Friday, December 11, 2009

ရုပ်ရှင်

ရုပ်ရှင်


အမှောင်ရောင် နှစ်ခုထပ်တွဲ ထပ်လျှက်
ငါအရှေ့က ကုဗတုံးပုံသဏာန်ကြီးဟာ ဘာလဲ
ကိုယ့်အလုပ်ကိုယ်လုပ်နေရာကနေ
တဖြည်းဖြည်း တဖြည်းတဖြည်း
နာမည်ကျော် လက်ချင်းချိတ်ဆက်မှု နဲ့
ဟောဒီမှာ အားလုံးငြိမ်သက်နေရာကနေ
တဖြည်းဖြည်း လှုပ်ရှားလာ
ငါ နဲ့ မတော်မတဲ့ ရည်းစားတစ်ယောက်ကိုပြန်တွေ့တယ်
ရွှေ တွေ ထွက် ရွှေ တွေ ထွက်
အလုပ်ရှုပ်နေကျတာ
ဓာတ်ပုံတွန့်တွန့်ကျေတစ်ပုံလဲ နေရာတိတိ ကျသွားတယ်
မြင်ကွင်းက တဖြည်းဖြည်း တဖြည်းဖြည်း
ကဲ .. ဒီမှာ ပင်လယ်ကို မှောက်လို့မှောက်
မိန်းမ တစ်ယောက် လိပ်စာကဒ်နဲ့
အပျော်အပါးမက် ခေတ်လူငယ်တသိုက်
ကဲ .. ဒီထဲမှာ တဖြည်းဖြည်း တဖြည်းဖြည်း
ရှေ့သွားလေး နှစ်ချောင်း နဲ့ ကမ်းခြေတခုလုံးကို ကုတ်ခြစ်လိုက်တယ်
အရာအားလုံး ဘောင်ဝင်သွားပြီ
အိနြေ္ဒရရပဲ
ကမ္ဘာကျော်ဆိုသူဟာ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
တလှမ်းခြင်းထထွက်သွားတယ် ။


ရုပ်သေး
၁ဝ.၁၂.၂ဝဝ၉







ရုပ်ရှင်



မလိုအပ်ပဲ ဆေးလိပ်မီးခိုးတွေ ရှိုက်သွင်းနေခဲ့ရ
ညနေဟာ ဆွေးမြည့်ခြင်းကို
သာသာထိုးထိုးလေး ခင်းပြနေတယ် ၊၊
ငါ့မျက်စိထဲ အညိုရောင်မြင်ကွင်းတွေချည်းဖြစ်လို့
ဇာတ်သိမ်းခန်းသိုးမသွားခင်
နှိုက်စားချင်စိတ်ကို မနည်းထိန်းထားရ …
သက်ပြင်းတွေနဲ့ပဲ ပရိသတ်မပျင်းရအောင်
ထပ်တလဲလဲ ရယ်ပြနေရတယ် ၊၊ ၊၊



ကြက်သွန်
၁ဝ.၁၂.၂ဝဝ၉











ရုပ်ရှင်



ချက်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်၊၊

ကိုယ့်ဘာသာခြေခေါက်လဲရင်တောင် ကိုယ့်အပြစ်ပဲ ဖြစ်ရမှာလဲ သိတယ်
ကန်နေကြတာကလဲ အကန်းတွေအတိုင်းပဲ
ခေါင်းစားလာပြီ
ဘာလို့ ဒီလောက် ခေါင်းပါးနေရတာလဲ
ခင်ဗျားတို့သာ သိတတ်ကြည့်
ဒီလက်ခေါက်ထဲက သီချင်းဟာ ခင်ဗျားတို့အတွက်ပဲ
ဒီထဲကို ဒီလိုဆင်း
ဒီပေါ်ကို ဒီလိုတက်
ခင်ဗျားတို့အိတ်ကပ်ထဲက ခေါက်ဆွဲခြောက်တွေ အစိုမပျံမခြင်းလေးတော့ ....
အချို့ သာစေတနာ ကို ဖျက်လိုဖျက်ဆီး မလုပ်ခဲ့ရင်
ဇာတ်လမ်း နဲ့ ဇာတ်အသွားအလာမှာ ရုပ်သေနေမှာမဟုတ်ဘူး
ရှေ့ကလူက ဓာတ်ပုံတစ်ပုံကို ပြပြီး
ဒါဟာ ရုပ်ရှင်လို့ပြောတယ်

‘မင်းတို့တစ်ရုပ်ကိုမှ ငါ အရှင် မထားဘူးကွ”
ချက်စ်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်
စစ်တုရင် အကွက်တွေမှ …၊၊




ဇာတိ

၁ဝ.၁၂.၂ဝဝ၉




 



ရုပ်ရှင်


ပုံသေကားချပ်မဆန်ချင်လို့
ဒီမြင်ကွင်းကို အရွေ့လို့ နာမည်ပြောင်းတယ်
ဆက်တင်ရဲ့နောက်ခံကားမှာ ဘဝ ဆိုတာကို ကြီးကြီးရေးချလိုက်
ဇတ်ညွှန်းက ပုထုဇဉ် တယောက်ရဲ့ နွေနံနက်
သွားသွားလာလာ နားနားနေနေ စားစားသောက်သောက်
လောကဓံကို ဗီလိန်နေရာမှာထားမယ်
အော်စကာပေးမယ်ပြောရင် သွက်သွက်ခါအောင်ငြင်းလိုက်
ကိုယ်က
ဒီဇတ်လမ်းမှာ ရှန်ဒလားရဲ့
စာရင်းထဲက မေ့ကျန်နေခဲ့သူ သက်သက် ။


ဖုန်းမြင့်
10.12 .2009




 



ရုပ်ရှင်

တစ်ယောက်ကလမ်းဖြတ်ကူးလာတယ်
တစ်ယောက်က ဘရိတ်အုပ်လိုက်တယ်
တစ်ယောက်က ကော်ဖီခွက်ကိုမလိုက်တယ်
တစ်ယောက်က လှေကားပေါ်ကပြေးအဆင်း
တစ်ယောက်က လေပြည်တွေကို မျက်နှာမူလို့
တစ်ယောက်က မုန်တိုင်းထဲမှာရုန်းကန်လို့
တစ်ယောက်က မွေးခန်းထဲမှာ
တစ်ယောက်က မီးခိုးခေါင်းတိုင်ကိုလှမ်းအငေး
တစ်ယောက်က အဝေးကြီးကပြန်အလာ
တစ်ယောက်က နောက်ဆုံးကျောခိုင်းလိုက်တယ်
တစ်ယောက်က ပန်းစည်းတွေယူလာတယ်
တစ်ယောက်က ကျောင်းထွက်လိုက်ရတယ်
တစ်ယောက်က စီးပွားရေးလုပ်တာအရမ်းအောင်မြင်နေတယ်
တစ်ယောက်က စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံ
တစ်ယောက်က တစ်ယောက်ကိုမယုံဘူး
တစ်ယောက်က တစ်ယောက်အပေါ်ကောက်ကျစ်နေတယ်
တစ်ယောက်ချင်း စိန်ခေါ်ပစ်လို့
တစ်ကိုယ်တော် အရက်ပုလင်းနဲ့ကြေကွဲ
တစ်ယောက်နဲ့ တစ်ယောက်ပြေးဖက်လိုက်ကြတယ်
တစ်ယောက်နောက်ကျောကို တစ်ယောက်ဓားနဲ့ထိုးလို့...
တစ်ယောက်ယောက်က မီးခလုတ်ကိုထအဖွင့်
တစ်ယောက်တည်းထပြန်လာတယ်
တစ်ယောက်တည်းပဲ... ရုပ်ရှင်ထဲမှာ...။


မိုးလှိုင်ည

၁ဝ.၁၂.၂ဝဝ၉

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။