Wednesday, September 30, 2009

ချောပြောင်ပြောင် ရောင်စုံ အလုံးကလေး ကိုးလုံး အိပ်ကပ်ထဲမှာ ဗလာ ဗလာ ဗလာ




ဒီနေ့တခုခုထူးခြားလိမ့်မယ်

သီချင်းလေးတွေ ကောင်းတယ် ဒီနေ့လွှင့်တဲ့အစီအစဉ်က

မနေ့ကတည်းကချိန်နေတာ ဒီနေ့တော့လုပ်ဖြစ်အောင်လုပ်မှ

သတင်းစာ ဒီနေ့ မရလိုက်ဘူး အိပ်ပျော်သွားတာ

အရေးပေါ်အစည်းအဝေးက ဒီနေ့ကျင်းပမှာ ကုလသမဂ္ဂမှာဆိုလား ပင်တဂွန်မှာဆိုလား

ကွေးညွတ်သွားတဲ့ မခံချိမခံသာ စိတ်ကို ဒီနေ့ပဲ သားသတ်ရုံပို့လိုက်ပြီ

အခမဲ့ ဆေးတိုက်ကျွေးတာ ဒီနေ့နောက်ဆုံးတဲ့

ဒီနေ့ သူ့မွေးနေ့ မို့ ရဲတွတ်တွတ် နှင်းဆီတပွင့် ပို့လိုက်တယ်

သာမာန်အားဖြင့်တော့ ဒီနေ့ ပိတ်ရက်မဟုတ်ဘူး

သမိုင်းထဲက ဒီနေ့ဟာ အခြား အထူးနေ့တွေလိုပဲ ဘာထူးခြားမှုမရှိပဲ ကုန်ဆုံးသွား

ဟာ.. ဒီနေ့ ဆေးစသောက်ရမယ်လေ အာပါး.. မေ့နေလိုက်တာ

ဒီနေ့ မပေးနိုင်ဘူးလို့မင်းကိုဘယ်နှစ်ခါပြောရမလဲ

တုန်ခါသွားတဲ့ လှိုင်းအလျားနဲ့ အခြားတိုင်းတာရရှိမှုတွေ ဒီနေ့ထုတ်ပြန်ကြေညာလိမ့်မယ်

ဈေးမှာ ဒီနေ့ ငါးပုစွန်ရှားတယ်

ကျောင်းက ဆရာမကမှာလိုက်တယ် ဒီနေ့ အလှူငွေကောက်မယ်တဲ့

အင်း… ဒီနေ့ပဲပေါ့ ဟိုတမြန်နှစ်က ရေကြီးလို့ တာလမ်းမပေါ် တက်နေရတာ

မောင်..ဒီနေ့ ကျမနဲ့မောင်နဲ့ ဘာအမှတ်တရနေ့လဲ မှတ်မိလားဟင်..

မင်းတို့ဟာကလဲ ဒီနေ့မှတဲ့လားကွာ၊ မနက်ဖြန် လုပ်လို့မရဘူးလား

ဒီနေ့ ဗုဒ္ဓဟူးနေ့

အဲဒီ ခရီးစဉ်က ဖျက်သိမ်းထားတယ်လေ ဒီနေ့ မရှိဘူး

မြေပုံအဟောင်းနဲ့ အရှိတရားသစ်တို့ဟာ ကွာဟသွားကြမှာပဲ၊ ဒီနေ့လိုပေါ့

နင်တို့ ဘဘ ဆုံးသွားတာ ဒီနေ့ ဆယ့်ငါးနှစ်ပြည့်ပြီ

ခွဲစိပ်ရမယ့် အစီအစဉ် ဒီနေ့ ဘယ်နှစ်နာရီ စမလဲ

ဒီနေ့မြန်မာ ကဗျာလောကမှာ ခေတ်ပေါ်နဲ့ခေတ်ပြိုင် နှစ်လုံးထဲကပ်ရှုပ်နေကြတယ်ဆိုပဲ

ဆေးသုတ်မယ့်အဖွဲ့တွေ ဒီနေ့စ,၀င်မှာနော် လိုအပ်တာပြင်ဆင်ထား

သူကမျက်နှာသေနဲ့ ပြောသွားတယ် ဒီနေ့ သူ့ကိုယ်သူအဆုံးစီရင်ဖြစ်လိမ့်မယ်တဲ့။



ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၀း၃၁ နာရီ

2 comments:

  1. ကဗျာတွေရော ..က- ဗျာ တွေပါ.. အပေါ်ကနေ..စပြီး..အားရပါးရ ဖတ်လာ ပြီး..ဒီမှာ..မှတ်ချက်ပေးသွားတယ်။

    “ ဖတ်လို့ ဆန်းလိုက်တာ..”

    ReplyDelete
  2. ဒီနေ့ဆိုတာ...

    မနေ့ကရဲ့မနက်ဖန်ပေါ့...

    မနက်ဖန်ကနေကြည့်ရင်တော့..
    ဒီနေ့ဟာ..မနေ့ကပေါ့..အကိုရာ...

    သင်ခန်းစာတစ်ခုလို..ဖတ်သွားပါတယ်

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။