Monday, September 28, 2009

ခင်အောင်အေး ဆိုတဲ့ကောင် သေသွားပြီ


အဲဒီဖိုင်ကိုဆေ့ဖ် ထား ဟာ့ဒ် ကော်ပီလဲကူးထား

မောင်ပြည့်မင်းကိုပြရမယ် ဇေယျာလင်းကိုပြရမယ်

ကိုအောင်ချိမ့်ကို တချက်မေးရမယ်

လှသန်း မိုးဇော် တပ်လှန့်ထား

မိုးဝေးရေ.. ဖုံးနံပတ်တွေ ရသလောက်ပြန်ရှာ

အပြင်မှာ မိုးတွေတအား ရွာကောင်းရွာနေလိမ့်မယ်

ကဗျာရေးလို့တော့ တအားကောင်းပြီပေါ့

သူနေထိုင်ကြီးပြင်းခဲ့ရာတလျှောက်

လက်ဗွေရာ ခြေဗွေရာတွေ ရသလောက်စုဆောင်း

အငယ်တန်းသတင်းထောက် နှစ်ယောက်သုံးယောက်လောက် အမြန်လွှတ်

ဘာတွေ့လဲ ဘာမြင်လဲ ဘာသတင်းရသလဲ ချက်စားလို့ရပြီလား

သူ့ဘ၀ သူ့ဇာတ်ကြောင်း/သူ့ဇာတ်ကြောင် သူနဲ့ပတ်သက်ခဲ့သမျှ ဇာတ်ကောင်တွေ/ဇာတ်ကောင်မတွေ

မွေးသက္ကရဇ် အဖေနာမည် အမေနာမည် ( နောက်ဘာတွေ ဆက်ဖြည့်စွက်ရအုန်းမလဲ)

သူ့ချစ်သူ သူ့မုန်းသူ သူ့ရန်သူ သူ့မိတ်ဆွေ ခင်ဗျား ဘယ်လောက်သိထားသလဲ

သူ့ အသုဘ လူဘယ်လောက်လာလဲ နတ်ပြည်က ဘယ်လောက်လာလဲ ငရဲပြည်ကပရိသတ်ပိုများလား

စစ်တမ်းကောက်အဖွဲ့ ကိုလွတ်လွတ်လပ်လပ် စာရင်းပြုစုပါစေ

သေပြီဆိုမှတော့မလှုပ်တော့ဘူး ( တယောက်က၀င်နောက်တယ်) တကယ်က သူအသက်ရှင်နေတုန်းက

လှုပ်နေရမှ ကျေနပ်သူ သူ့မိတ်ဆွေဆိုသူတွေ ကွာစေ့နွှာရင်း ၀ါးရင်း ရေနွေးကြမ်းငှဲ့ရင်း အိနြေ္ဒဆည်ရင်း

ပြန်ပြောပြနေကြ သူတို့ထိတွေ့မိသမျှ သူ့အကြောင်းတွေ အထွေထွေ အပြားပြား

သူသေသွားပြီ နောက်ထပ် သူ ဘာမှပြောလို့မရတော့ဘူး၊ သူများပြောတဲ့သူ့အကြောင်းတွေလဲ

သူမကြားနိုင်တော့ဘူး၊ သူဆိုတာမရှိတော့ဘူးတဲ့ (တကယ်တော့ ‘သူ’ ဆိုတာ ဘယ်တုန်းကမှလဲ မရှိခဲ့)

လောကဆိုတာ တကယ်မရှိတဲ့ အကြောင်းတွေပဲ အရှိလုပ် သိတယ်ထင်ကြ ပြောကြ ဆိုကြရတာ

ခုတော့ ခင်အောင်အေးက သူသေသွားပြီဆိုတဲ့အကြောင်း သူမရှိတော့ဘူးဆိုတဲ့အကြောင်း

သူ့မျက်ကွယ်ကအကြောင်းတွေ သူမျက်စေ့မှိတ်ပြီးသွားကာမှ ဖြစ်ပျက်တဲ့ အကြောင်းတွေပြန်ပြောနေတော့

ဘယ်လိုလဲ ဖဲကောင်းလား ကုလားပျောက်နေလား သူ့နာမည်တ, လိုက် ပန်းကန်ဖဲ ဆွဲတက်တယ်

ဘုန်းကြီးပွဲ အတွက် အရင်ဆီသတ်တော့မလား ကြက်သားဟင်း လုံးတော့မလား ကွမ်းအစ်ပြင်ပြီးပလား

သမိုင်းမှာ ကြက်ရေးငှက်ရေးဆိုရင် ဘယ်သူ့နံမယ်တွေ အတည်ပေါက်ပြောကြမှာတုန်း

လူကတော်တော်ကြီးတော့မှ ကမောက်ကမတွေ တော်တော်လုပ်သွားတာပဲ

(ကဗျာတွေ တော်တော်ရေးသွားတာတော့ ဘယ်သူမှ ဆေးဖော်ကျောဖက်လုပ်ပြီး မပြောကြ)

လူပျံတော်လေးလို ၀ဲကြည့်နေတယ် အသုဘရှု လာကြသူတွေကို

“တလောက သေသွားတဲ့ သူ့သူငယ်ချင်းအကြောင်းတောင် ကဗျာစပ်လိုက်သေးတာ”

လို့ ပြောတဲ့ သူက ပြော “နိမိတ်ဖတ်သွားတာပေါ့လေ” မှတ်ချက်ချသူကချ

စကားပြေကို ကဗျာလုပ်ယူဘို့ ဘယ်အပလီကေးရှင်းကို အတက်ခ်ျ လုပ်ရမလဲ

ဝါကျသစ် စကားပြေကဗျာ စမ်းသပ်ရင်း သူ့ခမျာ ရေတိမ်နစ်ရရှာတာ

ဇာတ်က အခိုင်ကြီးတော့မဟုတ်ဘူး မင်းသားဦးစားပေးဇာတ်ပဲ ပရိုဂျူဆာ လဲ အိပ်ပျော်စားဝင်အောင်

နောက်တနေ့ မျက်နှာသစ်ဖို့.. မဟုတ်ဘူးလေ ဆပ်ပြာနဲ့သွားတိုက်ဆေးအကြောင်းရေးကြီးခွင်ကျယ်လုပ်ပြီး

ပြောနေတာမဟုတ်ဘူး နို့- ဒါဖြင့်…။



ခင်အောင်အေး

၂၇၊ စက်တင်ဘာ၊ ၂၀၀၉

၂၃း၁၂ နာရီ ဘန်ကောက်စံတော်ချိန်

6 comments:

  1. အကို..

    သေလို့မဖြစ်သေးဘူး..လုပ်စရာအလုပ်တွေ၇ှိသေးတယ်
    သွားရမယ့်ခရီးတွေ ကျန်သေးတယ်
    အခြေအနေက မသေပျော်သေးဘူးလေ..အကို..

    ReplyDelete
  2. လာပြန်ဘီ တစ်ယောက်။ ဟိဟိ
    အကိုရေ.... သေပျော်မဲ့ အခြေအနေရောက်မှ သေပါဗျာ။ ဟဲဟဲ။
    ဖတ်သွားတယ် ကောင်းချက်ဗျာ......

    ReplyDelete
  3. အရေးထဲ ငါ့အကိုက အလုပ်မရှိအလုပ်ရှာ.. ကိုအောင်ဝင်းကို အားကျနေပြန်။
    အကိုရေ.. မပူပါနဲ့.. ဟိုမှာ ကေမြိုးရှိတယ်.. ၀င်းမော်ဟန်ရှိတယ်..ကိုချောရှိတယ်.. ကံကောင်းရင် ဖော်ဝေးတောင် ရှိနေဦးမှာ။ ပြီးတော့ ခင်ဝမ်းရှိတယ်.. ငှက်ကြီးရှိတယ်.. ကိုမောင်မောင်ရှိတယ်...အယ်လ်ဖြူလည်း ရှိနေတယ်.. ထီးဆိုင်တောင် ရှိသေး... ဒိုးလုံးနဲ့လည်း အဆင်ပြေမှာ သူတို့ချင်းက..။ မပူနဲ့။

    ReplyDelete
  4. ရိုးရှင်းတဲ့ အသုံးနဲ့ ပွဲပြီးအောင် တီးတတ်လိုက်တာ။

    ReplyDelete
  5. ရိုးရှင်းတဲ့ အသုံးနဲ့ ပွဲပြီးအောင် တီးတတ်လိုက်တာ။ အားပေးပါတယ်ဗျာ။

    ReplyDelete
  6. ဒီလိုကဗျာကောင်းတွေရေးဖို့လိုအပ်တဲ့အတွက်
    ကိုခင်မောင်အေးရေ---မသေပါနဲ့အုန်း

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။