Wednesday, October 7, 2009

ကဗျာပွင့် ၉ ပွင့်၊ ကဗျာ တင်ဆက်မှု အစီအစဉ်



ခေတ်ပေါ်ကဗျာအကြောင်းစကားစပ်ကြမယ်ဆိုရင် ကိုယ့်မှာ ကဗျာ အကိုကြီး ၃ ယောက်ရှိပါတယ်၊ တကယ်ပြောကြကြေးဆို ၄ ယောက်ပေါ့၊ ကိုဖော်ဝေးကို

သက်ရှိထင်ရှားရှိစဉ် မသိမှီလိုက်တာကြောင့် နို့သက်ခံစို့ခဲ့ရတဲ့ ကျန် အကို ၃ ယောက်ကိုပဲ စာရင်းတို့လိုက်ရတာပါ၊ အောင်ချိမ့် မောင်ချောနွယ် နဲ့

ကိုယ်တို့က သိဒ္ဓတ္ထလှိုင် လို့နှုတ်ကျိုးနေတဲ့ သုခမိန်လှိုင်တို့ပါပဲ။ မြန်မာခေတ်ပေါ်ကဗျာ ဆာမူရိုင်းများလို့ တင်စားပါရစေ။



ကိုအောင်ချိမ့် ရဲ့ ကိုယ့်ကဗျာလမ်းကြောင်းအပေါ်လွှမ်းမိုးမှုကို မျက်စေ့လျင်သူတချို့ ကိုယ့်ကဗျာတွေ အပေါ်မှာ ရှာဖွေတူးဆွနိုင်ကောင်းပေမယ့် ကိုချောနွယ်

ကဗျာတွေ ကိုယ့်အပေါ် သက်ရောက်ခဲ့မှု ကိုတော့ ကိုယ့်ကဗျာတွေထက် ကိုချောနဲ့ ကဗျာဆရာချင်း ကြီးသူက ငယ်သူကို ဖေးမ တွဲခေါ်တဲ့ ချစ်စရာ ဓလေ့

ကတဆင့် ၀တ်မှုန်ကူးခွင့် ရခြင်းက ထင်ရှားစေမှာဖြစ်ပါတယ်။



သုခမိန်လှိုင် ကဗျာတွေ ကိုယ့်အပေါ် ဘယ်လို ဘယ်လောက် ပူးသတ်ခဲ့တယ်ဆိုတာကိုတော့ ဒီနေ့ ၆၊၁၀၊၂၀၀၉ ညနေခင်းတခုထဲမှာတင် ရေးသားပြီးစီးသွားတဲ့ကဗျာစု

- ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ်အားဖြင့် ကိုယ်တိုင်ပဲ သက်သေပြ ဖော်ကောင်လုပ်လိုက်ပါရစေတော့…..


ကဗျာသစ္စာအားဖြင့်-



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉

ဘန်ကောက်စံတော်ချိန် ၂၃း၁၉ နာရီ




*********



ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၁

ကျောက်တူးသမား



ရသမျှဟာ

တူးယူခဲ့ကြလို့သာ။


အရင်းအမြစ်များလှတဲ့ ကမ္ဘာကြီး

ဘယ်လောက်အိပ်စားပျက်ခံခဲ့သလဲနဲ့

ဘယ်လောက်ရူးခဲ့သလဲတို့ရဲ့ အလေးချိန်မျှ

ကိုယ်စီရခဲ့ကြတယ်

ဘာမှ ၀မ်းနည်းစရာမရှိဘူး။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၂

ပန်းကလေးတွေအကြောင်း




ပန်းကလေးတွေ အကြောင်းကိုပြောဘို့

ဘယ်နှစ်ခါလောက် ပန်း ဖြစ်ကြည့်ဖူးသလဲ။


နူးညံ့တာလောက်

ရနံ့မွှေးတာလောက်

အရောင်စုံတာလောက်နဲ့

ပန်းအကြောင်းလာမဖွဲ့နွဲ့ဘို့ တောင်းပန်ပါတယ်။


ပန်းကလေးဘက်က

(ကြင်နာစွာ) နာကျင်မိသွားလို့ပါ။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********





ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၃

သင်ခန်းစာအဟောင်းတွေ



စက်ဘီးလဲလို့

ဒူးပြဲတဲ့ဒဏ်ရာမျိုး


ငါးကိုစားလို့

ငါးရိုးက ကိုယ့်ကိုပြန်စူးတာမျိုး


မရဲပဲ ကျွဲပြဲ စီးကြည့်ပြီး

ကျွဲ ပေါ်က မရှုမလှပြုတ်ကျတတ်တာမျိုး


ဘ၀သင်ခန်းစာတွေဟာ

သင်ယူလို့ပဲ မကုန်နိုင်

ဘယ်သူမှ အသစ် မတက်ကြပဲ

ဒါမျိုး အမှားတွေပဲ ထပ်တလဲလဲ သင်ယူခြင်းမှာ

မပျင်းရိ ကြတော့ဘူးတဲ့လား။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********





ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၎

ဆုနဲ့ တန်ဘိုးသတ်မှတ်ချက်တို့ အကြောင်း



ပုစွန်တွေဖတ်ဖို့ ကဗျာ ရေးတဲ့

အဲဒီကဗျာဆရာကို

တော်လို့ဆိုပြီး ပုစွန်တုပ်ကြီးကြီး တကောင်လောက်

ဆုချဘို့မကောင်းဘူးလား။


ကဗျာကောင်းတွေက

ရှားပါးလာပြီး

ပုစွန်ထုပ်ကြီးတွေက

ဖမ်းမိဘို့ခက်သထက်ခက်လာတဲ့ ဒီကမ္ဘာကြီးမှာ။




ခင်အောင်အေး

၆၊ အောက်တိုဘာ။ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၅

ခေတ်ရယ် ကဗျာဆရာရယ် သူ့ကဗျာရယ်



ဈေးကြီးပြီး နစ်ဘ် ကောင်းကောင်း

အမျိုးအစားဖောင်တိန်တွေ

‘ပိုင်းလော့’ တဲ့ ‘ရှယ်ဖာ’ တဲ့


နောက်တော့

ဈေးချိုချို ဘောလ်ပင် ဆိုတာ

အစားထိုး ကုန်စည်သစ် အနေနဲ့ပေါ်လာတယ်


ပထမဆုံး ကဗျာလေး

ဘ၀တသက်တာရဲ့ ၁၉၇၆ ခုနှစ်မှာ

ဘောလ်ပင်လေးနဲ့ပဲ ရေးဖြစ်တယ်


ပိုင်းလော့ဖောင်တိန်က

မှင်လိုက်မကောင်းတော့လို့။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉



*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၆

ကိုယ့်ရေးပုံရေးနည်းနဲ့ နေနည်း/သေနည်း



ဟိုး အစတုန်းကတော့

ကဗျာတွေကို ပင်လယ်ကမ်းခြေမှာ ခရုကောက်သလို

ဒါမှမဟုတ် တောင်ပေါ်တောလမ်းမှာ အရိုင်းပန်းတွေခူးဆွတ်သလို

စ ရေးတယ်။


နောက်တော့..

အိမ်ဆောက်သလို ဘောလုံးကွင်းကြီးကြီးဆောက်သလို

မြို့ပြ ပြည်ရွာအသစ်တခုတည်သလို

တည်ဆောက်တယ် ရေးသားတယ်၊


ခုတော့..

လမ်းမှာ မတော်တဆ ကောက်ရသလောက်ပဲ

တော်ပြီလေ..သေခါနီးမှ သိပ်လောဘကြီးနေလို့လဲမဖြစ်ဘူး

ရသမျှလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲ နေရဲ ရေးရဲ၊ အခု သေဆိုလဲ သေရဲပြီ။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၇

ထိန်လင်းရဲ့ မာရှယ်ဒူးရွှန့်သို့တမ်းခြင်း အမှတ်တရ



ဒီကမ္ဘာကြီးပေါ်မှာ

အနုပညာအကြောင်း

သိပ်ပြီး ခက်ရာခဲဆစ် လိုက်လေ့လာနေစရာမလိုတော့ပါ။


မာရှယ်ဒူးရွှန့်ရယ်

သေးပေါက်တဲ့ခွက်ရယ်

နောက် ၁၀ နှစ် အနှစ်၂၀ လောက်စီ် ခြားပြီး

အဲဒီသေးပေါက်ခွက်ကို performance artist တယောက်က

လူပုံလည်မှာ သေးပေါက်ထည့်တာ တစ်ခါ

တူကလေးနဲ့ အက်ရုံထုပြခဲ့တာတခါ လုပ်ပြခဲ့တဲ့

အကြောင်းတွေကို သိရုံနဲ့တင် လုံလောက်ပါတယ်။


အနုပညာဆိုတာကလဲ

နားလည်ဘို့ ခက်တာနဲ့ လွယ်တာ နှစ်မျိုးပဲရှိတာဆိုတော့။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၈

အရူး (ရှယ်လီ)



ခုတလော

ဘ၀င်ရူး ရူးလောက်အောင်

ကဗျာတွေရေးမိတယ်၊


တောင်းပန်ပါတယ်

မနက်ခင်းကလေးတွေရယ်

ကိုယ် ပေတိပေကပ် မထတမ်းထိုင်နေတတ်တဲ့ ၀ရံတာလေးရယ်

ကိုယ်မပိုင်စိုးတဲ့ ကာလသုံးပါးရယ်၊


နောက်ထပ်

တောင်းပန်ရမှာက

ငါ ယခုရေးသားသမျှ အောင့်အီးသည်းခံ ဖတ်ရှုနေရသော

ကဗျာ ချစ်သူဆိုသူများ။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - ၉

လူရွှင်တော်နဲ့ ဓါတ်ကြီးလေးပါး


ဟိုမှာထောင်ထားတာ

ရေသန့်ပုလင်းပေါ့


စိုက်ထားတဲ့

လဘ်ရွှင်ဂမုန်းပန်းအိုးထဲမှာ မြေကြီးအနည်းငယ်


ပန်ကာကို ၂၄ နာရီဖွင့်ထားရတယ်

လေ၀င်လေထွက် ကောင်းအောင်လို့


ပူတယ်အေးတယ်

နှာသီးဖျားမှာ ထင်ရှားတယ်


အော်…ဓါတ်ကြီးလေးပါး အကြောင်း

ဓါတ်ဆီ ဓါတ်ဆံကတဆင့် ပြန်သိရတယ်


တခါတခါ လူရွှင်တော်တွေဟာ

ပရောဟိတ်။




ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉




*********




(ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီးမှ ထပ်ရေးဖြစ်တာလေး၊ ဘောနပ်စ် ပေါ့။

ဖြုတ်ချန်ထားခဲ့ရမှာ နှမျောမိသလို ဟိုအထဲ သွားပေါင်းထည့်ဘို့ကျတော့ စိတ်က လျှောကနဲ မဖြစ်တာကြောင့်၊ ခုလိုပဲ...)




ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု - (အပိုဆု)

ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်



ရှေ့ကဗျာတပုဒ်နဲ့

သူ့နောက်က ကဗျာပုဒ်ကြား

ကဗျာတပုဒ် ရှိသေးတယ်။


အစ ရပြီးမှ

ချ မရေးလိုက်ရလို့

ပြန်မေ့သွားတာ။


ဒီကမ္ဘာကြီးပေါ်မှာ..

မေ့ တတ်ခြင်းဆိုတာသာ ရောဂါတခုလို

လူသားတွေ အပေါ်မှာ မသက်ရောက်ခဲ့ဘူးဆိုလျင်။


ကမ္ဘာ ဆိုတာကြီးဟာ

ခုလောက်တောင် သက်ဇိုး ရှည်ပါ့မလား

စဉ်းစားတွေးခေါ် စရာ ကောင်းလွန်းလှသည်ပင်။



ခင်အောင်အေး

၆၊ အောက်တိုဘာ၊ ၂၀၀၉


(ဤတွင် ကဗျာပွင့် ၉ ပွင့်၊ ကဗျာတင်ဆက်မှု အစီအစဉ် ပြီး၏။)

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။