Friday, December 4, 2009

စိတ်ကူးမဲ့မနက်ခင်းများ…

"စိတ်ကူးယဉ်ခြင်းက အသိဥာဏ်ထက်ပိုအရေးကြီးတယ်" အိုင်စတိုင်းကပြောခဲ့ဖူးသည်။

သူ အိုင်းစတိုင်းနဲ့ သိကျွမ်းခဲဖူးခြင်းမရှိပါ။ အိုင်စတိုင်းရဲ့ ရီလေတီဗီတီကိုလည်း မဖတ်ခဲဖူးပါ…။ အထက်က အိုင်စတိုင်းစကားကို မဂ္ဂဇင်း အဟောင်းတစ်အုပ်ထဲမှာ အမှတ် မထင် ဖတ်ခဲ့ဖူးခြင်းပါ…။ သူက စိတ်ကူးမယဉ်တတ်ပါ အသိဥာဏ်ကြီးနေ၍ တော့မဟုတ်… ဘ၀က စိတ်ကူးယဉ်ဖို့ အချိန် မရ၍သာ….. ။ တစ်ခါတော့ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီကို စာအုပ်ဆိုင် တစ်ဆိုင်မှာ မေးကြည့်ဖူးပါတယ်…။ ဆရာဗန်းမော်တင်အောင် ဘာသာပြန်တဲ့ ရီလေတီဗီတီက ကိုးတန်းကျောင်းသူ ညီမလေးရဲ့ ကျူရှင်စရိတ် တစ်လစာဖြစ်ပြီး… တက္ကသိုလ် ကြယ်ပွင့်ရေးတဲ့ ရီလေတီဗီတီက သူတိုမိသားစုရဲ့ ညနေစာ တစ်နပ်ဖြစ်နေပြန်ပါတယ်။

"ထမင်းတနပ်ရှာစားတာချင်း အတူတူမင်းကို ပန်ကာအောက်မှာ စားပွဲနဲ့ကုလားထိုင် နဲ့ ချွေးမထွက်ပဲ အလုပ်လုပ်နိုင်အောင် ပညာသင်ပေးနေတာ"

အထက်တန်းကျောင်းသားဘ၀က သူကျောင်းပြေးတုန်းက အဖေသိသွားလို့ ဆုံးမတဲ့ စကားတွေထဲမှာ သူမှတ်မှတ်ထင်ထင်ဖြစ်မိတဲ့စကားပါ…။ နောက်ပိုင်းတော့သူ တတ်စွမ်းသမျှတော့ကြိုးစား ခဲ့ပါတယ်…။ မိဘ၀န်ထမ်းတွေရဲ့မျက်နှာကိုငဲ့ပြီး ဆယ်တန်းမှာအမှတ် မကောင်းတောင် နှစ်ချင်းပေါက်အောင်ဖို့ သူဂရုစိုက်ခဲ့တယ်…။

တက္ကသိုလ်တက်တော့လည်းစရိတ်နည်းနည်းနဲ့ဘွဲ့မြန်မြန်ရတဲ့အဝေးသင်ပဲ ရွေးချယ်ခဲ့ရတာ…။လူငယ်ဘ၀တွေမှာရွေးချယ်စရာတွေအများကြီးရှိတတ်ပေမယ့် ရွေးချယ်နိုင်ခွင့်ကတော့အနည်းငယ်ပါ…။ သူဘွဲ့လက်မှတ်လေးကိုင်ပြီး ယောင်ခြောက်ဆယ် လုပ်နေတုန်း ဦးလေးတွင်ခုံဆရာတစ်ယောက်က မင်းအလုပ်မရှိရင် ငါတို့အလုပ်ရုံလိုက်ခဲ့ကွာဆိုတော့… တစ်နေ့ရှစ်ရာကျပ်နဲ့သံပန်း အလုပ်ရုံတစ်ခုမှာလုပ်ဖြစ်ခဲ့တယ်။ စက်မှုဇုန်ရဲ့ နေပူပူ နားဆူဆူအရပ်မှာ သံပန်းတွေကို သံချေးခေါက်ချရင်း အဖေရဲ့ ထမင်းတစ်နပ်ရှာစားတာခြင်းအတူတူ ဆိုတဲ့စကားက သူ့အတွေးထဲ ထော်လော် ကန့်လန့် ၀င်ချလာပါတယ်…။

ဆရာသစ္စာနီရဲ့တိမ်နဲ့လူ ဆိုတဲ့ဝတ္ထုကို ဖတ်မိတော့ သူငယ်ချင်းအစ်ကိုတစ်ယောက်ရဲ့ လူတွေမှာကိုယ်ပိုင်နံပါတ်တွေပါတယ်ဆိုတဲ့ စကားကိုသူ သွားအမှတ်ရမိပါတယ်….။

ကံကြမ္မာရဲ့ ပြဌန်းချက်တွေနဲ့ လိုက်လျောညီထွေပြုပြင်ရဖန်များ လာတော့ သူ့ကိုယ်ပိုင်ဆန္ဒတွေကို မေ့လျော့လာမိခဲ့တယ် …. လေဆန်ညတွေကို ဖြတ်ပျံလာပြီးတဲ့နောက်မှာ အတောင်တွေကြမ်းခတ်လာခဲ့တယ်။

ငှက်တွေက ပျံရင်းသေတယ်တဲ့ လူတွေကကြံရင်းသေတယ်…သူ့ဘ၀မှာအေးအေးလူလူ စာဖတ်နိုင်မယ့်အချိန်တွေမျော်လင့်ခဲ့ဖူးတယ်… ဒါပေမယ့် သူနေတဲ့အရပ်မှာမှ နေရောင်ခြည်က ပိုမိုစူးလျှလေသလားမသိပါ… နေရိပ်ကိုရဖို့အတွက် နေပူထဲကရပ်စောင့် မနေခဲ့ပါ… ၀မ်းတစ်ထွာအတွက် နှစ်ကာလတွေကိုကြုံသလိုဖြတ်လာခဲ့ရဖူးတယ်.. ယုတ္ထိကျတယ်လို့ အသိုင်းအ၀ိုင်းကယူဆထားတဲ့ ဆင်ခြင်ခြင်းတွေနဲ့လျှောက်ခဲ့ရဖူးတယ်.. သူ့အရပ်က ငါးပေဆယ့်တစ်လက်မရှိပေမယ့်…. တိမ်တွေကမြင့်လွန်းနေပါတယ်…။ ဘ၀ရေပြင်ညီကနေ ခုန်ပျံကျော်လွှားဖို့ သူ့ဆီမှာနည်းပညာမရှိပါ… တစ်ခါတစ်ခါတော့ဘာကိုနာကြည်းရမယ်မှန်းမသိပဲအရာရာကိုနာကြည်းနေမိပြန်ပါတယ်…။

ရိုးသားကြိုးစားရင် တစ်နေ့အောင်မြင်ရမယ်လို့ တက်ကျမ်းစာအုပ်တွေထဲမှာ ဘာလို့ရေးတတ်ကြတာလဲ … တစ်ယောက်စနှစ်ယောက်စ အောင်မြင်ရုံနဲ့တော့ သက်သေပြချက်တွေ ထုတ်ပြတတ်တာဆိုးပါတယ်… သူလည်း တက်ကျမ်းစာအုပ်တွေဖတ်ပြီး တစ်နေ့ကြီးပွားလိမ့်နိုးနဲ့ မျော်လင့်ခဲ့ဖူးပါတယ်… လမ်းဆုံးတော့ချောက်က ဆီးကြိုနေပါတယ်…. တံတာထိုးဖို့သူ့ဆီမှာ အပိုပစ္စည်းကပါမလာဘူး…. တချို့လူတွေက အမြင့်ပျံယာဉ်တစ်ချို့နဲ့ မြင့်လွန်းတဲ့တောင် နက်လွန်းတဲ့ချောက်တွေကို ဖြတ်သန်းသွားတာမြင်ဘူးပါတယ် …. သူတို့လိုမွေးကတည်းက ဘာမှပါမလာတဲ့သူတွေက ချောက်ကမ်းပါးနားမှာ တ၀ဲလည်လည်ပါ။

လူတိုင်းမှာကိုယ်ပိုင်နံပါတ်တွေပါရင်တောင် ကံကြမ္မာကခွဲခြမ်းဖို့ နံပါတ်တွေပေးထားတာပဲဖြစ်မှာ … ကဗျာဆရာပိုင်ပြောသလို ဒီတစ်ညတော့ ဘုရားသခင်က လူချမ်းသာတွေအတွက် နည်းနည်းပိုပေးမိလို့ ညစောင့် အဘိုးအိုမှာ စွပ်ပြုတ်မရရှာတာပါ…သန်းခေါင်ကျော်လာပေမယ့်… မိုးမလင်းတတ်သေးတာ သူ့ဆီမှာညတာတွေပိုရှည်လျားခဲ့လို့………..။


မိုးလှိုင်ည

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။