Saturday, August 22, 2009

ကျွန်တော်စွဲလမ်းမိနေသော ဖိနပ်တစ်ရံ

ငွေခြောက်သောင်းတန် ဖိနပ်တစ်ရံကို သဘောကျမိတဲ့နေ့မှာ ထောင့်နှစ်ရာတန် တာယာဆိုလ်းပြားနဲ့ ဖိနပ်လေးတစ်ရံကို ကျွန်တော်သတိတရ ရှိသွားမိတယ်….။ အဲဒီတုန်းက လေးတိလေးကန် နေ့စွဲတွေကို အားမလိုအားမရ ဖြတ်သန်းနေရချိန်ပေါ့။ ဘ၀ဆိုတာ အညိုရောင်ပါလို့ စိတ်ထဲက အမာရွတ်တွေကို ပွတ်သပ်နေမိတုန်းလေ။ ကောင်းကင်က ကမ္ဘာဖျက်မိုးလားလို့ ထင်မှတ်မှားအောင်သိပ်သည်းနေပါတယ်။ တတိယလှိုင်းလုံးနဲ့ တတိယကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ခေါင်မမြဲတဲ့ ဖိနပ်တစ်ရံအတွက် စိတ်ထဲမှာ မွန်းကျပ်နေပါတယ်…။ ထင်မှတ်ထားတာထက် ပိုမိုခိုင်ခန့်နေတတ်တဲ့ ဆင်းရဲသား ဖိနပ်တစ်ရံဟာ ခရီးတို၊ ခရီးလတ်တွေအတွက်၂၀ကျပ်တန် ဘတ်စ်ကားကို ကြွားကြွားဝါ၀ါမစီးတတ်တဲ့ ကျွန်တော့် အတွက်တော့ ၀ါးစားနေသလား ထင်မှတ်ရအောင် သက်တမ်းကုန်ရက်က သိပ်နီးကပ်နေပါတယ်။ လမ်းများတဲ့ ကျွန်တော့်အတွက် နှစ်လတန်သည် သုံးလတန်သည်မှာ ဖိနပ်အသစ်တစ်ရံ ၀ယ်စီးရလေ့ ရှိပါတယ်။ တခါတရံ ငွေကြေးပြတ်လပ် နေတဲ့အချိန်မှာ ဖိနပ်ချုပ်သည် ဂတ်စ်ဖြည့်သည်ဆိုတဲ့ ၃၈လမ်းထိပ်က ကိုတင်သန်းနဲ့ စကားစမြည် ပြောနေခဲ့ရတတ်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်တော့်ရဲ့ ရန်ကုန်နေ့စွဲတွေထဲမှာ ဖိနပ်မပါဘဲ လျှောက်သွားဖူးတဲ့ နေ့တစ်နေ့ပါပဲ။ ကြာသပတေးလား၊ သောကြာလား မသေချာပေမယ့် အဲဒီနေ့က အိပ်ကပ်ထဲမှာ ပိုက်ဆံပြတ်နေတာ သေချာပါတယ်။ မိုးကလည်း တစိမ့်စိမ့်စွေလို့ပေါ့။ မနက်ရုံးလာကတည်းက ကတ္တီပါသဲကြိုးက နဲ့တဲ့တဲ့။ ပြတ်မှာစိုးလို့ ဖိနပ်ကို ခါးကြိုးထိုးပြီး လမ်းလျှောက်ချင်ပေမယ့် မြည်းတစ်ကောင်နဲ့ သားအဖလို့ ပတ်ဝန်းကျင်အမြင်များ စောင်းမလားဆိုတဲ့ အတွေးနဲ့ ခြေတစ်လှမ်း သိစိတ်တစ်သန်းနဲ့ ထိန်းချုပ်ရွေ့လျားခဲ့ပါတယ်။ အဲဒီအချိန်က ဖိနပ်ကို နှမြောတဲ့ စိတ်ကလေးသာ ဖယ်ထုတ်လိုက်ရင် တစ်မဂ်တစ်ဖိုလ်များ ဆိုက်ရောက်လေမလားကို ထင်မှား တွေးမိသေးတယ်။ ရုံးရောက်တော့ ကျွန်တော့်ကို ဂေါ်လီတစ်လုံးလို လှိမ့်ဖို့ အလုပ်တွေက တပုံတပင် စောင့်နေတယ်။ ပထမဆုံး သွားရမယ့်ခရီးက ကမ်းနားလမ်းပေါ်က ဂျာနယ်တိုက်တစ်ခုမှာ ကြော်ငြာထည့်ဖို့၊ ဒုတိယက ဗိုလ်ချုပ်ဈေးသစ်ထဲက ဆေးဆိုင်အမှာတွေ သွား ကောက်ဖို့၊ တတိယအလုပ်က အထက်အရာရှိ မုတ်ဆိတ်ရိတ်ဓားဝယ်ဖို့နဲ့ သူ့ကိုယောက်ျားစစ်မှန်ကြောင်း အာမခံအားတိုးဆေးဝယ်ဖို့၊ ကြီးကြပ်ရေးမှူးမ အတွက် လက်ကိုင်အိတ်ဈေး မေးခဲ့ဖို့စတာတွေနဲ့ ကျွန်တော်ကို ရုံးအမိုးအောက်ကနေ အပြီးသတ် ကန်ထုတ်လိုက်ပါတယ်။ ရက်စက်လှချည်လား . . . မိုးရယ်…။ ၁၅၀၀ တန် ထီးတစ်လက်နဲ့ ခုခံကာကွယ်လို့ မရနိုင်အောင် မိုးစက်တွေက ကတ္တရာလမ်းပေါ် တဖြောင်းဖြောင်း ရိုက်ချနေပါတယ်။ မိုးတွေ သိပ်များလို့ အလုပ်နားနေလို့ မရတဲ့ဘ၀ဆိုတော့ အသက်တစ်ပိုင်းကို ရွှဲစိုစေချင်လည်း ရွှဲစိုခိုင်းလိုက်ရုံပေါ့။ တခါတလေ ကျွန်တော့်ကိုယ်ကို သံထည်သံသားလို ယုံကြည်မှုထားခဲ့ဖူးတယ်။ လတ်တလောအချိန်မှာ စိတ်ပူ နေရတာကတော့ ကိုယ့်အောက်မှာ တစ်ခုတည်းရှိတဲ့ ဖိနပ်ကိုပါပဲ။ ကိုယ့်ထက် အောက်ကျတယ်ဆိုပြီး သူ့ကို မလေးစားလုပ်လို့ မရတဲ့ အခြေအနေပါ။ အဲဒီလိုနဲ့ မနက်က ရုံးကိုလာတဲ့ သမာဓိကို ပြန်လည်စုပ်ယူပြီး သကာလ ကျွန်တော့်ခြေထောက်တစ်စုံကို ဗိုလ်ချုပ်လမ်းမပေါ် ရွေ့လျားလိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း၊သုံးလှမ်း၊ ခြေလှမ်းသုံးဆယ်၊ ခြေလှမ်းငါးဆယ်၊ ခြေလှမ်း၂၀၀ အရောက်မှာ . . .။ မတော်လို့ပါ . . . ဆောရီးနော် . . .။ ဖောက် . . .။ ကမ္ဘာကြီးကို ချောက်ချောက်ချားချား နောက်လှည့်ကြည့်လိုက်တယ်။ သိမှတ်စိတ်တွေက အပူချိန် တက်လာတယ်။ လူတွေက ဆူးလေမီးပွိုင့်ထိပ်မှာ ခြေချင်းလိမ်နေတယ်။ ကျွန်တော့်မှာသာ ကမ္ဘာလည်နေတာကို ရပ်ရမလို၊ မသိလိုက် မသိဘာသာ လိုက်လည်ပြရမလိုနဲ့ မတ်မတ်ကြီး ငူနေမိတယ်။ ဒီနေရာမှာ ဖိနပ် အပြတ်တွေ စွန့်ပစ်ထားခွင့် ရှိမရှိ၊ ဒါမှမဟုတ် ဖိနပ်အပြတ်တစ်ရံကို ကိုင်ပြီး ဖိနပ်ချုပ်ဆိုင် ရောက်တဲ့အထိ ရှေ့ဆက်သင့် မသင့် ဝေခွဲရခက်နေပါတယ်။ ဒီအရပ်က လူတွေကိုကြည့်ရတာ ဖိနပ်ပြတ်ဖူးပုံ မပေါ်ဘူး။ သစ်သစ်လွင်လွင် ဖိနပ်ဆိုင်ကြီးတွေကို ကျွန်တော် မမြင်ချင်ယောင် ဆောင်နေမိတယ်။ ကျွန်တော်လည်း မသိမသာ ပလက်ဖောင်း ဒေါင့်စွန်းမှာ ဖိနပ်အပြတ်လေးကို စွန့်ပစ်ထားခဲ့တယ်။ မနက်ရောက်ရင်တော့ မြို့တော်သန့်ရှင်းရေး ၀န်ထမ်းက ကျွန် တော့်အပေါ် ကျိန်ဆိုနေမှာ အားနာနာနဲ့ မြင်ယောင်မိရင်း တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ပါဗျာလို့ စိတ်ထဲက တောင်းပန်နေမိလိုက်ပါတယ်။ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့. . .။ ဖိနပ်စီးလို့ရပါတယ်ရှင် . . . ။ ဗျာ . . .။ ဟို ကျွန်တော့်ဖိနပ်က ရေတွေအရမ်းစိုနေလို့ပါ။ တစ်ယောက်ယောက်ကို လိမ်ရတဲ့အခါ နံရံပေါ်က ကိုယ်မျက်နှာကိုယ် ပြန်မကြည့်ရဲ သလိုပဲ။ ပြောင်လက် နေတဲ့ ကြွေပြားနံရံပေါ်က ကိုယ့်မျက်နှာကိုယ် ပြန်ခိုးကြည့်မိတယ်။ ထည့်နေကြ ကြော်ငြာပဲ။ ဟုတ်ကဲ့၊ နှစ်သောင်း ငါးထောင့်သုံးရာ။ ကျွန်တော့်ကို ဘောက်ချာလေးဖြတ်ပေးပါ။ ဟူး . . . လေထဲကို စိုးရိမ်စိတ်တွေ မှုတ်ထုတ်လိုက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ များသွားရင် ခွင့်လွှတ်ပါကမ္ဘာကြီးရေ . . .။ အစ်ကိုဒီမှာ မိုးတွင်းစီးတွေ ထောင့်ငါးရာ။ ဖိနပ်မပါမှန်းသိလို့ ပလက်ဖောင်းဈေးသည်က အတင်းခေါ်ရောင်းနေတယ်။ ကျွန်တော့်ဆီမှာက ၂၁ရာစုကိုဖြတ်သန်းဖို့ လက်ကျန် ငွေနှစ်ရာပဲ ရှိတော့တာ။ ဖိနပ်မပါတဲ့ အတူတူ မထူးဘူးဆိုပြီး အဲဒီနေ့က ဆူးလေဘုရားတက်ဖူးခဲ့တာလည်း အမှတ်ရနေတယ်။ မိုး တွေက ပိုပြီးသိပ်သည်းလာတယ် ။ ဘုရားစောင်းတန်းက ဖိနပ်အပ်ရန်ဆိုတဲ့ ကောင်တာနားထိုင်ပြီး မိုးသည်းထဲက အတွေးစတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရယ်မောနေမိသေးတယ် . . .။ အစ်ကို ဒီဖိနပ်ယူမှာလား . . .။ ဗျာ . . .။ ဟုတ်ကဲ့ မယူသေးဘူးနော် . . . ။ အစ်ကို ဖိနပ်ကိုထိုင်ကြည့်နေတာ ဆယ်မိနစ်တောင်ရှိပြီ . . .။ ဟုတ် ဆောရီးနော် . . .။ တောင်းပန်ပါတယ် . . .။ အတွေးလွန်သွားမိလို့ပါ. . . ။ ဖိနပ်တစ်ရံက ကျွန်တော့်ကို ဆက်ရန်ရှိသော မနက်ဖြန်များဆီကို ဆွဲခေါ်ယူသွားပါတော့တယ် . . .။


မိုးလှိုင်ည

5 comments:

  1. အက်ဆေးလေးရေးထားတာကောင်းလိုက်တာဗျ...
    စာပိုဒ်တွေခွဲပေးရင် ပိုကောင်းမှာ

    ကိုယ့်ထက်အောက်ကျတယ်ဆိုပြီး သူ့ကိုမလေးမစားလုပ်လို့ မဖြစ်ဘူးဆိုတဲ့စကား တော့ကြိုက်တယ်ဗျ...

    mie nge

    ReplyDelete
  2. မချိုသက်August 25, 2009 at 8:56 AM

    ကိုမိုးလှိုင်..အရမ်းကောင်းပါတယ်။ ဘာဆက်ပြောရမလဲတောင်မသိတော့ဘူး။ စိတ်လည်းမကောင်းဘူး။

    ReplyDelete
  3. အကိုရေ... ဖိနပ်အသစ်လေးတွေနဲ့...အနုပညာခရီး ဆက်နိုင်ပါစေဗျာ...

    ReplyDelete
  4. ကိုမိုးလှိုင်ကြီးရေ... မွန်မြတ်တဲ့ ဖိနပ်လေးတွေနဲ့  ဆက်ရန်ရှိတဲ့ မနက်ဖြန်များဆီ အောင်မြင်ပျော်ရွှင်စွာ ရှေ့ ဆက်လျှောက်လှမ်းနိုင်ပါစေဗျာ။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။