တစ်စုံတစ်ယောက်
ကျောက်ကမ်းပါးစွန်း ထိပ်ပေါ်ရုတ်ချည်းတက်
ပင်လယ်ကို ဆဲပါလေရော။
မိုက်မဲတဲ့ရေ မိုက်မဲတဲ့ကိုယ်ဝန်ဆောင်ရေ၊
ကောင်းကင်ရဲ့ ရွှံ့စေးထူတဲ့ ပုံတူကား၊
နေနဲ့လကြား တွန့်ဆုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်လုပ် ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသိုး၊
ကျောက်တုံးများကို သူ့သွေးနဲ့မျိုးအောင်စေသူ၊
သူ့ကိုယ်သူ ပြန်သတ်တဲ့ဓား၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူ အစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာ ညကို အပိုင်းပိုင်းဖြတ်သူ၊
တိတ်ဆိတ်မှုရဲ့ ဆားငန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံတွေဖြန့်ပြီး၊
အချည်းနှီး၊ အချည်းနှီးပဲ၊
ဂေါ်ဂွန် ကိုယ့်ကိုယ်ကို ပြန်လည်ဝါးမျိုနေသူ။
ရေ၊ ရေရဲ့ ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံ အသင်-
အဲဒီလို အတန်ကြာ ပင်လယ်ကို သူဆဲပစ်လိုက်တယ်။
သဲပေါ်က သူ့ခြေရာတွေကို လျှာနဲ့လျက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရ ခွေးတစ်ကောင်လို။
ပြီးတော့ သူအောက်ကို ဆင်းလာ
ပြီး ပွတ်သပ်လိုက်တယ်
သေးသိမ်စွာ ထုထည်ကြီးမား မုန်တိုင်းထန်နေတဲ့
ပင်လယ်ရဲ့ ကြေးမုံကို။
တွေ့ပလားကွ၊ ရေ၊ လို့ သူပြောပြီး
သူ့လမ်းသူ ဆက်သွားပါလေရော။ ။
Miroslav Holub
(မောင်သစ်မင်း ဘာသာပြန်သည်)
ဟိုက်ဒြာ= ခေါင်းတစ်လုံးဖြတ်လျှင် နှစ်လုံးတိုးသည် ဆိုသော ဂရိဒဏ္ဍာရီထဲက နဂါးကြီး
ဂေါ်ဂွန်= ဂရိဒဏ္ဍာရီထဲက အလွန်စက်ဆုပ်ဖွယ် ကောင်းသော ဘီလူးမ
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။