Tuesday, September 28, 2010

သိမှုထဲကအရာများ

ဆောင်းဟာ တစောင်းကြီးဝင်လာပြီ။ ညှို့အားပြင်းလွန်းလို့ ညှို့ကလွတ်ထွက်လာတဲ့မြားပါ။

ခေတ်ကြီးကို ကဗျာဆရာဟာ အဲဒီလိုမြင်လိုက်ရပါတယ်။

(ပြောတာပဲ]----

အတော်လေးစိတ်နာနေပုံပါပဲ။ နာကြည်းနေပုံပါပဲ။ (သူကဝဲစားနေလို့လားမသိ)

ရှင်ပြောတော့/ယှဉ်ပြောတော့ …

ရုတ်တရက်ကြီး ပြေးဝင်ဆောင့်ခံလိုက်ရတယ်ဗျာ

ခမျာ … ခင်ဗျာ … သေဗျာ … လုပ်ဆောင်မှု (လုံးဝန်းသော)

ကျောက်တုံးကိုခွဲကြည့်လိုက်တော့ ကျောက်တုံးနှစ်တုံးဖြစ်လာတယ်

ဖန်ခွက်ကိုခွဲကြည့်လိုက်တော့ ဖန်ကွဲစတွေ …

ရေခဲမြစ်ဝှမ်းတလျှောက် အကြည့်အေးအေးတွေ ကမ်းနားသစ်ပင်တွေကအစ

အေးစက်လို့ သူပြောတာကိုနားလည်သလား

ကဗျာကိုဖတ်ပြီးဘာ_ရ_လိုက်_သ_လဲ_ဗျ (ဘာလိုချင်လို့ဖတ်တာတုန်း)

သိသမျှပန်းပွင့်လေးတွေကို ခေါ်ထုတ်ခဲ့ပါဦး

သိသမျှလိပ်ပြာလေးတွေကို ခေါ်ထုတ်ခဲ့ပါဦး

ခေါ်ထုတ်ခဲ့ပါ ဦးရဲ့ သမီး လေ(ခြောက်လ) လည်ပြီ/ပတ်ပြီ

တင်းကျပ်နေတာပဲ (မြို့ပြဟာအဲဒီလိုအသက်ရှူကျပ်နေတာ)[ဟုတ်လည်းမဟုတ်ဘဲနဲ့]

ခမျာ … ခင်ဗျာလို့ဆက်ရေးရမလား

အဲဒီလိုရေးလိုက်ရင် ကြိုက်ကြရောလား

အဲဒီလိုတွေ့တာနဲ့ ဘယ်လိုခံစားထားတယ်လို့ပြော ဆောင်းပါးဖြစ်ပြီ

ကဗျာဆရာဟာ ခေတ်ကြီးကို အဲဒီလိုမြင်လိုက်ရပါတယ်။

ဆောင်းပါးဖြစ်ပြီ။ ပါးပါးလေး စောင်းထား

ဘာလုပ်ရမှာလဲ သူရေးချင်တာကိုရေးထားတာ

ကဗျာဆရာဟာ ရေးချင်သလိုရေးမှာပဲ

ကဗျာဆရာဟာ အဲဒီလိုခေတ်ကြီးကိုမြင်မိတာသေချာလို့လား

အဲဒီလို သိမှုဟာ ဆောင့်ခုန်ထွက်နေတော့

ယုန်လေးတစ်ကောင်ဟာ

ဘာဖြစ်တယ် ညာဖြစ်တယ် သေသွားတယ်

အဲဒါဘာလုပ်ရမှာလဲ

ဘာဖြစ်တယ် ညာဖြစ်တယ် ဘာလုပ်ရမှာလဲ ဘာလုပ်မှာလဲ

အဲဒီလိုရေးချင်ရင် ငါသေမှရေးတော့

အခု ခင်ဗျားသိမှုထဲက ကျောက်တုံးလေးဟာ ရေပေါ်ပေါ်လာပြီ

အဲဒီကျောက်တုံးလေးနဲ့ မီးခတ်ပြလိုက်ပါဦး

လိုက်ပါ ဦးရဲ့သမီး လေ(ခြောက်လ) လည်ပြီ/ပတ်ပြီ

သောက်ကျိုးနဲ ကွဲထွက်ကုန်ပြီ (ကုန်ပြီ=ရှိသမျှထဲက ဘာမျှမကျန်တော့)

ဘာမျှမရှိတော့ ခင်ဗျားလည်းမရှိတော့ ကဗျာဆရာလည်းမရှိတော့

မရှိတော့ ဦးရဲ့သမီးလည်းမရှိတော့

လုပ်ပါဦး ရေးပါဦး နောင်နှစ်ခါ တန်ဆောင်မုန်း

ခွေးလိုကိုက်ပါဦး ခွေးလိုလျှက်ပါဦး

 

 

ကြက်သွန်

စက်တင်ဘာလ ၂၀ရက်၊ ၂၀၁၀ခုနှစ်။

Saturday, September 18, 2010

ခြင်များ၊ ဆေးလိပ်တစ်လိပ်နှင့်ည


45156_1518551476851_1026446175_1526404_2810909_n.jpg


 

သူဆေးလိပ်သောက်နေသည်။ အလိုမကျမှုများစွာနှင့် ညတစ်ညကို ခဲရာခဲဆစ်ဖြတ်သန်းနေရပုံပေါ်သည်။ ဆေးပေါ့လိပ်ကို မီးခဏခဏညှိနေရတာကို သိပ်ဘဝင်မကျချင်။ ဘဝင်မကျစရာတွေကအများကြီးပဲ။ အိပ်မရမှန်းသိသိကြီးနှင့် ခင်းထားသည့်အိပ်ယာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေသည်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော့်အတွက် စကားပြောဖော် တစ်ယောက်လောက်လိုချင်တာတော့ အမှန်ပဲ။ ခြင်တွေဟာ အတော်မုန်းဖို့ကောင်းတဲ့သတ္တဝါတွေ။ ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်လိုက်တော့ ပန်းတစ်ပွင့်ဖြစ်လာသည်။ ခြင်များ ဥဥရန်ရေအိုင်တစ်အိုင်ဖြစ်သင့်သည်ဟုထင်သည်။ နောက်တစ်ကြိမ်မှုတ်ထုတ်ကြည့်လိုက်တော့ ဘာမှဖြစ်မလာ။ အရာရာတိုင်းဟာ သူ့အတွက်ရယ်စရာဖြစ်နေတော့သည်။ မင်းတို့ဟာ ကယ်ရီယာတွေပဲဟုကျွန်တော်အော်ပြောလိုက်သည်။ သူ့ကိုခြင်တွေကဝိုင်းဟားကြသည်။ သူတို့လေထဲတွင်ပင် လိင်ကိစ္စဖြေရှင်းကြသည်ဟုပြောသည်။ သူကခြင်တွေအတွက် လေထုကြီးမရှိတော့မှာ ကြံဖန်ပူပန် နေလိုက်သေးသည်။ အမြဲတမ်းဆာလောင်မှုဖြင့်ပျံသန်းနေသည့် သူတို့ကို သူသဘောကျမိသည်။ ကျွန်တော် ခြင်တော်တော်များများကိုသတ်ဖူးသည်။ ခြင်တွေဟာသူ့ကိုခြင်သတ်သမားအဖြစ် စွပ်စွဲဖို့ကြိုးစားချင်ပုံမရ။ ဆာလောင်မှုက သူတို့အတွက်ပိုအရေးကြီးသည်။ မသေသေးသရွေ့အစာရှာရမည်။ မသေသေးသရွေ့ဆာလောင်နေသည်။ ဆေးလိပ်ကိုဖွာလိုက်သည်။ မီးသေနေပြီ။ မီးပြန်ညှိလိုက်သည်။ အစပြန်ရောက်သွားသည်။

သူဆေးလိပ်ထိုင်သောက်နေသည်။ ဒီတစ်ကြိမ်တွင်တော့ သူအတန်ငယ်အိုစာလာသည်။ သူ့အလိုမကျမှုကို အသာထားပြီး သူ့အပေါ်အလိုမကျမှုများကိုတွေးကြည့်သည်။ ဖင်စီခံပူလာမှ လက်ထဲကစီးကရက်ကိုသတိရသည်။ မိန်းမဖြစ်သူကတော့ အိပ်ယာထဲမှာအိပ်မောကျနေပြီ။ အခုတလော ဒီလိုထိုင်နေရတာကို ကျွန်တော်သဘောကျနေသည်။ ပူအိုက်သည့်ညဆိုတော့ ခြင်တွေအုံခဲနေသည်။ ဆေးလိပ်မီးခိုးတွေကိုမှုတ်ထုတ်လိုက်တော့ ခြင်များရှဲသွားသည်။ သူတို့ မီးခိုးငွေ့ကိုကြောက်ကြဟန်တူသည်။ နောက်တစ်ကြိမ် မမှုတ်ထုတ်ဖြစ်တော့။ အတွေးကဆက်လက်စီးဝင်လာသည်။ အရာရာဟာငါ့အတွက်ဆက်ခဲကြမ်းတမ်းနေသည်လား။ မင်းတို့ဟာ သတ္တိကောင်းတဲ့သူတွေပဲလို့ ခြင်တွေကိုအော်ပြောလိုက်သည်။ သူ့အနားတွင်ခြင်တွေပိုများလာသည်။ ပျံသန်းမှုကသူတို့ရဲ့ဘာသာတရားဟုပြောသည်။ ကျွန်တော်ကခြင်တွေပျံသန်းစရာ လေထုကြီးမရှိတော့မှာကို ကပ်သီးကပ်သပ်ပူပန်နေလိုက်သေးသည်။ ဆာလောင်မှုဖြင့် အမြဲတမ်းပျံသန်းနေသည့် သူတို့ကို ကျွန်တော်သဘောကျသည်။ ခြင်အတော်များများကို သူသတ်ဖူးသည်။ ခြင်တွေဟာ သူ့ကို ခြင်သတ်သမားအဖြစ်စွပ်စွဲကြဖို့ထက် မသေသေးသရွေ့ဆာလောင်နေမှုကြောင့် အစာရှာဖို့ကပိုအရေးကြီးပုံရသည်။ ဆေးလိပ်ကိုဖွာလိုက်သည်။ မီးသေနေပြီ။ မီးပြန်ညှိလိုက်သည်။ အစီခံသာရှိတော့သည်။ သူ ကုလားထိုင်ပေါ် ချည့်နဲ့စွာ မှီချလိုက်သည်။

 

 

ကြက်သွန်

စက်တင်ဘာလ ၈ရက်၊ ၂၀၁၀ခုနှစ်