Wednesday, April 21, 2010

ကော်မာရှယ်နဲ့စကားလက်ဆုံ

ဈေးနေ့တွေ ခေါ်ငင်ရာ
ဒင်္ဂါးပြားလို လည်မွှတ်
တစ်နေ့ပြီးတစ်နေ့ဟာ ပို၍ပို၍ ချစ်စရာပါ
မတတ်နိုင်ဘူး ။




မြစ်တွေတောင် ကျိုးပြီး ကျန်ရစ်ကြ
ကျွန်မရဲ့ မှတ်တိုင်တွေ
ကျွန်မရဲ့ လမ်းဆုံတွေ
ကျွန်မရဲ့ ပလက်ဖောင်းတွေ
လွယ်လွယ် မရွှေ့ပြောင်းနိုင်ခဲ့ရင်
ရေခဲခေတ်ဆင်တွေလို ကွယ်ပခဲ့မှာ
မတတ်နိုင်ဘူး ။




ပတ်ဝန်းကျင်စိမ်းလန်းရေး သဘောတူပေမယ့်
သစ်တပင်လို မရင့်ချင်သေး
အလုပ်လုပ်ရမယ်
မတတ်နိုင်ဘူး ။




သင်္ကြန်လို ထိန်ထိန်သာချင်ပါတယ် ။
ဆထက်ထမ်းပိုး ဖြစ်နိုင်ဖို့
ကမ္ဘာသုံးစကား သင်ကြားရတယ်
မတတ်နိုင်ဘူး ။




ရောင်စုံမီးသံငွေ့ငွေ့ မှိတ်လိုက်ပြီ ။
ချစ်၍ခေါ်ရမှာ
စာနာသောညသာဖြစ်ပစေ
အရာရာ ဝေစားလို့ရတယ်
မတတ်နိုင်ဘူး ။




အနိမ့်ကားတစ်စင်းတန်ဖိုးထက်
အနှုတ်ပြောင်းပြန်အချိုးအောက်
မတရားတန် ညှိနှိုင်းနှုန်း ။
စားသုံးသူ့ လက်ဖျောက်သံများ ။
ဒီလိုပဲအရူးအမှုးကခုန်
၂၄-နာရီ တယ်လီဖုံးလို
မထွက်ပဲ မရဘူး ။
မတတ်နိုင်ဘူး ။






နောင်တတွေ လက်ဆွဲခြင်းအပြည့်
မေမေ ပြန်မလာခင်ကတည်းက
ဖေဖေ ဆူဆူဝေဝေ ထွက်သွားခဲ့ပြီးပြီ
မတတ်နိုင်ဘူး ။




ကိုးကွယ်ရာတို့ မနှစ်သက်တတ်သော
ခိုးယူခြင်းကို ရှောင်ကြဉ်ရာ
ဂျင်းသားစကပ်ထဘီနှယ် ခိုင်မြဲခဲ့
ကျွန်မရဲ့ ကာလတာကလေး မွှေးမြပါရစေ
မတတ်နိုင်ဘူး ။




နောက်ပြောင်နေရင်းက
တကယ်ယုံကြည့်ဖို့ ခက်လာတယ်
အဟုတ်ပြောတာ
အဲ့ဒါ အပုတ်ကောင်ပေါ့
စိတ်ကျတယ်ဆိုတာ ဘာလဲဟင်
မတတ်နိုင်ဘူး ။




ရာဘာအသုံးချပုံ ဟောပြောပွဲမှာ
ဒေါက်တာက စိတ်ရှည်တယ် ။
ဒါပေမယ့် "ပိန်းကောမ" သမားတွေရဲ့ ခွန်အား
ကျွန်မ မလွန်ဆန်နိုင်
မတတ်နိုင်ဘူး ။




အန္တရယ်အသွယ်သွယ် အားကစားသမားတွေ
ကိုယ့်ခွန်ကိုယ့်အားပေမယ့်
တချို့ ခပ်တိမ်တိမ် မျက်နှာလွှဲ
ဇရာမတိုင်မီက တကယ့်ဇရာ
ကောင်းကောင်း အနားယူရမှာ
မတတ်နိုင်ဘူး ။




သူငယ်ချင်းရဲ့ သူငယ်ချင်းများ
ဒါကို ဒေသနာလိုဖတ်ကြား
အဆင့်မြင့်တက်ခြင်းနဲ့ သူတို့၏ ဆောက်တည်ရာ
သူ့ဟန်ချက်နဲ့သူ
ငြိမ်သက်စွာလှုပ်ရှား
မတတ်နိုင်ဘူး ။




ခါတရံ ညကဖေးကို စီးနင်းတော့
မြေကြွက်မျက်လုံးနဲ့ ကျွန်မ အရင်ဦးတယ် ။
ဘယ်လိုမှ ပြန်မလှည့်နိုင် ။




ပွဲတော်တွေကို ချစ်တဲ့
မနက်ဖြန်တိုင်းရဲ့ အရုဏ်ဦးတွေကို ချစ်တဲ့
လူတွေလို လူတွေထဲ ကျွန်မ
ဒီတကြိမ်လည်း
ပျော်ပျော်ပဲ သီချင်းညည်း
ကောင်းခြင်းတွေ ဖြေချလိုက်တယ် ။




မတတ်နိုင်ဘူး ။
ဤမြေပံသု
သက်သေမှု၌ တည်စေသောဝ် ။
ဆိုခဲ့သော သီချင်း၌ ကြားစေသောဝ် ။ ။




ရေးသူ - လူဆန်း

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။