Monday, August 30, 2010

မော်လမြိုင်သွား ...

လက်ဝါးတွေရိုက်လိုက်ကြတာမှ ဖျောင်းကနဲ



ဆေးပြင်းလိပ်ကိုဟန်ပါပါခဲလို့



လွတ်လပ်မှုလေထုထဲ ထိုးခွဲမထွက်ခင်မှာတင်



အဲဒီကားနောက်ဖုံးကိုဖွင့်ပြီး အစစ်ဆေးခံခဲ့ရသေးတာပေါ့



" စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် "



ဘယ်ကိုကွေ့မယ်ဟေ့ ... ပြီးရင်



ညာကိုကွေ့မယ် ... လူမိုက်တွေဟာ



သူတို့ထက်မိုက်တဲ့သူဆီဦးတည်လို့



ဘယ်ကွေ့ ... ညာကွေ့ ... ဘယ်ပြန်ကွေ့



သည်းသည်းမည်းမည်းမိုးထဲ ငါတို့သည်းသည်းမည်းမည်းဦးတည်ထားရာ မော်လမြိုင်



ဝီရိယမကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့မြို့



ကျောတွေကိုခဏဖြန့်ခင်းလိုက်တယ်



မြစ်ကိုဖြတ်လာတဲ့လေဟာ ဘယ်မိန်းမရဲ့ချိုင်းချွေးနံ့နဲ့မှမတူဘူး



အသွေးအသားတွေကို ခက်ရင်းနဲ့ထိုးကော်ခံလိုက်ရတဲ့ မနက်စာ



ဘယ်လောက်များပူစပ်ပူလောင်နိုင်လိုက်သလဲလို့



ခဏနေတော့ ... ကျုံ့ကျုံ့လေးထိုင်နေတဲ့ မော်လမြိုင်ကို



အထက်စီးကကြည့်ပြီးပြန်ခဲ့ကြ



မော်လမြိုင်ကတော့ အတ္ထရံပုခက်ထဲ ငြိမ့်ငြိမ့်လေးလွှဲလို့ ကျန်ရစ်ခဲ့



အဲဒီနေ့က ၂၉ ရက်၊ ၈ လ၊ ၂၀၁၀။







ကြက်သွန်

Sunday, August 15, 2010

ဂိုဒေါ့နှင့်ချိန်းတွေ့ခြင်း

မင်းဆီမှာ အင်းလျားကန်ရှိလား။ အေး … မရှိဘူး။ ငါ့မှာ အင်းလျားကန်ဆိုတဲ့ အသိမရှိဘူး။ ဆိုလိုတာကကွာ အင်းလျားကန်ဟာ ငါ့အသိထဲကမဟုတ်ဘူး။ အင်းလျားကန်ဟာ ငါ့သိမှုထဲမှာ လိင်မကွဲပြားဘူး။ ငါဟာ အင်းလျားကန်စောင်းပေါ်က နှစ်ယောက်ထိုင်ခုံမှာ တစ်ယောက်တည်းထိုင်တယ်။ နှစ်ယောက်ဆောင်းထီးကို တစ်ယောက်တည်းဆောင်းတယ်။ အိမ်က နှစ်ယောက်အိပ်ကုတင်ပေါ်မှာ တစ်ယောက်တည်း အာသာဖြေတယ်။ စကားမစပ် ကျွန်တော့်ကုတင်ဘေးမှာ အင်းလျားကန်က ဘူးသီးကြော်ဆိုင်ရှိတယ်။ တံခါးဖွင့်ထားတဲ့ဆီက အလင်းရောင် ကျနေတယ်။ အင်းလျားဟာ ဘယ်သူနဲ့သွားအိပ်နေလဲ မသိရဘူး။ ဖြစ်ချင်တော့ အင်းလျားရဲ့ ညီမဝမ်းကွဲနဲ့ ကျွန်တော် တူတူမအိပ်ဖြစ်ဘူး။ ပြီးတော့ အဲဒါ တော်တော်ကြာပြီ။ အပြင်မှာမိုးတွေရွာနေပြီ။ ငါ့ဆီမှာအင်းလျားကန်သာရှိခဲ့ရင် သူ့ကျောမှာ အပေါက်တွေ ဗရပွဖြစ်နေတော့မှာပဲ။ ဒါပေမယ့် ဘာဆန်းသလဲ။ အင်းလျားဟာမွေးကတည်းက ကျောမှာ အပေါက်တွေနဲ့။ သူ့အကြောင်းလူတွေဘာပဲရေးရေး အင်းလျားရဲ့ အတွင်းသားကို ငါမသိဘူး။ ဘာကအရေးကြီးလို့လဲ။ အင်းလျားဟာ အင်းလျားဆိုတာကိုတောင် မကြာခင်လေးကမှသိရတာပဲ။ သိပ်တော့လည်းမဆန်းပါဘူး။ အင်းလျားဟာ သူလိုကိုယ်လို အချဉ်ရည်ပါပဲ။ ဘယ်သူကဘာသိစရာလိုသလဲ။ ဘယ်သူမှလည်းမသိပါဘူး။ မေးခွန်းတွေကိုရပ်လိုက်တော့ လေ။ ညမိုးချုပ်နေပြီ။ ငါ့တံခါးရွက်တွေ ပိုပိုလေးလာပြီ။ စိတ်ကိုပိတ်လိုက်တော့ ကျနေတဲ့အလင်းရောင်ကပါ ပိတ်သွားတယ်။ ခုချိန်များ ဖိနပ်ပြတ်လိုက်လို့ကတော့ ငါတော်တော်ပျော်မိမှာ။ အင်းလျားဟာ လူသံသူသံတွေနဲ့ ဗွက်ထနေ ပြီမဟုတ်လား။ လူသံသူသံတွေက အင်းလျားဆီကနေကန်ပြီးထွက်လာတာ။ တံခါးရွက်တွေထက်က အိမ်အမိုးတွေဟာ လှလှပပကောင်းကင်ပြာပြာဖြစ်သွားပြီ။ အိုး … လှလိုက်တာ။ အိမ်အမိုးတွေ။ ကြိုးတွေ။ အင်းလျားတွေ။ တရိပ်ရိပ်။ ဒရွတ်ဆွဲနေတဲ့ တိမ်တွေအင်းလျားကိုငုံ့ကြည့်နေပုံက အာသာပြင်းလွန်းလိုက်တာ။ အင်းလျားအိပ်နေတဲ့ပုံကိုလည်း ခင်ဗျား ထည့်ပြောဦးလေ။ တိမ်တွေဟာ အထစ်ထစ်ကြီးတွေဖြစ်ကုန်တယ်။ အင်းလျားဟာ ခိုးကူးခံလိုက်ရကတည်းက မစစ်တော့ ဘူး။ အင်းလျားပျောက်သွားပြီ။ အခု။ သူဌေးကြီးကလည်းအင်းလျားနဲ့။ အမှိုက်ကောက်တဲ့ကလေးအိတ်ထဲမှာလည်း အင်းလျားပဲ။ အနှစ်လေးဆယ်စစ်ပွဲအကြောင်းစာအုပ်ကိုကိုက်ဖြတ်နေတာလည်း အင်းလျားပဲ။ အရန်ခုံပေါ်ထိုင်နေတာ လည်း အင်းလျားပဲ။ အဲဒီလိုကြောင့်ပဲ အင်းလျားဟာ လူပေါင်းသူပေါင်းဆံ့လာတယ်ပြောခံရတယ်။ တကယ်က တံခါးကို ပိတ်လိုက်ရင် အလင်းရောင်ပါပိတ်သွားရမှာ။ အလင်းပိတ်တဲ့ခေတ်ကို ကုန်သွားပြီလို့ခင်ဗျားကိုကျွန်တော်ပြောဖူးသလားပဲ။ ဒါပေမယ့် အဲဒါလည်း ကျွန်တော်ရမ်းလိုက်တာ။ ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းလေး။ အင်းလျားဟာ အဆုတ်ထဲကို ကြောက်မက်ဖွယ်ရာ လေကောင်းလေသန့်တွေ ရှူသွင်းခိုင်းတယ်။ ပါးရည်နပ်ရည်ရှိတဲ့ အင်းလျားဟာ ရူးချင်ယောင်ဆောင် နေတယ်။ အခု လူပြောသူပြောများနေတာလည်း ဒါပါပဲ။ အင်းလျားဟာ သမိုင်းပဲ။ အိုး … လှလိုက်တာ။ အင်းလျားတွေ။ ဘယ်တံခါးကိုပိတ်ပိတ် အင်းလျားက ပိတ်မသွားဘူး။ အို … ဂိုဒေါ့ရေ … မြန်မြန်လာပါတော့။ ဇာတ်လမ်းကပိတ်တော့မယ်။


လင်းနီညို၊ ကြက်သွန်

Tuesday, August 3, 2010

ကဗျာကယ်ဆယ်ရေး


ခေတ်ပေါ်ကဗျာ ဂုရုကြီးသုံးဦးသည် ခရေပင်ရိပ်ဝယ်ထိုင်၍ အောက်ပါအတိုင်း ဆွေးနွေးလေသည်။
ပထမဆရာကြီး။ “ကျွန်တော်တို့ မြန်မာကဗျာလောကဟာ ဒီအတိုင်းသာ ဆက်သွားရင်တော့ မကြာဘူး၊
ရေစုန်မျောတော့မှာပဲ”
ဒုတိယဆရာကြီး။ “ဟုတ်တယ်”
ပထမဆရာကြီး။ “အခု နောက်ပေါက်ကောင်လေးတွေ သာဆိုးသေး။ ဘာတဲ့ ခံစားမှု နိမိတ်ပုံရိပ်တွေ မပါစေနဲ့တဲ့၊
ကဗျာကို ကဗျာလို မရေးနဲ့တဲ့ ”
ဒုတိယဆရာကြီး။ “ဘယ်လို ဖတ်ရမှာလဲ” “ခံစားချက်တွေ အင်္လကာတွေမပါဘဲ ကဗျာ ဖြစ်ပါ့မလား၊ ဒီရောဂါကြီး
အမြစ်မဆွဲခင် မြန်မြန်သုတ်သင်မှ”
ပထမဆရာကြီး။ “ဟုတ်တယ်…. မြန်မာကဗျာလောကကို ကယ်တင်ရမယ်… ကဗျာဆိုတာ ကဗျာ ပီသရမယ်”
လက်သီးလက်မောင်းတန်း၍ သူတို့သုံးဦးသား ကြွေးကြော်လိုက်ကာ “ကဗျာကယ်ဆယ်ရေးအဖွဲ့”ဟူ၍ စတင်ဖွဲ့စည်းလေသည်။ ၄င်းအဖွဲ့ကြီးသည် တစ်စထက်တစ်စ အင်အားကြီးမားလာကာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံ တစ်နံတစ်လျားအဖွဲ့ပေါင်း “၉၀”ကျော် ရှိလာပြီ ဖြစ်သည်။ (ရှိတာမှ ပြည်နယ်နှင့်တိုင်း (၁၄)ခုတည်းရယ်၊ အဖွဲ့က (၉၀) ကျော်တဲ့…။ ကဗျာဆရာတွေများ ပုံပြောပါတယ်)
ဤအဖွဲ့ကြီး၏ အဓိကလုပ်ဆောင်ချက်မှာ ကဗျာများအချိန်မီကယ်တင်ရေး ဖြစ်သည်။ တချို့ကဗျာတွေကို အရေးပေါ် ခွဲစိတ်ပေး သည်။ တချို့ကဗျာတွေကို နာတာရှည် ကုပေးသည်။ တချို့ကဗျာတွေကို အထူးကြပ်မတ်ဆောင်တွင် ထား၍ ကုသပေးသည်။ ဤနိုင်ငံထဲတွင် ကုသ၍ မရပါက နိုင်ငံခြားထိပင်စေလွှတ်၍ ကုသပေးနိုင်သည်အထိ ဤအဖွဲ့ကြီး၏ ငွေကြေးအင်အားမှာလည်း တောင့်တင်းလာခဲ့သည်။ ခြေထောက်တွင် အမာရွတ်ရှိရုံမျှဖြင့် ပေါင်းရင်းမှဖြတ်ပစ်သည်အထိ စိုးရိမ်ကြီးတတ်သည်မှအပ ဤအဖွဲ့ကြီးတွင် ဆိုးဆိုးရွားရွား ထောက်ပြစရာ မရှိပေ။
ယခုအခါ ကဗျာကယ်ဆယ်ရေးအဖွဲ့ကြီးသည် အင်အားကြီးမားလာကာ နိုင်ငံတကာနှင့် ဆက်သွယ်၍ ကမ္ဘာတ၀န်းလုံးတွင် ရုံးခန်းခွဲများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျက်ရှိသည်။ အခြေအနေပေးလာပါက ကမ္ဘာ့ကဗျာကယ်ဆယ်ရေးနေ့ဟု သတ်မှတ်ကာ ထိုနေ့တွင် ကဗျာများစု၍ သွေးလှူဒါန်းခြင်း၊ ကဗျာအချင်းချင်း ဖေးမကူညီခြင်းများ ပြုလုပ်ကြရန်အထိ စီစဉ်လျက်ရှိသည်။
သို့သော်….
သူတို့အဖွဲ့ကြီး၏ ဖြေရှင်းမရနိုင်သေးသည့် ပြဿနာတစ်ပုဒ်မှာ သူတို့အဖွဲ့ကြီး၏ ဆောင်ပုဒ်သတ်မှတ်ရာတွင် ဖြစ်ပေါ်နေသည်။ တချို့ကဆောင်ပုဒ်ကို ကာရန်နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးလိုသည်။ တချို့က နိမိတ်ကြမ်းကြမ်းသုံး၍ ပြင်းပြင်းထန်ထန် ရေးချင်သည်။ တချို့က ကဗျာဆိုတာ နူးညံ့ရမည်ဟုဆိုကာ နူးနူးညံ့ညံ့ ရေးးချင်ကြခြင်းကြောင့် သူတို့အဖွဲ့ကြီးတွင် ယနေ့ထက်တိုင် ဆောင်ပုဒ် မရှိသေးပေ။­­­­­
 

မြေမှုန်လွင်

Monday, August 2, 2010

ဖြစ်ပုံအရဆိုရင် ဒါ ပျက်ဖို့ပဲ

ဝင်စားမိတဲ့အခွံနံရံ အထူအပါးကိုသိဖို့
အတော်လေးကြိုးစားခဲ့ရတယ်
ဟန်ချက်ကိုထိန်းနိုင်ဖို့ ထမင်းဝအောင်သာစားထားပေတော့တဲ့
တစ်ချက်ယိုင်သွားရင် တစ်ချက်ပြန်ယိမ်းလိုက်
ခုက ရောင်စုံပူပေါင်းတွေ တစ်လုံးပြီးတစ်လုံးမှုတ်နေတာ
အားလုံးပြီးသွားရင် တစ်လုံးပြီးတစ်လုံးဖောက်ခွဲပစ်လိုက်
ဒီလိုလည်းဖြစ်တာပဲ … ဘယ်သူ့ကိုသွားတိုင်ချင်လဲ
တိုင်တစ်လုံးငါးမတ် … (တစ်ကျပ်နဲ့တစ်မတ်) ဟေ … ဟေ့
ပျော်ချင်တယ်ဆိုရင်တော့ တစ်ညလုံးအတွက်ငါးသောင်းရှိရမယ်တဲ့
မလုံခြုံဘူး … ကြိုးတန်းလမ်းလျှောက်ပဲဟေ့
ယိုင်ရင်း … ယိမ်းရင်း
ဖန်ခွက်ချင်းထိ
နှုတ်ခမ်းချင်းထိ
ဖန်ခွက်နှုတ်ခမ်းချင်း ထိထိမိမိ မှ ထိထိမိမိ
မြွေနှစ်ကောင် တစ်ကောင်အမြီးတစ်ကောင်မြိုနေသလိုမျိုး
လွန့်ရင်း … လူးရင်း
ဘယ်ထဲကို ကျွံကျွံကျသွားမှန်းမသိရလောက်အောင်ပဲ
မှောင်လွန်း … မည်းလွန်း … နက်လွန်း
ပျက်ဖို့လည်း လွယ့် … လွန် … လွန်း

ကြက်သွန်

၂၀၁၀ခုနှစ်၊ ဇူလိုင်လ၊ ၂၇ရက်