မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ ဘာလို့ အရာရာတိုင်းကို ကြိုသိနေရတာလဲ။ ငါတစ်ခုခုလုပ်တိုင်း မင်းကလုပ်ပြီးသားကြီးပါ ဆိုပြီးဟားတယ်။ ငါ့အတွက် ဘယ်လောက်ကြီးပဲဆန်းဆန်း မင်းအတွက် အဟောင်းကြီးဖြစ်နေတာ အံသြလို့မဆုံးဘူး။ ငါအံသြတိုင်းလည်း မင်းကလှောင်တယ်။ မင်းက ကြိုအံသြပြီးသွားပြီ။ တော်ဝင်ဂုံးကျော် တံတားကို ငါဖြတ်တော့ မင်းကဖြတ်ပြီးသွားပြီ။ ဓမ္မာရုံမှာ ဖိနပ် ပျောက်တော့လည်း မင်းကအရင် ပျောက်ပြီးသွားပြီ။ ငါကတတ်လေးရဲ့ xx-xxကို ရပ်နမ်းတော့လည်း မင်းကနမ်းရပ်ပြီးသွားပြီ။ ဟော….. တယ်ခက်ပါ လား။ မုန်းဖို့တော်တော်ကောင်းတဲ့ကောင်။ အိပ်မက်ထဲက ကောင်က အိပ်မက်ထဲမှာပဲ နေပါလား။ ညတိုင်းညတိုင်း ကယောင်ကတန်း အိပ်မက်တွေ ပေးပြီးရင်တော်လောက်ရောပေါ့။ ရာရာစစ ဘာလို့တကယ့်ဘ၀ကိုပါ လိုက်နှောက်ယှက်နေရတာလဲ။ မင်းလုပ်တာ ငါတော်တော် ဖီလင်ငုတ်တယ်။ ဟုတ်တယ်။ စွန့်စားမှုကြီးတစ်ခုခုလုပ်တော့မယ်လို့ ကြံရွယ်လိုက်တိုင်း၊ အဆန်းကြီးတွေ ထွင်တော့မယ်လို့ စဉ်းစားလိုက်တိုင်း မင်းကအရင်လာ နှောက်ယှက်ပြီ။ အရာရာမင်းပဲသိ။ အရာရာမင်းပဲလုပ်။ ကဲ…….. ငါ ဘယ်အက်ွက် ရွှေ့ ရမလဲ။ မင်းတစ်ခုသိထားဖို့ ကောင်းတယ်…… မင်းဆိုတာ ငါရှိလို့ရှိတာ။ ငါမရှိရင် မင်းလည်းရှိမှာ မဟုတ်ဘူး။ ငါဘာမှ မလုပ်တော့ရင် မင်းလည်းဘာမှလာနှောက်ယှက်လို့ရမှာ မဟုတ်တော့ဘူး။ အိပ်စက်ချိန်တွေမှာ မင်းငါ့ကို ကြိုက်သလို ရွှေ့လို့ရတယ်။ မောင်းနှင်ပိုင်ခွင့်ရှိတယ်။ မင်းအခွင့်အရေးကို ငါနှောက်ယှက်စရာ မရှိဘူး။ ဒါပေမယ့် နေ့ဘက်တွေမှာ ငါ့ဘာသာငါ ရှောတီလေးတွေနဲ့ ကြွယ်ချင်ကြွယ်မယ်၊ ပြသာနာတွေ တက်ချင်တက်မယ်၊ ချောက်တွေကျချင်ကျမယ်။ ကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မကောင်းလည်း ငါ့ဘ၀နဲ့ငါ။ မင်းကြိုသိနေလည်း လာမပြောပါနဲ့ကွာ။ ဒီလိုမှ မဟုတ်ရင် ငါလုံးဝ မအိပ်စက်ဘဲနေပစ်လိုက်မှာ။ ကြပ်ကြပ်သတိထား…. အဲ့ဒီတော့မှ မင်းပါဒုက္ခ ရောက်သွားမယ်။ မင်းက မင်းကမ္ဘာနဲ့မင်း ငါက ငါ့ကမ္ဘာနဲ့ငါ။
မြေမှုန်လွင်
ဟန်နီရေ
ReplyDeleteငါ့ညီကဗျာဖတ်ပြီး မောင်သင်းခိုင်အရင်က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် ပြန်သတိရမိတယ်။ဒါပေမယ့် ငါ့ညီကဗျာက ပိုပြီး လူငယ်ဆန်၊ပိုပြီး အနုပညာရသကဲ၊ပိုပြီး လက်ရှိခေတ်ကာလနဲ့ နီးစပ်တယ်။မောင်သင်းခိုင်ကတော့ အိုးစကူးပေါ့ကွာ။
ရေးထားတာလည်း ကြာပြီကိုး။
အိပ်မက်
အိပ်မက်မရှိတဲ့ည
သိပ်ပျင်းဖို့ကောင်းတယ်။
အိပ်မက်မရှိရင် မဖြစ်လို့
အိပ်မက်မုဆိုး လုပ်ရဦးမယ်။
အိပ်မက်ကို တွေ့ရင်တော့လား
မပြေးနိုင်အောင်
တိုင်မှာ ကြိုးနဲ့တုပ်ထားလိုက်မယ်။
ကျွန်တော်က အိပ်မက်ကို ရှာနေသလို
အိပ်မက်ကလည်း ကျွန်တော့်ကို ရှာနေမှာပဲ။
အိပ်မက်ဟာ ကျွန်တော်ရှိနေပါမှ
အိပ်မက်ရယ်လို့ ရပ်တည်နေနိုင်မှာ။
အိပ်မက်ဟာ ကျွန်တော်မရှိရင်
အိပ်မက်ရယ်လို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။
ကျွန်တော်ကလည်း အိပ်မက်ရှိနေပါမှ
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ။
ကျွန်တော်လည်း အိပ်မက်မရှိရင်
ကျွန်တော်ရယ်လို့ ဖြစ်တည်နေနိုင်မှာ မဟုတ်ဘူး။
အိပ်မက်ကို ဖမ်းပြီး ကြိုးနဲ့တုပ်ဖို့
အိပ်မက်ကို ကျွန်တော်က ရှာနေတုန်း
အိပ်မက်က ကျွန်တော့်ကို အရင် ဖမ်းမိသွားပြီး
လှလှပပ တင်းတင်းရစ်ရစ်
အိပ်မက်က ကျွန်တော့်ကို ကြိုးနဲ့တုပ်လိုက်တယ်။
ကျွန်တော်က အိပ်မက်ကို မက်နေတာလား
အိပ်မက်က ကျွန်တော့်ကို မက်နေတာလား။ ။
မောင်သင်းခိုင်
ကလျာ၊စက်တင်ဘာ၊Y2K၊စာ-၆