Wednesday, August 5, 2009

ဝလုံးကို Mouse Pointer နဲ့ ရေးတဲ့ခေတ်မှာ


အဖေ. . . ကျွန်တော်ကဗျာဆရာလုပ်မယ်လို့ကျွန်တော်ဖွင့်ဟပြောတော့ အဖေ့မျက်နှာပေါ်မှာ နားမလည် နိုင်မှုတွေနဲ့ စိုးရိမ်မှုတွေ ဖြတ်သန်း ရောယှက် သွားတာကို တွေ့လိုက် ရပါတယ်။ အနုပညာသမားဆိုတဲ့ပုံရိပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက ဆင်းရဲခြင်းပုံရိပ်တွေ နဲ့ ထပ်တူကျတာကိုသတိပြုမိဟန်တူပါတယ် ။ ဘ၀ရည်မှန်းချက်ဆိုတဲ့နေရာမှာ ကဗျာဆရာ၊ ပန်းချီဆရာလို့ ထည့်ရေးရင် ဒါဟာ မိုက်တွင်းနက်တာပဲလို့ အစွဲကြီးနေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်ရှင်သန်နေရပါတယ်။ အနုပညာလုပ်ငန်းဟာ ဘိဇနက်တစ်ခုမဟုတ်မှန်းလောက်တော့ ကျွန်တော်လည်း သိထားပါတယ် ။ မနက်မိုးလင်းတာနဲ့ ပိုက်ဆံပိုက်ဆံဆိုပြီး နေ့တွက်ကြေးလေး တွေနဲ့ ဘ၀ရဲ့အချိန်တွေကို ရွေးဝယ်နေရတာ ကိုလည်း ကျွန်တော်စိတ်ပျက်မိတယ် ။ မျှော်မှန်းလစာထည့်ရေးပါဆိုတဲ့ အလုပ် ခေါ်စာတွေဆို ကျွန်တော်ဆုတ်ဖြဲပစ်မိတာများတယ်။ ဘ၀တန်ဖိုး ဆိုတာ လစာငွေကြေးအပေါ် အခြေခံထားတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်သိပ်နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ လစာဝင်ငွေကောင်းကောင်း ရဖို့ ရင်းနှီးစိုက်ထုတ်လိုက်တော့ ဘွဲ့လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ဒီပလိုမာတွေနဲ့ ပညာရပ်ကိုချစ်မြတ်နိုးစိတ်မပါတဲ့ အပေါ်ယံစာသင်ခန်း တွေကို ကျွန်တော် ကျောခိုင်းခဲ့ပါတယ် ။

ရမှတ်ကောင်းဖို့၊ အဆင့်ကောင်းဖို့၊ မှတ်ဥာဏ်ကောင်းကောင်းလိုအပ်တဲ့ စာမေးပွဲတွေမှာ သင်ခန်းစာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ မေးခွန်းလွှာတွေ မပါပါဘူး ။ ဒါဟာ တစ်ခုခုတော့လွဲနေပြီလို့ အထက်တန်းကျောင်းသားဘ၀ထဲက ကျွန်တော်တွေးမိခဲ့ဖူးတယ် ။ မှတ်ဥာဏ်ကောင်းတဲ့ သူငယ်ချင်းတွေက အတန်းထဲမှာ ဆရာမ မျက်နှာသာပေး ခံနေရတဲ့အချိန် ပြဋ္ဌာန်းသင်ရိုးကိုက မရိုးသားဘူးလို့ ငြင်းပယ်တတ်တဲ့ ကျွန်တော်တို့ လို ပေကပ်ကပ်ကောင်တွေက အခန်းထောင့်မှာ အံစာခေါက်နေခဲ့ပါတယ် ။ အတန်းတက်စာမေးပွဲတွေမှာလည်း အောင်မှတ်ရရင် ဆက်မဖြေတတ် တဲ့ ကျွန်တော်ရဲ့ ကျောင်းသင်ပညာရေးက ငွေကုန်သံပြာ ဖြစ်နေတုန်း ဘုန်းကြီးကျောင်းထွက်ပြီး ၀ပ်ရှော့လုပ်တဲ့ ကျွန်တော့်လမ်းထိပ်က ကိုအညာသားက တိုက်နဲ့ကားနဲ့ဖြစ်သွားတယ်။ ကျွန်တော်တက္ကသိုလ်တက်တုန်းက ဖယ်ရီဂိတ်ကိုလိုက်ပို့တဲ့ ၁၄နှစ်ရွယ် ဆိုက်ကားဆရာလေးကတော့ အစ်ကိုရာ ။ ကျောင်းတက်လည်း ဆိုက်ကားတစ်ဖက်နင်းရဦးမှာ ဘာလုပ်မလည်း သူများလည်းဘွဲ့ယူပြီး ကွမ်းရောင်းနေကြရတာပဲဟာ ။ လုပ်နိုင်ကိုင်နိုင်တုန်း ရှာဖွေထားမှ နို့မို့အသက်ကြီးရင် ဒုက္ခရောက်မယ် ။

သူငယ်ချင်း အီကိုဘွဲ့ရ တစ်ယောက်ကတော့ စားဝတ်နေရေးဆိုတဲ့ လူမှုဘ၀ရဲ့လောကတံတွာကို တစ်နေ့ငါးထောင်ကျပ်ဆိုတဲ့ စပယ်ယာ ကြေးလေးနဲ့ ဖြေရှင်းနေရတယ် ။ လွယ်အိတ်တစ်လုံးနဲ့ စာအုပ်ကြီးကြီးတွေကိုင်ပြီး အော်တာနေးတစ်ပညာရေးအကြောင်း ကျွန်တော်သူတို့ကို စကားစလို့ကောင်းမယ့် အချိန်တော့မဟုတ်ပါဘူး ။ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်စာစကားရှိတဲ့ လူမျိုးမှာ လူဖြစ်ရတာကို ဂုဏ်ယူခဲ့မိဘူး ပါတယ် ။ ကမ္ဘာပေါ်ကလူမျိုးပေါင်း ရာနဲ့ချီကာ ခုထက်ထိ ကိုယ်ပိုင်စာစကားမရှိကြသေးပါ ။ ဒါပေမယ့်ပေါ့လေ . . .။

လမ်းဘေးဈေးသည်များ မရောင်းရနယ်မြေလို့ စာတန်းကြီးကြီးကပ်ထားတဲ့ လမ်းတွေပေါ်မှာ အာဏာပိုင်တွေ ကိုယ်တိုင်က ခွင့်ပြုချက် ပေးပြီး ရောင်းခိုင်းတဲ့ဈေးသည်တွေနဲ့ . . .။ ကွမ်းတံတွေးမထွေးရ၊ အမှိုက်မပစ်ရ။ အသက်မရှိတဲ့ စာတန်းတွေကို လူတွေဂရုတစိုက်ကြည့်မနေကြ ပါဘူး။ စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့အတွက် ပြုလုပ်ထားတာလို့ ဓလေ့စွဲနေတဲ့ဒေသတစ်ခု ကျွန်တော်ချစ်တဲ့လူမျိုးက စာစကားတွေမယုံကြည် ကြတော့ဘူး ။ နေ့စဉ်သတင်းလွှာတွေထဲမှာ အမြဲတမ်းအမှားအယွင်းတွေပါလာတော့ သေချာတဲ့နာရေးသတင်းတွေလောက် စောင့်ဖတ်တဲ့နိုင်ငံတစ်ခု ဟာ ပညာရေးစနစ်ကကော ကောင်းမွန်နေပါ့မလား ။ ၀င်ငွေကောင်းဖို့၊ ရာထူးတက်ဖို့၊ ဘွဲ့လက်မှတ်အခွံကို အထူးပြုမွမ်းမံတဲ့ ဘွဲ့လွန်ကျောင်းတွေ ဒေါက်တာ ဘွဲ့တစ်ခုအတွက် သီးစစ်စာတမ်း တစ်စောင်ရဲ့ ကာလပေါက်ဈေးက သိန်းဆယ်ဂဏန်းကြားမှာပါ ။ အာဏာပိုင်တွေရဲ့ စီမံချက်ကိန်းဂဏန်း တွေကြားမှာတော့ ပညာတတ်တွေ ပိုများ လာတယ်ဆိုတဲ့ရလဒ်ပဲရှိပါတယ် ။ ပညာလုပ်အားကကော ဘယ်လောက်များတန်ဖိုးတက်လာပါသလဲ ။ မဖြေမနေရမေးခွန်းဆိုရင်တောင် ဘယ်တော့မှမဖြေမယ့် တာဝန်ရှိသူတွေပါ ။

ကမ္ဘာကြီးက အမြဲမပြတ်ပြောင်းလဲနေပါတယ် ။ ကလေးတွေကိုတော့ ခိုင်းခြင်းဖြင့်သိပ္ပံပညာရှင်တွေကို မွေးထုတ်နိုင်တယ် ။ တီထွင် ဖန်တီးသူတွေကို မွေးထုတ်နိုင်တယ်ဆိုတာ နည်းပညာနဲ့အသက်မွေးဝမ်းကျောင်းရတဲ့ ဂျပန်နိုင်ငံက နားလည်လက်ခံထားပါတယ် ။ အိုင်တီခေတ် ကြီးကလည်း ကမ္ဘာကြီးကို ပညာအရင်းအမြစ်တွေကို အလွယ်တကူဖြန့်ဝေပေးပါတယ် ။ ချမ်းသာကြွယ်ဝမှုတွေက ပညာရေးကို လျစ်လျူရှုနေမိ တတ်ပါတယ် ။ ငတ်မသေဘူးလို့ ခေတ်အဆက်ဆက်ကြွာားဝါဖူးတဲ့ တတိယကမ္ဘာက နိုင်ငံတစ်ခုဟာ ငတ်သေသူတချို့ရှိလာတဲ့အထိ ပညာရေးဆို တာကို မေ့လျော့မိနေမှာလား ။ လက်တွေ့သင်ခန်းစာတွေက လက်မှတ်ထိုးရုံနဲ့ အမှတ်ရတဲ့အချိန်၊ အထက်တန်းကျောင်းတစ်ခုရဲ့ ကွန်ပျူတာအ ခန်းထဲမှာ ဖုံတက်နေတဲ့ကွန်ပျူတာ အဟောင်းသုံးလုံးရှိနေပါတယ်။

ဝင်ငွေနည်းပါးတဲ့ စာပေရေးသားသူတစ်ဦးအနေနဲ့ ကျွန်တော်သင်ကြားခဲ့တဲ့ပညာအပေါ် ကျွန်တော်ပြန်ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ် ။ စာရေးမှ လူပီသမယ်လို့ ကျွန်တော်တွေးခေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ် ဥဏ်အလင်းပွင့်စေတဲ့စာပေကို ကိုယ်တိုင်ကပြန်မရေးသားထားရင် နောက် လူတွေက ဟောဒီခေတ်ကာလအတွက် ဘယ်စာတွေဖတ်ရမှာလည်း ၊ ရှေးစာဆိုတွေအတိုင်းပါပဲ ။ သိပ်မအောင်မြင်တဲ့ စာရေးသမားဘ၀ကို ကျွန် တော် စွန့်စွန့်စားစားရယူခဲ့ပါတယ် ။ အဖေကတော့ စိုးရိမ်နေဆဲပါ . . .။ ရှိစေတော့ . . .။ အလုပ်အကိုင် စာရေးစာဖတ်. . .။

နောက်တစ်ခောတ်ကလေးငယ်တွေ အော်ကျက်ဖို့ ကျွန်တော်ကဗျာတစ်ပုဒ်တစ်လေ ရေးခြစ်မိခဲ့ရင် ကျေနပ်ပြီအဖေ . .။


မိုးလှိုင်ည

1 comment:

  1. အင်း.....ကောင်းလိုက်တဲ့ အက်ဆေး။။။။။
    မင်တက်ပြီး ငြိမ်မိသွားတယ်။
    ဘာပြောရမလဲ မသိဘူး။ စကားလုံးမရှိဘူး။
    သေချာတာက မှန်ကန်လေးနက်တဲ့ အတွေးတစ်ချို့ ခေါင်းထဲ ရောက်သွားတယ်။ ရင်ဘတ်ထဲထိ စွဲကျန်သွားတယ်။
    နောက်တစ်ခေတ်မှာ ကလေးငယ်တွေ အော်ကျက်ရုံတင်မက လိုက်နာကျင့်သုံးတဲ့ ကဗျာ၊စာတွေ အများကြီး ရေးနိုင်ပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။