Sunday, October 31, 2010

ဘလိတ်ဓား ဟာ အမွှေးရိတ်ဖို့ သက်သက်ပဲ အသုံးဝင်တာ မဟုတ်ဘူး

လက်ကောက်ဝတ် ပေါ် ထောက်ထားတဲ့ ဘလိတ်ဓား ၊၊ မေလ (၄) ရက်နေ့ ဟာ ညနေတစ်ခုပဲ ၊၊ ညနေတစ်ခု ဟာ တယ်လီဖုန်း နံပါတ်တစ်ခု ၊၊ တယ်လီဖုန်းနံပါတ်တစ်ခု ဟာ ဇူလိုင် (၂၄) ရက်နေ့တစ်ခုလား၊၊ ဇူလိုင် (၂၄)ရက်နေ့ ဟာ မေလ (၄)ရက်နေ့ ကိုင်ထားတဲ့ တယ်လီဖုန်းလေးကို ညနေတစ်ခု မှာ နောက်ဆုံး မြင်တွေ့လိုက်ရတယ် ၊၊ နောက်ဆုံး ဟာ ဘာမှမဟုတ်ဘူး ၊၊ နင့်ရယ်သံ ဖွဖွလေးတွေက နင့်လည်ပင်းပေါ်က သွေးကြောစိမ်းစိမ်းတွေဆီကနေ နားထောင်ရင် ပိုကြားရတယ် ဟာ! နင် ရယ် နေ လား ၊၊ ဟင် ဟယ်လို! ၊၊ ဗျာ . . အဲ့ဒါ ကျွန်တော် မဟုတ်ဘူး ကျွန်တော်မဟုတ်ဘူး ၊၊ ပြောတဲ့ကောင်ဖုန်းချသွားပြီ ၊၊ ဒီမှာတော့ ငါရော ငါ့အသံရော တိတ်ဆိတ်နေတာပဲ ကြောက်တောင်ကြောက်ရတယ် ၊၊ တစ်ယောက်ယောက် ချောင်းဆိုးလိုက်သလား ၊၊ ကြောက်ရတယ် ၊၊ တစ်ယောက်ယောက် လေလည်လိုက်သလား ကြောက်ရတယ် ၊၊ ဒါမှ မဟုတ် ချောင်းဆိုး တဲ့ တစ်ယောက်နဲ့ လေလည်တဲ့တစ်ယောက် လိင်ဆက်ဆံနေသလား ၊၊ ဒါကို သိပ္ပံပညာရှင်တွေပဲ သိမှာပဲ ၊၊ ဒါကို စနိုက်ပါ သမားတွေပဲ သိမှာပဲ ၊၊ ဒါကို အမှိုက်ပစ်တဲ့သူတွေပဲ သိမှာပဲ ၊၊ ဒါကို အသေခံဗုံးခွဲသမားတွေပဲ သိမှာပဲ ၊၊ ဒါကို ဟိုမို တွေပဲ သိမှာပဲ ၊၊ ဒါကို နင်နဲ့နင့်အကောင်ပဲ သိမှာပဲ ၊၊ နင့်ရယ်သံတွေ ကြားရင် နင့်လည်ပင်းကို လှီးဖြတ်ချင် လာတဲ့စိတ် နဲ့ … ဘလိတ်ဓားဟာ အပြစ်တစ်ခုခု ကျူးလွန်ဖို့ ဆုံးဖြတ်ချက် ရ လိုက်သလို ၊၊ … … …၊၊ ငါ ကြောက်လိုက်တာ ၊၊ သွား ! အဲ့ဒီ ဘလိတ်ဓားကို လွှင့်ပစ်လိုက်စမ်း ၊၊ ပြီးတော့ . . ဟေ့လူ ကျုပ်ကိုတစ်ခု ကူညီ၊၊ ကျုပ်ဆီမှာ လာညစ်ညမ်းနေတဲ့ စိတ်တွေကို (အားလုံးရွေးချယ်) ပြီး (ဖျက်) ပစ်ပေးစမ်းပါ ၊၊ တော်စမ်း ညစ်ညမ်းတဲ့ စိတ်ဟာ မင်းတစ်ယောက်ထဲကိုမှ ရွေးချယ်ညစ်ညမ်းတယ်ဆိုတော့ .. ၊၊ ဟာ! ဟေ့ ! ၊၊ လူလို့ ထင်လိုက်တဲ့ အင်္ကျီအနက်ရောင်လေး ကြိုးတန်းပေါ်က ပြုတ်ကျသွား ၊၊ ကြိုးတန်းပေါ်က ဇူလိုင် (၂၄) ဆီ ပြုတ်ကျသွား ၊၊ ဇူလိုင်(၂၄)ပေါ်က မေလ(၄)ဆီ ပြုတ်ကျသွား ၊၊ ငါတို့ တစ်ယောက်ပေါ် တစ်ယောက် ပြုတ်ကျ ခဲ့တယ်နော် ၊၊ ဟင်! ဟယ်လို! ၊၊ ဟာဗျာ ဒါလဲ ကျွန်တော် မဟုတ်ဘူး ၊၊ ပြောတဲ့ကောင် ဖုန်းချသွားပြီ ၊၊ ဒီကိစ္စကို ဂရေဟမ်ဘဲလ် ရော သိမှာပဲလား ၊၊ ဟင့်အင်း ဒါတော့ မကျိန်းသေဘူး သူ့ဖုန်းကို ဆက်လိုက်တိုင်း မက်ဆေ့ခ်ျ မှာထားခဲ့ပါ ပဲ ကြားရတယ် မှာထားခဲ့လိုက်လေ သူအသက်ပြန်ရှင်လာရင် ခင်ဗျား မက်ဆေ့ခ်ျကို ဖွင့်နားထောင် မှာပေါ့ ၊၊ မ ရ တော့ ပါ ဘူး ဗျာ ၊၊ တယ်လီဖုန်းလေး ဟာ သေသွားရှာပါပြီ ၊၊ ညနေတစ်ခုမှာ နောက်ဆုံး မြင်လိုက်ပြီး နောက်ပိုင်းပေါ့ ၊၊ အဲ့ဒါ နောက်ဆုံးလား ၊၊ နောက်ဆုံးဟာ ဘာမှမဟုတ်ဘူး ၊၊ ဇာတိ ဟာ ဘာမှမဟုတ်ဘူး ၊၊ ဇူလိုင်(၂၄) ဟာ ဘာမှမဟုတ်ဘူး၊၊ လွင်မာဦးဟာ ဘာမှမဟုတ်ဘူး ၊၊ မေ(၄) ဟာ ဘာမှမဟုတ်ဘူး ၊၊ ငါရောငါ့အသံရော တိတ်ဆိတ်နေတာပဲ ဟာ ဘာမှမဟုတ်ဘူး ၊၊ ရယ်သံဖွဖွလေးတွေဟာ ဘာမှမဟုတ်ဘူး ၊၊ တစ်ယောက်ယောက် ချောင်းဆိုးလိုက်တာဟာ ဘာမှမဟုတ်ဘူး ၊၊ တစ်ယောက်ယောက် လေလည်လိုက်တာဟာ ဘာမှမဟုတ်ဘူး ၊၊ ဒါမှမဟုတ် လိင်ဆက်ဆံနေကြတာဟာ ဘာမှမဟုတ်ဘူး ၊၊ ဟယ်လို! ဟင်! ဟယ်လို! ၊၊ လာပြန်ပြီလား အဲ့ဒါ ကျွန်တော် မဟုတ်ဘူး ပြော တဲ့ . . . . ကော. . . . င် ၊၊ အဲ့ဒါ သိပ္ပံပညာရှင်တွေပဲ ၊၊ အဲ့ဒါ စနိုက်ပါ သမားတွေပဲ ၊၊ အဲ့ဒါ အမှိုက်ပစ်တဲ့ သူတွေပဲ ၊၊ အဲ့ဒါ အသေခံဗုံးခွဲသမားတွေပဲ ၊၊ အဲ့ဒါ နင်နဲ့ နင့်အကောင်ပဲ ၊၊ သွား! လွှင့်ပစ်လိုက်တဲ့ ဘလိတ်ဓားကို ပြန်ကောက်စမ်း ! ၊၊ ခုနက လက်ကောက်ဝတ်ပေါ် ထောက် ထား တဲ့ ဘလိတ်ဓား ၊၊ ၊၊

>ဇာတိ<

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။