၂၀၀၂ စက်တင်ဘာ ပထမပါတ် ရထား
( ၅၊ စက်တင်ဘာ၊ ၂၀၀၉ ညသို့..)
ရန်ကုန်ဆေးရုံကြီးဝင်း အရပ်အခေါ် ရေခဲတိုက် ထဲ လှမ်းဝင်လိုက်တာနဲ့ မျက်လုံးတွေကဝေသီပြီး ဘာကိုမှ
ကောင်းကောင်းမမြင်ရတော့ဘူး၊ သိတဲ့မျက်နှာတွေကိုလဲ အပြုံးအ, နဲ့ပဲ တုံ့ပြန်နိုင်တယ်။ ကိုချောရုပ်ကလပ်
ပြင်ထားရာဘက်ကိုချက်ခြင်း မသွားဖြစ်ဘူး။ တချက်ဝေ့ အကြည့်မှာတော့ မမမြင့် နေခြည် နဲ့ မိုးဇော် တို့ကို
မသဲကွဲလှမ်းမြင်လိုက်တယ်။ လူတိုင်းရဲ့မျက်နှာမှာ နှမျောတ သ ကြေကွဲခြင်း တွေ လျှံငြီးနေတယ်။
လက်ကမ်းကဗျာ စာရွက်လေးတွေ အထိမ်းအမှတ် အလွမ်းစာစီ ပင်းန်ဖလက်တွေ လက်ထဲကို တခုပြီးတခု၊
လှသန်းက တခုခုလှမ်းပေးတယ်။ ကိုပြည့်တို့ဟိုမှာလို့မေးဆတ်ပြတယ်။ ဇေယျာလင်းတို့ကောလို့မေးလိုက်
တယ်၊ စောစောက ကိုချောနားမှတွေ့လိုက်တယ်..လူငယ်ကဗျာဆရာ တယောက်က၀င်ဖြေတယ်။
အီး ကနဲ ငိုသံ.. မမမြင့် တိုင်တည်သံ.. ရင်ထဲမှာ ဗလောင်ဆူပွက်နေတယ်။ မြင်ကွင်းကတော့မြင်နေကျ
အသုဘရှု မြင်ကွင်းတခုပါပဲ။ ဒါပေမယ့်..ဒါက ကိုချောလေ..။
တယောက်ယောက်က ကိုချောဆီ ဦးဆောင်ခေါ်သွားတယ်။ မငိုမိအောင် စိတ်တင်းထားရတယ်။ မမမြင့် က
မြင်တာနဲ့ ခင်အောင်အေး လာပြီလေ ကိုချောရဲ့လို့မချိတင်ကဲ အော်ငိုပြန်တယ်။ အံကြိတ်ပြီး နှုတ်ခမ်းကို
နာနာ ဖိ ကိုက်ထားရတယ်။ မြော်လင့်ထားပြီး အဖြစ်အပျက်မြင်ကွင်းတွေပေမယ့် ရင်ခေါင်းထဲက လှိုက်တက်
လာတယ်၊၊ မိုးဇော်ရဲ့ လက်မောင်းအိုး ကိုဖိညှစ်ပြီး မှာစရာစကားတွေအားလုံးကို အသံတိတ် ပါးလိုက်တယ်။
မျက်ရည်ဝေသီ မျက်လုံးနီနီ တွေက ဟုတ်ကဲ့ စိတ်ချပါ အကို.. လို့ အသံမဲ့ တုံ့ပြန်ပြီးသား။
အချင်းချင်းတယောက်နဲ့ တယောက် အသံမဲ့ ဘာသာစကားနဲ့ပဲ ပြောဆိုနားလည်လိုက်ကြတယ်။ ကိုစစ်..
ဘာလိုအုန်းမလဲ ဆိုတော့ ဘီအမ် တစင်းလောက် ထပ်ဆွဲ ရင်ကောင်းမယ်ထင်တယ်တဲ့၊ ဒါဆိုလဲ လုပ်လေ
ကိုစစ်တင် လက်ထဲကို ပိုက်ဆံ တထပ်ထည့်လိုက်တယ်။ လှစ်ကနဲ ပျောက်သွားပြီး ခဏနေတော့ ခပ်လှမ်လှမ်းကနေ လက္မ ထောင်ပြတယ်။
ကိုယ့်ထက် ဖြေမဆည်နိုင် ပူဆွေးသူတွေ အမြောက်အများကြားထဲမှာ မပူရုပ်ဟန်ဆောင်လုပ် မျက်တောင်
ပုတ်ခတ်ပုတ်ခတ်နေပြဖြစ်ခဲ့တယ်။ကိုယ့်ရှေ့မှာကိုအောင်ချိမ့်တို့ကိုသိဒ္ဓတ္ထလှိုင်တို့ရှိသေးတယ်လေ။ ကိုချော
သူငယ်ချင်း ရဲဘော် ရဲဘက်ကြီးတွေလေ..။ သူတို့တောင် အိနြေ္ဒ ဆည်နိုင်သေးတာ..။ လူငယ်တွေ ကတော့
တယောက်ကိုတယောက်ထိန်းလို့ တယောက်ကိုတယောက်ဖြောင့်ဖျလို့။ မချိတင်ကဲ..။
အချိန်ကျ တော့ ဒူ ကနဲ ကြေးစည်သံ နဲ့ စီကနဲ ငိုရှိုက်သံ တွေ ကြွက်ကြွက်ဆူသွားပြန်တယ်။ ကိုချောရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကိုတင်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ် နောက်မှာ အစီအစဉ် အတိုင်း ကားတွေ
တစီးပြီး တစီးလိုက်ပါလို့ ကိုချောရုပ်ခန္ဓာ ကြီးကို နောက်ဆုံးခရီးပို့ဆောင်ကြတယ်။
မိမိ စီးလာတဲ့ ကားကို ပုစွန်တောင် တောင်လုံးပြန် ကနေ ပြန်လှည့်ခဲ့တယ်။ ဘယ်လိုမှ နောက်နေ့ရွှေ့လုပ်
လို့ မရတဲ့ အလုပ်တခု တန်းလန်းနဲ့မို့ ရုံးဆင်းချိန်မတိုင်မီ ပြန်ပြေးခဲ့ရတယ်။ အဲဒီကမှ လိုအပ်တဲ့ စာရွက်စာတမ်း တွေ ရယူကာ သံလျင် သီလ၀ါ ဆိပ်ကမ်းကို ဂမူးရှူးထိုးပြေးရပြန်တယ်။
၇ နာရီလောက်မှ ကိစ္စ တွေ ပြတ်၊ အိမ်ပြန်ရေမိုးချိုး ကားကိုနာရီဝက်အတွင်းပြန်လာဘို့ မှာလိုက်တယ်။ ကားပေါ်တက် လက်ကနာရီ ကိုကြည့်တော့ ဂ နာရီ ခွဲ နေပြီ၊။ အတူသွားဖို့ ချိန်းထားခဲ့တဲ့ ကိုသိဒ္ဓတ္ထ ကိုလှမ်းချိတ်တော့ ရောက်ပြီး လို့ အိမ်တောင်ပြန်ရောက်နေပြီတဲ့။ ကိုချောရဲ့ ကျန်ရစ်သူ မိသားစုရှိရာ
မြောက်ဒဂုံ အိမ်သို့။ သင်္ဃန်းကျွန်း စံပြဈေး ကျော်တော့ ကားကအရှိန်မြှင့် လာတယ်၊ လေကတ၀ူးဝူး..၊ လက်က ဂျာကင်အိပ်ကို အမှတ်တမဲ့ စမ်းမိတော့ မာမာ အခေါက် ကလေးတခု..၊ အိမ်ပေါ်ကဆင်းကာနီး ကမန်းကတန်း ဆွဲထည့် လာခဲ့မိတာ..။ နှစ်ခေါက်ချိုး ကဗျာစာအုပ်လေး..
၂၀၀၂
စက်တင်ဘာ ပထမပါတ် ရထား
မိုဃ်းဇော်
ကားမျက်နှာကျက်က စာကြည့်မီးလေးကိုဖွင့်လိုက်တယ်
ကဗျာ အတွင်းစာမျက်နှာကို ဖွင့်လိုက်တယ်
ခံစားတတ်တဲ့ နှလုံးသားကို ဖွင့်လိုက်တယ်
ကဗျာစာသားတွေကို ဖတ်ရင်း..
ကားပေါ်မှာ တရှုံ့ ရှုံ့ ငိုပါတယ်၊ ရှိုက်ကြီးတငင် အားပါးတရ ငိုချလိုက်ပါတယ်။ ။
ခင်အောင်အေး
၂၊ စက်တင်ဘာ၊ ၂၀၀၉
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။