Monday, May 31, 2010

အိပ်မက်ထဲကကောင်





မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ ဘာလို့ အရာရာတိုင်းကို ကြိုသိနေရတာလဲ။ ငါတစ်ခုခုလုပ်တိုင်း မင်းကလုပ်ပြီးသားကြီးပါ ဆိုပြီးဟားတယ်။ ငါ့အတွက် ဘယ်လောက်ကြီးပဲဆန်းဆန်း မင်းအတွက် အဟောင်းကြီးဖြစ်နေတာ အံသြလို့မဆုံးဘူး။ ငါအံသြတိုင်းလည်း မင်းကလှောင်တယ်။ မင်းက ကြိုအံသြပြီးသွားပြီ။ တော်ဝင်ဂုံးကျော် တံတားကို ငါဖြတ်တော့ မင်းကဖြတ်ပြီးသွားပြီ။ ဓမ္မာရုံမှာ ဖိနပ် ပျောက်တော့လည်း မင်းကအရင် ပျောက်ပြီးသွားပြီ။ ငါကတတ်လေးရဲ့ xx-xxကို ရပ်နမ်းတော့လည်း မင်းကနမ်းရပ်ပြီးသွားပြီ။ ဟော.. တယ်ခက်ပါ လား။ မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ အိပ်မက်ထဲက ကောင်က အိပ်မက်ထဲမှာပဲ နေပါလား။ ညတိုင်းညတိုင်း ကယောင်ကတန်း အိပ်မက်တွေ ပေးပြီးရင်တော်လောက်ရောပေါ့။ ရာရာစစ ဘာလို့တကယ့်ဘ၀ကိုပါ လိုက်နှောက်ယှက်နေရတာလဲ။ မင်းလုပ်တာ ငါတော်တော် ဖီလင်ငုတ်တယ်။ ဟုတ်တယ်။ စွန့်စားမှုကြီးတစ်ခုခုလုပ်တော့မယ်လို့ ကြံရွယ်လိုက်တိုင်း၊ အဆန်းကြီးတွေ ထွင်တော့မယ်လို့ စဉ်းစားလိုက်တိုင်း မင်းကအရင်လာ နှောက်ယှက်ပြီ။ အရာရာမင်းပဲသိ။ အရာရာမင်းပဲလုပ်။ ကဲ…….. ငါ ဘယ်အကွက် ရွှေ့ ရမလဲ။ မင်းတစ်ခုသိထားဖို့ ကောင်းတယ်…… မင်းဆိုတာ ငါရှိလို့ရှိတာ။ ငါမရှိရင် မင်းလည်းရှိမှာ မဟုတ်ဘူး။ ငါဘာမှ မလုပ်တော့ရင် မင်းလည်းဘာမှလာနှောက်ယှက်လို့ရမှာ မဟုတ်တော့ဘူး။ အိပ်စက်ချိန်တွေမှာ မင်းငါ့ကို ကြိုက်သလို ရွှေ့လို့ရတယ်။ မောင်းနှင်ပိုင်ခွင့်ရှိတယ်။ မင်းအခွင့်အရေးကို ငါနှောက်ယှက်စရာ မရှိဘူး။ ဒါပေမယ့် နေ့ဘက်တွေမှာ ငါ့ဘာသာငါ ရှောတီလေးတွေနဲ့ ကြွယ်ချင်ကြွယ်မယ်၊ ပြသာနာတွေ တက်ချင်တက်မယ်၊ ချောက်တွေကျချင်ကျမယ်။ ကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မင်းကြိုသိနေလည်း လာမပြောပါနဲ့ကွာ။ ဒီလိုမှ မဟုတ်ရင် ငါလုံးဝ မအိပ်စက်ဘဲနေပစ်လိုက်မှာ။ ကြပ်ကြပ်သတိထား. အဲ့ဒီတော့မှ မင်းပါဒုက္ခ ရောက်သွားမယ်။ မင်းက မင်းကမ္ဘာနဲ့မင်း ငါက ငါ့ကမ္ဘာနဲ့ငါ။
 
မြေမှုန်လွင်


Wednesday, May 26, 2010

ဤ၀တ္ထုထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်နေထိုင်ကြသည်





နိဂုံး

ကောင်မလေးသည် ကောင်လေး၏အချစ်ဆုံးဖြစ်ခဲ့၍ ကောင်လေးသည် ကောင်မလေး၏ အချစ်ဆုံးဖြစ်နေပြီ



ကြက်သွန်

Saturday, May 8, 2010

ဘူလေးလဲ


ဘူလေးလဲ


ကြောင်ခံတွင်းပျက်နဲ့

ဇရက်တောင်ပံကျိုးတို့

လက်ထပ်ခဲ့ကြတာ

ကျုပ်တို့ရွာမှာ

ဟိုဟာဖြစ်တုန်းကပေါ့။

နှစ်တွေကလဲ ကြာပြီဆိုတော့

ဟိုဟာဆိုတာ....

(တောမီးလောင်တုန်းကလား

ရေကြီးတုန်းကလား)

ဘာရယ်လို့ သေသေချာချာ

ပြောနိုင်တဲ့သူ မရှိတော့ပါဘူး။

ကျုပ်အထင်တော့

တောမီးလောင်တုန်းကလို့ ထင်တာပဲ

ဘာဖြစ်လို့လဲဆို့တော့

“တောမီးလောင်တောကြောင်လက်ခမောင်းခတ်”

ဆို့တဲ့စကားလဲ

ရှိတယ်မှုတ်လား။

တချို့ တိုးတိုးပြောကြတာလဲ

အဲ့ဒီတုန်းက..

(သူတို့ လက်ထပ်ကြတုန်းကပြောတာ)

ဇရက်တောင်ပံကျိုးကပဲ

သဘောမတူသလို

ဘာလိုလို။

ဘာပဲပြောပြောလေ

မှတ်မိတဲ့လူတွေ ပြောကြတာက

သူတို့လက်ထပ်တုန်းက

တစ်ရွာလုံးမီးခိုးတိတ်ပဲတဲ့။

မီးခိုးတိတ်ဆိုတာ ဘာလဲ?

ဟုတ်လား....

ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့လေ

မီးခိုးတိတ်ဆိုတာ

မီးခိုးတိတ်ပေါ့ဗျာ

ဒါနဲ့....

ကျုပ်စကားပြောနေတုန်း

ဖြတ်ဖြတ်ပြောတာမကြိုက်ဘူး

ကျုပ်စကားတောင်

ဘယ်ရောက်သွားပလဲ။

အင်းလေ....

လက်ထပ်တယ်ဆိုမှတော့

အိုးခြင်းထိတာမှ မဟုတ်တာ

သားသမီးတွေ ပေါက်ဖွားလာတာ

ဆန်းတာမှတ်လို့။

ဆန်းတာက...

သူတို့မျိုးဆက်တွေရဲ့

နာမည်တွေဗျ

နားထောင်ကြည့်....

ငါးခုန်းမတစ်ကောင်ကြောင့် တစ်မြစ်လုံးပုတ်တဲ့

ဆုပ်လည်းရူး စားလည်းရူးတဲ့

ငတေမာရင် တစ်သက်လုံးတဲ့

ရေစီးဆယ်ခါ ရေသာတစ်လှည့်တဲ့

လမိုက်တုန်းဗိုင်းငင်တဲ့

ကဲ မဆန်းလား...

ဒါကြောင့်လည်း

ကျုပ်တို့မှတ်မိနေတာပေါ့။

By the way,

ခင်ဗျားရော ဘယ်လိုထင်သလဲ

တချို့က....

သူတို့သားသမီးတွေ

တချို့က...

သူတို့မြေးမြစ်တွေပေါ့ဗျာ။

ကျုပ်တို့ရွာသားတွေ အကြောင်းလား

ဒါက စာမဖွဲ့လောက်ပါဘူး

သူတို့က...

ကျန်စစ်သားလည်းမှီတယ်

ဘုရင့်နောင်လည်းမှီတယ်

ရာဇ၀င်ကို ဖြတ်သန်းဖူးလှပြီ

အရေထူနေပြီ။

အခု...

တစ်ရွာလုံးမှာ

အုန်းအုန်းကြွတ်ကြွတ်ဖြစ်နေတဲ့

ကိစ္စလား။ ။

ခင်ဗျားမေးမှ သတိရတော့တယ်

အစကတော့...

ကျုပ်လဲ

ဒီအကြောင်းပြောချင်လို့

စကားအစချီတာပဲ

မတီးပဲ မြည်ပြန်ပြီ

မထင်နဲ့...။

အခု...လာပြန်ပြီလေ

ကျုပ်တို့ရွာမှာ

အကြီးအကျယ်လက်ထပ်ပွဲတစ်ခု။

သတို့သားနဲ့ သတို့သမီးနာမည်က

ယုန်တောင်ပြေးနဲ့ ခွေးမြောက်လိုက် တဲ့

ဖိတ်စာတော့ဝေပြီးပြီ.....

ဒီတစ်ခါလဲ

တစ်ရွာလုံး မီးခိုးတိတ်ပဲတဲ့

(လာပြန်ပြီ မီခိုးတိတ်။)

ဘာပဲပြောပြော

ဒီကိစ္စကိုတော့

တစ်ရွာလုံးက

စိတ်အ၀င်စားသားဗျ။

သူတို့သာ...

လက်ထပ်ဖြစ်မယ်ဆိုရင်

(တချို့ကလဲ လက်ထပ်ပွဲ ပျက်မလိုလို

ဘာလိုလို ပြောနေကြတာကိုး)

အဲ...သူတို့သာ

တကယ်လက်ထပ်ဖြစ်မယ်ဆိုရင်

မွေးလာမယ့် ကလေးကို

နာမည်ပေးဖို့ အတွက်တောင်

ရွာကလူတွေက စဉ်းစားပြီးသား။

ခေတ်လဲမှီရမယ် ဆန်းလဲဆန်းရမယ်ပေါ့ဗျာ...

အဲ....သူတို့ရွေးထားတဲ့နာမည်က

“ဘူလေးလဲ”တဲ့။

ဘယ်လိုလဲ

ခင်ဗျားရောကြိုက်ရဲ့လား။


သစ္စာနီ


လက်ရှိမြန်မာ နှုတ်မှုကဗျာ (oral poem) တွေကိုစိပ်ဖြာကြည့်ရင်၊အဖက်ကဗျာ၊အရွတ်ကဗျာ၊

အဆို ကဗျာ (တေးထပ်၊ဘောလယ်)စသဖြင့်တွေ့ရပါလိမ့်မယ်။

အဲ့ဒီထဲမှာ မပါသေးတဲ့ အမျိုးအစားတစ်ခု

ကတော့ အပြောကဗျာ(Talk poem)ပါ။

အခုဖော်ပြလိုက်တဲ့ကဗျာကတော့ အပြောကဗျာ ။

ဒီကဗျာကိုမဖတ်ရပါဘူး။ မရွတ်ရပါဘူး။မဆိုရပါဘူး။

စကားပြောသလို(Talking poetry)သာအသံထွက်ရပါတယ်။

နေ့စဉ်သုံးဘာသာစကားနဲ့ စိတ်ကူးစိတ်သန်း ဘာသာစကားကိုရောမွှေထားပါတယ်။

ဘာသာစကားရဲ့အခြေခံတချို့(အာမေဋိတ်သံ၊မေးခွန်းမေးခြင်း၊တစ်ကိုယ်တော်ငြီးချင်းစတာတွေနဲ့)

လက်တန်းသဘောတချို့ကို ထည့်သွင်းအသုံးပြုရင်း စကားပြောအရည်အသွေး(တန်ဘိုး)ကို

တိုးမြင့်ဖို့ကြိုးစားထားတာကို တွေ့ရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

သစ္စာနီ

Monday, May 3, 2010

ဒီတစ်ကွေ့တွေ့ရင် ကျုပ်တို့တူတူသောက်မယ့် လက်ဖက်ရည်အကြောင်း

တိမ်တွေရွေ့နေတာကိုကြည့်ရင်း သက်ပြင်းကိုချလိုက်မိတယ်
စိတ်ဟာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး အမူအရာနဲ့
လက်ထဲကစီးကရက်ကိုပဲ သဲသဲမဲမဲ
ပိုက်ဆံမရှာရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
သူမ မရှိရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
မည်သို့မည်ပုံဆက်ဆံရမယ်ဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ ကျွန်တစ်ကောင်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ … ကျွန်တစ်ကောင်ပဲ
ဟုတ်တယ်မလား …
ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ ကျွန်များ
ဟုတ်တယ်မလား …
ကဗျာဖို ကဗျာမဆက်ဆံရေးရဲ့ ကျွန်ကြီး
ဟုတ်တယ်မလား …
မောင်ချောနွယ်ဟာလည်း မမမြင့်ရဲ့ … ဘာတဲ့တုန်း
အဓိပ္ပါယ်ဆိုတာက ကျုပ်တို့ဝေဒနာတွေရဲ့ အန္တိမမဟုတ်ဘူး
အဓိပ္ပါယ်ဟာ ခင်ဗျားရဲ့ ဒွါရတွေမှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေပဲ
ဖြစ်နေတာလား …
တည်ရှိနေတာလား …
ပျက်ပြီမဟုတ်လား …
ခင်ဗျားရဲ့စုပ်သပ်မှုအဆုံးမှာ အဓိပ္ပါယ်ဟာ
အလိုလိုသေသွားပြီ ညှိုးသွားပြီ ရိုးသွားပြီ
အီသွားပြီမဟုတ်လား
အဓိပ္ပါယ်တွေ ပလုပ်ပလောင်းနဲ့ ခင်ဗျားပါးစပ်ကြီးကို ပါးလုပ်ကျင်းလိုက်စမ်းဗျာ
ဒီတစ်ကွေ့တွေ့ရင်သာ ကျုပ်တို့တူတူသောက်မယ့်
လက်ဖက်ရည်ဟာ အဓိပ္ပါယ်ရှိမရှိ
ဘာနဲ့တိုင်းမလဲ






ကြက်သွန်