Sunday, August 2, 2009

အနှေးပြမြင်ကွင်းများ

ချောက်ခြားဖွယ် တိတ်ဆိတ်မှုက
ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်တယ်
စိတ်ကိုတွန်းဖွင့်လိုက်တော့
ပြင်ပ အထီးကျန်လေများ
ဒလဟော တွန်းထိုးဝင်လာကြ
ငြီးငွေ့ဖွယ် ဖက်တွယ်ခြင်းခံခဲ့ရတဲ့
ပူလောင်မှုများကြားမှ ပဲ့တင်သံ

လွတ်မြောက်ခွင့်ပေးပါ . . .

လွတ်မြောက်ခွင့်ပေးပါ . . .

လွတ်မြောက်ခွင့်ပြုပါ . . .

ငါ့အသံကိုမြင်လား ၊ ငါ့စကားကိုကြားလား
ငါ့တရားက ဓါးသွားတွေခွေလိပ်
ဓါးအိမ်ထဲပိတ်မိနေတယ် . . .

ဒုန်းစိုင်းပြေးနေတဲ့ ငါ့စိတ်မြင်းရိုင်းကို
ဘယ်လိုအလျင်နှုန်းနဲ့ချုပ်ကိုင်မလဲ
ပျံသန်းခြင်းဆိုင်ရာ သီဝရီတခုနဲ့လား
တောင်ပံရိုက်ချိုးခြင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့လား

ဥပါဒ် ၊ ဌီ ၊ ဘင်
ဥပါဒ် ၊ ဌီ ၊ ဘင်
ခင်ဗျားဖြစ်နေချိန်မှာ
ကျနော်ပျက်မယ်
ကျနော်ဖြစ်မယ့်အချိန်မှာ
ခင်ဗျားတို့ပျက်လိုက်ဦးပေါ့

ခရမ်းရောင်ပွ့င်လွှာရဲ့ အလယ်ဗဟိုချက်ကို
တဲ့တဲ့စိုက်ခဲ့တဲ့မြှားချက်ပဲ
ဒါပေမဲ့
ပစ်လိုက်တဲ့ ငါဟာ ပင်လယ်ဓမြ ဆန်တယ် ။ ။


ဖုန်းမြင့်

3 comments:

  1. ကောင်းလိုက်တာဗျာ။
    "ဥပါဒ် ၊ ထီ ၊ ဘင်"တကယ့်ကိုမှန်ကန်မှုတွေကို ဖွင့်ဆိုတာပဲ။

    ReplyDelete
  2. ပင်လယ်ဓမြကြီးရေ... အနှေးပြမြင်ကွင်းလေး လာကြည့်ရှုသွားပါတယ်။
    ဘာမှလဲ မပြောတတ်တော့ပါဘူးနော်။

    ReplyDelete
  3. ခရမ်းရောင်ပွ့င်လွှာရဲ့ အလယ်ဗဟိုချက်ကို
    တဲ့တဲ့စိုက်ခဲ့တဲ့မြှားချက်ပဲ
    ဒါပေမဲ့
    ပစ်လိုက်တဲ့ ငါဟာ ပင်လယ်ဓမြ ဆန်တယ် ။ ။

    အဆုံးသတ်မှာ သက်ပြင်းတချက် အီလေးဆွဲ ချလိုက်မိတယ်
    ဂွတ်ပ..။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။