Monday, May 3, 2010

ဒီတစ်ကွေ့တွေ့ရင် ကျုပ်တို့တူတူသောက်မယ့် လက်ဖက်ရည်အကြောင်း

တိမ်တွေရွေ့နေတာကိုကြည့်ရင်း သက်ပြင်းကိုချလိုက်မိတယ်
စိတ်ဟာတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး အမူအရာနဲ့
လက်ထဲကစီးကရက်ကိုပဲ သဲသဲမဲမဲ
ပိုက်ဆံမရှာရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
သူမ မရှိရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
မည်သို့မည်ပုံဆက်ဆံရမယ်ဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ ကျွန်တစ်ကောင်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မှာ
ငါဟာ … ကျွန်တစ်ကောင်ပဲ
ဟုတ်တယ်မလား …
ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်ဆိုတဲ့ ကျွန်များ
ဟုတ်တယ်မလား …
ကဗျာဖို ကဗျာမဆက်ဆံရေးရဲ့ ကျွန်ကြီး
ဟုတ်တယ်မလား …
မောင်ချောနွယ်ဟာလည်း မမမြင့်ရဲ့ … ဘာတဲ့တုန်း
အဓိပ္ပါယ်ဆိုတာက ကျုပ်တို့ဝေဒနာတွေရဲ့ အန္တိမမဟုတ်ဘူး
အဓိပ္ပါယ်ဟာ ခင်ဗျားရဲ့ ဒွါရတွေမှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေပဲ
ဖြစ်နေတာလား …
တည်ရှိနေတာလား …
ပျက်ပြီမဟုတ်လား …
ခင်ဗျားရဲ့စုပ်သပ်မှုအဆုံးမှာ အဓိပ္ပါယ်ဟာ
အလိုလိုသေသွားပြီ ညှိုးသွားပြီ ရိုးသွားပြီ
အီသွားပြီမဟုတ်လား
အဓိပ္ပါယ်တွေ ပလုပ်ပလောင်းနဲ့ ခင်ဗျားပါးစပ်ကြီးကို ပါးလုပ်ကျင်းလိုက်စမ်းဗျာ
ဒီတစ်ကွေ့တွေ့ရင်သာ ကျုပ်တို့တူတူသောက်မယ့်
လက်ဖက်ရည်ဟာ အဓိပ္ပါယ်ရှိမရှိ
ဘာနဲ့တိုင်းမလဲ






ကြက်သွန်

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။