Monday, August 30, 2010

မော်လမြိုင်သွား ...

လက်ဝါးတွေရိုက်လိုက်ကြတာမှ ဖျောင်းကနဲ



ဆေးပြင်းလိပ်ကိုဟန်ပါပါခဲလို့



လွတ်လပ်မှုလေထုထဲ ထိုးခွဲမထွက်ခင်မှာတင်



အဲဒီကားနောက်ဖုံးကိုဖွင့်ပြီး အစစ်ဆေးခံခဲ့ရသေးတာပေါ့



" စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် "



ဘယ်ကိုကွေ့မယ်ဟေ့ ... ပြီးရင်



ညာကိုကွေ့မယ် ... လူမိုက်တွေဟာ



သူတို့ထက်မိုက်တဲ့သူဆီဦးတည်လို့



ဘယ်ကွေ့ ... ညာကွေ့ ... ဘယ်ပြန်ကွေ့



သည်းသည်းမည်းမည်းမိုးထဲ ငါတို့သည်းသည်းမည်းမည်းဦးတည်ထားရာ မော်လမြိုင်



ဝီရိယမကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့မြို့



ကျောတွေကိုခဏဖြန့်ခင်းလိုက်တယ်



မြစ်ကိုဖြတ်လာတဲ့လေဟာ ဘယ်မိန်းမရဲ့ချိုင်းချွေးနံ့နဲ့မှမတူဘူး



အသွေးအသားတွေကို ခက်ရင်းနဲ့ထိုးကော်ခံလိုက်ရတဲ့ မနက်စာ



ဘယ်လောက်များပူစပ်ပူလောင်နိုင်လိုက်သလဲလို့



ခဏနေတော့ ... ကျုံ့ကျုံ့လေးထိုင်နေတဲ့ မော်လမြိုင်ကို



အထက်စီးကကြည့်ပြီးပြန်ခဲ့ကြ



မော်လမြိုင်ကတော့ အတ္ထရံပုခက်ထဲ ငြိမ့်ငြိမ့်လေးလွှဲလို့ ကျန်ရစ်ခဲ့



အဲဒီနေ့က ၂၉ ရက်၊ ၈ လ၊ ၂၀၁၀။







ကြက်သွန်

Sunday, August 15, 2010

ဂိုဒေါ့နှင့်ချိန်းတွေ့ခြင်း

မင်းဆီမှာ အင်းလျားကန်ရှိလား။ အေး … မရှိဘူး။ ငါ့မှာ အင်းလျားကန်ဆိုတဲ့ အသိမရှိဘူး။ ဆိုလိုတာကကွာ အင်းလျားကန်ဟာ ငါ့အသိထဲကမဟုတ်ဘူး။ အင်းလျားကန်ဟာ ငါ့သိမှုထဲမှာ လိင်မကွဲပြားဘူး။ ငါဟာ အင်းလျားကန်စောင်းပေါ်က နှစ်ယောက်ထိုင်ခုံမှာ တစ်ယောက်တည်းထိုင်တယ်။ နှစ်ယောက်ဆောင်းထီးကို တစ်ယောက်တည်းဆောင်းတယ်။ အိမ်က နှစ်ယောက်အိပ်ကုတင်ပေါ်မှာ တစ်ယောက်တည်း အာသာဖြေတယ်။ စကားမစပ် ကျွန်တော့်ကုတင်ဘေးမှာ အင်းလျားကန်က ဘူးသီးကြော်ဆိုင်ရှိတယ်။ တံခါးဖွင့်ထားတဲ့ဆီက အလင်းရောင် ကျနေတယ်။ အင်းလျားဟာ ဘယ်သူနဲ့သွားအိပ်နေလဲ မသိရဘူး။ ဖြစ်ချင်တော့ အင်းလျားရဲ့ ညီမဝမ်းကွဲနဲ့ ကျွန်တော် တူတူမအိပ်ဖြစ်ဘူး။ ပြီးတော့ အဲဒါ တော်တော်ကြာပြီ။ အပြင်မှာမိုးတွေရွာနေပြီ။ ငါ့ဆီမှာအင်းလျားကန်သာရှိခဲ့ရင် သူ့ကျောမှာ အပေါက်တွေ ဗရပွဖြစ်နေတော့မှာပဲ။ ဒါပေမယ့် ဘာဆန်းသလဲ။ အင်းလျားဟာမွေးကတည်းက ကျောမှာ အပေါက်တွေနဲ့။ သူ့အကြောင်းလူတွေဘာပဲရေးရေး အင်းလျားရဲ့ အတွင်းသားကို ငါမသိဘူး။ ဘာကအရေးကြီးလို့လဲ။ အင်းလျားဟာ အင်းလျားဆိုတာကိုတောင် မကြာခင်လေးကမှသိရတာပဲ။ သိပ်တော့လည်းမဆန်းပါဘူး။ အင်းလျားဟာ သူလိုကိုယ်လို အချဉ်ရည်ပါပဲ။ ဘယ်သူကဘာသိစရာလိုသလဲ။ ဘယ်သူမှလည်းမသိပါဘူး။ မေးခွန်းတွေကိုရပ်လိုက်တော့ လေ။ ညမိုးချုပ်နေပြီ။ ငါ့တံခါးရွက်တွေ ပိုပိုလေးလာပြီ။ စိတ်ကိုပိတ်လိုက်တော့ ကျနေတဲ့အလင်းရောင်ကပါ ပိတ်သွားတယ်။ ခုချိန်များ ဖိနပ်ပြတ်လိုက်လို့ကတော့ ငါတော်တော်ပျော်မိမှာ။ အင်းလျားဟာ လူသံသူသံတွေနဲ့ ဗွက်ထနေ ပြီမဟုတ်လား။ လူသံသူသံတွေက အင်းလျားဆီကနေကန်ပြီးထွက်လာတာ။ တံခါးရွက်တွေထက်က အိမ်အမိုးတွေဟာ လှလှပပကောင်းကင်ပြာပြာဖြစ်သွားပြီ။ အိုး … လှလိုက်တာ။ အိမ်အမိုးတွေ။ ကြိုးတွေ။ အင်းလျားတွေ။ တရိပ်ရိပ်။ ဒရွတ်ဆွဲနေတဲ့ တိမ်တွေအင်းလျားကိုငုံ့ကြည့်နေပုံက အာသာပြင်းလွန်းလိုက်တာ။ အင်းလျားအိပ်နေတဲ့ပုံကိုလည်း ခင်ဗျား ထည့်ပြောဦးလေ။ တိမ်တွေဟာ အထစ်ထစ်ကြီးတွေဖြစ်ကုန်တယ်။ အင်းလျားဟာ ခိုးကူးခံလိုက်ရကတည်းက မစစ်တော့ ဘူး။ အင်းလျားပျောက်သွားပြီ။ အခု။ သူဌေးကြီးကလည်းအင်းလျားနဲ့။ အမှိုက်ကောက်တဲ့ကလေးအိတ်ထဲမှာလည်း အင်းလျားပဲ။ အနှစ်လေးဆယ်စစ်ပွဲအကြောင်းစာအုပ်ကိုကိုက်ဖြတ်နေတာလည်း အင်းလျားပဲ။ အရန်ခုံပေါ်ထိုင်နေတာ လည်း အင်းလျားပဲ။ အဲဒီလိုကြောင့်ပဲ အင်းလျားဟာ လူပေါင်းသူပေါင်းဆံ့လာတယ်ပြောခံရတယ်။ တကယ်က တံခါးကို ပိတ်လိုက်ရင် အလင်းရောင်ပါပိတ်သွားရမှာ။ အလင်းပိတ်တဲ့ခေတ်ကို ကုန်သွားပြီလို့ခင်ဗျားကိုကျွန်တော်ပြောဖူးသလားပဲ။ ဒါပေမယ့် အဲဒါလည်း ကျွန်တော်ရမ်းလိုက်တာ။ ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းလေး။ အင်းလျားဟာ အဆုတ်ထဲကို ကြောက်မက်ဖွယ်ရာ လေကောင်းလေသန့်တွေ ရှူသွင်းခိုင်းတယ်။ ပါးရည်နပ်ရည်ရှိတဲ့ အင်းလျားဟာ ရူးချင်ယောင်ဆောင် နေတယ်။ အခု လူပြောသူပြောများနေတာလည်း ဒါပါပဲ။ အင်းလျားဟာ သမိုင်းပဲ။ အိုး … လှလိုက်တာ။ အင်းလျားတွေ။ ဘယ်တံခါးကိုပိတ်ပိတ် အင်းလျားက ပိတ်မသွားဘူး။ အို … ဂိုဒေါ့ရေ … မြန်မြန်လာပါတော့။ ဇာတ်လမ်းကပိတ်တော့မယ်။


လင်းနီညို၊ ကြက်သွန်

Tuesday, August 3, 2010

ကဗျာကယ်ဆယ်ရေး


ခေတ်ပေါ်ကဗျာ ဂုရုကြီးသုံးဦးသည် ခရေပင်ရိပ်ဝယ်ထိုင်၍ အောက်ပါအတိုင်း ဆွေးနွေးလေသည်။
ပထမဆရာကြီး။ “ကျွန်တော်တို့ မြန်မာကဗျာလောကဟာ ဒီအတိုင်းသာ ဆက်သွားရင်တော့ မကြာဘူး၊
ရေစုန်မျောတော့မှာပဲ”
ဒုတိယဆရာကြီး။ “ဟုတ်တယ်”
ပထမဆရာကြီး။ “အခု နောက်ပေါက်ကောင်လေးတွေ သာဆိုးသေး။ ဘာတဲ့ ခံစားမှု နိမိတ်ပုံရိပ်တွေ မပါစေနဲ့တဲ့၊
ကဗျာကို ကဗျာလို မရေးနဲ့တဲ့ ”
ဒုတိယဆရာကြီး။ “ဘယ်လို ဖတ်ရမှာလဲ” “ခံစားချက်တွေ အင်္လကာတွေမပါဘဲ ကဗျာ ဖြစ်ပါ့မလား၊ ဒီရောဂါကြီး
အမြစ်မဆွဲခင် မြန်မြန်သုတ်သင်မှ”
ပထမဆရာကြီး။ “ဟုတ်တယ်…. မြန်မာကဗျာလောကကို ကယ်တင်ရမယ်… ကဗျာဆိုတာ ကဗျာ ပီသရမယ်”
လက်သီးလက်မောင်းတန်း၍ သူတို့သုံးဦးသား ကြွေးကြော်လိုက်ကာ “ကဗျာကယ်ဆယ်ရေးအဖွဲ့”ဟူ၍ စတင်ဖွဲ့စည်းလေသည်။ ၄င်းအဖွဲ့ကြီးသည် တစ်စထက်တစ်စ အင်အားကြီးမားလာကာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံ တစ်နံတစ်လျားအဖွဲ့ပေါင်း “၉၀”ကျော် ရှိလာပြီ ဖြစ်သည်။ (ရှိတာမှ ပြည်နယ်နှင့်တိုင်း (၁၄)ခုတည်းရယ်၊ အဖွဲ့က (၉၀) ကျော်တဲ့…။ ကဗျာဆရာတွေများ ပုံပြောပါတယ်)
ဤအဖွဲ့ကြီး၏ အဓိကလုပ်ဆောင်ချက်မှာ ကဗျာများအချိန်မီကယ်တင်ရေး ဖြစ်သည်။ တချို့ကဗျာတွေကို အရေးပေါ် ခွဲစိတ်ပေး သည်။ တချို့ကဗျာတွေကို နာတာရှည် ကုပေးသည်။ တချို့ကဗျာတွေကို အထူးကြပ်မတ်ဆောင်တွင် ထား၍ ကုသပေးသည်။ ဤနိုင်ငံထဲတွင် ကုသ၍ မရပါက နိုင်ငံခြားထိပင်စေလွှတ်၍ ကုသပေးနိုင်သည်အထိ ဤအဖွဲ့ကြီး၏ ငွေကြေးအင်အားမှာလည်း တောင့်တင်းလာခဲ့သည်။ ခြေထောက်တွင် အမာရွတ်ရှိရုံမျှဖြင့် ပေါင်းရင်းမှဖြတ်ပစ်သည်အထိ စိုးရိမ်ကြီးတတ်သည်မှအပ ဤအဖွဲ့ကြီးတွင် ဆိုးဆိုးရွားရွား ထောက်ပြစရာ မရှိပေ။
ယခုအခါ ကဗျာကယ်ဆယ်ရေးအဖွဲ့ကြီးသည် အင်အားကြီးမားလာကာ နိုင်ငံတကာနှင့် ဆက်သွယ်၍ ကမ္ဘာတ၀န်းလုံးတွင် ရုံးခန်းခွဲများ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားလျက်ရှိသည်။ အခြေအနေပေးလာပါက ကမ္ဘာ့ကဗျာကယ်ဆယ်ရေးနေ့ဟု သတ်မှတ်ကာ ထိုနေ့တွင် ကဗျာများစု၍ သွေးလှူဒါန်းခြင်း၊ ကဗျာအချင်းချင်း ဖေးမကူညီခြင်းများ ပြုလုပ်ကြရန်အထိ စီစဉ်လျက်ရှိသည်။
သို့သော်….
သူတို့အဖွဲ့ကြီး၏ ဖြေရှင်းမရနိုင်သေးသည့် ပြဿနာတစ်ပုဒ်မှာ သူတို့အဖွဲ့ကြီး၏ ဆောင်ပုဒ်သတ်မှတ်ရာတွင် ဖြစ်ပေါ်နေသည်။ တချို့ကဆောင်ပုဒ်ကို ကာရန်နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးလိုသည်။ တချို့က နိမိတ်ကြမ်းကြမ်းသုံး၍ ပြင်းပြင်းထန်ထန် ရေးချင်သည်။ တချို့က ကဗျာဆိုတာ နူးညံ့ရမည်ဟုဆိုကာ နူးနူးညံ့ညံ့ ရေးးချင်ကြခြင်းကြောင့် သူတို့အဖွဲ့ကြီးတွင် ယနေ့ထက်တိုင် ဆောင်ပုဒ် မရှိသေးပေ။­­­­­
 

မြေမှုန်လွင်

Monday, August 2, 2010

ဖြစ်ပုံအရဆိုရင် ဒါ ပျက်ဖို့ပဲ

ဝင်စားမိတဲ့အခွံနံရံ အထူအပါးကိုသိဖို့
အတော်လေးကြိုးစားခဲ့ရတယ်
ဟန်ချက်ကိုထိန်းနိုင်ဖို့ ထမင်းဝအောင်သာစားထားပေတော့တဲ့
တစ်ချက်ယိုင်သွားရင် တစ်ချက်ပြန်ယိမ်းလိုက်
ခုက ရောင်စုံပူပေါင်းတွေ တစ်လုံးပြီးတစ်လုံးမှုတ်နေတာ
အားလုံးပြီးသွားရင် တစ်လုံးပြီးတစ်လုံးဖောက်ခွဲပစ်လိုက်
ဒီလိုလည်းဖြစ်တာပဲ … ဘယ်သူ့ကိုသွားတိုင်ချင်လဲ
တိုင်တစ်လုံးငါးမတ် … (တစ်ကျပ်နဲ့တစ်မတ်) ဟေ … ဟေ့
ပျော်ချင်တယ်ဆိုရင်တော့ တစ်ညလုံးအတွက်ငါးသောင်းရှိရမယ်တဲ့
မလုံခြုံဘူး … ကြိုးတန်းလမ်းလျှောက်ပဲဟေ့
ယိုင်ရင်း … ယိမ်းရင်း
ဖန်ခွက်ချင်းထိ
နှုတ်ခမ်းချင်းထိ
ဖန်ခွက်နှုတ်ခမ်းချင်း ထိထိမိမိ မှ ထိထိမိမိ
မြွေနှစ်ကောင် တစ်ကောင်အမြီးတစ်ကောင်မြိုနေသလိုမျိုး
လွန့်ရင်း … လူးရင်း
ဘယ်ထဲကို ကျွံကျွံကျသွားမှန်းမသိရလောက်အောင်ပဲ
မှောင်လွန်း … မည်းလွန်း … နက်လွန်း
ပျက်ဖို့လည်း လွယ့် … လွန် … လွန်း

ကြက်သွန်

၂၀၁၀ခုနှစ်၊ ဇူလိုင်လ၊ ၂၇ရက်

Sunday, July 25, 2010

အလွမ်းစာ

မုန်းတိုင်းက ပြင်းထန်တယ်
မင်းအိမ်ရှေ့က ဖယ်ရှားခံလိုက်ရတဲ့ သစ်ပင်
ပြန်မဆပ်ရသေးတဲ့ အအေးတစ်လုံး
မြေပဲယိုလမ်းမ တောင်တန်း ပင်လယ် မိုးတိမ်
ဓ ၄၅ ၂၂၆ ၅၀
ဥတုသုံးလီမှာ
ဂုဏ်မြင့်သူသီချင်းနဲ့ လေလွင့်ခဲ့
ရှည်ကြာစွဲမြဲ
ချစ်မိကတည်းက စာလုံးပေါင်းမှားတယ်
ဖြူစင်မှုတွေ အရောင်စွန်းထင်းသွားတဲ့အခါ
ပန်းရောင်အိမ်မက်မှာ အပြစ်ရှိတယ်
အ၀ါရောင်ကိုခွဲခြမ်းစိတ်ဖြာ အဖြေမရခဲ့
ကိုယ်ပိုင်ရင်ခုန်သံနဲ့ တစ်ဆစ်ဆစ်စူးဝင်ခဲ့တဲ့မြှား
နှုတ်ဖို့ခက်ပြီ
တန်ဖိုးထားမြတ်နိုးခဲ့တော့
အရှုံးတွေလည်း ချိုမြိန်ခဲ့ပြီ
သေးသေးမွှားမွှားမျှော်လင့်ချက်နဲ့
စွန့်လွှတ်ဖို့လည်း ရင်မောရပြီ
ဖြစ်တည်နေမှုအတွင်း ငြင်းဆန်ရင်း
ဝေးဝေးသွားရ နေ့ပေါင်းများစွာ
…………………………………………….
(၈)ထပ်တိုက်ပေါ်က အရိပ်လေးရေ
အချိန်မှန်ဓာတ်ကြိုးတွေပေါ်လာငြိတဲ့
ကောင်းကင်မရှိ ငှက်တစ်ကောင်
အသံတိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်
1000110001000100011100010111110011010100
မင်းအမည်နဲ့ mail ပို့လိုက်တယ်။ ။


မိုးပျံငှက်

Saturday, July 24, 2010

ဝိပဿနာ

မှော်ရုံဆိုမှတော့

သမင်ဘယ်ရှိပါ့မလဲ

မရှိခြင်းကိုထမ်းပြန်လာသူဟာ

သမင်စစ်စစ်ရလိမ့်မယ်…..။

မြူကွဲချိန်မှာ

အခါးကိုအခါးမှန်းသိလိုက်ရတာလောက်

ချိုမြသွားတာမရှိနိုင်ပေဘူး….။

ရေဘူးနဲ့ဖိနပ်ပါရဲ့လား

ရထားက

ဥသြသံမပေးပဲဆိုက်လာတတ်တယ်…..။


တောင်တွင်းယဉ်မင်းကြိုင်

Sunday, July 18, 2010

အခုစလာနေပြီဆိုတော့ စရွေ့လာနေပြီဆိုတော့

သတင်းစကားပါးလိုက်တယ်

ကျီးကန်းတွေရဲ့ အော်သံထဲရောပါချင်ပါလာမှာပေါ့

သိမှု အအိုအဟောင်းတွေကို မြို့ပြင်ထွက် လိုင်းဆွဲခိုင်းထားလိုက်

ရထားလိုတွဲထားတဲ့ စကားလုံးအတွဲလိုက်ကြီး အာရုံထဲအဖြတ်မှာ

သိမှုတံတားတုန်ခါနှုန်းဘယ်လောက် … ရှိမှု … အဖြတ်

ဘယ်နေရာကနေ ဘယ်နေရာအထိဖြတ်မှာလဲ … ဖြတ်စရာ - ဆရာ - ဇရာ

အို - ဘယ်နှစ်ဦးကို ဘယ်လောက်ကြာကြာကောက်ယူထားတဲ့ စစ်တမ်းလဲ

ဟာဗျာ - ဝါးလုံးရှည်နဲ့ရမ်းမနေနဲ့လေ … ရမ်းချင်ရင် ဘေးနားမှာ ယပ်တောင်လေးလာရမ်း

ဒီဂိုးလ်ဒင်းလန်းမှာက ပူတယ် … မာရီယာ အိုဇာဝါ - အိုဇာ

အိုဇာ - ဝါ - ဝါ - သူ့ကိုသိလား

ငယ်ငယ်ကတည်းက ခုချိန်ထိ စွန် တစ်ခါမှမလွှတ်ဖူးသေးလို့

ရှက်ရမှာလား တေလေ …

ဟာါာါာါာါာါာါာါ

မင်းနာမည်

ကပါ

သွားပြန်ပြီကွာ

တွေ့ပြီလား စကားလုံးတွေဟာ ဘယ်လောက်အန္တရာယ်ရှိမှန်း

ကြည့်တော့ကွာ

ခြားနေတဲ့ ရှိမှုတွေကြား သိမှုတွေကိုတန်းလိုက်ညှိမနေနဲ့ေ
တာ့

တော်ပြီ - မောတယ်- woah – oh – my – fucking – god

womfg

womfg

……………………..



……………………..

ပြောဖို့ကျန်သွားတယ်

စရွေ့လာနေပြီ







ကြက်သွန်

၂၀၁၀ခုနှစ်၊ ဇူလိုင်လ၊ ၁၈ရက်

Saturday, July 17, 2010

တတိယအကြိမ် လက်မထပ်မီ ရက်ပိုင်းအလို…


ဒီလိုပါသူငယ်ချင်းရ

ငါကအလုပ်အရမ်းများတယ်လေ

အလုပ်များထဲကြားထဲက အိမ်ထောင်နှစ်ဆက်ကျတယ်ဆိုတော့

မင်းငါ့ကို တော်တော်ကမြင်းတဲ့ကောင်လို့ မှတ်ချက်မစောပါနဲ့ဦး

ငါက အသက်ကြီးမှ အိမ်ထောင်ကျတာ

မင်းလည်းအသိသားပဲ

လူငယ်ဘ၀ကတော်တော်ရုန်းကန်ခဲ့ရတာ

တစ်ရက်တော့ကွာ

ဆယ်စုနှစ်တစ်ခုစာလောက်ပြတ်သွားလိုက်ပြန်တွဲလိုက်နဲ့

မရေမရာ ငါ့ငယ်ချစ်ကြီးက ငါ့ဆီကိုရောက်လာတယ်

အဲဒီအချိန်က မိုတွေသည်းနေတဲ့ ညနေစောင်းကြီး

သူမလည်း မိုးစက်တွေစိုရွှဲနေတယ်

သူမမျက်နှာပေါ်မှာလည်း ဖြေရှင်းရခက်တဲ့အရှုပ်အထွေးတွေရှိနေပုံပဲ

အဲဒါနဲ့ ငါတို့နှစ်ယောက် အနွေးဓါတ်ကောင်းကောင်းရတဲ့

ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားကြတယ်

ငါလည်း သူ့ကို ငါတို့နှစ်ယောက်အခုကော်ဖီသောက်မှာ

နှစ်ယောက်စလုံးအကျိုးမရှိနိုင်မယ့် ဘယ်လိုစကားမျိုးနဲ့မပြောပါနဲ့လို့ ပြောထားလိုက်တယ်

ပထမတော့သူလည်း ကြောင်အမ်းအမ်းဖြစ်သွားတယ်

ငါလည်းအခွင့်အရေးကို လက်လွှတ်မခံပဲ

ကော်ဖီတွေအကြောင်း မိုးရာသီအကြောင်း Just for Laugh တွေပြောနေလိုက်တယ်

ညနေခင်းထဲမှာ အရေးတကြီးချိန်းဆိုမှုတွေရှိပေမယ့်

သူမနဲ့သုံးနာရီကြာ ထိုင်စကားပြောဖြစ်တယ်

အဲဒီနောက်တော့ သူငါ့ကိုလက်ထပ်ခွင့်တောင်းတယ်..

ငါ့အသက်လည်းသိပ်မငယ်တော့တာနဲ့

ပထမအကြိမ် အိမ်ထောင်ကျတယ်ပေါ့

လက်ထပ်ခွင့်ကြိုမတင်ထားလို့ ကော်ပိုရိတ်က

ငါ့ကို ဟန်နီမွန်းထွက်ခွင့်မပေးဘူး..

အေးအေးဆေးဆေးအတူနေရဖို့ ငါတို့နွေဦးပေါက်အထိစောင့်ခဲ့ရတယ်

ဒီလိုနဲ့လေးငါးနှစ်ကြာသွားတယ်

ပုံမှန်အတိုင်းပဲ ငါအလုပ်တွေများနေတုန်းပဲ..

ညဆိုအိမ်ကို မိုးစုန်းစုန်းချုပ်မှာပြန်ရောက်တယ်..

မနက်ဆို ကလေးတွေမနိုးသေးဘူး ငါအလုပ်ထဒိုးရတယ်

မိသားစုပိုင် ကုမဏီတစ်ခုထောင်ထားရသလို

ငါအမှုဆောင်လုပ်နေတဲ့ကော်ပိုရိတ်ကလည်း

လုပ်ငန်းခွဲတွေ ထပ်တိုးချဲ့ရတယ်

အဲဒီအချိန်မှာ ငါ့မိန်းမဟာ ငါ့အတွက်အဖော်မဖြစ်နိုင်တော့ဘူး

လုပ်ငန်းကိစ္စတွေ စီမံတာကအစ

အထွေထွေ ကိုယ်ရေးကိုယ်တာ အဆုံး

ငါ့အတွင်းရေးမှုးလက်ထဲအပ်ထားရတယ်

ဘယ်လောက်ထိအခြေအနေဆိုးသလည်းဆိုတော့ ငါအားကစားလုပ်ချိန်.

သတင်းစာဖတ်ချိန်.. ကော်ဖီသောက်ချိန်ကအစ.. အတွင်းရေးမှုးအာဂျင်ဒါနဲ့သွားနေရတာ

သူမက ငယ်ရွယ်ဖျတ်လတ်ပြီး.. ငါစိတ်တိုင်းကျကိုသိတယ်

ပြီးတော့ လုပ်ငန်းခွင်မှာ အထောက်အကူအများကြီးရတယ်..

လက်တွဲလုပ်ဆောင်တဲ့ သုံးနှစ်အတွင်း ဘာအမှားအယွင်းမှမရှိဘူး..

အဲဒီ့ဝန်ထမ်းကောင်းကို ငါလက်လွှတ်လို့ဖြစ်ပါ့မလား

တစ်ရက်တော့ သူမအလုပ်ထွက်ခွင့်လျှောက်လွှာတင်တယ်

ငါလည်း တစ်ပါတ်စဉ်းစားပါဦးဆိုပြီး ပြောလိုက်တယ်..

တကယ် တစ်ပါတ်လုံးလုံး စဉ်းစားခန်းဝင်နေရတာက ငါ

နောက်တစ်ပါတ်ကျတော့ငါသူ့ကိုလက်ထပ်ခွင့်တောင်းရတာပဲ

မိန်းမနဲ့ ကလေးတွေအတွက် မိသားစုကုမဏီကိုအပြီးအပိုင်လွှဲပေးလိုက်တယ်

ငါအလုပ်လုပ်တဲ့ကော်ပိုရိတ်မှာ ငါက ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ဖြစ်လာတယ်..

ရှယ်ယာအတော်များများလည်း ငါနဲ့ ငါ့ပါတနာတွေလက်ထဲမှာ

တကယ်တော့ ဘ၀ဆိုတာ ကြွေတစ်လက် ကြက်တစ်ခုန်ပါ

ငါငယ်ငယ်က ဆင်းရဲတာ မင်းလည်း အသိသားနဲ့

ငါကလောဘလည်းမကြီးခဲ့ပါဘူး

နယ်ဘက်မှာ စိုက်ပျိုးရေးခြံလေးနဲ့ စာအေးအေးဆေးဆေးရေးချင်တယ်လို့

မင်းကိုငါ ခဏခဏပြောဖူးတယ်လေ

မင်းအိမ်ထောင်ပြုတုန်းက ငါပြောခဲ့ဖူးတဲ့ဟာသကို မှတ်မိသေးလား..

ပထမအကြိမ် အိမ်ထောင်ပြုတာ မသိနားမလည်လို့

ဒုတိယအကြိမ် အိမ်ထောင်ပြုတာက ရူးသွပ်တာ

တတိယအကြိမ် အိမ်ထောင်ပြုတာက မိုက်မဲမှုလို့

အခု ငါ့ဘ၀က အေးချမ်းနေပြီ..

မထင်မှတ်တဲ့အလှည့်အပြောင်းမှာ.. ငါစီးပွားရေးတွေ လုံးလုံးဆုံးရှုံးသွားတယ်

ငါ့အတွင်းရေးမှုးလေးလဲ တခြားကော်ပိုရိတ်ကိုလွင့်သွားတယ်..

ငါ့မှာ ငွေဖြစ်လွယ်တဲ့ အမာခံပစ္စည်းတချို့ကျန်ခဲ့တယ်လေ..

အဲဒါလေးတွေရောင်းပြီး..

နယ်မြို့လေးမှာ သပြေခြံစိုက်စားနေတယ်

အေးချမ်းတယ်ကွာ မင်းကိုလာလည်စေချင်တယ်

လာမယ့် တနင်္ဂနွေမှာ ရွာတွဲဖက်ကျောင်းက ဆရာမလေးတစ်ယောက်နဲ့

လူကြီးစုံရာရှေ့မှာ တတိယအကြိမ်လက်ထပ်မလို့

နှစ်ယောက်စလုံးချစ်ကြတယ်ဆိုပါတော့ကွာ..

အဲဒါမင်းကိုဖိတ်ချင်လို့ ငါတကူးတကလာခဲ့တာပဲ..

တတိယအကြိမ် အိမ်ထောင်ပြုတာဟာ မိုက်မဲတာပဲလို့ဆိုရင်

ငါ့အတွက်တော့ ဒီတစ်ခါတည်းပါ

မိုးလှိုင်ည

Tuesday, July 13, 2010

လျှာ

  လျှာ


   သူမ သွားတွေရဲ့နယ်နိမိတ်ကို ငါအမှတ်မဲ့ ဖြတ်ကျော်မိပြီး
သူမရဲ့ပေါ့ပါးတဲ့လျှာကို စုပ်မျိုလိုက်မိတယ် ။ အခုတော့ အဲ့ဒီ
လျှာက ငါ့ကိုယ်ထဲမှာ ဂျပန်ငါးတစ်ကောင်လို နေနေပြီ ။ ငါး
မွေးကန်ရဲ့ နံရံကို တိုးဝှေ့နေသလိုမျိုး ငါ့နှလုံးအိမ်နဲ့ ငါ့ရင်ခေါင်း
အကန့်ကို ဒီလျှာက ပွတ်တိုက်တိုးဝှေ့နေတယ် ။ အောက်ခြေက
နွံနှစ်တွေက ထကြွအောင် မွှေနှောက်နေတယ်။ သူမက အသံကင်း
မဲ့သွားအောင် လုပ်ခဲ့တဲ့ ငါ့ကို မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်
ပြီး စကားတစ်ခွန်းကို စောင့်နေရဲ့ ။
   ဒါပေမယ့် သူမကို စကားပြောတဲ့အခါ ဘယ်လျှာကိုအသုံး
ပြုရမလဲ ငါမသိ ။ ခိုးရာပါ လျှာနဲ့လား ။ ဒါမှမဟုတ် လေးလံတဲ့
ကောင်းမြတ်မှုပြည့်လျှံနေတဲ့  ငါ့ပါးစပ်ထဲမှာ အရည်ပျော်နေတဲ့
လျှာနဲ့လား ။

ဇဗစ်ဂညူး ဟားဗက်

မောင်သစ်မင်း  ( သုံးယောက်ကောင်းကင် ကဗျာစာအုပ်မှ )


Tongue

Inadvertently I passed the border of her teeth and
swallowed her agile tongue. It lives inside me now , like
a Japanese fish . It brushes against my heart and my
diaphragm as if against the walls of aquarium. It stirs
silt from to the bottom.
         She whom I deprived of a voice stares at me with
big eyes and waits for word.
         Yet I do not know which tongue to use when
speaking to her-the stolen one or the which melts in 
my mouth from an excess of heavy goodness.

ZBIGNIEW HERBERT


Monday, July 5, 2010

သမုဒ္ဒရာ


ဖြေးဖြေး မာရီယာ …
မင်းကိုက်နေတာ ငါ့လက်ညှိုးတစ်ဝက်ကုန်နေပြီ။ တော်တော့။
မင်းလည်းသိပ်ဝေးဝေးမသွားနဲ့။ ဟိုတစ်နေ့တုန်းကပဲ မင်းလက်ညှိုးတစ်ချောင်းကို ဝိုင်းကိုက်လိုက်ကြတာ
ခုမှပြန်ထွက်ခါစလေးမဟုတ်လား။
ကံကောင်းရင် နေမဝင်ခင် ငါတို့ကိုက်စရာလက်ညှိုးလေးတစ်ချောင်းတလေရနိုင်ပါတယ်။
ကံမကောင်းရင်တော့ မင်းရဲ့ထွက်လက်စ ငုတ်တိုလေးပါ ပါသွားနိုင်တယ်။
ဖြေးဖြေးပေါ့ မာရီယာရယ်
ပျင်းလာရင် အမဲလိုက်သီချင်းလေး တိုးတိုးညည်းနေပေါ့။
မင်းကလူငယ်ဆိုတော့လည်းစိတ်မြန်လက်မြန်ဖြစ်ချင်ဖြစ်နေမှာပေါ့။
ခုချိန်ကတော့ ငြိမ်နေတာအကောင်းဆုံးပဲ။
ဟော … ပြောရင်းဆိုရင်း ခြေသံကြားတယ်ဟေ့
ဗိုက်ပြည့်ချင်တယ်ဆိုရင်တော့ တစ်ကောင်မှမလွတ်စေနဲ့ပေါ့ မာရီယာ။
မင်းဟာ သားကောင်နဲ့တွေ့တဲ့အချိန်မှာ အရဲရင့်ဆုံး သူတစ်ယောက်ဆိုတာ ငါသိတာပေါ့။
ဒါပေမယ့် အကောင်ကြီးကြီးတွေလာရင်တော့ ဝေးဝေးကရှောင် …။

ကြက်သွန်
၁၃ရက်၊ ဇွန်လ၊ ၂၀၁၀