Thursday, September 3, 2009

နတ်တို့ခိုးဝှက်ခြင်းခံလိုက်ရတဲ့ကိုချောနွယ်





တဘဝလုံးစာ သက်ပြင်းကို
အရက်ပြင်းပြင်းနဲ့မျိုချ
အရှိန်အဟုန်ပြင်းလွန်းတဲ့ ရထားကြီး
သူ့သံလမ်းဟာ သူ့ကိုက်လမ်းပေါ့
ဖူးပြပွင့်ပြလိုက်ပုံကလဲ
တကိုယ်လုံး ဝေဝေဆာဆာဖြာကျ
ဆယ်ဘဝတိုင်တိုင် အနုပညာ မရခဲ့တဲ့လူတွေကို သနားတယ်
သူအားကျတဲ့ ကုန်ထမ်းသမား သလဲပင်လေးလို
သူ့ခါးကြီး ညွှတ်ကိုင်းလာတဲ့အထိ ကဗျာတွေထမ်းထားလိုက်တယ်
"အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်"* တဲ့
နာကျင်နေတဲ့ ကမ္ဘာကြီးကို
သီချင်းအမြဲတန်းဆိုပြနေတဲ့
ပြည်မြို့သား မစဉ်းစားခြင်းသေတ္တာကြီး
မြို့တမြို့က ဝှက်ထားတဲ့ဖဲချပ်များ* ထဲမှာ
သူကိုယ့်သူ ပြန်ဝှက်လိုက်တဲ့ နိုင်ဖဲ ကြီးတချပ်
ချစ်သူ စစ်စစ်နှင့် ရန်သူစစ်စစ်* ကြားမှာ
သူရခဲ့တာတွေ သိပ်များနေပြီ
သူရခဲ့တာအကုန်လုံး ကို ကဗျာတွေဖြန့်ကျဲပြီး
သူပြန်ပေးခဲ့လိုက်တယ် ...
သူ့မှော်ဓါတ်ဆိုတာ သူအသက်နဲ့ ရစ်ပါတ်ထားတဲ့
တံဆိပ်အသစ်ကလေးလေ
သူထွက်သွားပုံက တိုးတိုးတိတ်တိတ်
သူချန်ထားခဲ့တာတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်
သူ့အသစ်လေးကို သူကိုယ်တိုင်မီးညှိလိုက်ပြီလား
အသေချာပဲ ..
သူ့ညီမလေး မမမြင့်ကိုတော့ သူလွမ်းနေမှာ
အသေအချာပဲ...
ခက်ပြီ
သူ့ဆိပ်ကမ်းမှာပဲ ငြိငြိနေမိတယ်
သူ့မျှော်စင်ပေါ်တက်ပြီး သူ့ကိုပြန်ပြန်မျှော်နေမိ
သူသရော်ခဲ့တဲ့ ဘုရားသခင်ရဲ့ ကစားကွင်းထဲ
ကံကြမ္မာ ဒိုင်လူကြီးကို ပြစ်တင်ဆဲရေးနေမိပြီ
သူ တည်ကန်လိုက်တဲ့ ဘောလုံး
အလှဆုံး ဂိုးဖြစ်သွားချိန်မှာ
သူ...ဟာ ကွင်းထဲမှာ မရှိတော့ဘူး...
အဲ့ဒီလို နတ်တို့က သူ့ကိုခိုးဝှက်သွားခဲ့ပေါ့ .... ။


(* မောင်ချောနွယ် ကဗျာခေါင်းစဉ်နှင့်စာသားများ)

ဖုန်းမြင့်

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။