းပန်ပါတယ်

မနက်ခင်းကလေးတွေရယ်

ကိုယ် ပေတိပေကပ် မထတမ်းထိုင်နေတတ်တဲ့ ၀ရံတာလေးရယ်

ကိုယ်မပိုင်စိုးတဲ့ ကာလသုံးပါးရယ်၊


နောက်ထပ်

တောင်းပန်ရမှာက

ငါ ယခုရေးသားသမျှ အောင့်အီးသည်းခံ ဖတ်ရှုနေရသော

ကဗျာ ချစ်သူဆိုသူများ။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၉

လူရွှင်တော်နဲ့ ဓါတ်ကြီးလေးပါး


ဟိုမှာထောင်ထားတာ

ရေသန့်ပုလင်းပေါ့


စိုက်ထားတဲ့

လဘ်ရွှင်ဂမုန်းပန်းအိုးထဲမှာ မြေကြီးအနည်းငယ်


ပန်ကာကို ၂၄ နာရီဖွင့်ထားရတယ်

လေ၀င်လေထွက် ကောင်းအောင်လို့


ပူတယ်အေးတယ်

နှာသီးဖျားမှာ ထင်ရှားတယ်


အော်…ဓါတ်ကြီးလေးပါး အကြောင်း

ဓါတ်ဆီ ဓါတ်ဆံကတဆင့် ပြန်သိရတယ်


တခါတခါ လူရွှင်တော်တွေဟာ

ပရောဟိတ်။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




(ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီးမှ ထပ်ရေးဖြစ်တာလေး၊ ဘောနပ်စ် ပေါ့။

ဖြုတ်ချန်ထားခဲ့ရမှာ နှမျောမိသလို ဟိုအထဲ သွားပေါင်းထည့်ဘို့ကျတော့ စိတ်က လျှောကနဲ မဖြစ်တာကြောင့်၊ ခုလိုပဲ...)




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - (အပိုဆု)

ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်



ရှေ့ကဗျာတပုဒ်နဲ့

သူ့နောက်က ကဗျာပုဒ်ကြား

ကဗျာတပုဒ် ရှိသေးတယ်။


အစ ရပြီးမှ

ချ မရေးလိုက်ရလို့

ပြန်မေ့သွားတာ။


ဒီကမ္ဘာကြီးပေါ်မှာ..

မေ့ တတ်ခြင်းဆိုတာသာ ရောဂါတခုလို

လူသားတွေ အပေါ်မှာ မသက်ရောက်ခဲ့ဘူးဆိုလျင်။


ကမ္ဘာ ဆိုတာကြီးဟာ

ခုလောက်တောင် သက်ဇိုး ရှည်ပါ့မလား

စဉ်းစားတွေးခေါ် စရာ ကောင်းလွန်းလှသည်ပင်။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉


(ဤတွင် ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ် ပြီး၏။)

Thursday, October 1, 2009

ပင်လယ်နဲ့ ကိုယ်နဲ့ အဝေးရောက်ပင်လယ်နဲ့..


ကဗျာနဲ့ ကိုယ်နဲ့ စတင်ပေါင်းသင်းဆက်ဆံခဲ့တာ ၂၀၀၀ ခုနှစ်ရဲ့ဟိုဘက်မှာ အနှစ် နှစ်ဆယ်လောက်

၂၀၀၀ ရဲ့ ဒီဘက်မှာ ဆယ်နှစ် နီးနီး၊ ခုနှစ်သက္ကရဇ်ထည့်ပြော ရတာကတော့ ကာလ၊ ဒေသ၊ ပယောဂ ကို

လိုအပ်ရင် ထည့်သွင်းတွက်ချက်စဉ်းစားနိုင်ဘို့ပါပဲ။



တော်တော်ပျင်းရိတဲ့ ကဗျာဆရာတယောက်အနေနဲ့ဟိုဘက် သည်ဘက်ပေါင်း နှစ် ၃၀ နီးနီးမှာ ကဗျာ ပုဒ်ရေ ၃၀ ပြည့်အောင်တောင် မရေးဖူး မတင်ဆက်ခဲ့ဖူးပါဘူး။



ပြောရရင် ၂၀၀၂ လောက်ကနေ ၂၀၀၉ ထိ ဟုတ္တိပတ္တိ တပုဒ်မှ မရေးနိုင်ခဲ့ဘူး။

ဟောသည် ၂၀၀၉ ခုနှစ်ထဲမှာ ရာသီဥတုကလဲ ကိုယ့်ဘက်မှာ၊ ဒေးဗစ်ဘက်ခမ်း ကိုလည်း ပေါချောင်ကောင်း

ရလိုက်ပြီး မိုက်ကယ်လ်ဂျက်ဆင်လဲ မရှိတော့တာမို့ လက်ရဲဇက်ရဲနဲ့ ကဗျာတွေ ရေးလိုက်တာ ကဗျာရေးဘို့

တိုက်တွန်းခဲ့တဲ့ လူတွေကတောင် ခပ်ရှောင်ရှောင် ဖြစ်သွားရတဲ့ အထိပါပဲ။



စာမျက်နာတွေပြန်လှန်ကြည့်တော့ ၁၉၉၀ နှစ်နှစ်စွန်း သုံးနှစ်စွန်း လောက်မှာ ကိုချောနွယ်ကိုဗဟိုရ်ပြုပြီး မဂ္ဂဇင်းတစောင် လုပ်ကြမယ်ရယ်လို့သဲ့သဲ့ ကြားလိုက်ရတယ်၊ ပထမ မဂ္ဂဇင်းလို့ နာမယ်ပေးထားတယ်လို့လဲ ကြားမိတယ်။ နောက်ဘယ်လို

ဘယ်လို ဘောလုံးက လည်ထွက်သွားလဲ မသိဘူး၊ ဆလိုင်းရမ်လိန်မှုန်း (ပလိန်) နဲ့ ဇေယျာလင်းနဲ့ မနေ့

တနေ့က ကွယ်လွန်သွားတဲ့ ကိုအောင်ဝင်းနဲ့ လိုင်းတွေပူးသွားကြပြီး ပင်လယ် မဂ္ဂဇင်း ရယ်လို့ အတည်ဖြစ်ကြောင်းကြားရပြီးမကြာခင် သူငယ်ချင်းတွေရဲ့ တညီတညွတ် ထဲတာဝန်ပေးမှု

ကြောင့် ပင်လယ်မဂ္ဂဇင်း ရဲ့ ကဗျာ ပဲ့ကိုင်မှူး အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်၊ kမြိုး ကပန်းချီနဲ့စာအုပ်အပြင်အဆင်တွေအားလုံးတာဝန်ယူခဲ့တယ်။



ခု အဝေးရောက်ပင်လယ်ကို အကြောင်းအားလျော်စွာ မောင်းနှင်ခွင့်ရခဲ့တော့ ပြန်ပြောပြရခက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် တွေ့ရတဲ့ကြားထဲက ပင်လယ်ကို အသက်ဆက် ဖြစ်တယ်၊ အခု ဒီစကားကိုပြောနေချိန်ထိပေါ့။



ဒီနေ့ စက်တင်ဘာ ၃၀၊ တခါမှ မရစဖူး၊ စံချိန်တင် ကဗျာ ၄ ပုဒ် တနေ့ထဲ ရေးဖြစ်တယ်၊ ဒါကို အမှတ်တရ

အနေနဲ့ ကိုယ်ကိုယ်တိုင် ကိုယ့်ကဗျာကို ကျဲကျဲပါးပါးပဲ တင်ဖြစ်ခဲ့တဲ့ ဟောသည် အဝေးရောက်ပင်လယ် ဘလော့ဂ်မှာ ဒီနေ့ တစုတဝေးထဲ တင်ဆက်လိုက်ပါတယ်၊( တပုဒ်ကိုတော့ ကိုယ့်ကဗျာတွေကို အမြဲတန်း နှစ်သက်အားပေး တင်ဆက် လေ့ရှိသူ အိန္ဒြာရဲ့ ဘလော့ဂ် မှာတင်ပေးဘို့ စီစဉ်ဖြစ်ပါတယ်)



ညီလေး တွေ လက်စ လက်န ကောင်းကောင်းနဲ့ မြိုင်ဆိုင်နေတဲ့ ကြားက အစ်ကို အရွယ်လွန် ကြီးရဲ့ ကဗျာတင်ဆက်မှုကို နားလည်မှုနဲ့ (သည်းခံပြီး) အချိန် ပေး/အချိန် ယူကာ အဝေးရောက် ပင်လယ်ရဲ့

ဖြစ် (ရှိ) တည်နေ (ခဲ့) ခြင်းကို အရှည်တည်တံ့အောင် ပခုံးပြောင်းတာဝန်ယူကြလိမ့်မည်ဟု…….



ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၂၃း၀၈


ကဗျာညီလေးများ - သစ်ကောင်းအိမ်၊ အောင်သာငယ်၊ မောင်ဖုန်းမြင့်၊ မိုးလှိုင်ည တို့ရဲ့

ကဗျာလှိုင်းလုံးများဖြင့် အဝေးရောက်ပင်လယ်သည် ပင်လယ်အစစ်တခုအသွင် ထာဝရ ဆောင်နိုင်ပါစေသား။

ငါးပြတိုက်သို့ ထပ်ပို့မည့် ငါးတကောင်ရဲ့ အမည်