Sunday, October 31, 2010

ဘလိတ်ဓား ဟာ အမွှေးရိတ်ဖို့ သက်သက်ပဲ အသုံးဝင်တာ မဟုတ်ဘူး

လက်ကောက်ဝတ် ပေါ် ထောက်ထားတဲ့ ဘလိတ်ဓား ၊၊ မေလ (၄) ရက်နေ့ ဟာ ညနေတစ်ခုပဲ ၊၊ ညနေတစ်ခု ဟာ တယ်လီဖုန်း နံပါတ်တစ်ခု ၊၊ တယ်လီဖုန်းနံပါတ်တစ်ခု ဟာ ဇူလိုင် (၂၄) ရက်နေ့တစ်ခုလား၊၊ ဇူလိုင် (၂၄)ရက်နေ့ ဟာ မေလ (၄)ရက်နေ့ ကိုင်ထားတဲ့ တယ်လီဖုန်းလေးကို ညနေတစ်ခု မှာ နောက်ဆုံး မြင်တွေ့လိုက်ရတယ် ၊၊ နောက်ဆုံး ဟာ ဘာမှမဟုတ်ဘူး ၊၊ နင့်ရယ်သံ ဖွဖွလေးတွေက နင့်လည်ပင်းပေါ်က သွေးကြောစိမ်းစိမ်းတွေဆီကနေ နားထောင်ရင် ပိုကြားရတယ် ဟာ! နင် ရယ် နေ လား ၊၊ ဟင် ဟယ်လို! ၊၊ ဗျာ . . အဲ့ဒါ ကျွန်တော် မဟုတ်ဘူး ကျွန်တော်မဟုတ်ဘူး ၊၊ ပြောတဲ့ကောင်ဖုန်းချသွားပြီ ၊၊ ဒီမှာတော့ ငါရော ငါ့အသံရော တိတ်ဆိတ်နေတာပဲ ကြောက်တောင်ကြောက်ရတယ် ၊၊ တစ်ယောက်ယောက် ချောင်းဆိုးလိုက်သလား ၊၊ ကြောက်ရတယ် ၊၊ တစ်ယောက်ယောက် လေလည်လိုက်သလား ကြောက်ရတယ် ၊၊ ဒါမှ မဟုတ် ချောင်းဆိုး တဲ့ တစ်ယောက်နဲ့ လေလည်တဲ့တစ်ယောက် လိင်ဆက်ဆံနေသလား ၊၊ ဒါကို သိပ္ပံပညာရှင်တွေပဲ သိမှာပဲ ၊၊ ဒါကို စနိုက်ပါ သမားတွေပဲ သိမှာပဲ ၊၊ ဒါကို အမှိုက်ပစ်တဲ့သူတွေပဲ သိမှာပဲ ၊၊ ဒါကို အသေခံဗုံးခွဲသမားတွေပဲ သိမှာပဲ ၊၊ ဒါကို ဟိုမို တွေပဲ သိမှာပဲ ၊၊ ဒါကို နင်နဲ့နင့်အကောင်ပဲ သိမှာပဲ ၊၊ နင့်ရယ်သံတွေ ကြားရင် နင့်လည်ပင်းကို လှီးဖြတ်ချင် လာတဲ့စိတ် နဲ့ … ဘလိတ်ဓားဟာ အပြစ်တစ်ခုခု ကျူးလွန်ဖို့ ဆုံးဖြတ်ချက် ရ လိုက်သလို ၊၊ … … …၊၊ ငါ ကြောက်လိုက်တာ ၊၊ သွား ! အဲ့ဒီ ဘလိတ်ဓားကို လွှင့်ပစ်လိုက်စမ်း ၊၊ ပြီးတော့ . . ဟေ့လူ ကျုပ်ကိုတစ်ခု ကူညီ၊၊ ကျုပ်ဆီမှာ လာညစ်ညမ်းနေတဲ့ စိတ်တွေကို (အားလုံးရွေးချယ်) ပြီး (ဖျက်) ပစ်ပေးစမ်းပါ ၊၊ တော်စမ်း ညစ်ညမ်းတဲ့ စိတ်ဟာ မင်းတစ်ယောက်ထဲကိုမှ ရွေးချယ်ညစ်ညမ်းတယ်ဆိုတော့ .. ၊၊ ဟာ! ဟေ့ ! ၊၊ လူလို့ ထင်လိုက်တဲ့ အင်္ကျီအနက်ရောင်လေး ကြိုးတန်းပေါ်က ပြုတ်ကျသွား ၊၊ ကြိုးတန်းပေါ်က ဇူလိုင် (၂၄) ဆီ ပြုတ်ကျသွား ၊၊ ဇူလိုင်(၂၄)ပေါ်က မေလ(၄)ဆီ ပြုတ်ကျသွား ၊၊ ငါတို့ တစ်ယောက်ပေါ် တစ်ယောက် ပြုတ်ကျ ခဲ့တယ်နော် ၊၊ ဟင်! ဟယ်လို! ၊၊ ဟာဗျာ ဒါလဲ ကျွန်တော် မဟုတ်ဘူး ၊၊ ပြောတဲ့ကောင် ဖုန်းချသွားပြီ ၊၊ ဒီကိစ္စကို ဂရေဟမ်ဘဲလ် ရော သိမှာပဲလား ၊၊ ဟင့်အင်း ဒါတော့ မကျိန်းသေဘူး သူ့ဖုန်းကို ဆက်လိုက်တိုင်း မက်ဆေ့ခ်ျ မှာထားခဲ့ပါ ပဲ ကြားရတယ် မှာထားခဲ့လိုက်လေ သူအသက်ပြန်ရှင်လာရင် ခင်ဗျား မက်ဆေ့ခ်ျကို ဖွင့်နားထောင် မှာပေါ့ ၊၊ မ ရ တော့ ပါ ဘူး ဗျာ ၊၊ တယ်လီဖုန်းလေး ဟာ သေသွားရှာပါပြီ ၊၊ ညနေတစ်ခုမှာ နောက်ဆုံး မြင်လိုက်ပြီး နောက်ပိုင်းပေါ့ ၊၊ အဲ့ဒါ နောက်ဆုံးလား ၊၊ နောက်ဆုံးဟာ ဘာမှမဟုတ်ဘူး ၊၊ ဇာတိ ဟာ ဘာမှမဟုတ်ဘူး ၊၊ ဇူလိုင်(၂၄) ဟာ ဘာမှမဟုတ်ဘူး၊၊ လွင်မာဦးဟာ ဘာမှမဟုတ်ဘူး ၊၊ မေ(၄) ဟာ ဘာမှမဟုတ်ဘူး ၊၊ ငါရောငါ့အသံရော တိတ်ဆိတ်နေတာပဲ ဟာ ဘာမှမဟုတ်ဘူး ၊၊ ရယ်သံဖွဖွလေးတွေဟာ ဘာမှမဟုတ်ဘူး ၊၊ တစ်ယောက်ယောက် ချောင်းဆိုးလိုက်တာဟာ ဘာမှမဟုတ်ဘူး ၊၊ တစ်ယောက်ယောက် လေလည်လိုက်တာဟာ ဘာမှမဟုတ်ဘူး ၊၊ ဒါမှမဟုတ် လိင်ဆက်ဆံနေကြတာဟာ ဘာမှမဟုတ်ဘူး ၊၊ ဟယ်လို! ဟင်! ဟယ်လို! ၊၊ လာပြန်ပြီလား အဲ့ဒါ ကျွန်တော် မဟုတ်ဘူး ပြော တဲ့ . . . . ကော. . . . င် ၊၊ အဲ့ဒါ သိပ္ပံပညာရှင်တွေပဲ ၊၊ အဲ့ဒါ စနိုက်ပါ သမားတွေပဲ ၊၊ အဲ့ဒါ အမှိုက်ပစ်တဲ့ သူတွေပဲ ၊၊ အဲ့ဒါ အသေခံဗုံးခွဲသမားတွေပဲ ၊၊ အဲ့ဒါ နင်နဲ့ နင့်အကောင်ပဲ ၊၊ သွား! လွှင့်ပစ်လိုက်တဲ့ ဘလိတ်ဓားကို ပြန်ကောက်စမ်း ! ၊၊ ခုနက လက်ကောက်ဝတ်ပေါ် ထောက် ထား တဲ့ ဘလိတ်ဓား ၊၊ ၊၊

>ဇာတိ<

Wednesday, October 20, 2010

-အမည်ကောင်မပေါ်-

ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊ [ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အင်္ကျီအပွ အင်္ကျီအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊

ဇာတိ

Sunday, October 3, 2010

သရုပ်မှန် အက်ဆေး




သရုပ်မှန် အက်ဆေး

 

(I)

တစ်ယောက်တည်း ဝင်ကြည့်ဖြစ်တဲ့ရုပ်ရှင်

သူ့ဘာသာပြီးသွားတော့မှ ထထွက်လာခဲ့တယ် ၊၊ ၊၊

 

(II)

            နောက်ဆုံးတော့လေ ၊၊ အားကိုးဆုပ်ကိုင်စရာမဲ့နေတဲ့ ငွေကြေးချမ်းသာသော အဘွားအိုကြီးရဲ့ ရင်ခွင်မှာ မှေးစက် ဖို့ ကျွန်တော့်စိတ်တွေ အလိုမတူပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ဟာ အိမ်ထောင်ပြုခြင်းထဲကိုတွန်းအချခံလိုက်ရတယ်၊၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အချစ်ဦး ရယ်၊၊ အချစ်ဦး သီချင်းဟာ ကြေကွဲစွာ ကွဲကြေပြီးအငွေ့ပျံသွားပြီ ၊၊ ကျွန်တော့်ရဲ့ ဘာမှ မတတ်နိုင်ခြင်းတွေဟာ ဘာမှ မတတ်နိုင်တော့ပါပြီ ၊၊ မုန်းတီးခြင်းနဲ့သာ ခွင့်လွှတ်ပေးပါတော့ … ၊၊ အချစ် ရယ် … ၊၊ ၊၊

 

(III)

            အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ညည့်ငှက်တစ်ကောင် ဖြစ်ခဲ့တာလေ ၊၊ ကျွန်တော်ရည်မှန်းထားတဲ့ ကဗျာဆရာ ဖြစ်ခွင့် ဟာ အရမ်းကို ဘဝဆန်ခဲ့ပါတယ်၊၊ ငယ်စဉ်ဘဝထဲက မတ်စောက်ခဲ့တဲ့ လှေကားတွေ ခုချိန်ထိလဲ မတ်စောက်နေဆဲပါ၊၊ ကျွန်တော့်လက်ရှိဘဝဟာ ကျွန်တော့်ဘဝမှာ ကျွန်တော်မလိုချင်ဆုံးဘဝပါပဲ ၊၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိင်မှုရေးရာ ကို အဲ့ဒီ မိန်းမတွေဟာ ခူးဆွတ်ကြတယ် ၊၊ ကျွန်တော့်တစ်ကိုယ်တော် ရပ်တည်မှု အခက်အခဲကို အဲ့ဒီမိန်းမတွေဟာ ငွေကြေးနဲ့ လဲလှယ်ပြီး ကျွန်တော့်ဆီမှာလိင်မှုခရီးထွက်ကြတယ် ၊၊ ကိုယ့်ကိုကိုယ် အရည်ပျော်ပစ်ပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ် ပစ်လိုက်ချင်တယ် မေမေရယ် ၊၊ ကျွန်တော် ညဥ့်ငှက်တစ်ကောင်မဖြစ်ချင်တော့ဘူး၊၊ ညဥ့်ငှက်တစ်ကောင် ကျွန်တော် မဖြစ်ချင်တော့ဘူး ၊၊ ကျွန်တော်စာရွက်တွေပေါ်မှာ ကဗျာတွေရေးပြီး ကောင်းကင်ပေါ် ဝေ့ဝဲပစ်တင်ပစ်လေ့ရှိတယ် ၊၊ တမလွန်က မေမေ ဖတ်ဖို့ပါ၊၊ ဗီးနပ်စ် ကို ဂြိုလ်တစ်ခုလို့ မသုံးပဲ နတ်သမီးလို့ပဲ သုံးရအောင် ၊၊

            ဒီစာရွက်ထဲက ကဗျာတွေ က မင်းရေးတာတွေလား ၊၊

            ဘာလို့ လွှင့်ပစ်တာလဲ ၊၊

မမဟာ ကျွန်တော့်ဆီကို သန့်သန့်ရှင်းရှင်း ရောက်လာခဲ့တယ် ၊၊ သန့်သန့်ရှင်းရှင်းဆိုတာ ဘာမှ ပေကျံနေခြင်းမရှိဘူးလို့ ဆိုလိုတာပါ ၊၊ အလိုဆန္ဒ၊လောဘ၊ရာဂ ၊၊

            တို့ အရမ်းသဘောကျတယ် ၊၊ လွှင့်ပစ်တာကိုတော့နားမလည်ဘူး ၊၊

            ရှင်းပြခိုင်းတယ်ဆိုတဲ့သဘောလဲမဟုတ်ဘူး။

            ဘာအဓိပ္ပါယ်လဲဆိုပြီးရန်လိုတဲ့သဘောလဲမဟုတ်ဘူး။

            လူကိုယ်တိုင်လိုက်ပို့ခိုင်းတာမဟုတ်ဘဲ လမ်းညွှန်ပေးခိုင်းတဲ့သဘော။

            အဲဒီလိုမေးလို့ရမလား။

            တမလွန်က မေမေ့အတွက်ပါ မမရယ်။

တကယ့်ကိုသန့်သန့်ရှင်းရှင်းတွေ့ဆုံခဲ့တာပါ။ မမဟာ ကံကောင်းတဲ့ ပန်းပင်လေးပဲ။ ကျွန်တော်ဘယ်လိုကြည့်ရှုစောင့် ရှောက်မလဲ။ ငေးရုံလေးသာ ငေးဖို့တောင်တတ်နိုင်ပါ့မလား။ ကျွန်တော်ဘယ်လိုဘဝမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာ မမသိသွားရင် ကျွန်တော့်ကိုရွံသွားမှာပါ။ မမနဲ့ တွေ့ဆုံရခြင်းဟာ ပျော်ရွှင်မှုတွေ ရောထွေးပါဝင်လာတဲ့ ကြောက်ရွံ့မှု တစ်ခုပဲ။

            မင်းကဗျာတွေကိုပုံနှိပ်ဖော်ပြခံရရင်ပျော်မိမလားလို့ တွေးဖူးသလား။

            တွေးဖူးတယ်။ စိတ်ကူးအကြီးကြီးယဉ်ကြည့်ဖူးတယ်။

ကဗျာဆရာနဲ့ညဥ့်ငှက်တစ်ကောင်။ ဘယ်အလင်္ကာနဲ့တွဲရေးရမလဲ မမရယ်။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ ကျွန်တော် အလေးစားဆုံးက ကဗျာဆရာတွေ။ ဟုတ်တယ် မမ။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ မမ။ မမ။ မမက အကောင်းမြင်ဝါဒီ။ ကျွန်တော့်စိတ်တွေအားပြည့်လာတယ်။ မမပြုံးလိုက်ရင် လျှပ်စီးလက်လိုက်သလိုပဲ။ ရင်ခုန်ကြောက်ရွံ့မိ။ အခိုက်အတန့် ပျော်ရွှင်မှုကို တစ်ဘဝလုံးနဲ့လဲရဲသလား။ ကျွန်တော်လဲချင်တယ်။ မမကို ကဗျာတစ်ပုဒ်ပေးလိုက်တယ်။ မမနဲ့ တွေ့ဆုံပြီးချိန် တိုင်းဖြစ်ရတဲ့ ညဥ့်ငှက်ဘဝ။ အဲဒီပျံသန်းမှုမှာ ကျွန်တော်မောနေပြီ။ လေဒီကြီးတစ်ယောက် ကားတိုက်မလိုဖြစ်တယ်။ ဝင်ကူလိုက်တာ လက်ဖဝါးကွဲသွားတယ်။ လေဒီကြီးက ဆေးဖိုးဆိုပြီး ပိုက်ဆံတစ်အုပ်ပေးတာယူပြီး အိမ်ပြန်အိပ်တယ်။ ညဥ့်ငှက်ဘဝရဲ့ အားလပ်ရက်။ လကို ကဗျာဆရာတွေ ဘာလို့ခဏခဏစာဖွဲ့လဲသိလိုက်တယ်။ အဲဒီအရာဟာ အလွမ်းလား မမ။ မမက ကစားကွင်းကိုခေါ်သွားတယ်။

            မင်းမနေ့က ပေးတဲ့ကဗျာ အလွတ်ရရင်မင်းပါးစပ်နဲ့ခုရွတ်ပြ။

ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုရှေ့မှာထားပြီး ကဗျာရွတ်ပြခွင့်ရတာ ဘယ်လို မင်္ဂလာလို့ခေါ်မလဲ။

            မင်းကိုလဲ တို့ချစ်တယ်။

            မင်းဘဝကဘယ်လိုဖြစ်နေတာလဲဆိုတာလဲ တို့သိတယ်။

            ဒါပေမယ့် အဲဒါကတို့အချစ်နဲ့မဆိုင်ဘူး။ ဒါပေမယ့်လည်း တို့မနာလိုဘူး။

            မင်းအဲဒီဘဝကရုန်းထွက်ပါ။ ရုန်းထွက်ဖို့ကြိုးစားပါ။

            တို့အချစ်နဲ့ဘာကိုမှမရောထွေးဘူး။ ဘဝဆိုတာကတော့ လာရောထွေးလိမ့်မယ်။

            မင်း တို့အနားရောက်ဖို့တာဝန်ယူရင် တို့က မင်းဘေးနားမှာရှိနေဖို့တာဝန်ယူတယ်။

ကလေးကစားကွင်းက ကလေးဘဝ ဇာတ်ဝင်ခန်းတွေကို ပြန်မြင်ယောင်စေတယ် မေမေရေ …။ မေမေရေ …။ ဘဝက တစ်ခါတလေကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံနေရရင်ပဲ အဓိပ္ပါယ်ရှိတတ်တာပဲ။ များသောအားဖြင့်အတိုင်း ပေါ့။ လေပြည်ထဲက အောက်စီဂျင်တွေမီးလောင်ခဲ့ပြီ။ နောက်ဆုံးလို့မပြောပေမယ့် မမကသဘောပေါက်ပုံရတယ်။ မျက်လုံး ချင်းဆုံနေကြတယ်။ အချိန်တွေကုန်ဆုံးမသွားပါစေနဲ့ရယ်လို့ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ဘုရားဆုတောင်း တယ်။ ညနေခင်းဟာ လေပြည်တွေကိုယူခဲ့ပြီ။ လေပြည်တွေဟာ ပူအိုက်ခြောက်ကပ်မှုကို ယူခဲ့ပြီ။ မမက ကျွန်တော့် လက်ခုံမှာ စာကြောင်းလေးတစ်ခု ရေးပေးခဲ့တယ်။ Eyes Bye! မျက်လုံးတွေရဲ့ နှုတ်ဆက်မှုပေါ့။

မင်းအဲဒီဘဝက ရုန်းထွက်ဖို့ကြိုးစားပါ ကောင်လေးရယ်။

 

(IV)

            အိမ်မရှိဘူးကွယ်။  ။ (မောင်သိန်းဇော်)

            ကိုယ်ဘယ်ရောက်နေလဲ မသိတဲ့လူတစ်ယောက်ကို

            သူ့ရဲ့မွေးနေ့မှာ ဘုရားဆုတောင်းပေးတယ်။

            အဖေဆိုတဲ့အသံကို

            ပါးစပ်ကထွက်ဖို့ခက်နေတာကြာပြီ။

            ဖခင်အမည်ဆိုတဲ့ မေးခွန်းမှာ

            ကိုယ့်နှုတ်ခမ်းတွေ ခွမ်းကနဲ ကွဲသွားတယ်။

            အဖေ …

            ကျွန်တော်တို့ အမြစ်တွေ တိုတောင်းခဲ့ …။

 

(V)

            အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကျွန်တော့်ရဲ့ မိထွေးဆိုတာရောက်လာတာပါပဲ။ ကျွန်တော့်ထက်ရှစ်နှစ်လောက် ပဲကြီးတဲ့ မိထွေးဟာ ကျွန်တော့်ကိုမြင်ကတည်းက စီးပိုးစွာဆက်ဆံတယ်။ အခွင့်အရေးတွေယူဖို့ သူ့မှာလက်တံတွေ အများကြီးပါလာတယ်။ အဖေ့ကိုလည်း အရမ်းနိုင်တယ်။ ကျွန်တော့်ရဲ့ လူငယ်ဘဝဆီကို ငရဲဟာမြေကြီးထဲက ထိုးထွက်လာတယ်။ ဘယ်ဘဝဟောင်းက လွှတ်လိုက်တဲ့ငရဲလဲ။ မေမေရေ …။ အသက်ရှင်ခြင်းမှာ တံခါးပေါက်တွေ ပိတ်ဆို့ခဲ့ပေါ့။ တစ်နေ့ အဖေခရီးထွက်သွားရတယ်။ အားကိုးစရာမရှိတဲ့အခါမှာ မိုးသက်လေပြင်းဟာ အရင်ရောက်လာ တော့တာပဲ။ ၁၈နှစ်သားလေးဟာ မိုးခြိမ်းသံတွေကိုကြောက်တယ်လို့ပြောရင် အဆန်းတကြယ်ဖြစ်သွားမလား။ မိသားစု ကောင်းကင်ဟာ ဘယ်ဆီမှာ။ ကျွန်တော်ကြောက်လိုက်တာ။ ကျွန်တော့်မိထွေးဟာ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ …။ ကျွန်တော့်လူပျိုရည်ကို ပေါက်တူးတစ်လက်နဲ့ တူးဆွခဲ့။ ကျွန်တော့်လိင်မှုအစုအဝေးကို ကျွန်တော့်မိထွေး အပိုင်စီးခဲ့တယ်။ ကျွန်တော့်အလိုမတူမှုဟာ အသံထွက်ခွင့်မရခဲ့ဘူး။ ကျွန်တော့်လိင်မှုအဖွဲ့အစည်းမှာ သူပျော်ပွဲစားထွက်ခဲ့ တယ်။ ကျွန်တော့်အလိုမတူမှုဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်လူပျိုရည်ဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်မျက်ရည်တွေ စီးကျခဲ့ပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အဝေးကြီးချလိုက်တယ်။ အိမ်ဆိုတဲ့ကြိုးကိုဖြတ်ခဲ့တယ်။

 

(VI)

            မေမေမရှိတော့ဘူးဆိုတဲ့ စာရွက်တွေ

            ကျွန်တော်ဆုတ်ဖြဲခဲ့ …။

            မေမေ့အသံနဲ့ …။

            မေမေ ဘယ်ကိုထွက်သွားတာလဲ။

            ကျွန်တော့်ကိုခေါ်ပါ။

            ကျွန်တော့်ကိုခေါ်ပါ။

            ကြေကွဲစရာလှပမှုတစ်ခုပဲ။

            မေမေ့အနီးမှာ ပန်းတွေနဲ့ဝေ … လို့။    ။

 

(VII)

            မိသားစုတွေဆိုတာ

            ချမ်းမြေ့စရာ အမှုန်အမွှားတွေပဲ။

            အဖေက မေမေ့လက်ကိုတွဲ …။ မေမေက အဖေ့လက်ကိုတွဲ။

            ကျွန်တော်က မေမေ့လက်ကိုတွဲ။ ကျွန်တော်က ဖေဖေ့လက်ကိုတွဲ။

 

 

(VIII)

            ငယ်ငယ်က

            မိဘကို အသိမပေးဘဲ

            တစ်ယောက်ထဲ ဝင်ကြည့်ဖြစ်တဲ့ ရုပ်ရှင် …။      ။



>Zarti<