Friday, April 30, 2010

ကဗျာကို စနစ်တကျသုံးစွဲနည်း


ကဗျာကို စနစ်တကျသုံးစွဲနည်း


ကဗျာစာအုပ်ပေါ်မှာ ရှိတဲ့ ရက်စွဲကို စစ်ဆေးပါ။
ကုန်ဆုံးသက်တမ်း ကျော်လွန်ရင် လုံးဝမသုံးပါနှင့်။
ကဗျာစာအုပ်ကို သတ်မှတ်ထားသည့် နေရာမှ ဆုတ်ဖြဲပါ။
ကဗျာကို အလိပ်မဖြည်ဘဲ ထုတ်ယူပါ။


ကဗျာထိပ်ထဲကို လက်ညှိုးထည့်ပြီး မှန်ကန်သည့်ဘက်
ဟုတ်မဟုတ်စစ်ဆေးပါ။
ကဗျာထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံရှိပြီး၊
ကွင်းက အပြင်ဘက်တွင် ရှိရပါမယ်။


ကဗျာကို မစွပ်မီ၊ ရာဘာနို့သီးခေါင်းကို လက်ညှိုး လက်မဖြင့်
လေမခိုစေရန် ဖိညစ်ပါ။
အသင့်ဖြစ်နေသော စိတ်ကူးပေါ်သို့ ကဗျာကို စွပ်ချပါ။


တခြားလက်ကို အသုံးပြုပြီး ကဗျာကို စိတ်ကူးတဆုံးရောက်အောင်
ဖြည်ချပါ။


စိတ်ကူးအလုပ်ဆုံးဆုံးချင်း အတွေးမကျန်မီ
ကဗျာမကျန်ခဲ့အောင် စိတ်ကူးအောက်ခြေမှ
ကဗျာကို ဖိကိုင်ပြီး ဆွဲထုတ်ပါ။


ဆွဲထုတ်ပြီး ကဗျာကို စက္ကူဖြင့်ထုပ်ပါ။
အဲဒီ ကဗျာထုပ်ကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
ပြီးလျှင် လက်ဆေးပါ။ ။




လွန်းဆက်နိုးမြတ်
၂၆.၆.၀၉
နေ့လည် ၀၃း၀၀နာရီ

Thursday, April 29, 2010

အနုပညာပင်လယ်ထဲ ကဗျာသေကောင်ကြီးစီးပြီး

ကဗျာတွေရေးတဲ့ … အရူး
အရူးတွေရေးတဲ့ … ကဗျာ
အရူး ကဗျာတွေရေးတဲ့အခါ …
ရူးတာကိုနားမလည်ပေးရင်
ရေးတာကို နားမလည်ဘူး
အရူးရူးအပေါပေါနဲ့
အရောရော အပူးပူးဖြစ်နေတဲ့ စကားလုံးတွေ
အချက်အလက် ဖြုတ်ဖျက် တပ်ဆင်
အခက်အလက်တွေ ချဲ့ထွင်ခုတ်သင်ခြင်းကိစ္စ
အရှိကို အရှိအတိုင်းရေးမှ / စိတ်ကူးယဉ်ဖွဲ့နွဲ  မှကဗျာလား?
အနုအရွတွေပါမှ / အရပ်သုံးစကားနဲ့ရေးမှ ကဗျာလား?
ကာရန်ညီမှ / ကာရန်မဲ့မှ ကဗျာလား?
သင်္ကေတတွေ / နိမိတ်ပုံတွေပါမှ ကဗျာလား?
ရှိမှုကိုရေးမှ / သိမှုကိုရေးမှ ကဗျာလား?
အကြောင်းအရာ ရှိဖို့ လို / မလို?
လိုလျှင် တစ်ခုသို့မဟုတ် တစ်ခုထက် ပိုသင့် / မပိုသင့်?
ရှေ့နောက်ကြောင်းကျိုးဆက်စပ်မှ / ဗဟိုချက်ပျောက်မှ ကဗျာလား?
ဘာမှ နားမလည်အောင်ရေးမှ ကဗျာလား?
စကားပြေလိုရေးဖို့လိုသလား?
ဘာသာစကားနဲ့ရေးဖွဲ့မှ ကဗျာလား?
တည့်တိုးကဗျာ / သွယ်ဝိုက်ကဗျာ / ပြောင်းပြန်ကဗျာ?
နတ်သျှင်နောင်လို၊ မောင်ချောနွယ်လို၊ ဇေယျာလင်းလိုရေးမှ ကဗျာလား?
ကဗျာဆရာဆိုတာ ယိမ်းကမှာမဟုတ်တဲ့အတွက်
ဘယ်သူ့သြဇာအောက်မှ ရောက်ရှိခိုလှုံစရာမလိုပါဘူး
(သူများခြေထောက်တော့ ငှားမလျှောက်ပါနဲ့)
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ်ပါရမီရှိသလောက် ခရီးရောက်မယ်။



သိုးထိန်း (အန္တိမ)

Wednesday, April 28, 2010

ပုံပြင်ထဲက ကဗျာဆရာပြောခဲ့တဲ့ ပုံပြင်


တွေ့မိကြသလားဗျာ
ကဗျာဆရာတစ်ယောက်ဒီနားမှာပျောက်သွားပါတယ်
ဟိုနားကခပ်ကုပ်ကုပ် ပုံပြင်ထဲများဝင်သွားသလား
တွေ့ရင်ပြောကြပါဗျာ

ကဗျာဆရာရဲ့ပုံပန်းသဏ္ဍာန်ကဒီလိုရှိပါတယ်




သူကပုံပြောလည်းအရမ်းတော်ပါတယ်

သူကတစ်ခုမှာခဲ့ပါတယ်
သူကိုတွေ့အောင်ရှာနိုင်ရင် ပုံပြင်တစ်ပုဒ်ပြောပြမယ်တဲ့

ကျွန်တော့် ပုံပြင်ထဲက
                              ဗျာဆရာက
                                             ဗျာတစ်ပုဒ်မဟုတ်တဲ့
                  ပုံပြင်တစ်ပုဒ် ပြောသွားပါတယ်။

အခုပုံပြင်ကလည်း ပဒေသရာဇ်ကဗျာဆရာပြောခဲ့တဲ့အတိုင်းပါပဲ
ကျွန်တော်လည်းသူ့ကို အခုထိရှာနေတုန်းပါပဲ
အခုထိသူပြောခဲ့တဲ့ ပုံပြင်လေးကိုပြောပြနေမိတုန်းပါပဲ
အမှန်တကယ်က ကဗျာဆရာတစ်ယောက်ဒီထဲမှာပျောက်နေတာပါ
တွေ့ရင်ပြောကြပါဗျာ
ကဗျာဆရာတစ်ယောက်ဒီအထဲမှာပဲပျောက်နေတာ။        ။


ကြက်သွန်

Monday, April 26, 2010

သေချာတွေးဖို့ရေးပေးလိုက်တဲ့ကဗျာ

သေချာတွေး . . .
စိတ်ကလေးတခုရဲ့ အလုပ်လုပ်ပုံဟာ
ဘယ်လိုဆိုတာ




သေချာတွေး . . .
မျက်စိတမှိတ်အတွင်း
လက်တဖျစ်စာအတွင်း
အဖြစ်ပေါင်း တသိန်း
အပျက်ပေါင်း အနန္တ ရှိတယ်ဆိုတာ


သေချာတွေး . . .
မလိုလားတဲ့လိုင်းတွေ မြင်တွေ့ရခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ခံစားမှုဟာ
စစ်မှန်သလားဆိုတာ


သေချာတွေး . . .
ကိုယ်ယုံကြည်နေတဲ့ အမှန်တရားဟာ
ဘယ်နှစ်ဗီဇနာခံမှာလဲဆိုတာ


သေချာတွေး . . .
စာသားတွေဟာ အဓိကဇတ်ကောင်လား
စကားလုံးတွေဟာ အကောင်းဆုံး သရူပ်ဆောင်လားဆိုတာ


သေချာတွေး . . .
တည်ဆောက်ပုံဒီဇိုင်းအပေါ်မှာ
အသိတရားတခုထဲနဲ့
ဆင်ခြင်မှုဟာ
အဓိပ္ပါယ်တွေ လွဲမှား ပျက်စီးစေနိုင်တယ် ဆိုတာ


သေချာတွေး . . .
ဒီကဗျာဘာလို့ရေးလဲဆိုတာ  ။


MPM

Saturday, April 24, 2010

တုံ့လှယ်မေတ္တာ

ခင်ဗျားလွှတ်လိုက်တဲ့လူ  ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ် ။
ခင်ဗျားလွှတ်လိုက်တဲ့လူ  ရောက်လာတယ်
သူ  ခင်ဗျားမှာတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး  ပြန်ခိုင်းလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တယ်လို့  ပြောတဲ့လူ ရောက်လာတယ်
သူ့ လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့လွယ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ  တစ်ခုခုပြောဖို့  ကြိုးစားတယ်
သူ  အသံထွက်လာဖို့  ကြိုးစားတယ်
သူ့ကျောကို ပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့  ဟိုငနဲ  ရောက်လာတယ်
အရက်  တိုက်လွှတ်လိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ကောင်လေး ရောက်လာတယ်
အားပေးစကားပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆရာကြီး ရောက်လာတယ်
"ကိုယ့်လူက ဆရာကြီးလား" လို့ ဖြုတ်ချလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကား ရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့  ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့လူအိမ်ကို လမ်းညွှန်လိုက်တယ် ၊
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ  ဆက်မစောင့်နိုင်လို့  ပြန်သွားတယ်
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း  ရောက်လာတယ်
"ဓား  ဟဲ့  ဓား" ဓားထောင်ပြလိုက်တယ်
အဲ့ဒါ  ခင်ဗျားလွှတ်လိုက်တဲ့ လူတွေ အကြောင်း အတိအကျပဲ ။


မောင်ပြည့်မင်း

Wednesday, April 21, 2010

ကော်မာရှယ်နဲ့စကားလက်ဆုံ

ဈေးနေ့တွေ ခေါ်ငင်ရာ
ဒင်္ဂါးပြားလို လည်မွှတ်
တစ်နေ့ပြီးတစ်နေ့ဟာ ပို၍ပို၍ ချစ်စရာပါ
မတတ်နိုင်ဘူး ။




မြစ်တွေတောင် ကျိုးပြီး ကျန်ရစ်ကြ
ကျွန်မရဲ့ မှတ်တိုင်တွေ
ကျွန်မရဲ့ လမ်းဆုံတွေ
ကျွန်မရဲ့ ပလက်ဖောင်းတွေ
လွယ်လွယ် မရွှေ့ပြောင်းနိုင်ခဲ့ရင်
ရေခဲခေတ်ဆင်တွေလို ကွယ်ပခဲ့မှာ
မတတ်နိုင်ဘူး ။




ပတ်ဝန်းကျင်စိမ်းလန်းရေး သဘောတူပေမယ့်
သစ်တပင်လို မရင့်ချင်သေး
အလုပ်လုပ်ရမယ်
မတတ်နိုင်ဘူး ။




သင်္ကြန်လို ထိန်ထိန်သာချင်ပါတယ် ။
ဆထက်ထမ်းပိုး ဖြစ်နိုင်ဖို့
ကမ္ဘာသုံးစကား သင်ကြားရတယ်
မတတ်နိုင်ဘူး ။




ရောင်စုံမီးသံငွေ့ငွေ့ မှိတ်လိုက်ပြီ ။
ချစ်၍ခေါ်ရမှာ
စာနာသောညသာဖြစ်ပစေ
အရာရာ ဝေစားလို့ရတယ်
မတတ်နိုင်ဘူး ။




အနိမ့်ကားတစ်စင်းတန်ဖိုးထက်
အနှုတ်ပြောင်းပြန်အချိုးအောက်
မတရားတန် ညှိနှိုင်းနှုန်း ။
စားသုံးသူ့ လက်ဖျောက်သံများ ။
ဒီလိုပဲအရူးအမှုးကခုန်
၂၄-နာရီ တယ်လီဖုံးလို
မထွက်ပဲ မရဘူး ။
မတတ်နိုင်ဘူး ။






နောင်တတွေ လက်ဆွဲခြင်းအပြည့်
မေမေ ပြန်မလာခင်ကတည်းက
ဖေဖေ ဆူဆူဝေဝေ ထွက်သွားခဲ့ပြီးပြီ
မတတ်နိုင်ဘူး ။




ကိုးကွယ်ရာတို့ မနှစ်သက်တတ်သော
ခိုးယူခြင်းကို ရှောင်ကြဉ်ရာ
ဂျင်းသားစကပ်ထဘီနှယ် ခိုင်မြဲခဲ့
ကျွန်မရဲ့ ကာလတာကလေး မွှေးမြပါရစေ
မတတ်နိုင်ဘူး ။




နောက်ပြောင်နေရင်းက
တကယ်ယုံကြည့်ဖို့ ခက်လာတယ်
အဟုတ်ပြောတာ
အဲ့ဒါ အပုတ်ကောင်ပေါ့
စိတ်ကျတယ်ဆိုတာ ဘာလဲဟင်
မတတ်နိုင်ဘူး ။




ရာဘာအသုံးချပုံ ဟောပြောပွဲမှာ
ဒေါက်တာက စိတ်ရှည်တယ် ။
ဒါပေမယ့် "ပိန်းကောမ" သမားတွေရဲ့ ခွန်အား
ကျွန်မ မလွန်ဆန်နိုင်
မတတ်နိုင်ဘူး ။




အန္တရယ်အသွယ်သွယ် အားကစားသမားတွေ
ကိုယ့်ခွန်ကိုယ့်အားပေမယ့်
တချို့ ခပ်တိမ်တိမ် မျက်နှာလွှဲ
ဇရာမတိုင်မီက တကယ့်ဇရာ
ကောင်းကောင်း အနားယူရမှာ
မတတ်နိုင်ဘူး ။




သူငယ်ချင်းရဲ့ သူငယ်ချင်းများ
ဒါကို ဒေသနာလိုဖတ်ကြား
အဆင့်မြင့်တက်ခြင်းနဲ့ သူတို့၏ ဆောက်တည်ရာ
သူ့ဟန်ချက်နဲ့သူ
ငြိမ်သက်စွာလှုပ်ရှား
မတတ်နိုင်ဘူး ။




ခါတရံ ညကဖေးကို စီးနင်းတော့
မြေကြွက်မျက်လုံးနဲ့ ကျွန်မ အရင်ဦးတယ် ။
ဘယ်လိုမှ ပြန်မလှည့်နိုင် ။




ပွဲတော်တွေကို ချစ်တဲ့
မနက်ဖြန်တိုင်းရဲ့ အရုဏ်ဦးတွေကို ချစ်တဲ့
လူတွေလို လူတွေထဲ ကျွန်မ
ဒီတကြိမ်လည်း
ပျော်ပျော်ပဲ သီချင်းညည်း
ကောင်းခြင်းတွေ ဖြေချလိုက်တယ် ။




မတတ်နိုင်ဘူး ။
ဤမြေပံသု
သက်သေမှု၌ တည်စေသောဝ် ။
ဆိုခဲ့သော သီချင်း၌ ကြားစေသောဝ် ။ ။




ရေးသူ - လူဆန်း

Monday, April 19, 2010

မှို



စိတ်ဟာ ငါးရှဥ့်ဖမ်းရသလိုလို
ထိလိုက် မိလိုက် လွတ်လိုက် ပျောက်လိုက်
လွန့်လွန့်ပြီး ရုန်းချင်ယောင်ဆောင်မိတယ် ကျွန်မ
တစ်သက်လုံးတန်ဖိုးထားသိမ်းထားမိတာ နောင်တရလိုက်တာ
ဒလဟော သွန်သွန်ကျ ဒူးမခိုင်တာ
ဒူးထောက်ချင်လို့တော့မဟုတ် သတ္တိရှိရင်ရှေ့ထွက်ခဲ့လိုက်
သေနတ်သေနတ်ချင်း
လက်သီးလက်သီးချင်း ဘာသာစကားဘာသာစကားချင်း
လုံးထွေးသတ်ပုတ် ရိုက်ခွဲချလိုက်ဖို့
ပိတ်ကားထက်က ကျန်စစ်မင်းဟာ
လှံကြီးကိုင်လို့ မြင်းကြီးစီးလို့
ကျွံ . ကျ . လာ
ရုပ်ရှင်ကြည့် ပရိသတ်ရှေ့ ရှက်ကိုးရှက်ကန်းဖြစ်ပြီး
မြင်းကြီးကို ဗိုလ်ချုပ်လမ်းအတိုင်း ဒုန်းစိုင်းသွား ဟာ ဟ
လှံက ကျွန်မ
ရှေ့မှာ လှံတကာ့လှံထဲမှာ ခေတ်အဆက်ဆက် လှန်ခဲ့ကြတဲ့
လှံဘယ်နေရာမှသံချေးမတက်သေး
ပိတ်ကားထဲမှာလည်း မင်းကြီးအစား ဆာဒူးကြီးရောက်
နေ ရယ်လိုက်ရတာ မဏိစန္ဒာ ဘယ်တွေရောက်
ကုန်ပြီလဲ ဇာတ်လမ်း ဇာတ်ကွက်တွေ အကွက်ရိုက်ထားတဲ့ ဇာတ်တွေ
အဲဒါကြောင့် အစကတည်းက မယုံပါဘူးလို့ပြောနေတာ
နေပါဦး ပြောရင်းဆိုရင်း ညတုန်းက
ကြည့်တဲ့ ဇာတ်လမ်းက အာရုံထဲပြန်ဝင်လာ
မှိုအကြောင်း အသေးစိတ် ကျကျနန ရိုက်ထားတာများလေ ကလေးကစားစရာ
စပီကာသေနတ်လိုမှိုကနေ သင်္ကြန်အမြှောက်လို တဖုန်းဖုန်း မှိုအထိ
ပြောင်းမတိုက်တာကြာလို့ ကျည်မထွက်ချင်သလိုလို
ဆန့်တငင်ငင် မှိုကနေ နောက်ဖေးလမ်းကြား မိလ္လာပိုက်ပေါက်သလို
တရွှဲရွှဲ တစိုစို မှိုအဆုံး ပူအိုက်စိုစွတ်တဲ့ ပထ၀ီမှာ ပေါက်လေသမျှ
မှို မျိုးစိတ် မျိုးကွဲ မရဲတရဲ မသဲမကွဲ
ဖြူတူတူ မဲတဲတဲ
အို … စုံလို့ပါပဲရှင် ကြည့်ရင်း
ကြည့်ရင်း အနုပညာဟာ ကျွန်မကို ၀င်ပူးတယ်ဆိုရမလား
ဝင်စားတယ်ပဲပြောရမလား
ရွှဲရွှဲစိုစိုနဲ့ ကျွန်မကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေ (သွား) သလိုလို
မိုးထဲရေထဲက မင်းသမီးဟာ ကျွန်မကိုယ်တိုင်ဖြစ်နေတယ်လို့
အိပ်တဲ့အခါမှာ “ကောင်းတယ် …. ကောင်းလိုက်တာ” အိပ်မက်ဟာ
ကာလာအစုံအလင်နဲ့ HD ရုပ်ထွက်နဲ့ စစ်ချီတက်သလို ခွာသံတဖြောင်းဖြောင်း
နောက်ခံတေးနဲ့ … “ ကျွီ …. (တံခါးဖွင့်သံ) ..
မမရေ … ထတော့လေ မနက်စာစားချိန်ရောက်နေပြီ
ညီမလေး မှိုဟင်းချက်ထားတယ် …”
မှိုဟင်းဆိုတဲ့အသံကြောင့်ပဲ တစ်ကိုယ်လုံး နုံးခွေ ပင်ပန်းနေတာပျောက်သွားတယ်
မှိုက ကျွန်မအကြိုက်ဆုံးပဲလေ
မနက်ခင်းဟာလည်း ခပ်ယိုင်ယိုင် နေရောင်ခြည်ကြောင့် နွေးနွေးလေး
ဖြစ်နေတယ် ဘယ်လောက်များကောင်းလိုက်သလဲ
နွေးနွေးထွေးထွေး မနက်ခင်းနဲ့ ကျွန်မအကြိုက် မှို နံနက်စာ ….


ကြက်သွန်

လူအဖြစ်နေထိုင်ခြင်း

လူမှာ
အမြင့်က ပြုတ်ကျလာတဲ့ အိပ်မက်တွေနဲ့
ပယောဂလိုလို ၊ လူဝင်စားလိုလို ၊ နတ်ဝင်သည်လိုလို ၊
ဖုန်တောထဲက ထလာသလိုလို ၊ ကျောက်အောင်လာသလိုလို ၊
ကားပွဲစားလိုလို ၊ အိမ်ပွဲစားလိုလို ၊ လူကုန်ကူးသလိုလို ၊ စိန်ပွဲစားလိုလို ၊
သူတောင်းစားလိုလို ၊ ဘ၀င်မြင့်နေသလိုလို ၊ အောက်ခြေလွတ်သလိုလို ၊
သိန်းထီပေါက်သလိုလို ၊ ဖင်နဲ့ကြမ်းကပ်နေသလိုလို ၊ အလိုတူသလိုလို ၊ တရားစွဲချင်သလိုလို ၊
အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံကြီးတွေမှာ တက်အိပ်ချင်သလိုလို ၊အုတ်ဂူလှလှလေးနဲ့
သေချင်သလိုလို ၊
မထူးတော့သလိုလို ၊ လှဲချပစ်သလိုလို ၊ ကွဲရှချင်သလိုလို ၊ တော်လှန်လိုလို ၊ မော်ဒန်လိုလို ၊
လေလိုလို ၊ ၀မ်းလိုလို ၊ သွေးတိုးချင်သလိုလို ၊ ကျချင်သလိုလို ၊ စိတ်မချသလိုလို ၊
လက်မ ,နေသလိုလို ၊ ဆင်ဦးစီးလိုလို ၊
ယဉ်မှုးကြီးလိုလို ၊ ဘီယာတစ်ခွက်သယ်လာသလိုလို ၊ အလောင်းမ , လာသလိုလို ၊ ငိုသလိုလို ၊
ရယ်သလိုလို ၊
ကလေးလိုလို ၊ ခွေးလိုလို ၊ ငါသိသလိုလို၊ ငါတတ်သလိုလို ၊ အပုတ်လိုလို ၊ အရုပ်လိုလို၊
လိုလိုလိုဂို
လိုက်လာနေတဲ့ ကမ္ဘာမှာ
အပျက်ဘ၀စီးရာ
အပျက်ဘ၀လို လိုက်လာနေတဲ့ ကမ္ဘာ  ။



ဟိန်းမြတ်ဇော်

( Exit Poetry ထုတ်  "နာမ်"ကဗျာစာအုပ်မှ)

Saturday, April 10, 2010

အတူတူသွားဖို့ လိုလို့လား

ကိုယ် ဒူးနည်းနည်း ကွေးပေးရမလား

ကိုယ်ကို ထပ်ရို့ပေးရဦးမလား

ဒီအရောင်တွေကိုရောကြိုက်ပြီလား

မီးရောင်ကြီးက သိပ်ပြီးလင်းလွန်းနေမလား

အပေါ့အငံ ဘယ့်နဲ့လဲ

အသံအတော်ကျယ်သွားသလား

လည်ပင်းကြယ်သီး တပ်ရဦးမလား

ဝတ်ကောင်းစားလှ ၀တ်ခဲ့ရမှာလား

ဇွန်းကို ဘယ်လက်နဲ့ကိုင်မှလား

လိုအပ်မယ်ဆိုရင် ထပ်လျှော့ပေးပါဦးမယ်

ခြေနင်းသံမကြားရအောင် လျှောက်နိုင်ပါတယ်

ခင်ဗျားနောက်က လိုက်ခဲ့မယ်လေ

ရှေ့နည်းနည်း ထပ်တိုးလိုက်ရမလား

လူကြီးမင်းတို့စိတ်ကြိုက်

စိတ်တိုင်းကျအရသာ

ဘာကြီးပဲဖြစ်ဖြစ် ရပါတယ်

ခင်ဗျား ယူဘီစီလား ကလဲဗားလား တိုက်ဂါးလားခင်ဗျား

ဝတ်ရလွယ်ကူအောင် ကြိုးလျှော့ထားပါပြီ

ပြန်ဖျော်ပေးပါ့မယ်နော်

အဆင်မပြေရင် ပြောပါခင်ဗျာ

နဖူးပေါ်က ဆံပင်တွေကိုရော၊ တိပေးရမလား

ကိုကို့အကြိုက် ပျော့ပျော့စပ်ထားပါတယ်

ပါးပါးလေး ထပ်တင်လိုက်မယ်၊ ဟုတ်ပြီလား

အချိန်ကိုတော့ ညီလေးတို့ စိတ်ကြိုက်ရွေးပါ

ကျန်သေးတယ်

ဒီကဗျာဖတ်လို့ အဆင်ပြေရဲ့လား…။…။


မောင်ပြည့်မင်း

Thursday, April 8, 2010

စာနာခြင်းသစ်ပင်

ဘ၀အကြောင်းစာလုံးပေါင်းတဲ့အခါ
ငါ့နာမည်ပါပါစေ။
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတစ်ကွ
လက်တွဲကြတဲ့အခါ
ငါ့အမည်ကိုစာရင်းထဲထည့်ပါ…။

ဆောင်းရာသီတောလမ်းကလေး
ယုန်ကလေးပြေးဆော့ရာ
အမည်မရှိပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှေကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကိုအရင်ဆုံးဝင်ခေါ်ပါ။

စားစရာနည်းနည်းပဲရှိလို့
ကလေးတွေအတွက်ခွဲဝေဖို့
ဝေစုကိုလျှေ့ချဖို့လိုရင်
ငါ့အမည်စာရင်းကိုအရင်တင်သွင်းပါရစေ။

သူခံစားမှုကိုသူမသိတော့တဲ့
အဘိုးအိုတွေ
မျက်စိလည်နေတဲ့ ကလေးသူငယ်တွေ
အနာရောဂါထူပြောတဲ့သူတွေ
သူတို့ဘက်မှာငါဟာအမြဲရှိနေပါစေ။

ညတစ်ရေးလန့်နိုးတဲ့
မိဘမဲ့ကလေးတစ်ယောက်ဟာ
ငါ့အမည်ကိုအရင်ဆုံးသတိရပါစေ

ဘယ်သူဟာအထီးကျန်သူလဲ
သူဟာညအခါ
ငါ့ကိုအိပ်မက်မက်ပါလေ။

ဥာဏ်ပညာ
ဗဟုသုတကြွယ်ဝသူတွေ
ရှေးဟောင်းနှောင်းဖြစ်များပြောကြတဲ့အခါ
နောက်ဆုံးမှာ
ငါ့အမည်ကိုရေရွတ်ပါစေ။

နှစ်တွေလွန်တော့
မေ့လျော့ခြင်းဟာ
ကမာမြေတစ်ခုလုံးကိုအတိပြီးအောင်
ဖုံးလွှမ်းသွားတဲ့အခါ
တစ်နေ့မှာ
ငါ့အမည်ဟာ
သစ်ပင်ကလေးတစ်ပင်အဖြစ်နဲ့
ကမာမြေပေါ်ထိုးဖေါက်လို့
အသစ်ရှင်သန်ပေါက်ရောက်လာပါလိမ့်မယ်။

မင်းဆွတ်ခူးနိုင်ဖို့ပါ..။

နေမျိုး
အိုင်ဒီယာ ဖေဖော်ဝါရီ ၂၀၀၆

Friday, April 2, 2010

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင်

နက္ခတ်မကြုံလည်း
မြေသားပေါ်က ငရဲဘုံမှာ
တို့ပြန်ဆုံကြရအောင်....

ကိုယ်ပိုင်အရောင်အဆင်းမရှိတဲ့
ကြယ်အလင်းတွေအောက်မှာ
ပိုးစုန်းကြူးငယ်တွေက
မင်းကိုလှောင်ရယ်နေကြလိမ့်မယ်
ပျောက်ဆုံးသွားတဲ့မီးပြတိုက်တွေအတွက်
ငိုရှိုက်မနေပါနဲ့တောာ့ မာရီလင်
လူ့အဖြစ်သားရဲတွင်းထဲ
လေထီးမပွင့်ဘဲခုန်ဆင်းခဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်
နွေဦးကြိုတံစဉ်တလက်
လရောင်အသိုက်မှာ ငှက်နှိုက်ဖို့
ကျောက်တောင်နံရံတွေကို အာခံနေတဲ့
တောင်တက်သမားတယောက်
မဏိမေခလာမရှိတဲ့သက္ကရာဇ်တွေထဲ
အလျားလိုက်လက်ပစ်ကူး
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်

သစ်ကောင်းအိမ်
(၂၉. ၇. ၂၀၀၈)