Friday, December 31, 2010

ဖာစီယာ

ညနေစောင်းမှာ

ငှက်တွေ အိမ်ပြန်ကြတယ်

အဲဒီအချိန်မှာ

လေလှိုင်းက ငါ့ကို ဖြတ်ပိုင်း ပြန်ပို့တယ်

ထွက်ခွာသွားတဲ့ ဘ၀ခြားတစ်နေရာမှာ

နေသာထိုင်သာ ရှိပါရဲ့လား ဖာစီယာ။

ဒီကမ္ဘာမြေပေါ်

ပိုက်ဆံဝါလားတွေ

ကမ်းခြေမှာ အပန်းဖြေရေလှိုင်းစီးနေချိန်

ဒီကမ္ဘာမြေပေါ်

ကန္တာရဆိုတော့

လေရိုင်းရှိမယ်

အစိုးမရတဲ့ သဲမုန်တိုင်း ရှိမယ်

ဟိုး ရှေးအစဉ်အဆက်

သဲကန္တာရကို အိမ်လုပ်နေသူတွေ ရှိမယ်

အခု အဲဒီ “ဘေဒိုအင်း”တွေရဲ့ အသွေးအသားတွေဟာ

သဲမုန်တိုင်းကြားမှာ ပန်းတစ်ပွင့်အဖြစ် မွေးဖွားခဲ့ပေါ့

ဖာစီယာ။

မင်းမွေးဖွားလာချိန်မှာ

ကောင်းကင် အဇဋာဟာ ပြာလဲ့နေခဲ့လိမ့်

လေရိုင်းတွေ အရှိန်တန့်

သဲမုန်တိုင်းတွေ ရပ်တန့်

မကြုံစဖူး

သဲတောင်ကုန်းများ အလွန်

အနောက်ဖက် ကောင်းကင်ယံမှာ

အထွန်းလင်းဆုံး ကြယ်နက္ခတ်တစ်စင်း

ကမ္ဘာမြေပေါ် ၀င်းပနေလိမ့်။

ငိုသံတွေထဲမှာ

လူ့လောက ၀င်ခါစ ကလေးတစ်ယောက်ရဲ့ ငိုသံလောက်

အဓိပ္ပာယ်ရှိတာ မရှိဘူး

လေရိုင်းတွေ

ဟူးဟူးရားရား တိုက်စမ်းပါ

မင်းမိဘတွေရဲ့ လက်ပေါ်မှာ

မင်းမျက်လုံးတွေဟာ

အဖိုးထိုက်တဲ့ တွင်းထွက်ရတနာတစ်ပါး

မင်းအသံက

ဘုရားသခင်ရဲ့ အနူးညံ့ဆုံး ကောင်းခြီးပေးသံ

မင်းခန္ဓာကိုယ် သေးသေးလေးက

လောကမှာ အလေးလံဆုံး မေတ္တာတရား

မင်းပါးပြင်ကို နမ်းတဲ့အခါ

သူတို့ဟာ

ကမ္ဘာသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့သလား။

ဒါပေမဲ့ ဖာစီယာ

ဒါပေမဲ့တွေ သိပ်များတဲ့ ကမ္ဘာမှာ

ဘုရားသခင်ဟာ

ကောင်းခြီးပေးသံတစ်ခုအဖြစ်

မင်းကို မွေးဖွားခြင်း မဟုတ်ခဲ့တာ သေချာတယ်

သစ်ပင်တွေ

စိမ်းလန်းပြီးရင် ညှိုးခြောက်

ကမ္ဘာဟာ ပွင့်လန်းပြီး ဆုတ်ယုတ်

အဲဒီ အရှုပ်ထုတ်ထဲမှာ

လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမဲ့

လက်ညှိုးညွှန်ရာ သေဖြစ်တယ်

တကယ်ဆို

နို့နံ့မစင်သေးတဲ့ ကလေးငယ်တစ်ယောက်ဟာ

ကစားကွင်းထဲမှာ

သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားလို့ ကောင်းနေတုန်း

စာသင်ခန်းထဲမှာ

ထိတွေ့သမျှ စုပ်ယူလို့ ကောင်းတုန်း

မျှော်လင့်ခြင်းဟာ

နင်းထားတဲ့ သဲမှုန်တွေလို

မရေမတွက်နိုင်အောင် များပြားတုန်း

မနက်ခင်းရဲ့ ပူနွေးတဲ့နေရောင်ခြည်အောက်

ကျောပိုးအိတ်ထဲ

ကမ္ဘာကြီးတစ်ခုလုံး ပစ်ထည့်ပြီး

ကျောင်းကားဆီ ပြေးလွှားနေတဲ့ ခြေထောက်တွေက

အိမ်တိုင်တွေလို သန်မာလို့

တိုးဝှေ့လာတဲ့ လေပြည်ဆီ

ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်ထည့်လိုက်တော့

မျက်စိတစ်ဆုံး မင်းအနာဂတ်က

ပွင့်ချင်တိုင်း ပွင့်မယ်။

မင်းစာကြည့်စားပွဲပေါ်က ပုံဆွဲစာအုပ်မှာ

တအားလှတဲ့ ပန်းတွေ

အပူအပင်မဲ့ ပျံသန်းနေတဲ့ ငှက်တွေ

ပတ်ဝန်းကျင်ကို အလှခြယ်ဖို့ ခဲတံချွန်နေချိန်

မင်းဟာ

သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းလိမ့်။

အိပ်ရာဝင်ချိန်

ပိကျလာတဲ့ မျက်ခွံပေါ်မှာ

အနာဂတ်ဟာ

ရွှေအဆင်းနဲ့ အိပ်မက်မှာ ကိုယ်ထင်ပြလိမ့်။

ဒါပေမဲ့ ဖာစီယာ

တကယ်တမ်းကျတော့

အဲဒီကျောပိုးအိတ်ထဲမှာ

မင်းကမ္ဘာက အနားတွေ ဖွာထွက်နေ

မင်းတည်မှီ်ရာ အခန်းလေးက

ပိန်းပိတ်မှောင်မည်းနေ

ဒီလို မင်းအနာဂတ်က

လူမမြင်ကွယ်ရာမှာ တတိတိ ပိုးကျနေ

ဘယ်လိုပဲ လေသလပ်ခံပေမဲ့

မခြောက်တဲ့ အဲဒီကမ္ဘာလေးဟာ နံစော်လို့

မျက်နျာပေါ်က အမွှေးအမျှင်တွေလို

ခေါင်းပေါ်မှာ ဆံပင်ဘုတ်သိုက်နဲ့ မင်းအဖေ သတ္တိခဲက

ကြွက်သားတွေ သန်မာပေမဲ့ အဝေးမှုန်သူ

သူ့ကိုယ်ပေါ်က အမွှေးအမျှင်တွေ ရှည်လျားသလောက်

သူ့အတွေ့အခေါ်က စပါးလုံးတစ်ထောက်လောက် မနက်သူ

အဲဒီလို လူတစ်ယောက်

မင်းအဖေ ဖြစ်ခဲ့တာ

ကမ္ဘာမြေရဲ့ ကျီစယ်မှုတစ်ခုလား။

မင်းရဲ့ အဖေက

မင်းရဲ့ ရယ်မောသံကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားခဲ့သူ

မင်း မျက်လုံးတွေရဲ့ အရောင်ကို

ဖမ်းယူဆုပ်ကိုင်ဖို့ မကြိုးစားခဲ့သူ

တတိယအရွယ်ရောက်တဲ့အခါ

သမီးဖြစ်သူရဲ့ လက်ကိုတွဲလို့

ဆည်းဆာချိန်မှာ လေညင်းခံရတဲ့အရသာကို

သိနိုင်မစွမ်းသူ

အဲဒီလူတစ်ယောက် မင်းအဖေ ဖြစ်ခဲ့တာ

ဘုရားသခင်ရဲ့ ဖန်ဆင်းမှုလား။

ဒါပေမဲ့ ဖာစီယာ

လက်တွေ့ဟာ

သွေးကြောကိုလွန်ပြီး

အရိုးထိအောင် စိုက်တဲ့ဓား

အချိန်တန်လို့

အခန်းတံခါးကို ဖွင့်တဲ့အခါ

အခန်းထဲမှာ မြွေတစ်ကောင်က ခွေလို့

ဖာစီယာ

အနားကို ဖြည်းဖြည်း တိုးစမ်းပါ

နားကို အံကြိတ်ရင်း ကြိုးစား ပိတ်လိုက်ပါ

နို့နံ့မစင်သူရဲ့ ဘေး

မွှေးပွ ၀က်ဝံရုပ်ကလေး ရှိရမယ့်အချိန်

တစ်ရေးနိုးချိန် သူမ စမ်းမိတာက

အေးစက်နေတဲ့ မြွေတစ်ကောင်တဲ့။

မေတ္တာတရားဆိုတာ

အခါတစ်ပါးမှာ ခါးတတ်သလား

မင်းအဖေရဲ့

ဆင်းရဲမွဲတေမှု ကုန်တိုက်ပေါ်မှာ

မင်းဟာ အနုပျိုဆုံး

ဈေးခေါ်လို့ကောင်းတဲ့ အရောင်းသွက် ပစ္စည်း

မင်းအဖေရဲ့

ချိနဲ့တဲ့ ဦးနှောက်စက်ရုံအတွက်

မင်းဟာ အကောင်းဆုံးနဲ့ တစ်ခုတည်းသော ထုတ်ကုန်

အဲဒီညက

အသက်ပြင်းပြင်းရှူရင်း

အသက်ဆယ့်တစ်နှစ်သမီးဟာ

အခန်းမီးကို ဘယ်လို ပိတ်ခဲ့သလဲ။

ကိုယ်ပေါ် ဖြတ်ကြိတ်သွားတဲ့

မီးရထားသံအောက်မှာ

မင်းဟာ ဘယ်အရာကို ဆွဲယူ ဆုပ်ကိုင်ခဲ့သလဲ

ခုတော့ မွေးခန်းထဲ

နှစ်ထပ်သင်္ဘောမြုပ်သလို

အလဟဿ

ပျက်ကျသွားတဲ့ သားအိမ်တစ်လုံးရယ်

ငါတို့ရဲ့ ဆွံ့အမျက်လုံးတွေရယ်

အဲဒီညနေထဲ

လွင့်လာတဲ့ လေလှိုင်းဟာ အညိုအမည်းစွဲလို့

ငါတို့ဟာ အပြိုပြိုအလဲလဲနဲ့ ကွဲပြဲလို့။

မိသားစုဆိုတာ

တစ်ယောက်နာရင် တစ်ယောက် လျှာနဲ့ သပ်လို့

တစ်ယောက်ဆာရင် တစ်ယောက် ဖဲ့လို့

တစ်ယောက်လဲရင် တစ်ယောက် ထူရင်း

တစ်ယောက်လောင်ရင် တစ်ယောက် ငြှိမ်းရင်း

ခုတော့ ငါတို့ဟာ

ဆင်းရဲတွင်းကို လုံးလုံး ပုံချလိုက်မယ်။

အဲဒီတောင်ကြောဟာ မတ်စောက်တဲ့ တောင်ကြော

အဲဒီဒဏ်ရာက ကမ္ဘာပတ်တဲ့အနာ

အဲဒီခရီးဟာလည်း

သမိုင်းဦးအစ အသက်ရှည်ကြာခဲ့လေတော့

ငါတို့ဟာ လုံးလုံး ပုံချလိုက်ကြမယ်။

ဖာစီယာ

ငါတို့ဟာ သိပ်တိုးတက် ယဉ်ကျေး

ငါတို့ဟာ ကြောက်ခမန်းလိလိ အောင်မြင်

ငါတို့ဟာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာ

ငါတို့ဟာ ဒီလိုနဲ့ မင်းကို ထားစရာ ရှာမရ ဖြစ်ခဲ့ပေါ့။

ငါတို့ကမ္ဘာက

ကလေးတစ်ယောက်ကို

သူဆွဲနေတဲ့ ပုံတွေ

ပြီးမြောက်အောင် ဆေးရောင်ခြယ်ခွင့် မရှိတဲ့ ကမ္ဘာ

ငါတို့ကမ္ဘာက

ကိုယ့်အိတ်ကိုယ်ဖိရင်း

မျက်လုံးမှေးစင်းနေတတ်တဲ့ ကမ္ဘာ

ငါတို့ကမ္ဘာက

ကိုယ့်အနာ ကိုယ်ဖိရင်း

ဘယ်ကိုမှ မကြည့်နိုင်တဲ့ ကမ္ဘာ

အဲဒီကမ္ဘာမှာ

သမိုင်းဝင် အောင်မြင်မှုအဖြစ်

ငါတို့ မင်းကို အခု အလံစိုက်မယ်

ဖာစီယာ။

သံသရာအဆက်ဆက်

နောက်တစ်ခါ လူပြန်ဖြစ်ရင်

ဒီကမ္ဘာကို မလာနဲ့

မင်းဟာ လူသားအဖြစ် အပြစ်ရှိလို့

နောက်တစ်ခါ ဒီကမ္ဘာကို မလာနဲ့

လွတ်ရာ ကျွတ်ရာ

တခြားကမ္ဘာတစ်ခုမှာ

အဆုံးမသတ်ရသေးတဲ့ ပုံတွေကို

ဆက်ပြီး ဆေးရောင်ခြယ်ပါ

ကစားကွင်းထဲက စိမ်းလန်းမြက်ခင်းတွေပေါ်

ရယ်မောပြေးလွှားပါ

ညရောက်တဲ့အခါ

ကြယ်တွေကို လွယ်လို့

လရောင်ကို သီချင်းလုပ်ဆိုရင်း

လေညင်းကို နားစွင့်နိုင်စေကြောင်း

တိမ်တွေပြိုဆင်းနေတဲ့

ရာစုသစ်အ၀င် ညနေစောင်းမှာ

မင်းကိုငါ ခေါင်းလောင်းထိုးလိုက်တယ်

ဖာစီယာ

အလ္လာကောင်းခြီးပေးပါစေ။

[ဖာစီယာ - အသက် ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူ၏ ရောင်းစားမှုဖြင့် မိမိထက် အသက် ၂၄ နှစ်ကြီးသူနှင့် လက်ထပ်ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရသည့် ယီမင်နိုင်ငံသူ။]



အေးမင်းစော

[ဒီ ဖာစီယာ ကဗျာက ဒီနှစ် ထန်းရိပ်ညိုကဗျာဆု ရပါတယ်။ ပိတောက်ပွင့်သစ် (ဂျာနယ်ကျော်မမလေး)မှာ ပါခဲ့တာပါ။ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ ရုပ်ပုံလွှာအကျဉ်းကိုလည်း ထပ်တင်ပေးပါမယ်။]

http://www.facebook.com/home.php#!/notes/action-group-of-myanmar-poets/10/156930404355347

နောက်ဆက်တွဲ သတင်းများ အရ အဲဒီ ကဗျာဆရာဟာ အာရုံကြောရောဂါနဲ့ အိပ်ရာပေါ်မှာပဲ နေနေရာတာ ဆယ်စုချီပြီး ရှိနေခဲ့တာတဲ့

Wednesday, December 29, 2010

သူတောင်းစားတစ်ယောက်ရဲ့မှတ်စု ။

ကျွန်တော်ငယ်ငယ်က သူတောင်းစားလေးပါ
ကြီးလာတော့ သူတောင်းစားကြီးဖြစ်လာ
ကျွန်တော် မရောက်ဖူးတဲ့ လမ်းတစ်ကာလည်းမရှိ
ကျွန်တော့ကို မဟောင်ဘူးတဲ့ ခွေးလည်း တစ်ကောင်မှမရှိ
ဘဝမှာ အမှတ်ရစရာ အကောင်းဆုံးဆိုတာကတော့
အလှုအိမ်က ဝက်သားတုံးတွေပေါ့
တစ်ဖက်တည်းရှိတဲ့ ကျွန်တော့ မျက်လုံးဟာ
ပေးကမ်းစွန့်ကြဲမယ့်သူကို အဝေးကပင် ရှာဖွေနိုင်တာ
ဒါတွင်မက
လမ်းဘေးက ဆေးလိပ်တိုကိုလည်း ပုံဖမ်းယူနိုင်သေးသပ
ဓါတ်စက်သီချင်းသံ ကြားခဲ့ရင် တစ်နေရာရာ
ဒရွတ်ဆွဲခြေလှမ်းများနဲ့ အရောက်ချီတက်တာ
သူတို့ မောင်းထုတ်တဲ့အခါ ပြောရမယ့်စကား
ကျွန်တော်နားလည် တတ်ကျွမ်းပြီးသား
သူတောင်းစားတို့ ရှိအပ်သော ဂုဏ်အင်္ဂါ
ယင်တဝဲဝဲ အနာတွေလည်း ကျွန်တော့မှာ ပြည့်စုံစွာ
ဆုတောင်းပတ္တနာတွေလည်း ဧကန်ဧက
အမျိုးပေါင်း ၄၀ ကျော် ရွတ်ဆိုပြနိုင်သေးသပ
ချဉ်သိုးသိုး ထမင်းမျိုးကိုလည်း နယ်ဖတ်ကာ
ဆာလောင်မြိန်ယှက်စွာ စားကောင်းစားပစ်တတ်တာ
ကျွန်တော့ အစာအိမ်ဟာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသား
ဘယ်တော့မှသူ့လုပ်ဆောင်ချက်တွေ မယွင်းမှား
ငှက်ပျောနဲ့ဖရဲဟာ
လိုအပ်ရင် အခွံရော စားသုံးနိုင်တာ
အရသာ ဆိုတာ လျှာပေါ်မှာ ဖြစ်တဲ့ ကိစ္စ
ဘာမျှ မထူးဆန်းဘူးပ
သူတောင်းစားတစ်ယောက်ရဲ့ ဂုဏ်သတ္တိဟာ
ဆင်းရဲမွဲတေခြင်းပါ
ကမ္ဘာမြေက ထုတ်လုပ်လိုက်တဲ့ ဆင်းရဲမွဲတေမှုမှန်သမျှ
နေ့စဉ်ကျနော်လက်ခံယူနေကြ
ဆင်းရဲ မွဲတေမှုတွေနဲ့ ရိုးအီနေတဲ့ ကျွန်တော့်ကမ္ဘာ
လူကြီးမင်းတို့ရဲ့ ကရုဏာဒြပ်တွေ ရှင်သန်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရာ
ဒါကြောင့် ကျွန်တော်ဟာ ဟမ်ဘာဂါတစ်ဖဲ့ စားသေက်ခဲ့ဖူး
စီးကရက်လည်း ဖွာရှိုက်ခဲ့ဘူး
ဖူးဆန်းတဲ့ ဟောဒီ ကမ္ဘာမြေ
တစ်ခါတစ်ရံ ကံကြမ္မာက မျက်စပစ်ပြတတ်ပေ
ကျွန်တော့်အနာတွေပေါ် ယင်ကောင်တွေဝဲနေသမျှ
ပေးကမ်းစာ တွေ စားသောက်နေရဦးမှာ မုချ
ကျွန်တော် ၁၅ နှစ်သားမှာ
ရေတစ်ကြိမ်ချိုးဖူးတာ
အသက်၂၀ ကျော်အရွယ်မှာတော့
လက်သည်းတွေ ညှပ်ခဲ့ဖူးသေးသပေါ့
ဟောဒီဘဝမှာ ကျွန်တော်ပိုင်ဆိုင်ခဲ့တာတွေက
ကြမ်းပိုး ၁၆ ကောင်နဲ့ လွယ်အိတ်တစ်လုံးမျှ
ဒါပေမဲ့ကွာ . . .
ကျွန်တော်တစ်ခုတော့ တွေးမိရင်းမျက်ရည်စို့
လူတစ်ယောက် သူဝမ်းနည်းကြေကွဲတဲ့အခါ မျက်နှာအပ်ပြီး ငိုချလိုက်ဖို့
ရင်ခွင်တစ်ခု တကယ်လိုအပ်တယ်လို့
ဟိုတုန်းတစ်ခါကတော့ ကျွန်တော့ဘေးမှာ
(ယုံကြပါ့မလား) အဖော်မွန်တစ်ယောက်ရှိခဲ့ဖူးလေရဲ့ဗျာ
သချို င်္င်းမြေမှာ ကျီးတွေ တအားအား ပြိုသွား
ခုတော့ ဒါဟာ အိပ်မက်တစ်ခုပမာ မှုန်ဝါး
ပေါင်မုန့်မီးကင် ၊ ကြက်ဥဟတ်ဖရိုက် ၊ ဒိန်ခဲနဲ့ စည်သွပ်ဘူးတွေ ရှိရှာ
မြို့ထဲကို
ကျွန်တော် နေ့စဉ်ရောက်ခဲ့ပေါ့ သူ့အလိုလို
အကိုကြီးတို့ အမကြီးတို့ ခင်ဗျား
ထမင်းကျန်ဟင်းကျန်း လေးများရှိရင် စွန့်ကြဲပါသနား ။

(ကဗျာရေးလို့ မကြီးပွားဘူးဆိုတဲ့ ချစ်ဇနီးသို့)


နေမျိုး

Monday, December 27, 2010

အိမ်ပြန်မလာတော့ဘူး...။

တကယ်တော့ပြန်လာချင်တာပေါ့

မိဘရဲ့ အရိပ်ကအအေးမြဆုံးပဲဆိုတာ

အထူးတလည်ပြောနေစရာမလိုပဲ

လူတိုင်းသိပြီးသားပဲကို

ဒါပေမဲ့...

ပါတ်ဝန်းကျင်က မအေးမြဘူး

ခေါင်းရင်း ကုလားအိမ်က

မနက်ဆိုတာနဲ့ ကုလားဘုရားစာတွေအကျယ်ကြီးရွတ်

ခြေရင်းက တရုတ်အိမ်ကလည်း ညော်နံ့တွေလုပ်

အပေါ်ထပ်က မျောက်နဲ့စပ်ကျထားသလားမှတ်ရတဲ့

ကလေးတွေကလည်း တဒုန်းဒုန်း တဒိုင်းဒိုင်းပြေး

ကျွန်တော်မှာ ကောင်းကောင်း မအိပ်ရ

နားတွေငြီး အသက်ရှုတွေကျပ်၊

စာတွေမရေးနိုင်..

မိုးလင်းက မိုးချုပ်

ဝဋ်ခံနေရသလို

အမေချက်ကျွေးတဲ့ ဟင်းနွေးနွေးလေးကို

စားချင်တာပေါ့..

ဒါပေမဲ့...

အဲဒီဝဋ်ကျွေးကိုမခံချင်တော့ဘူး

ဒါကြောင့် သားဒီဘက်အိမ်ကနေစာရေးလိုက်ပါတယ်

အမေတို့ လမ်းကျဉ်းကျဉ်းလေးကို ပြန်မလာတော့ဘူး။ ။



P.S ... စာပေစိစစ်ရေးမှ လူကြီးမင်းများခင်ဗျာ...

ဒီကဗျာဟာ တိုင်းတစ်ပါးရောက်မြန်မာနိုင်ငံသားတစ်ယောက်က

မိခင်နိုင်ငံကို ပြန်မလာနိုင်သေးတဲ့အကြောင်း

သွယ်ဝိုက်ရေးထားတာမဟုတ်ရပါ

ထို့အတူ အမေဆိုတာကလည်း

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတယ်လို့လည်း

တောင်တောင်မြောက်မြောက် ဦးနှောက်မစူးရောက်ပါနဲ့ဦး

ဒီကဗျာဟာ ကျွန်တော်ရဲ့ တကယ့်အဖြစ်အပျက်ပါ

မယုံရင် ကျွန်တော့်အမေ့အိမ်ကိုသွားရောက်လေ့လာနိုင်ပါတယ်

ထိုကဲ့သို့ လေ့လာပြီးပါကလည်း တဆက်တည်း

ထိုကုလားအိမ်ရယ် တရုတ်အိမ်ရယ် အပေါ်ထပ်က ကလေးလေးတွေရယ်တို့ကို

တဆက်တည်း လိုအပ်သလို စစ်ဆေးအရေးယူပေးပါဦး

တကယ့်ကို မခံနိုင်တော့လို့ အိမ်ပြောင်းသွားရတာပါ...။



ကျေးဇူးတင်လျှက်

မြေမှုန်လွင်

Thursday, December 16, 2010

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ

Flarf နှင့် Conceptual ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်းလုပ်ငန်းခွင်နှင့် အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းပေါ်ပေါက်လာမှုနှင့်အတူ

ကဗျာဆရာများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများဥပဒေဆိုင်ရာ အကြံပေးများလိုအပ်လာကြောင်း၊ ဖြစ်ပေါ်လာမည့် အနုပညာဆိုင်ရာ အခင်းအကျင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဗျာထုတ်ကုန်လုပ်ငန်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဖက်စပ်ကုမ္ပဏီတို့ကလည်း ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။ ဆက်စပ်၍ ကဗျာလမ်းဖောက်လုပ်ခြင်းများနှင့်အတူ ကဗျာဓာတ်အားပေးစက်ရုံ နှင့် ကဗျာအလုပ်ရုံများလည်း တည်ဆောက်သွားမည်ဖြစ်ပြီး Special Complexotic Poetry Zone တည်ထောင်လိုက်ရင် နိုင်ငံတကာက ကဗျာလုပ်ငန်းတွေရောက်လာမယ်။ လုပ်ငန်းတည်ထောင်ပြီးရင် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေလည်း ရောက်လာမယ်။ ကျွမ်းကျင်ကဗျာလုပ်သားတွေလည်း လိုအပ်လာမယ်။ ကျွမ်းကျင်အဆင့်ဖြစ်အောင် Training ပေးကြမယ်။ နောက်ဆုံး အထွေထွေလုပ်စားတွေအတွက်ပါ အလုပ်အကိုင်တွေ ရလာနိုင်တယ်။ ကြေညာစာတမ်းပါ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ သဘောထားဆိုင်ရာ ကတိက၀တ်များနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သောအနုပညာအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေး၊ ကဗျာသူ/ကဗျာသားအားလုံး၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေးနှင့် အနုပညာလိုအပ်ချက်များ ပြည့်စုံရေး၊ ကဗျာအခွင့်အရေးနှင့် ဒီမိုကဗျာစီကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ အဟောင်းတွေကိုပဲ လှည့်သုံးနေရင်တော့ ပြောင်းလဲတိုးတက်လာတဲ့ တံခါးဖွင့်အနုပညာမူဝါဒနဲ့ ကဗျာဘယ်လိုက်ဇေးရှင်းခေတ်မှာ အရမ်းပြတ်ကျန်ခဲ့တာမျိုးဖြစ်နေမယ်။ ပြောရရင်ခေတ်ဟောင်းကဗျာဗေဒက အံမ၀င်တော့တဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်တာတွေ လုပ်ရမယ်။ ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်ရဲ့ အခြေအနေ အရှိန်အဟုန်နဲ့အညီ နိုင်ငံတကာသို့ ဆက်သွယ်ပျံသန်းနိုင်ရန် အခွင့်အလမ်းများလည်း များလာပြီဖြစ်သည်။ သူတို့ကဗျာဗေဒက ကိုယ့်မှာရှိနေတဲ့ ကဗျာဗေဒထက်ကို မြင့်နေသေးတယ်ဆိုရင်တော့ တစ်ဦးတည်းက ချည်းလုပ်လို့မရပါဘူး။ အချင်းချင်း enforcement အပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်မယ်။ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ၊ ကဗျာအလုပ်လုပ်နိုင်ဖို့ ကိုယ့်ကဗျာဗေဒက အားကိုးလောက်တဲ့ကဗျာဗေဒဖြစ်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ခပ်ပြင်းပြင်း လေးကိုင်ထားတာ၊ ထိလိုက်လျှင် တုံးကနဲပဲ။ ကျွန်တော့ ဟာတွေကတော့ လန်းတယ်၊ အရှင်းပဲ။ ဒီကဗျာပစ္စည်းတွေက ဓာတုဓာတ်ကြွင်းတွေ၊ ကျမ်းမာရေးဆိုင်ရာစစ်ဆေးချက်တွေ သတ်မှတ်ထားသင့်သလား။ ရိတ်သိမ်းချိန်လွန်ဈေးကွက်မျိုးတွေကို ကဗျာပစ္စည်း တင်ပို့မယ်ဆိုရင်တော့ တော်တော်လေး sensitive ဖြစ်တယ်။ ကန့်သတ်ချက်တွေ ရှိတယ်။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဒီဇင်ဘာ ၁၅ရက်

Friday, December 10, 2010

အလွမ်း

ဓာတ်ဘူးအဖုံးကိုဖွင့်လိုက်သည်။ အပူငွေ့ဟာလှိုက်ခနဲတက်လာသည်။ အခါအားလျှော်စွာ သူမကိုသတိရမိသည်။ ရယ်သံများသည် ခလုတ်နှိပ်လိုက်သဖြင့် ထွက်လာရသကဲ့သို့ ခြောက်ကပ်ကပ်နိုင်နေသည်။ မေးခွန်းသည် ဖြေရှင်းချက် ကောင်းကောင်းကို ငတ်မွတ်နေခဲ့သည်။ ဝဲကျလာသောဆံနွယ်များကြားတွင် စံပယ်ပွင့်တို့ရှိမနေတော့ပါ။ သို့ရာတွင် ရနံ့ကတော့ ရမြဲတိုင်းရနေသည်။ ရင်ထဲမှအပူငွေ့သည် သူမကိုသတိရမိသည့်အခါ လှိုက်ခနဲတက်လာတတ်သည်။ နေမင်း၏ စူးရှသောအလင်းရောင်ကို မည်သည့်အရာကမျှ ကွယ်ကာမပေးနိုင်တော့ပါ။ ချုပ်တည်းနိုင်ခြင်းကင်းမဲ့စွာဖြင့် နာရီလက်တံတို့ရွေ့နေပေလိမ့်မည်။

သူမပျော်ရွှင်နေသည်လား။ မေးခွန်းဟာ လမ်းတစ်ဝက်မှာပဲ ခါးပိုက်နှိုက်ခံလိုက်ရသည်။ ရယ်ရွှင်မြူးတူးသံတို့အား တပ်အပ်သေချာမြင်တွေ့ခဲ့ရသည်။ ကောင်းကင်၏အနားသတ်မျဉ်းအထိ ပျံသန်းသွားနိုင်သည့် ငှက်တစ်ကောင်ဖြစ်ချင် ခဲ့သည်။ လောကကြီးစတင်ဖြစ်ထွန်းချိန်ကတည်းက တရားမျှတမှုသည်အလည်ရောက်မလာတော့ချေ။ စံပယ်ရုံလေးနေရာတွင် ပိန္နဲပင်တစ်ပင်ပြောင်းစိုက်လိုက်သည်။ ပိန္နဲသီးသည်စား၍ရကြောင်း ကိုယ်တိုင်ကိုယ်ကျ စောဒက မတက်မိ၍ ပိန္နဲပင်အားနှုတ်ပစ်လိုက်သည်။ ပသို့ဆိုစေ ဓာတ်ဘူးအဖုံးကိုဖွင့်မိသည်နှင့် အပူငွေ့သည် လှိုက်ခနဲတက်လာပေလိမ့်ဦးမည်။

တစ်ခါတရံတွင် သိုသိပ်စွာဝှက်ထားသော ရုပ်ကလာပ်များသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် နှစ်ပေါင်းများစွာတိုင် တည်ရှိနေတတ်သည်။ သူမကိုသတိစိတ်တို့ဖြစ်နေခဲ့သော်လည်း သူမသည် မည်သူမည်ဝါဖြစ်ကြောင်းကိုကား သဲသဲကွဲကွဲ မမှတ်မိတော့ပါ။ ဘုံဆိုင်ကျဉ်းကျဉ်းလေးသည် လေဝင်လေထွက်မကောင်းသလို ငေးကြည့်ချင်စရာ ဆည်းဆာအလှလည်း မရှိခဲ့ပါ။ ယခုလိုနေရာမျိုးတွင် သူမနှင့် အတူမထိုင်ခဲ့ဖူးပါ။ ဘယ်နေရာတွင်မှ မထိုင်ဖူးခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ စံပယ်တစ်ပွင့်တလေမျှ ကောက်ရခဲ့ဖူးခြင်းမရှိသောကြောင့်ဖြစ်သည်။

ဘာကြောင့်လဲဆိုသည့် အမေးစကားကို မဖြေနိုင်ခဲ့သော်လည်း လူတစ်ယောက်ဖြစ်ခဲ့သည်။ ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့သည်။ တော်လောက်ပါပြီ။ ရပ်တန့်ဖို့အတွက် လုံလောက်သောအကြောင်းပြချက်ရှိပြီဟုထင်သည်။ မနက်ဖြန်မနက်နေထွက်မည်လား။ သေချာအောင် ဓာတ်ဘူးအဖုံးကိုဖွင့်ကြည့်ရပါဦးမည်။ အကယ်၍ ပျောက်ဆုံးနေခဲ့သော လမင်းသာ ဓာတ်ဘူးအတွင်းရောက်ရှိနေခဲ့ပါလျှင် …



ကြက်သွန်

01-12-2010