Sunday, December 13, 2009

မမမြိုင်


မမမြိုင်


ကုန်သွားပြီ…

ကုန်ပစ္စည်းတွေ

ကုမ္ပဏီတွေက တင်သွင်းထားတာတွေ

ပြည်တွင်း ကုန်ထုတ်လုပ်မှုပမာဏ ပြည့်မီအောင်ထုတ်လုပ်ထားမှုတွေ

ထုတ်လုပ်ခြင်းကို ထုတ်လုပ်မှုတွေ

ဘာတွေထုတ်လုပ်မိနေတာတွေ

ထုတ်လုပ်သမျှ ထုတ်ပိုးနေရတာတွေ

ထုတ်ပိုးပြီးသမျှ ထမ်းပိုးနေရတာတွေ

ထမ်းပိုးထားရတာတွေကို ထန်းလက်နဲ့ကာနေရတာတွေ

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တွေ

ကျီးကြည့်ကြောင်ကြည့်တွေ

ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ မေးခွန်းတွေ

မေးခွန်းက မေးခွန်းကို မေးခွန်းနဲ့ပဲ တုံ့ပြန်နေတာတွေ

တုံ့ပြန်မှုဟာ လက်တုံ့ပြန်ခြင်းခံနေရတာတွေ

ခံနေရတာတွေကို ခံစားချက်လုပ်ပြီး ကဗျာရေးရကောင်းမလားစဉ်းစားမိနေတာတွေ

စဉ်းစဉ်းစားစားနဲ့ စား နေတာတွေ မိသွားတာတွေ

မိကျောင်းတွားတက်လာနေတဲ့ သွားတွေ

သွားတွေ တဆစ်ဆစ် ကိုက်မြဲကိုက်နေ

ကိုက်လမ်း အတိုင်းပြေးမြဲ ပြေးနေမိတဲ့ ကိုက်လမ်းကဗျာထဲက ယုန်သတ္တ၀ါ လေးတွေ

ယုန်ကလေးရေ…တကယ်တမ်းမတော့

ငါဟာ ငါ့ဘ၀ အမှန်အတိုင်းမနေထိုင်နိုင်ခဲ့ဘူးကွယ်

ငါဟာ ငါ့ကိုယ်ငါ ကွယ်ခဲ့တယ်

ငါ့ဘ၀အမှန်ကို ငါကိုယ်တိုင် ကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ရိုသေစွာ ကွယ်ခဲ့တယ်

ငါဟာ ငါ့ကိုယ်ငါ ရိုသေစွာ ကိုးကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ကိုးကွယ်မှုမှားခဲ့တယ်

ငါဟာ မှန်ကန်စွာမှားခဲ့တယ်

ရှေ့သွားလေး ငေါငေါ နဲ့မှားခဲ့တယ်

လူ့သမိုင်းကြီးတခုလုံးဟာ ရှေ့သွားတွေ တငေါငေါ

ဘီစီ ငါးထောင်ရဲ့ဟိုဘက်ခြမ်းမှာ တငေါငေါ

အေဒီ ၁ ရာစု ၂ ရာစုမှာ တငေါငေါ

တကောင်း အဘိရာဇ ဆိုပြီး တငေါငေါ

ဘယ်ညာ hang bag တွေ suitcase တွေ ဆွဲလာပြီး တငေါငေါ

ဆတ်ကနဲ shock ရပြီး တငေါငေါ

တော်လောက်ပြီ တငေါငေါ

ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ တငေါငေါ

တငေါငေါ ဟာ တငင်ငင်

တနွယ်ငင်မိတာ တစင်ပါရောပဲ

အဲဒီတော့..

မင်းလဲတစင်ထောင် ငါလဲတစင်ထောင်မယ်

ဟိုကောင်တွေကလဲ တယောက်တစင်စီဆိုတော့ မြိုင်ပြီပေါ့ မမမြိုင်။


ခင်အောင်အေး


၁၀၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူ စံတော်ချိန် ၁၃း၂၆ နာရီ

2 comments:

  1. ကြိုက်တယ်ဗျာ။ ကဗျာကို ဖတ်နေရင်း ကဗျာနာမည် မမမြိုင်ဆိုတာ မေ့သွားတယ်။ နောက်ဆုံးကြတော့ မမမြိုင် ပြန်ပေါ်လာတယ်။ ဆိုင်သလိုနဲ့ မဆိုင်သလိုနေနေတဲ့ မမမြိုင် ..

    ReplyDelete
  2. အင်းး တော်သေးတာပေါ့.. နောက်ဆုံးမှာ မသိန်းရှင် ပါလာသေးပေလို့.. အဲလိုပဲ ဖတ်ရင်း စောင့်ခဲ့ရ... စောင့်ရင်းဖတ်ခဲ့ရ.. မမမြိုင်..။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။