Friday, December 31, 2010
ဖာစီယာ
ငှက်တွေ အိမ်ပြန်ကြတယ်
အဲဒီအချိန်မှာ
လေလှိုင်းက ငါ့ကို ဖြတ်ပိုင်း ပြန်ပို့တယ်
ထွက်ခွာသွားတဲ့ ဘ၀ခြားတစ်နေရာမှာ
နေသာထိုင်သာ ရှိပါရဲ့လား ဖာစီယာ။
ဒီကမ္ဘာမြေပေါ်
ပိုက်ဆံဝါလားတွေ
ကမ်းခြေမှာ အပန်းဖြေရေလှိုင်းစီးနေချိန်
ဒီကမ္ဘာမြေပေါ်
ကန္တာရဆိုတော့
လေရိုင်းရှိမယ်
အစိုးမရတဲ့ သဲမုန်တိုင်း ရှိမယ်
ဟိုး ရှေးအစဉ်အဆက်
သဲကန္တာရကို အိမ်လုပ်နေသူတွေ ရှိမယ်
အခု အဲဒီ “ဘေဒိုအင်း”တွေရဲ့ အသွေးအသားတွေဟာ
သဲမုန်တိုင်းကြားမှာ ပန်းတစ်ပွင့်အဖြစ် မွေးဖွားခဲ့ပေါ့
ဖာစီယာ။
မင်းမွေးဖွားလာချိန်မှာ
ကောင်းကင် အဇဋာဟာ ပြာလဲ့နေခဲ့လိမ့်
လေရိုင်းတွေ အရှိန်တန့်
သဲမုန်တိုင်းတွေ ရပ်တန့်
မကြုံစဖူး
သဲတောင်ကုန်းများ အလွန်
အနောက်ဖက် ကောင်းကင်ယံမှာ
အထွန်းလင်းဆုံး ကြယ်နက္ခတ်တစ်စင်း
ကမ္ဘာမြေပေါ် ၀င်းပနေလိမ့်။
ငိုသံတွေထဲမှာ
လူ့လောက ၀င်ခါစ ကလေးတစ်ယောက်ရဲ့ ငိုသံလောက်
အဓိပ္ပာယ်ရှိတာ မရှိဘူး
လေရိုင်းတွေ
ဟူးဟူးရားရား တိုက်စမ်းပါ
မင်းမိဘတွေရဲ့ လက်ပေါ်မှာ
မင်းမျက်လုံးတွေဟာ
အဖိုးထိုက်တဲ့ တွင်းထွက်ရတနာတစ်ပါး
မင်းအသံက
ဘုရားသခင်ရဲ့ အနူးညံ့ဆုံး ကောင်းခြီးပေးသံ
မင်းခန္ဓာကိုယ် သေးသေးလေးက
လောကမှာ အလေးလံဆုံး မေတ္တာတရား
မင်းပါးပြင်ကို နမ်းတဲ့အခါ
သူတို့ဟာ
ကမ္ဘာသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့သလား။
ဒါပေမဲ့ ဖာစီယာ
ဒါပေမဲ့တွေ သိပ်များတဲ့ ကမ္ဘာမှာ
ဘုရားသခင်ဟာ
ကောင်းခြီးပေးသံတစ်ခုအဖြစ်
မင်းကို မွေးဖွားခြင်း မဟုတ်ခဲ့တာ သေချာတယ်
သစ်ပင်တွေ
စိမ်းလန်းပြီးရင် ညှိုးခြောက်
ကမ္ဘာဟာ ပွင့်လန်းပြီး ဆုတ်ယုတ်
အဲဒီ အရှုပ်ထုတ်ထဲမှာ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမဲ့
လက်ညှိုးညွှန်ရာ သေဖြစ်တယ်
တကယ်ဆို
နို့နံ့မစင်သေးတဲ့ ကလေးငယ်တစ်ယောက်ဟာ
ကစားကွင်းထဲမှာ
သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားလို့ ကောင်းနေတုန်း
စာသင်ခန်းထဲမှာ
ထိတွေ့သမျှ စုပ်ယူလို့ ကောင်းတုန်း
မျှော်လင့်ခြင်းဟာ
နင်းထားတဲ့ သဲမှုန်တွေလို
မရေမတွက်နိုင်အောင် များပြားတုန်း
မနက်ခင်းရဲ့ ပူနွေးတဲ့နေရောင်ခြည်အောက်
ကျောပိုးအိတ်ထဲ
ကမ္ဘာကြီးတစ်ခုလုံး ပစ်ထည့်ပြီး
ကျောင်းကားဆီ ပြေးလွှားနေတဲ့ ခြေထောက်တွေက
အိမ်တိုင်တွေလို သန်မာလို့
တိုးဝှေ့လာတဲ့ လေပြည်ဆီ
ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်ထည့်လိုက်တော့
မျက်စိတစ်ဆုံး မင်းအနာဂတ်က
ပွင့်ချင်တိုင်း ပွင့်မယ်။
မင်းစာကြည့်စားပွဲပေါ်က ပုံဆွဲစာအုပ်မှာ
တအားလှတဲ့ ပန်းတွေ
အပူအပင်မဲ့ ပျံသန်းနေတဲ့ ငှက်တွေ
ပတ်ဝန်းကျင်ကို အလှခြယ်ဖို့ ခဲတံချွန်နေချိန်
မင်းဟာ
သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းလိမ့်။
အိပ်ရာဝင်ချိန်
ပိကျလာတဲ့ မျက်ခွံပေါ်မှာ
အနာဂတ်ဟာ
ရွှေအဆင်းနဲ့ အိပ်မက်မှာ ကိုယ်ထင်ပြလိမ့်။
ဒါပေမဲ့ ဖာစီယာ
တကယ်တမ်းကျတော့
အဲဒီကျောပိုးအိတ်ထဲမှာ
မင်းကမ္ဘာက အနားတွေ ဖွာထွက်နေ
မင်းတည်မှီ်ရာ အခန်းလေးက
ပိန်းပိတ်မှောင်မည်းနေ
ဒီလို မင်းအနာဂတ်က
လူမမြင်ကွယ်ရာမှာ တတိတိ ပိုးကျနေ
ဘယ်လိုပဲ လေသလပ်ခံပေမဲ့
မခြောက်တဲ့ အဲဒီကမ္ဘာလေးဟာ နံစော်လို့
မျက်နျာပေါ်က အမွှေးအမျှင်တွေလို
ခေါင်းပေါ်မှာ ဆံပင်ဘုတ်သိုက်နဲ့ မင်းအဖေ သတ္တိခဲက
ကြွက်သားတွေ သန်မာပေမဲ့ အဝေးမှုန်သူ
သူ့ကိုယ်ပေါ်က အမွှေးအမျှင်တွေ ရှည်လျားသလောက်
သူ့အတွေ့အခေါ်က စပါးလုံးတစ်ထောက်လောက် မနက်သူ
အဲဒီလို လူတစ်ယောက်
မင်းအဖေ ဖြစ်ခဲ့တာ
ကမ္ဘာမြေရဲ့ ကျီစယ်မှုတစ်ခုလား။
မင်းရဲ့ အဖေက
မင်းရဲ့ ရယ်မောသံကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားခဲ့သူ
မင်း မျက်လုံးတွေရဲ့ အရောင်ကို
ဖမ်းယူဆုပ်ကိုင်ဖို့ မကြိုးစားခဲ့သူ
တတိယအရွယ်ရောက်တဲ့အခါ
သမီးဖြစ်သူရဲ့ လက်ကိုတွဲလို့
ဆည်းဆာချိန်မှာ လေညင်းခံရတဲ့အရသာကို
သိနိုင်မစွမ်းသူ
အဲဒီလူတစ်ယောက် မင်းအဖေ ဖြစ်ခဲ့တာ
ဘုရားသခင်ရဲ့ ဖန်ဆင်းမှုလား။
ဒါပေမဲ့ ဖာစီယာ
လက်တွေ့ဟာ
သွေးကြောကိုလွန်ပြီး
အရိုးထိအောင် စိုက်တဲ့ဓား
အချိန်တန်လို့
အခန်းတံခါးကို ဖွင့်တဲ့အခါ
အခန်းထဲမှာ မြွေတစ်ကောင်က ခွေလို့
ဖာစီယာ
အနားကို ဖြည်းဖြည်း တိုးစမ်းပါ
နားကို အံကြိတ်ရင်း ကြိုးစား ပိတ်လိုက်ပါ
နို့နံ့မစင်သူရဲ့ ဘေး
မွှေးပွ ၀က်ဝံရုပ်ကလေး ရှိရမယ့်အချိန်
တစ်ရေးနိုးချိန် သူမ စမ်းမိတာက
အေးစက်နေတဲ့ မြွေတစ်ကောင်တဲ့။
မေတ္တာတရားဆိုတာ
အခါတစ်ပါးမှာ ခါးတတ်သလား
မင်းအဖေရဲ့
ဆင်းရဲမွဲတေမှု ကုန်တိုက်ပေါ်မှာ
မင်းဟာ အနုပျိုဆုံး
ဈေးခေါ်လို့ကောင်းတဲ့ အရောင်းသွက် ပစ္စည်း
မင်းအဖေရဲ့
ချိနဲ့တဲ့ ဦးနှောက်စက်ရုံအတွက်
မင်းဟာ အကောင်းဆုံးနဲ့ တစ်ခုတည်းသော ထုတ်ကုန်
အဲဒီညက
အသက်ပြင်းပြင်းရှူရင်း
အသက်ဆယ့်တစ်နှစ်သမီးဟာ
အခန်းမီးကို ဘယ်လို ပိတ်ခဲ့သလဲ။
ကိုယ်ပေါ် ဖြတ်ကြိတ်သွားတဲ့
မီးရထားသံအောက်မှာ
မင်းဟာ ဘယ်အရာကို ဆွဲယူ ဆုပ်ကိုင်ခဲ့သလဲ
ခုတော့ မွေးခန်းထဲ
နှစ်ထပ်သင်္ဘောမြုပ်သလို
အလဟဿ
ပျက်ကျသွားတဲ့ သားအိမ်တစ်လုံးရယ်
ငါတို့ရဲ့ ဆွံ့အမျက်လုံးတွေရယ်
အဲဒီညနေထဲ
လွင့်လာတဲ့ လေလှိုင်းဟာ အညိုအမည်းစွဲလို့
ငါတို့ဟာ အပြိုပြိုအလဲလဲနဲ့ ကွဲပြဲလို့။
မိသားစုဆိုတာ
တစ်ယောက်နာရင် တစ်ယောက် လျှာနဲ့ သပ်လို့
တစ်ယောက်ဆာရင် တစ်ယောက် ဖဲ့လို့
တစ်ယောက်လဲရင် တစ်ယောက် ထူရင်း
တစ်ယောက်လောင်ရင် တစ်ယောက် ငြှိမ်းရင်း
ခုတော့ ငါတို့ဟာ
ဆင်းရဲတွင်းကို လုံးလုံး ပုံချလိုက်မယ်။
အဲဒီတောင်ကြောဟာ မတ်စောက်တဲ့ တောင်ကြော
အဲဒီဒဏ်ရာက ကမ္ဘာပတ်တဲ့အနာ
အဲဒီခရီးဟာလည်း
သမိုင်းဦးအစ အသက်ရှည်ကြာခဲ့လေတော့
ငါတို့ဟာ လုံးလုံး ပုံချလိုက်ကြမယ်။
ဖာစီယာ
ငါတို့ဟာ သိပ်တိုးတက် ယဉ်ကျေး
ငါတို့ဟာ ကြောက်ခမန်းလိလိ အောင်မြင်
ငါတို့ဟာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာ
ငါတို့ဟာ ဒီလိုနဲ့ မင်းကို ထားစရာ ရှာမရ ဖြစ်ခဲ့ပေါ့။
ငါတို့ကမ္ဘာက
ကလေးတစ်ယောက်ကို
သူဆွဲနေတဲ့ ပုံတွေ
ပြီးမြောက်အောင် ဆေးရောင်ခြယ်ခွင့် မရှိတဲ့ ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အိတ်ကိုယ်ဖိရင်း
မျက်လုံးမှေးစင်းနေတတ်တဲ့ ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အနာ ကိုယ်ဖိရင်း
ဘယ်ကိုမှ မကြည့်နိုင်တဲ့ ကမ္ဘာ
အဲဒီကမ္ဘာမှာ
သမိုင်းဝင် အောင်မြင်မှုအဖြစ်
ငါတို့ မင်းကို အခု အလံစိုက်မယ်
ဖာစီယာ။
သံသရာအဆက်ဆက်
နောက်တစ်ခါ လူပြန်ဖြစ်ရင်
ဒီကမ္ဘာကို မလာနဲ့
မင်းဟာ လူသားအဖြစ် အပြစ်ရှိလို့
နောက်တစ်ခါ ဒီကမ္ဘာကို မလာနဲ့
လွတ်ရာ ကျွတ်ရာ
တခြားကမ္ဘာတစ်ခုမှာ
အဆုံးမသတ်ရသေးတဲ့ ပုံတွေကို
ဆက်ပြီး ဆေးရောင်ခြယ်ပါ
ကစားကွင်းထဲက စိမ်းလန်းမြက်ခင်းတွေပေါ်
ရယ်မောပြေးလွှားပါ
ညရောက်တဲ့အခါ
ကြယ်တွေကို လွယ်လို့
လရောင်ကို သီချင်းလုပ်ဆိုရင်း
လေညင်းကို နားစွင့်နိုင်စေကြောင်း
တိမ်တွေပြိုဆင်းနေတဲ့
ရာစုသစ်အ၀င် ညနေစောင်းမှာ
မင်းကိုငါ ခေါင်းလောင်းထိုးလိုက်တယ်
ဖာစီယာ
အလ္လာကောင်းခြီးပေးပါစေ။
[ဖာစီယာ - အသက် ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူ၏ ရောင်းစားမှုဖြင့် မိမိထက် အသက် ၂၄ နှစ်ကြီးသူနှင့် လက်ထပ်ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရသည့် ယီမင်နိုင်ငံသူ။]
အေးမင်းစော
[ဒီ ဖာစီယာ ကဗျာက ဒီနှစ် ထန်းရိပ်ညိုကဗျာဆု ရပါတယ်။ ပိတောက်ပွင့်သစ် (ဂျာနယ်ကျော်မမလေး)မှာ ပါခဲ့တာပါ။ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ ရုပ်ပုံလွှာအကျဉ်းကိုလည်း ထပ်တင်ပေးပါမယ်။]
http://www.facebook.com/home.php#!/notes/action-group-of-myanmar-poets/10/156930404355347
နောက်ဆက်တွဲ သတင်းများ အရ အဲဒီ ကဗျာဆရာဟာ အာရုံကြောရောဂါနဲ့ အိပ်ရာပေါ်မှာပဲ နေနေရာတာ ဆယ်စုချီပြီး ရှိနေခဲ့တာတဲ့
။
Wednesday, December 29, 2010
သူတောင်းစားတစ်ယောက်ရဲ့မှတ်စု ။
ကြီးလာတော့ သူတောင်းစားကြီးဖြစ်လာ
ကျွန်တော် မရောက်ဖူးတဲ့ လမ်းတစ်ကာလည်းမရှိ
ကျွန်တော့ကို မဟောင်ဘူးတဲ့ ခွေးလည်း တစ်ကောင်မှမရှိ
ဘဝမှာ အမှတ်ရစရာ အကောင်းဆုံးဆိုတာကတော့
အလှုအိမ်က ဝက်သားတုံးတွေပေါ့
တစ်ဖက်တည်းရှိတဲ့ ကျွန်တော့ မျက်လုံးဟာ
ပေးကမ်းစွန့်ကြဲမယ့်သူကို အဝေးကပင် ရှာဖွေနိုင်တာ
ဒါတွင်မက
လမ်းဘေးက ဆေးလိပ်တိုကိုလည်း ပုံဖမ်းယူနိုင်သေးသပ
ဓါတ်စက်သီချင်းသံ ကြားခဲ့ရင် တစ်နေရာရာ
ဒရွတ်ဆွဲခြေလှမ်းများနဲ့ အရောက်ချီတက်တာ
သူတို့ မောင်းထုတ်တဲ့အခါ ပြောရမယ့်စကား
ကျွန်တော်နားလည် တတ်ကျွမ်းပြီးသား
သူတောင်းစားတို့ ရှိအပ်သော ဂုဏ်အင်္ဂါ
ယင်တဝဲဝဲ အနာတွေလည်း ကျွန်တော့မှာ ပြည့်စုံစွာ
ဆုတောင်းပတ္တနာတွေလည်း ဧကန်ဧက
အမျိုးပေါင်း ၄၀ ကျော် ရွတ်ဆိုပြနိုင်သေးသပ
ချဉ်သိုးသိုး ထမင်းမျိုးကိုလည်း နယ်ဖတ်ကာ
ဆာလောင်မြိန်ယှက်စွာ စားကောင်းစားပစ်တတ်တာ
ကျွန်တော့ အစာအိမ်ဟာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသား
ဘယ်တော့မှသူ့လုပ်ဆောင်ချက်တွေ မယွင်းမှား
ငှက်ပျောနဲ့ဖရဲဟာ
လိုအပ်ရင် အခွံရော စားသုံးနိုင်တာ
အရသာ ဆိုတာ လျှာပေါ်မှာ ဖြစ်တဲ့ ကိစ္စ
ဘာမျှ မထူးဆန်းဘူးပ
သူတောင်းစားတစ်ယောက်ရဲ့ ဂုဏ်သတ္တိဟာ
ဆင်းရဲမွဲတေခြင်းပါ
ကမ္ဘာမြေက ထုတ်လုပ်လိုက်တဲ့ ဆင်းရဲမွဲတေမှုမှန်သမျှ
နေ့စဉ်ကျနော်လက်ခံယူနေကြ
ဆင်းရဲ မွဲတေမှုတွေနဲ့ ရိုးအီနေတဲ့ ကျွန်တော့်ကမ္ဘာ
လူကြီးမင်းတို့ရဲ့ ကရုဏာဒြပ်တွေ ရှင်သန်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရာ
ဒါကြောင့် ကျွန်တော်ဟာ ဟမ်ဘာဂါတစ်ဖဲ့ စားသေက်ခဲ့ဖူး
စီးကရက်လည်း ဖွာရှိုက်ခဲ့ဘူး
ဖူးဆန်းတဲ့ ဟောဒီ ကမ္ဘာမြေ
တစ်ခါတစ်ရံ ကံကြမ္မာက မျက်စပစ်ပြတတ်ပေ
ကျွန်တော့်အနာတွေပေါ် ယင်ကောင်တွေဝဲနေသမျှ
ပေးကမ်းစာ တွေ စားသောက်နေရဦးမှာ မုချ
ကျွန်တော် ၁၅ နှစ်သားမှာ
ရေတစ်ကြိမ်ချိုးဖူးတာ
အသက်၂၀ ကျော်အရွယ်မှာတော့
လက်သည်းတွေ ညှပ်ခဲ့ဖူးသေးသပေါ့
ဟောဒီဘဝမှာ ကျွန်တော်ပိုင်ဆိုင်ခဲ့တာတွေက
ကြမ်းပိုး ၁၆ ကောင်နဲ့ လွယ်အိတ်တစ်လုံးမျှ
ဒါပေမဲ့ကွာ . . .
ကျွန်တော်တစ်ခုတော့ တွေးမိရင်းမျက်ရည်စို့
လူတစ်ယောက် သူဝမ်းနည်းကြေကွဲတဲ့အခါ မျက်နှာအပ်ပြီး ငိုချလိုက်ဖို့
ရင်ခွင်တစ်ခု တကယ်လိုအပ်တယ်လို့
ဟိုတုန်းတစ်ခါကတော့ ကျွန်တော့ဘေးမှာ
(ယုံကြပါ့မလား) အဖော်မွန်တစ်ယောက်ရှိခဲ့ဖူးလေရဲ့ဗျာ
သချို င်္င်းမြေမှာ ကျီးတွေ တအားအား ပြိုသွား
ခုတော့ ဒါဟာ အိပ်မက်တစ်ခုပမာ မှုန်ဝါး
ပေါင်မုန့်မီးကင် ၊ ကြက်ဥဟတ်ဖရိုက် ၊ ဒိန်ခဲနဲ့ စည်သွပ်ဘူးတွေ ရှိရှာ
မြို့ထဲကို
ကျွန်တော် နေ့စဉ်ရောက်ခဲ့ပေါ့ သူ့အလိုလို
အကိုကြီးတို့ အမကြီးတို့ ခင်ဗျား
ထမင်းကျန်ဟင်းကျန်း လေးများရှိရင် စွန့်ကြဲပါသနား ။
(ကဗျာရေးလို့ မကြီးပွားဘူးဆိုတဲ့ ချစ်ဇနီးသို့)
နေမျိုး
Monday, December 27, 2010
အိမ်ပြန်မလာတော့ဘူး...။
မိဘရဲ့ အရိပ်ကအအေးမြဆုံးပဲဆိုတာ
အထူးတလည်ပြောနေစရာမလိုပဲ
လူတိုင်းသိပြီးသားပဲကို
ဒါပေမဲ့...
ပါတ်ဝန်းကျင်က မအေးမြဘူး
ခေါင်းရင်း ကုလားအိမ်က
မနက်ဆိုတာနဲ့ ကုလားဘုရားစာတွေအကျယ်ကြီးရွတ်
ခြေရင်းက တရုတ်အိမ်ကလည်း ညော်နံ့တွေလုပ်
အပေါ်ထပ်က မျောက်နဲ့စပ်ကျထားသလားမှတ်ရတဲ့
ကလေးတွေကလည်း တဒုန်းဒုန်း တဒိုင်းဒိုင်းပြေး
ကျွန်တော်မှာ ကောင်းကောင်း မအိပ်ရ
နားတွေငြီး အသက်ရှုတွေကျပ်၊
စာတွေမရေးနိုင်..
မိုးလင်းက မိုးချုပ်
ဝဋ်ခံနေရသလို
အမေချက်ကျွေးတဲ့ ဟင်းနွေးနွေးလေးကို
စားချင်တာပေါ့..
ဒါပေမဲ့...
အဲဒီဝဋ်ကျွေးကိုမခံချင်တော့ဘူး
ဒါကြောင့် သားဒီဘက်အိမ်ကနေစာရေးလိုက်ပါတယ်
အမေတို့ လမ်းကျဉ်းကျဉ်းလေးကို ပြန်မလာတော့ဘူး။ ။
P.S ... စာပေစိစစ်ရေးမှ လူကြီးမင်းများခင်ဗျာ...
ဒီကဗျာဟာ တိုင်းတစ်ပါးရောက်မြန်မာနိုင်ငံသားတစ်ယောက်က
မိခင်နိုင်ငံကို ပြန်မလာနိုင်သေးတဲ့အကြောင်း
သွယ်ဝိုက်ရေးထားတာမဟုတ်ရပါ
ထို့အတူ အမေဆိုတာကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတယ်လို့လည်း
တောင်တောင်မြောက်မြောက် ဦးနှောက်မစူးရောက်ပါနဲ့ဦး
ဒီကဗျာဟာ ကျွန်တော်ရဲ့ တကယ့်အဖြစ်အပျက်ပါ
မယုံရင် ကျွန်တော့်အမေ့အိမ်ကိုသွားရောက်လေ့လာနိုင်ပါတယ်
ထိုကဲ့သို့ လေ့လာပြီးပါကလည်း တဆက်တည်း
ထိုကုလားအိမ်ရယ် တရုတ်အိမ်ရယ် အပေါ်ထပ်က ကလေးလေးတွေရယ်တို့ကို
တဆက်တည်း လိုအပ်သလို စစ်ဆေးအရေးယူပေးပါဦး
တကယ့်ကို မခံနိုင်တော့လို့ အိမ်ပြောင်းသွားရတာပါ...။
ကျေးဇူးတင်လျှက်
မြေမှုန်လွင်
Thursday, December 16, 2010
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ
ကဗျာဆရာများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများဥပဒေဆိုင်ရာ အကြံပေးများလိုအပ်လာကြောင်း၊ ဖြစ်ပေါ်လာမည့် အနုပညာဆိုင်ရာ အခင်းအကျင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဗျာထုတ်ကုန်လုပ်ငန်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဖက်စပ်ကုမ္ပဏီတို့ကလည်း ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။ ဆက်စပ်၍ ကဗျာလမ်းဖောက်လုပ်ခြင်းများနှင့်အတူ ကဗျာဓာတ်အားပေးစက်ရုံ နှင့် ကဗျာအလုပ်ရုံများလည်း တည်ဆောက်သွားမည်ဖြစ်ပြီး Special Complexotic Poetry Zone တည်ထောင်လိုက်ရင် နိုင်ငံတကာက ကဗျာလုပ်ငန်းတွေရောက်လာမယ်။ လုပ်ငန်းတည်ထောင်ပြီးရင် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေလည်း ရောက်လာမယ်။ ကျွမ်းကျင်ကဗျာလုပ်သားတွေလည်း လိုအပ်လာမယ်။ ကျွမ်းကျင်အဆင့်ဖြစ်အောင် Training ပေးကြမယ်။ နောက်ဆုံး အထွေထွေလုပ်စားတွေအတွက်ပါ အလုပ်အကိုင်တွေ ရလာနိုင်တယ်။ ကြေညာစာတမ်းပါ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ သဘောထားဆိုင်ရာ ကတိက၀တ်များနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သောအနုပညာအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေး၊ ကဗျာသူ/ကဗျာသားအားလုံး၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေးနှင့် အနုပညာလိုအပ်ချက်များ ပြည့်စုံရေး၊ ကဗျာအခွင့်အရေးနှင့် ဒီမိုကဗျာစီကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ အဟောင်းတွေကိုပဲ လှည့်သုံးနေရင်တော့ ပြောင်းလဲတိုးတက်လာတဲ့ တံခါးဖွင့်အနုပညာမူဝါဒနဲ့ ကဗျာဘယ်လိုက်ဇေးရှင်းခေတ်မှာ အရမ်းပြတ်ကျန်ခဲ့တာမျိုးဖြစ်နေမယ်။ ပြောရရင်ခေတ်ဟောင်းကဗျာဗေဒက အံမ၀င်တော့တဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်တာတွေ လုပ်ရမယ်။ ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်ရဲ့ အခြေအနေ အရှိန်အဟုန်နဲ့အညီ နိုင်ငံတကာသို့ ဆက်သွယ်ပျံသန်းနိုင်ရန် အခွင့်အလမ်းများလည်း များလာပြီဖြစ်သည်။ သူတို့ကဗျာဗေဒက ကိုယ့်မှာရှိနေတဲ့ ကဗျာဗေဒထက်ကို မြင့်နေသေးတယ်ဆိုရင်တော့ တစ်ဦးတည်းက ချည်းလုပ်လို့မရပါဘူး။ အချင်းချင်း enforcement အပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်မယ်။ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ၊ ကဗျာအလုပ်လုပ်နိုင်ဖို့ ကိုယ့်ကဗျာဗေဒက အားကိုးလောက်တဲ့ကဗျာဗေဒဖြစ်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ခပ်ပြင်းပြင်း လေးကိုင်ထားတာ၊ ထိလိုက်လျှင် တုံးကနဲပဲ။ ကျွန်တော့ ဟာတွေကတော့ လန်းတယ်၊ အရှင်းပဲ။ ဒီကဗျာပစ္စည်းတွေက ဓာတုဓာတ်ကြွင်းတွေ၊ ကျမ်းမာရေးဆိုင်ရာစစ်ဆေးချက်တွေ သတ်မှတ်ထားသင့်သလား။ ရိတ်သိမ်းချိန်လွန်ဈေးကွက်မျိုးတွေကို ကဗျာပစ္စည်း တင်ပို့မယ်ဆိုရင်တော့ တော်တော်လေး sensitive ဖြစ်တယ်။ ကန့်သတ်ချက်တွေ ရှိတယ်။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ ဒီဇင်ဘာ ၁၅ရက်
Friday, December 10, 2010
အလွမ်း
သူမပျော်ရွှင်နေသည်လား။ မေးခွန်းဟာ လမ်းတစ်ဝက်မှာပဲ ခါးပိုက်နှိုက်ခံလိုက်ရသည်။ ရယ်ရွှင်မြူးတူးသံတို့အား တပ်အပ်သေချာမြင်တွေ့ခဲ့ရသည်။ ကောင်းကင်၏အနားသတ်မျဉ်းအထိ ပျံသန်းသွားနိုင်သည့် ငှက်တစ်ကောင်ဖြစ်ချင် ခဲ့သည်။ လောကကြီးစတင်ဖြစ်ထွန်းချိန်ကတည်းက တရားမျှတမှုသည်အလည်ရောက်မလာတော့ချေ။ စံပယ်ရုံလေးနေရာတွင် ပိန္နဲပင်တစ်ပင်ပြောင်းစိုက်လိုက်သည်။ ပိန္နဲသီးသည်စား၍ရကြောင်း ကိုယ်တိုင်ကိုယ်ကျ စောဒက မတက်မိ၍ ပိန္နဲပင်အားနှုတ်ပစ်လိုက်သည်။ ပသို့ဆိုစေ ဓာတ်ဘူးအဖုံးကိုဖွင့်မိသည်နှင့် အပူငွေ့သည် လှိုက်ခနဲတက်လာပေလိမ့်ဦးမည်။
တစ်ခါတရံတွင် သိုသိပ်စွာဝှက်ထားသော ရုပ်ကလာပ်များသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် နှစ်ပေါင်းများစွာတိုင် တည်ရှိနေတတ်သည်။ သူမကိုသတိစိတ်တို့ဖြစ်နေခဲ့သော်လည်း သူမသည် မည်သူမည်ဝါဖြစ်ကြောင်းကိုကား သဲသဲကွဲကွဲ မမှတ်မိတော့ပါ။ ဘုံဆိုင်ကျဉ်းကျဉ်းလေးသည် လေဝင်လေထွက်မကောင်းသလို ငေးကြည့်ချင်စရာ ဆည်းဆာအလှလည်း မရှိခဲ့ပါ။ ယခုလိုနေရာမျိုးတွင် သူမနှင့် အတူမထိုင်ခဲ့ဖူးပါ။ ဘယ်နေရာတွင်မှ မထိုင်ဖူးခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ စံပယ်တစ်ပွင့်တလေမျှ ကောက်ရခဲ့ဖူးခြင်းမရှိသောကြောင့်ဖြစ်သည်။
ဘာကြောင့်လဲဆိုသည့် အမေးစကားကို မဖြေနိုင်ခဲ့သော်လည်း လူတစ်ယောက်ဖြစ်ခဲ့သည်။ ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့သည်။ တော်လောက်ပါပြီ။ ရပ်တန့်ဖို့အတွက် လုံလောက်သောအကြောင်းပြချက်ရှိပြီဟုထင်သည်။ မနက်ဖြန်မနက်နေထွက်မည်လား။ သေချာအောင် ဓာတ်ဘူးအဖုံးကိုဖွင့်ကြည့်ရပါဦးမည်။ အကယ်၍ ပျောက်ဆုံးနေခဲ့သော လမင်းသာ ဓာတ်ဘူးအတွင်းရောက်ရှိနေခဲ့ပါလျှင် …
ကြက်သွန်
01-12-2010
Friday, November 12, 2010
အနုပညာ အစာအိမ်
ကြွေသွားတယ် ကို စ ရတယ်၊၊ သိမှုမှာ ဆေးလိပ်ပြာ ၊ ကြယ်၊၊ ခဏ စဉ်းစား၊၊ ဟိုလူကြီး စာသားတစ်ခု ကို ထည့်ရေးရင် ကဗျာလန်းသွားမလား၊၊ ကြွေသွားတာ ကြာပြီ ဖြစ်ပေမယ့် မေ့မရနိုင်သေးတဲ့ ကဗျာလောကရဲ့ ဆေးလိပ်ပြာကြီး ဟိုလေ.. ဘယ်သူ?၊၊ တရားရေ! ဒီလူကြီးကို ထိခိုက်မိရင် အဆဲခံရမလား၊၊ အဆဲခံရတာ အဆန်းမှ မဟုတ်တာ၊၊ သီချင်းဖွင့်ထားရင်တောင် အဆဲခံနေရတဲ့ခေတ်ပဲ၊၊ ဟုတ်တာပေါ့၊၊ မိုးမွှန်အောင်ဆဲတာနဲ့ လိင်ဆက်ဆံတဲ့အကြောင်း ဆိုထားတဲ့ သီချင်းတွေ ကမ္ဘာကျော်နေတဲ့ခေတ်ပဲ၊၊ ပျင်းလိုက်တာ အကြောင်းအရာလဲ မရှိဘူး၊၊ ဗိုက်ဆာသွားတယ်၊၊ စားစရာ ကြက်ဥအစိမ်းတစ်လုံးပဲတွေ့၊၊ အာဟာရတော့ ဖြစ်မယ်ထင်တယ်၊၊ ဒါနဲ့ စကားမစပ် ငတ်နေတဲ့သူတွေ အကြောင်း ရေးရင်ကောင်းမလား၊၊ ခဏစဉ်းစား၊၊ မရ၊၊ ဘယ်လိုမှ ကိုယ်ချင်းစာပေးလို့ မရ၊၊ ကိုယ်တိုင်ကလဲ အကြာကြီးမငတ်ဖူး၊၊ ကြည့်ကျက်ဖောပြီး ရေးလိက်ရင် ကောင်းမလား၊၊ စဉ်းစား၊၊ မရ၊၊ စိတ်မပါ၊၊ ကြွေသွားတယ် ပြန်ရောက်လာတယ်၊၊ ဘာလဲဟ!၊၊ သိမှုမှာ ကွက်ရှင်မက်ခ်၊၊ အချစ်ကဗျာရေးစေချင်တာလား၊၊ ဘယ့်နှယ့်၊၊ ခဏစဉ်းစား၊၊ သူမကို မြင်မြင်ချင်း ကြွေသွားတဲ့…၊၊ မကြိုက်၊၊ ပြန်စဉ်းစား၊၊ သူမရဲ့ ကြွေသွားတဲ့ မျက်တောင်မွှေး၊၊ ဟာ !!! (အသံရှည်ဆွဲ) ၊၊ အမွှေးတွေ၊၊ အမွှေးမဲည်းမဲည်းတွေ၊၊ ဆံပင်ညှပ်ဆိုင်၊၊ နေမြဲ ကြည့်ကြည့်နေတဲ့ ဂျပန်ရုပ်ရှင်တွေ၊၊ စေတန်လ်ကြီးနိမိတ်ပြတဲ့ ချိုင်းမဲမဲတွေ၊၊ ဖီးလ်ငုတ်သွားတယ်၊၊ ဒါတွေထည့်ရေးလိုက်ရင် အချစ်ကဗျာစစ်စစ်ရဲ့အဖွင့်ဖြစ်ပါ့မလား၊၊ ဇဝေဇဝါဖြစ်၊၊ စဉ်းစား ၊၊ ဒိုင်လျှိုလေး ရှော်လိုက်၊၊ အစကပြန်တွေး၊၊ အိပ်ချင်လာပြီ၊၊ ဆက်မရေးရင် နေမြဲ နဲ့ ရင်ခွင်ရှိန်းကဆဲမှာ၊၊ စဉ်းစားစမ်း၊၊ ငါကဗျာရေးတော့ကော ယနေ့ ကဗျာလောက က ဘာဖြစ်မှာမို့လဲ၊၊ မဟုတ်သေးပါဘူး၊၊ ကဗျာဘဘဆရာကြီးတွေ ပြောခဲ့ကြတာမှာ
ကဗျာဟာ ( ပကျိပကျိ ကျလွိကျလွိ )၊၊
ကဗျာကို ( ကွိကွိကွကွကွက်ကွက် )၊၊
ကဗျာဆိုတာ (တွီတွီတွမ်တွမ်)၊၊
ဟုတ်တယ်၊၊ ကဗျာကို စောင့်ရှောက်ရမယ်၊၊ သန့်ရှင်းမွန်မြတ်ကြည်လင်နေရမယ်ကဗျာဆိုတာ၊၊ ဗိုက်ဆာလာ ပြန်ပြီ၊၊ ကျစ်!၊၊ ထပ်ရှော်လိုက်တယ်၊၊ စားစရာမရှိငတ်ပြတ်ဆင်းရဲနေတဲ့ကြားက ရေးခဲ့ကြတဲ့ကဗျာတွေရှိတယ်၊၊ ကဗျာရေးရမယ်၊၊ ကဗျာရေးရင်း ချမ်းသာလာရင် အိုင်ဖုန်း မကိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်၊၊ အိုင်ဖုန်းကြော်ငြာတစ်ခုမှာ … ၊၊ ပြောရင်းစိတ်တိုလာတယ်၊၊ ဗိုက်ကအော်နေတဲ့ ဂြီဂြီဂြမ္ဂြမ္အသံကို မကြားချင်လို့ နားပိတ်ထားလိုက်တယ်၊၊ ကဗျာရေးလို့ ချမ်းသာလာရင် Mae ရဲ့ ရှိုးပွဲသွားကြည့်မယ်၊၊ အီမိုလို ဝတ်ပြီးဆင်ပြီး Paramore ပွဲလဲသွားမယ်၊၊ ခုန်ပေါက်မြူးကြွ၊၊ အာ! ငါဘာလို့ မြန်မာပြည်က ကဗျာစာအုပ်တွေ ဝယ်ဖတ်မယ်လို့ မတွေးရတာလဲ၊၊ ဟုတ်တယ်၊၊ ကဗျာရေးရမယ်၊၊ မနက်စောစော ပဲပလာတာ နှစ်ပွဲဆက်တိုက်စားပြီးရင် ကဗျာတွေကို ငါ ဆက် ရေး ရ. . . . မယ် ၊၊ ခေါ ခေါ ခေါ ခေါ ခေါ ခေါ ၊၊ Zzzz Zzzz Zzzzz Zzzzz zzzzZ zzzzZ၊၊
-ဇာတိ-
Tuesday, November 9, 2010
တိရိစ္ဆာန်အားလုံးလူဖြစ်ကြောင်း
အများစုသော ပါဝါရိန်းဂျားတွေ ဗိုလ်ထပ်ဆွဲတော့လည်း
Friday, November 5, 2010
ရှိသလို လည်းရှိ၏
လုံးလုံးမမှန်သည်လည်းရှိသလို လုံးလုံးမမှားသည်လည်းရှိ၏။
မကြာသောခရီးရှိသလို ကြာသောခရီးလည်းရှိ၏။
ရည်းစားရှိသလို ဇနီးလည်းရှိ၏။
ခိုးဖြည်ကြည့်တာရှိသလို အလုပ်ကိစ္စလည်းရှိ၏။
တံတားပေါ်တွင်ရှိသလို မြစ်တစ်ဘက်ကမ်း၌လည်းရှိ၏။
လမ်းသွားလမ်းလာများရှိသလို စိတ်ဝေဒနာရှင်များလည်းရှိ၏။
ဆေးပေါ့လိပ်မီးခိုးတွေရှိသလို သူတို့ကိုငေးကြည့်နေတဲ့ မျက်လုံးတွေလည်းရှိ၏။
တစ်မနက်ခင်း၌ရှိသလို နေ့လည်မဟုတ်လျှင်ညနေလည်းရှိ၏။
ကျကွဲတတ်သောအကြောင်းများရှိသလို ထုခွဲရောင်းချရသောအကြောင်းများလည်းရှိ၏။
ဖုံးခေါ်ပြီးကိုင်မည့်သူမရှိသလို မက်ဆေ့ဂ်ျမရသည်လည်းရှိ၏။
နယ်ဖတ်ပြီးကျွေးတာရှိသလို ကိုယ့်ဖာကိုယ်ကြည့်ကြက်စားတာလည်းရှိ၏။
အုံလိုက်ရှိသလို ဖုတ်လိုက်လည်းရှိ၏။
မျက်လုံးကတဆင့်ရှိသလို ခန္ဓာကိုယ်လည်းရှိ၏။
ဒေသခံရှိသလို ပုလွေမမှုတ်ဘူးလည်းရှိ၏။
ပြောင်းတိုက်ချေးချွတ်ရှိသလို ဒိုင်းညှောင့်ဒိုင်းညှောင့်လည်းရှိ၏။
ငွေရောင်မပေါက်တပေါက်တွေရှိသလို ငွေသာအမိ/ငွေသာအဖတွေလည်းရှိ၏။
အခန်းနံရံမှာရှိသလို အခန်းအပြင်မှာလည်းရှိ၏။
သေချင်တဲ့ကျားရှိသလို လွတ်တဲ့ငါးလည်းရှိ၏။
ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်ရှိသလို တိုးတိုးလေးငေးကြည့်ခွင့်လည်းရှိ၏။
ဒီအတိုင်းပဲရှိသလို ဒါပဲလည်းရှိ၏။
သိုးထိန်း (အန္တိမ)
Thursday, November 4, 2010
မတော်တဆထပ်မံတွေ့ရှိရသော…
ကိုးကား ၍… အခြေခံ အကြောင်းတရားများပါသော
အကျိုးရလဒ်တစ်စုံအား. ဖန်တီးနိုင်စွမ်းကင်းမဲ့စွာ
ထပ်မံတွေ့ရှိခဲ့ပါသည်..။ မတန်တဆ ၀ါကျတွေနှင့်
ရည်ရွယ်တင်ဆက်ပြီးသည့်အတိုင်း… စွပ်စွဲချက်များ
ရေရာလွန်းသည်နှင့်မျှ.. လက်ကျန်သက်တမ်းတစ်ခုကို
လက်ဆင့်ကမ်း အမွေပေးခွင့်ရမရ… အသိဥာဏ်မဲ့မှုဆိုင်ရာ
မိုက်မဲတွေဝေမှုများအား… အမွေမလုကြမီ.. ငြိမ်းချမ်းစွာ
ခွဲဝေထိန်းသိမ်းလိုက်ရပါသည်.. ထိုသို့သော အကြောင်းကြောင့်
ဆောင်းဦးမပေါက်ခင်… တွေ့မြင်လိုက်ရသော ကြယ်စုများမှာ
အစစ်အမှန်မဟုတ်ကြောင်း ထပ်လောင်းကြေငြာခြင်းမပြုခင်
ဘယ်အရာကို ယုံကြည်ယူဆထားရန်မသင့်..ဟု
လူနဲ့နီးစပ်သော အကြောင်းတရားတို့ အကယ်ရှိလင့်ကား
ကျွန်ုပ်တို့သည်.. မတော်တဆ တိုက်တိုက်ဆိုင်ဆိုင်
ဖန်းတီးခံထားရသော ပြုလုပ်ခံသက်သက်သာဖြစ်မည်သာ..။
မိုးလှိုင်ည
Wednesday, November 3, 2010
အဝေးရောက်ဆက်သွယ်ချက်များ...
အဝေးမြို့က ဖုန်းမခေါ်သေးခင်အထိတော့
အခြေအနေအားလုံးက ပုံမှန်ပါ
(အရေးကြီးသည် အမြန်ပြန်လာပါ...။)
သံကြိုးစာလား.... ကြေးနန်းရိုက်တာလား
ရုံးသုံးဝေါဟာရ အမှန်ကိုစဉ်းစားရန်
မေ့သွားမှာစိုးလို့ ရေခဲသေတ္တာရှေ့မှာ
နုတ်ရေးပြီး ကပ်ထားလိုက်တယ်...
`ဘူလေးလဲ... အဲဒါဘူလေးလဲ´
ဘေးကလူ Ring Tone ကကျယ်ကျယ်လောင်လောင်မြည်နေတယ်
ကိုကိုရေ... ဖုန်းလာနေတယ်
ကိုကိုရေ...ဖုန်းလာနေတယ်...
မိန်းမကြီးက Slide ဖုန်းလေးကိုတွန်းဖွင့်လိုက်တယ်...ဟလို
အော့ဖ်လိုင်းမက်ဆေ့ခ်ျတွေ ပို့မရတာတော်တော်ကြာပြီ
ဟလို ..ကြားလား.. ဟလို...ကြားရဲ့လား...ဟလို.....ကြားရရဲ့လား
အသံကပြတ်တောင်း ပြတ်တောင်းနဲ့..
အရေးကြီးပြီဆို လူကြီးမင်းနဲ့ချည်း တိုးနေတယ်...
ကလင်.. ကလင်..ကလင်..
ကလင်..ကလင်.. ကလင်...
အချက်ပေးမြည်သံကို ဘာသာစကားနဲ့ဖလှယ်တဲ့အခါ
မှားယွင်းမှုတွေရှိလာနိုင်မလား...
တချို့မက်ဆေ့ခ်ျတွေက နှစ်ပေါင်းများစွာကြာမှရောက်မှာလား...
(မက်ဆေ့ခ်ျရောက်သွားတဲ့ အချက်လည်းပြတယ် ဘေဲလ်လည်း ဖြတ်သွားတယ်
ဘန်ကောက်က ရည်းစားဆီတော့ မက်ဆေခ်ျ့တွေမရောက်ဖူးတဲ့)
သူငယ်ချင်းတစ်ဦးပြောပြချက်...
ကျွန်တော်က မက်ဆေ့ခ်ျမရောက်ကျပ်စေ့ထည့်ဆက်ပေါ့...
စနစ်တစ်ခုလုံးကို...
၂၄နာရီမပျက် ထိန်းသိမ်းပြုပြင်နေတာပဲ..
ဒီကြားထဲကမှာ
အချိန်မတော်ကြီး.. ဖုန်းမှားဝင်လာတယ်...
အရေးထဲ.....
ဖုန်းပိတ်ထားပါသဖြင့်...။
မိုးလှိုင်ည
Sunday, October 31, 2010
ဘလိတ်ဓား ဟာ အမွှေးရိတ်ဖို့ သက်သက်ပဲ အသုံးဝင်တာ မဟုတ်ဘူး
>ဇာတိ<
Wednesday, October 20, 2010
-အမည်ကောင်မပေါ်-
ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊ [ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အင်္ကျီအပွ အင်္ကျီအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊
ဇာတိ
Sunday, October 3, 2010
သရုပ်မှန် အက်ဆေး
သရုပ်မှန် အက်ဆေး
(I)
တစ်ယောက်တည်း ဝင်ကြည့်ဖြစ်တဲ့ရုပ်ရှင်
သူ့ဘာသာပြီးသွားတော့မှ ထထွက်လာခဲ့တယ် ၊၊ ၊၊
(II)
နောက်ဆုံးတော့လေ ၊၊ အားကိုးဆုပ်ကိုင်စရာမဲ့နေတဲ့ ငွေကြေးချမ်းသာသော အဘွားအိုကြီးရဲ့ ရင်ခွင်မှာ မှေးစက် ဖို့ ကျွန်တော့်စိတ်တွေ အလိုမတူပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ဟာ အိမ်ထောင်ပြုခြင်းထဲကိုတွန်းအချခံလိုက်ရတယ်၊၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ အချစ်ဦး ရယ်၊၊ အချစ်ဦး သီချင်းဟာ ကြေကွဲစွာ ကွဲကြေပြီးအငွေ့ပျံသွားပြီ ၊၊ ကျွန်တော့်ရဲ့ ဘာမှ မတတ်နိုင်ခြင်းတွေဟာ ဘာမှ မတတ်နိုင်တော့ပါပြီ ၊၊ မုန်းတီးခြင်းနဲ့သာ ခွင့်လွှတ်ပေးပါတော့ … ၊၊ အချစ် ရယ် … ၊၊ ၊၊
(III)
အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ညည့်ငှက်တစ်ကောင် ဖြစ်ခဲ့တာလေ ၊၊ ကျွန်တော်ရည်မှန်းထားတဲ့ ကဗျာဆရာ ဖြစ်ခွင့် ဟာ အရမ်းကို ဘဝဆန်ခဲ့ပါတယ်၊၊ ငယ်စဉ်ဘဝထဲက မတ်စောက်ခဲ့တဲ့ လှေကားတွေ ခုချိန်ထိလဲ မတ်စောက်နေဆဲပါ၊၊ ကျွန်တော့်လက်ရှိဘဝဟာ ကျွန်တော့်ဘဝမှာ ကျွန်တော်မလိုချင်ဆုံးဘဝပါပဲ ၊၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိင်မှုရေးရာ ကို အဲ့ဒီ မိန်းမတွေဟာ ခူးဆွတ်ကြတယ် ၊၊ ကျွန်တော့်တစ်ကိုယ်တော် ရပ်တည်မှု အခက်အခဲကို အဲ့ဒီမိန်းမတွေဟာ ငွေကြေးနဲ့ လဲလှယ်ပြီး ကျွန်တော့်ဆီမှာလိင်မှုခရီးထွက်ကြတယ် ၊၊ ကိုယ့်ကိုကိုယ် အရည်ပျော်ပစ်ပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ် ပစ်လိုက်ချင်တယ် မေမေရယ် ၊၊ ကျွန်တော် ညဥ့်ငှက်တစ်ကောင်မဖြစ်ချင်တော့ဘူး၊၊ ညဥ့်ငှက်တစ်ကောင် ကျွန်တော် မဖြစ်ချင်တော့ဘူး ၊၊ ကျွန်တော်စာရွက်တွေပေါ်မှာ ကဗျာတွေရေးပြီး ကောင်းကင်ပေါ် ဝေ့ဝဲပစ်တင်ပစ်လေ့ရှိတယ် ၊၊ တမလွန်က မေမေ ဖတ်ဖို့ပါ၊၊ ဗီးနပ်စ် ကို ဂြိုလ်တစ်ခုလို့ မသုံးပဲ နတ်သမီးလို့ပဲ သုံးရအောင် ၊၊
ဒီစာရွက်ထဲက ကဗျာတွေ က မင်းရေးတာတွေလား ၊၊
ဘာလို့ လွှင့်ပစ်တာလဲ ၊၊
မမဟာ ကျွန်တော့်ဆီကို သန့်သန့်ရှင်းရှင်း ရောက်လာခဲ့တယ် ၊၊ သန့်သန့်ရှင်းရှင်းဆိုတာ ဘာမှ ပေကျံနေခြင်းမရှိဘူးလို့ ဆိုလိုတာပါ ၊၊ အလိုဆန္ဒ၊လောဘ၊ရာဂ ၊၊
တို့ အရမ်းသဘောကျတယ် ၊၊ လွှင့်ပစ်တာကိုတော့နားမလည်ဘူး ၊၊
ရှင်းပြခိုင်းတယ်ဆိုတဲ့သဘောလဲမဟုတ်ဘူး။
ဘာအဓိပ္ပါယ်လဲဆိုပြီးရန်လိုတဲ့သဘောလဲမဟုတ်ဘူး။
လူကိုယ်တိုင်လိုက်ပို့ခိုင်းတာမဟုတ်ဘဲ လမ်းညွှန်ပေးခိုင်းတဲ့သဘော။
အဲဒီလိုမေးလို့ရမလား။
တမလွန်က မေမေ့အတွက်ပါ မမရယ်။
တကယ့်ကိုသန့်သန့်ရှင်းရှင်းတွေ့ဆုံခဲ့တာပါ။ မမဟာ ကံကောင်းတဲ့ ပန်းပင်လေးပဲ။ ကျွန်တော်ဘယ်လိုကြည့်ရှုစောင့် ရှောက်မလဲ။ ငေးရုံလေးသာ ငေးဖို့တောင်တတ်နိုင်ပါ့မလား။ ကျွန်တော်ဘယ်လိုဘဝမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာ မမသိသွားရင် ကျွန်တော့်ကိုရွံသွားမှာပါ။ မမနဲ့ တွေ့ဆုံရခြင်းဟာ ပျော်ရွှင်မှုတွေ ရောထွေးပါဝင်လာတဲ့ ကြောက်ရွံ့မှု တစ်ခုပဲ။
မင်းကဗျာတွေကိုပုံနှိပ်ဖော်ပြခံရရင်ပျော်မိမလားလို့ တွေးဖူးသလား။
တွေးဖူးတယ်။ စိတ်ကူးအကြီးကြီးယဉ်ကြည့်ဖူးတယ်။
ကဗျာဆရာနဲ့ညဥ့်ငှက်တစ်ကောင်။ ဘယ်အလင်္ကာနဲ့တွဲရေးရမလဲ မမရယ်။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ ကျွန်တော် အလေးစားဆုံးက ကဗျာဆရာတွေ။ ဟုတ်တယ် မမ။ ကျွန်တော်အချစ်ဆုံးက ကဗျာ။ မမ။ မမ။ မမက အကောင်းမြင်ဝါဒီ။ ကျွန်တော့်စိတ်တွေအားပြည့်လာတယ်။ မမပြုံးလိုက်ရင် လျှပ်စီးလက်လိုက်သလိုပဲ။ ရင်ခုန်ကြောက်ရွံ့မိ။ အခိုက်အတန့် ပျော်ရွှင်မှုကို တစ်ဘဝလုံးနဲ့လဲရဲသလား။ ကျွန်တော်လဲချင်တယ်။ မမကို ကဗျာတစ်ပုဒ်ပေးလိုက်တယ်။ မမနဲ့ တွေ့ဆုံပြီးချိန် တိုင်းဖြစ်ရတဲ့ ညဥ့်ငှက်ဘဝ။ အဲဒီပျံသန်းမှုမှာ ကျွန်တော်မောနေပြီ။ လေဒီကြီးတစ်ယောက် ကားတိုက်မလိုဖြစ်တယ်။ ဝင်ကူလိုက်တာ လက်ဖဝါးကွဲသွားတယ်။ လေဒီကြီးက ဆေးဖိုးဆိုပြီး ပိုက်ဆံတစ်အုပ်ပေးတာယူပြီး အိမ်ပြန်အိပ်တယ်။ ညဥ့်ငှက်ဘဝရဲ့ အားလပ်ရက်။ လကို ကဗျာဆရာတွေ ဘာလို့ခဏခဏစာဖွဲ့လဲသိလိုက်တယ်။ အဲဒီအရာဟာ အလွမ်းလား မမ။ မမက ကစားကွင်းကိုခေါ်သွားတယ်။
မင်းမနေ့က ပေးတဲ့ကဗျာ အလွတ်ရရင်မင်းပါးစပ်နဲ့ခုရွတ်ပြ။
ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုရှေ့မှာထားပြီး ကဗျာရွတ်ပြခွင့်ရတာ ဘယ်လို မင်္ဂလာလို့ခေါ်မလဲ။
မင်းကိုလဲ တို့ချစ်တယ်။
မင်းဘဝကဘယ်လိုဖြစ်နေတာလဲဆိုတာလဲ တို့သိတယ်။
ဒါပေမယ့် အဲဒါကတို့အချစ်နဲ့မဆိုင်ဘူး။ ဒါပေမယ့်လည်း တို့မနာလိုဘူး။
မင်းအဲဒီဘဝကရုန်းထွက်ပါ။ ရုန်းထွက်ဖို့ကြိုးစားပါ။
တို့အချစ်နဲ့ဘာကိုမှမရောထွေးဘူး။ ဘဝဆိုတာကတော့ လာရောထွေးလိမ့်မယ်။
မင်း တို့အနားရောက်ဖို့တာဝန်ယူရင် တို့က မင်းဘေးနားမှာရှိနေဖို့တာဝန်ယူတယ်။
ကလေးကစားကွင်းက ကလေးဘဝ ဇာတ်ဝင်ခန်းတွေကို ပြန်မြင်ယောင်စေတယ် မေမေရေ …။ မေမေရေ …။ ဘဝက တစ်ခါတလေကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မျက်လုံးချင်းဆုံနေရရင်ပဲ အဓိပ္ပါယ်ရှိတတ်တာပဲ။ များသောအားဖြင့်အတိုင်း ပေါ့။ လေပြည်ထဲက အောက်စီဂျင်တွေမီးလောင်ခဲ့ပြီ။ နောက်ဆုံးလို့မပြောပေမယ့် မမကသဘောပေါက်ပုံရတယ်။ မျက်လုံး ချင်းဆုံနေကြတယ်။ အချိန်တွေကုန်ဆုံးမသွားပါစေနဲ့ရယ်လို့ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ဘုရားဆုတောင်း တယ်။ ညနေခင်းဟာ လေပြည်တွေကိုယူခဲ့ပြီ။ လေပြည်တွေဟာ ပူအိုက်ခြောက်ကပ်မှုကို ယူခဲ့ပြီ။ မမက ကျွန်တော့် လက်ခုံမှာ စာကြောင်းလေးတစ်ခု ရေးပေးခဲ့တယ်။ Eyes Bye! မျက်လုံးတွေရဲ့ နှုတ်ဆက်မှုပေါ့။
မင်းအဲဒီဘဝက ရုန်းထွက်ဖို့ကြိုးစားပါ ကောင်လေးရယ်။
(IV)
အိမ်မရှိဘူးကွယ်။ ။ (မောင်သိန်းဇော်)
ကိုယ်ဘယ်ရောက်နေလဲ မသိတဲ့လူတစ်ယောက်ကို
သူ့ရဲ့မွေးနေ့မှာ ဘုရားဆုတောင်းပေးတယ်။
အဖေဆိုတဲ့အသံကို
ပါးစပ်ကထွက်ဖို့ခက်နေတာကြာပြီ။
ဖခင်အမည်ဆိုတဲ့ မေးခွန်းမှာ
ကိုယ့်နှုတ်ခမ်းတွေ ခွမ်းကနဲ ကွဲသွားတယ်။
အဖေ …
ကျွန်တော်တို့ အမြစ်တွေ တိုတောင်းခဲ့ …။
(V)
အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ကျွန်တော့်ရဲ့ မိထွေးဆိုတာရောက်လာတာပါပဲ။ ကျွန်တော့်ထက်ရှစ်နှစ်လောက် ပဲကြီးတဲ့ မိထွေးဟာ ကျွန်တော့်ကိုမြင်ကတည်းက စီးပိုးစွာဆက်ဆံတယ်။ အခွင့်အရေးတွေယူဖို့ သူ့မှာလက်တံတွေ အများကြီးပါလာတယ်။ အဖေ့ကိုလည်း အရမ်းနိုင်တယ်။ ကျွန်တော့်ရဲ့ လူငယ်ဘဝဆီကို ငရဲဟာမြေကြီးထဲက ထိုးထွက်လာတယ်။ ဘယ်ဘဝဟောင်းက လွှတ်လိုက်တဲ့ငရဲလဲ။ မေမေရေ …။ အသက်ရှင်ခြင်းမှာ တံခါးပေါက်တွေ ပိတ်ဆို့ခဲ့ပေါ့။ တစ်နေ့ အဖေခရီးထွက်သွားရတယ်။ အားကိုးစရာမရှိတဲ့အခါမှာ မိုးသက်လေပြင်းဟာ အရင်ရောက်လာ တော့တာပဲ။ ၁၈နှစ်သားလေးဟာ မိုးခြိမ်းသံတွေကိုကြောက်တယ်လို့ပြောရင် အဆန်းတကြယ်ဖြစ်သွားမလား။ မိသားစု ကောင်းကင်ဟာ ဘယ်ဆီမှာ။ ကျွန်တော်ကြောက်လိုက်တာ။ ကျွန်တော့်မိထွေးဟာ ကျွန်တော့်ဆီရောက်လာတယ်။ ပြီးတော့ …။ ကျွန်တော့်လူပျိုရည်ကို ပေါက်တူးတစ်လက်နဲ့ တူးဆွခဲ့။ ကျွန်တော့်လိင်မှုအစုအဝေးကို ကျွန်တော့်မိထွေး အပိုင်စီးခဲ့တယ်။ ကျွန်တော့်အလိုမတူမှုဟာ အသံထွက်ခွင့်မရခဲ့ဘူး။ ကျွန်တော့်လိင်မှုအဖွဲ့အစည်းမှာ သူပျော်ပွဲစားထွက်ခဲ့ တယ်။ ကျွန်တော့်အလိုမတူမှုဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်လူပျိုရည်ဟာ စီးကျခဲ့ပါပြီ။ ကျွန်တော့်မျက်ရည်တွေ စီးကျခဲ့ပါပြီ။ ကျွန်တော်ဝမ်းနည်းလိုက်တာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို အဝေးကြီးချလိုက်တယ်။ အိမ်ဆိုတဲ့ကြိုးကိုဖြတ်ခဲ့တယ်။
(VI)
မေမေမရှိတော့ဘူးဆိုတဲ့ စာရွက်တွေ
ကျွန်တော်ဆုတ်ဖြဲခဲ့ …။
မေမေ့အသံနဲ့ …။
မေမေ ဘယ်ကိုထွက်သွားတာလဲ။
ကျွန်တော့်ကိုခေါ်ပါ။
ကျွန်တော့်ကိုခေါ်ပါ။
ကြေကွဲစရာလှပမှုတစ်ခုပဲ။
မေမေ့အနီးမှာ ပန်းတွေနဲ့ဝေ … လို့။ ။
(VII)
မိသားစုတွေဆိုတာ
ချမ်းမြေ့စရာ အမှုန်အမွှားတွေပဲ။
အဖေက မေမေ့လက်ကိုတွဲ …။ မေမေက အဖေ့လက်ကိုတွဲ။
ကျွန်တော်က မေမေ့လက်ကိုတွဲ။ ကျွန်တော်က ဖေဖေ့လက်ကိုတွဲ။
(VIII)
ငယ်ငယ်က
မိဘကို အသိမပေးဘဲ
တစ်ယောက်ထဲ ဝင်ကြည့်ဖြစ်တဲ့ ရုပ်ရှင် …။ ။
>Zarti<
Tuesday, September 28, 2010
သိမှုထဲကအရာများ
ဆောင်းဟာ တစောင်းကြီးဝင်လာပြီ။ ညှို့အားပြင်းလွန်းလို့ ညှို့ကလွတ်ထွက်လာတဲ့မြားပါ။
ခေတ်ကြီးကို ကဗျာဆရာဟာ အဲဒီလိုမြင်လိုက်ရပါတယ်။
(ပြောတာပဲ]----
အတော်လေးစိတ်နာနေပုံပါပဲ။ နာကြည်းနေပုံပါပဲ။ (သူကဝဲစားနေလို့လားမသိ)
ရှင်ပြောတော့/ယှဉ်ပြောတော့ …
ရုတ်တရက်ကြီး ပြေးဝင်ဆောင့်ခံလိုက်ရတယ်ဗျာ
ခမျာ … ခင်ဗျာ … သေဗျာ … လုပ်ဆောင်မှု (လုံးဝန်းသော)
ကျောက်တုံးကိုခွဲကြည့်လိုက်တော့ ကျောက်တုံးနှစ်တုံးဖြစ်လာတယ်
ဖန်ခွက်ကိုခွဲကြည့်လိုက်တော့ ဖန်ကွဲစတွေ …
ရေခဲမြစ်ဝှမ်းတလျှောက် အကြည့်အေးအေးတွေ ကမ်းနားသစ်ပင်တွေကအစ
အေးစက်လို့ သူပြောတာကိုနားလည်သလား
ကဗျာကိုဖတ်ပြီးဘာ_ရ_လိုက်_သ_လဲ_ဗျ (ဘာလိုချင်လို့ဖတ်တာတုန်း)
သိသမျှပန်းပွင့်လေးတွေကို ခေါ်ထုတ်ခဲ့ပါဦး
သိသမျှလိပ်ပြာလေးတွေကို ခေါ်ထုတ်ခဲ့ပါဦး
ခေါ်ထုတ်ခဲ့ပါ ဦးရဲ့ သမီး လေ(ခြောက်လ) လည်ပြီ/ပတ်ပြီ
တင်းကျပ်နေတာပဲ (မြို့ပြဟာအဲဒီလိုအသက်ရှူကျပ်နေတာ)[ဟုတ်လည်းမဟုတ်ဘဲနဲ့]
ခမျာ … ခင်ဗျာလို့ဆက်ရေးရမလား
အဲဒီလိုရေးလိုက်ရင် ကြိုက်ကြရောလား
အဲဒီလိုတွေ့တာနဲ့ ဘယ်လိုခံစားထားတယ်လို့ပြော ဆောင်းပါးဖြစ်ပြီ
ကဗျာဆရာဟာ ခေတ်ကြီးကို အဲဒီလိုမြင်လိုက်ရပါတယ်။
ဆောင်းပါးဖြစ်ပြီ။ ပါးပါးလေး စောင်းထား
ဘာလုပ်ရမှာလဲ သူရေးချင်တာကိုရေးထားတာ
ကဗျာဆရာဟာ ရေးချင်သလိုရေးမှာပဲ
ကဗျာဆရာဟာ အဲဒီလိုခေတ်ကြီးကိုမြင်မိတာသေချာလို့လား
အဲဒီလို သိမှုဟာ ဆောင့်ခုန်ထွက်နေတော့
ယုန်လေးတစ်ကောင်ဟာ
ဘာဖြစ်တယ် ညာဖြစ်တယ် သေသွားတယ်
အဲဒါဘာလုပ်ရမှာလဲ
ဘာဖြစ်တယ် ညာဖြစ်တယ် ဘာလုပ်ရမှာလဲ ဘာလုပ်မှာလဲ
အဲဒီလိုရေးချင်ရင် ငါသေမှရေးတော့
အခု ခင်ဗျားသိမှုထဲက ကျောက်တုံးလေးဟာ ရေပေါ်ပေါ်လာပြီ
အဲဒီကျောက်တုံးလေးနဲ့ မီးခတ်ပြလိုက်ပါဦး
လိုက်ပါ ဦးရဲ့သမီး လေ(ခြောက်လ) လည်ပြီ/ပတ်ပြီ
သောက်ကျိုးနဲ ကွဲထွက်ကုန်ပြီ (ကုန်ပြီ=ရှိသမျှထဲက ဘာမျှမကျန်တော့)
ဘာမျှမရှိတော့ ခင်ဗျားလည်းမရှိတော့ ကဗျာဆရာလည်းမရှိတော့
မရှိတော့ ဦးရဲ့သမီးလည်းမရှိတော့
လုပ်ပါဦး ရေးပါဦး နောင်နှစ်ခါ တန်ဆောင်မုန်း
ခွေးလိုကိုက်ပါဦး ခွေးလိုလျှက်ပါဦး
ကြက်သွန်
စက်တင်ဘာလ ၂၀ရက်၊ ၂၀၁၀ခုနှစ်။
Saturday, September 18, 2010
ခြင်များ၊ ဆေးလိပ်တစ်လိပ်နှင့်ည
သူဆေးလိပ်သောက်နေသည်။ အလိုမကျမှုများစွာနှင့် ညတစ်ညကို ခဲရာခဲဆစ်ဖြတ်သန်းနေရပုံပေါ်သည်။ ဆေးပေါ့လိပ်ကို မီးခဏခဏညှိနေရတာကို သိပ်ဘဝင်မကျချင်။ ဘဝင်မကျစရာတွေကအများကြီးပဲ။ အိပ်မရမှန်းသိသိကြီးနှင့် ခင်းထားသည့်အိပ်ယာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေသည်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော့်အတွက် စကားပြောဖော် တစ်ယောက်လောက်လိုချင်တာတော့ အမှန်ပဲ။ ခြင်တွေဟာ အတော်မုန်းဖို့ကောင်းတဲ့သတ္တဝါတွေ။ ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်လိုက်တော့ ပန်းတစ်ပွင့်ဖြစ်လာသည်။ ခြင်များ ဥဥရန်ရေအိုင်တစ်အိုင်ဖြစ်သင့်သည်ဟုထင်သည်။ နောက်တစ်ကြိမ်မှုတ်ထုတ်ကြည့်လိုက်တော့ ဘာမှဖြစ်မလာ။ အရာရာတိုင်းဟာ သူ့အတွက်ရယ်စရာဖြစ်နေတော့သည်။ မင်းတို့ဟာ ကယ်ရီယာတွေပဲဟုကျွန်တော်အော်ပြောလိုက်သည်။ သူ့ကိုခြင်တွေကဝိုင်းဟားကြသည်။ သူတို့လေထဲတွင်ပင် လိင်ကိစ္စဖြေရှင်းကြသည်ဟုပြောသည်။ သူကခြင်တွေအတွက် လေထုကြီးမရှိတော့မှာ ကြံဖန်ပူပန် နေလိုက်သေးသည်။ အမြဲတမ်းဆာလောင်မှုဖြင့်ပျံသန်းနေသည့် သူတို့ကို သူသဘောကျမိသည်။ ကျွန်တော် ခြင်တော်တော်များများကိုသတ်ဖူးသည်။ ခြင်တွေဟာသူ့ကိုခြင်သတ်သမားအဖြစ် စွပ်စွဲဖို့ကြိုးစားချင်ပုံမရ။ ဆာလောင်မှုက သူတို့အတွက်ပိုအရေးကြီးသည်။ မသေသေးသရွေ့အစာရှာရမည်။ မသေသေးသရွေ့ဆာလောင်နေသည်။ ဆေးလိပ်ကိုဖွာလိုက်သည်။ မီးသေနေပြီ။ မီးပြန်ညှိလိုက်သည်။ အစပြန်ရောက်သွားသည်။
သူဆေးလိပ်ထိုင်သောက်နေသည်။ ဒီတစ်ကြိမ်တွင်တော့ သူအတန်ငယ်အိုစာလာသည်။ သူ့အလိုမကျမှုကို အသာထားပြီး သူ့အပေါ်အလိုမကျမှုများကိုတွေးကြည့်သည်။ ဖင်စီခံပူလာမှ လက်ထဲကစီးကရက်ကိုသတိရသည်။ မိန်းမဖြစ်သူကတော့ အိပ်ယာထဲမှာအိပ်မောကျနေပြီ။ အခုတလော ဒီလိုထိုင်နေရတာကို ကျွန်တော်သဘောကျနေသည်။ ပူအိုက်သည့်ညဆိုတော့ ခြင်တွေအုံခဲနေသည်။ ဆေးလိပ်မီးခိုးတွေကိုမှုတ်ထုတ်လိုက်တော့ ခြင်များရှဲသွားသည်။ သူတို့ မီးခိုးငွေ့ကိုကြောက်ကြဟန်တူသည်။ နောက်တစ်ကြိမ် မမှုတ်ထုတ်ဖြစ်တော့။ အတွေးကဆက်လက်စီးဝင်လာသည်။ အရာရာဟာငါ့အတွက်ဆက်ခဲကြမ်းတမ်းနေသည်လား။ မင်းတို့ဟာ သတ္တိကောင်းတဲ့သူတွေပဲလို့ ခြင်တွေကိုအော်ပြောလိုက်သည်။ သူ့အနားတွင်ခြင်တွေပိုများလာသည်။ ပျံသန်းမှုကသူတို့ရဲ့ဘာသာတရားဟုပြောသည်။ ကျွန်တော်ကခြင်တွေပျံသန်းစရာ လေထုကြီးမရှိတော့မှာကို ကပ်သီးကပ်သပ်ပူပန်နေလိုက်သေးသည်။ ဆာလောင်မှုဖြင့် အမြဲတမ်းပျံသန်းနေသည့် သူတို့ကို ကျွန်တော်သဘောကျသည်။ ခြင်အတော်များများကို သူသတ်ဖူးသည်။ ခြင်တွေဟာ သူ့ကို ခြင်သတ်သမားအဖြစ်စွပ်စွဲကြဖို့ထက် မသေသေးသရွေ့ဆာလောင်နေမှုကြောင့် အစာရှာဖို့ကပိုအရေးကြီးပုံရသည်။ ဆေးလိပ်ကိုဖွာလိုက်သည်။ မီးသေနေပြီ။ မီးပြန်ညှိလိုက်သည်။ အစီခံသာရှိတော့သည်။ သူ ကုလားထိုင်ပေါ် ချည့်နဲ့စွာ မှီချလိုက်သည်။
ကြက်သွန်
စက်တင်ဘာလ ၈ရက်၊ ၂၀၁၀ခုနှစ်
Monday, August 30, 2010
မော်လမြိုင်သွား ...
ဆေးပြင်းလိပ်ကိုဟန်ပါပါခဲလို့
လွတ်လပ်မှုလေထုထဲ ထိုးခွဲမထွက်ခင်မှာတင်
အဲဒီကားနောက်ဖုံးကိုဖွင့်ပြီး အစစ်ဆေးခံခဲ့ရသေးတာပေါ့
" စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် "
ဘယ်ကိုကွေ့မယ်ဟေ့ ... ပြီးရင်
ညာကိုကွေ့မယ် ... လူမိုက်တွေဟာ
သူတို့ထက်မိုက်တဲ့သူဆီဦးတည်လို့
ဘယ်ကွေ့ ... ညာကွေ့ ... ဘယ်ပြန်ကွေ့
သည်းသည်းမည်းမည်းမိုးထဲ ငါတို့သည်းသည်းမည်းမည်းဦးတည်ထားရာ မော်လမြိုင်
ဝီရိယမကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့မြို့
ကျောတွေကိုခဏဖြန့်ခင်းလိုက်တယ်
မြစ်ကိုဖြတ်လာတဲ့လေဟာ ဘယ်မိန်းမရဲ့ချိုင်းချွေးနံ့နဲ့မှမတူဘူး
အသွေးအသားတွေကို ခက်ရင်းနဲ့ထိုးကော်ခံလိုက်ရတဲ့ မနက်စာ
ဘယ်လောက်များပူစပ်ပူလောင်နိုင်လိုက်သလဲလို့
ခဏနေတော့ ... ကျုံ့ကျုံ့လေးထိုင်နေတဲ့ မော်လမြိုင်ကို
အထက်စီးကကြည့်ပြီးပြန်ခဲ့ကြ
မော်လမြိုင်ကတော့ အတ္ထရံပုခက်ထဲ ငြိမ့်ငြိမ့်လေးလွှဲလို့ ကျန်ရစ်ခဲ့
အဲဒီနေ့က ၂၉ ရက်၊ ၈ လ၊ ၂၀၁၀။
ကြက်သွန်
Sunday, August 15, 2010
ဂိုဒေါ့နှင့်ချိန်းတွေ့ခြင်း
လင်းနီညို၊ ကြက်သွန်
Tuesday, August 3, 2010
ကဗျာကယ်ဆယ်ရေး
မြေမှုန်လွင်
Monday, August 2, 2010
ဖြစ်ပုံအရဆိုရင် ဒါ ပျက်ဖို့ပဲ
Sunday, July 25, 2010
အလွမ်းစာ
မင်းအိမ်ရှေ့က ဖယ်ရှားခံလိုက်ရတဲ့ သစ်ပင်
ပြန်မဆပ်ရသေးတဲ့ အအေးတစ်လုံး
မြေပဲယိုလမ်းမ တောင်တန်း ပင်လယ် မိုးတိမ်
ဓ ၄၅ ၂၂၆ ၅၀
ဥတုသုံးလီမှာ
ဂုဏ်မြင့်သူသီချင်းနဲ့ လေလွင့်ခဲ့
ရှည်ကြာစွဲမြဲ
ချစ်မိကတည်းက စာလုံးပေါင်းမှားတယ်
ဖြူစင်မှုတွေ အရောင်စွန်းထင်းသွားတဲ့အခါ
ပန်းရောင်အိမ်မက်မှာ အပြစ်ရှိတယ်
အ၀ါရောင်ကိုခွဲခြမ်းစိတ်ဖြာ အဖြေမရခဲ့
ကိုယ်ပိုင်ရင်ခုန်သံနဲ့ တစ်ဆစ်ဆစ်စူးဝင်ခဲ့တဲ့မြှား
နှုတ်ဖို့ခက်ပြီ
တန်ဖိုးထားမြတ်နိုးခဲ့တော့
အရှုံးတွေလည်း ချိုမြိန်ခဲ့ပြီ
သေးသေးမွှားမွှားမျှော်လင့်ချက်နဲ့
စွန့်လွှတ်ဖို့လည်း ရင်မောရပြီ
ဖြစ်တည်နေမှုအတွင်း ငြင်းဆန်ရင်း
ဝေးဝေးသွားရ နေ့ပေါင်းများစွာ
…………………………………………….
(၈)ထပ်တိုက်ပေါ်က အရိပ်လေးရေ
အချိန်မှန်ဓာတ်ကြိုးတွေပေါ်လာငြိတဲ့
ကောင်းကင်မရှိ ငှက်တစ်ကောင်
အသံတိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်
1000110001000100011100010111110011010100
မင်းအမည်နဲ့ mail ပို့လိုက်တယ်။ ။
မိုးပျံငှက်
Saturday, July 24, 2010
ဝိပဿနာ
သမင်ဘယ်ရှိပါ့မလဲ
မရှိခြင်းကိုထမ်းပြန်လာသူဟာ
သမင်စစ်စစ်ရလိမ့်မယ်…..။
မြူကွဲချိန်မှာ
အခါးကိုအခါးမှန်းသိလိုက်ရတာလောက်
ချိုမြသွားတာမရှိနိုင်ပေဘူး….။
ရေဘူးနဲ့ဖိနပ်ပါရဲ့လား
ရထားက
ဥသြသံမပေးပဲဆိုက်လာတတ်တယ်…..။
တောင်တွင်းယဉ်မင်းကြိုင်
Sunday, July 18, 2010
အခုစလာနေပြီဆိုတော့ စရွေ့လာနေပြီဆိုတော့
ကျီးကန်းတွေရဲ့ အော်သံထဲရောပါချင်ပါလာမှာပေါ့
သိမှု အအိုအဟောင်းတွေကို မြို့ပြင်ထွက် လိုင်းဆွဲခိုင်းထားလိုက်
ရထားလိုတွဲထားတဲ့ စကားလုံးအတွဲလိုက်ကြီး အာရုံထဲအဖြတ်မှာ
သိမှုတံတားတုန်ခါနှုန်းဘယ်လောက် … ရှိမှု … အဖြတ်
ဘယ်နေရာကနေ ဘယ်နေရာအထိဖြတ်မှာလဲ … ဖြတ်စရာ - ဆရာ - ဇရာ
အို - ဘယ်နှစ်ဦးကို ဘယ်လောက်ကြာကြာကောက်ယူထားတဲ့ စစ်တမ်းလဲ
ဟာဗျာ - ဝါးလုံးရှည်နဲ့ရမ်းမနေနဲ့လေ … ရမ်းချင်ရင် ဘေးနားမှာ ယပ်တောင်လေးလာရမ်း
ဒီဂိုးလ်ဒင်းလန်းမှာက ပူတယ် … မာရီယာ အိုဇာဝါ - အိုဇာ
အိုဇာ - ဝါ - ဝါ - သူ့ကိုသိလား
ငယ်ငယ်ကတည်းက ခုချိန်ထိ စွန် တစ်ခါမှမလွှတ်ဖူးသေးလို့
ရှက်ရမှာလား တေလေ …
ဟာါာါာါာါာါာါာါ
မင်းနာမည်
ကပါ
သွားပြန်ပြီကွာ
တွေ့ပြီလား စကားလုံးတွေဟာ ဘယ်လောက်အန္တရာယ်ရှိမှန်း
ကြည့်တော့ကွာ
ခြားနေတဲ့ ရှိမှုတွေကြား သိမှုတွေကိုတန်းလိုက်ညှိမနေနဲ့ေ
တော်ပြီ - မောတယ်- woah – oh – my – fucking – god
womfg
womfg
……………………..
……………………..
ပြောဖို့ကျန်သွားတယ်
စရွေ့လာနေပြီ
ကြက်သွန်
၂၀၁၀ခုနှစ်၊ ဇူလိုင်လ၊ ၁၈ရက်
Saturday, July 17, 2010
တတိယအကြိမ် လက်မထပ်မီ ရက်ပိုင်းအလို…
ဒီလိုပါသူငယ်ချင်းရ
ငါကအလုပ်အရမ်းများတယ်လေ
အလုပ်များထဲကြားထဲက အိမ်ထောင်နှစ်ဆက်ကျတယ်ဆိုတော့
မင်းငါ့ကို တော်တော်ကမြင်းတဲ့ကောင်လို့ မှတ်ချက်မစောပါနဲ့ဦး
ငါက အသက်ကြီးမှ အိမ်ထောင်ကျတာ
မင်းလည်းအသိသားပဲ…
လူငယ်ဘ၀ကတော်တော်ရုန်းကန်ခဲ့ရတာ
တစ်ရက်တော့ကွာ…
ဆယ်စုနှစ်တစ်ခုစာလောက်ပြတ်သွားလိုက်ပြန်တွဲလိုက်နဲ့
မရေမရာ ငါ့ငယ်ချစ်ကြီးက ငါ့ဆီကိုရောက်လာတယ်
အဲဒီအချိန်က မိုတွေသည်းနေတဲ့ ညနေစောင်းကြီး
သူမလည်း မိုးစက်တွေစိုရွှဲနေတယ်
သူမမျက်နှာပေါ်မှာလည်း ဖြေရှင်းရခက်တဲ့အရှုပ်အထွေးတွေရှိနေပုံပဲ
အဲဒါနဲ့ ငါတို့နှစ်ယောက် အနွေးဓါတ်ကောင်းကောင်းရတဲ့
ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားကြတယ်…
ငါလည်း သူ့ကို ငါတို့နှစ်ယောက်အခုကော်ဖီသောက်မှာ
နှစ်ယောက်စလုံးအကျိုးမရှိနိုင်မယ့် ဘယ်လိုစကားမျိုးနဲ့မပြောပါနဲ့လို့ ပြောထားလိုက်တယ်…
ပထမတော့သူလည်း ကြောင်အမ်းအမ်းဖြစ်သွားတယ်…
ငါလည်းအခွင့်အရေးကို လက်လွှတ်မခံပဲ
ကော်ဖီတွေအကြောင်း မိုးရာသီအကြောင်း Just for Laugh တွေပြောနေလိုက်တယ်
ညနေခင်းထဲမှာ အရေးတကြီးချိန်းဆိုမှုတွေရှိပေမယ့်
သူမနဲ့သုံးနာရီကြာ ထိုင်စကားပြောဖြစ်တယ်…
အဲဒီနောက်တော့ သူငါ့ကိုလက်ထပ်ခွင့်တောင်းတယ်..
ငါ့အသက်လည်းသိပ်မငယ်တော့တာနဲ့
ပထမအကြိမ် အိမ်ထောင်ကျတယ်ပေါ့…
လက်ထပ်ခွင့်ကြိုမတင်ထားလို့ ကော်ပိုရိတ်က
ငါ့ကို ဟန်နီမွန်းထွက်ခွင့်မပေးဘူး..
အေးအေးဆေးဆေးအတူနေရဖို့ ငါတို့နွေဦးပေါက်အထိစောင့်ခဲ့ရတယ်…
ဒီလိုနဲ့လေးငါးနှစ်ကြာသွားတယ်…
ပုံမှန်အတိုင်းပဲ ငါအလုပ်တွေများနေတုန်းပဲ..
ညဆိုအိမ်ကို မိုးစုန်းစုန်းချုပ်မှာပြန်ရောက်တယ်..
မနက်ဆို ကလေးတွေမနိုးသေးဘူး ငါအလုပ်ထဒိုးရတယ်…
မိသားစုပိုင် ကုမဏီတစ်ခုထောင်ထားရသလို
ငါအမှုဆောင်လုပ်နေတဲ့ကော်ပိုရိတ်ကလည်း
လုပ်ငန်းခွဲတွေ ထပ်တိုးချဲ့ရတယ်…
အဲဒီအချိန်မှာ ငါ့မိန်းမဟာ ငါ့အတွက်အဖော်မဖြစ်နိုင်တော့ဘူး
လုပ်ငန်းကိစ္စတွေ စီမံတာကအစ
အထွေထွေ ကိုယ်ရေးကိုယ်တာ အဆုံး
ငါ့အတွင်းရေးမှုးလက်ထဲအပ်ထားရတယ်…
ဘယ်လောက်ထိအခြေအနေဆိုးသလည်းဆိုတော့ ငါအားကစားလုပ်ချိန်.
သတင်းစာဖတ်ချိန်.. ကော်ဖီသောက်ချိန်ကအစ.. အတွင်းရေးမှုးအာဂျင်ဒါနဲ့သွားနေရတာ
သူမက ငယ်ရွယ်ဖျတ်လတ်ပြီး.. ငါစိတ်တိုင်းကျကိုသိတယ်
ပြီးတော့ လုပ်ငန်းခွင်မှာ အထောက်အကူအများကြီးရတယ်..
လက်တွဲလုပ်ဆောင်တဲ့ သုံးနှစ်အတွင်း ဘာအမှားအယွင်းမှမရှိဘူး..
အဲဒီ့ဝန်ထမ်းကောင်းကို ငါလက်လွှတ်လို့ဖြစ်ပါ့မလား…
တစ်ရက်တော့ သူမအလုပ်ထွက်ခွင့်လျှောက်လွှာတင်တယ်
ငါလည်း တစ်ပါတ်စဉ်းစားပါဦးဆိုပြီး ပြောလိုက်တယ်..
တကယ် တစ်ပါတ်လုံးလုံး စဉ်းစားခန်းဝင်နေရတာက ငါ…
နောက်တစ်ပါတ်ကျတော့ငါသူ့ကိုလက်ထပ်ခွင့်တောင်းရတာပဲ…
မိန်းမနဲ့ ကလေးတွေအတွက် မိသားစုကုမဏီကိုအပြီးအပိုင်လွှဲပေးလိုက်တယ်
ငါအလုပ်လုပ်တဲ့ကော်ပိုရိတ်မှာ ငါက ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ဖြစ်လာတယ်..
ရှယ်ယာအတော်များများလည်း ငါနဲ့ ငါ့ပါတနာတွေလက်ထဲမှာ…
တကယ်တော့ ဘ၀ဆိုတာ ကြွေတစ်လက် ကြက်တစ်ခုန်ပါ
ငါငယ်ငယ်က ဆင်းရဲတာ မင်းလည်း အသိသားနဲ့
ငါကလောဘလည်းမကြီးခဲ့ပါဘူး
နယ်ဘက်မှာ စိုက်ပျိုးရေးခြံလေးနဲ့ စာအေးအေးဆေးဆေးရေးချင်တယ်လို့
မင်းကိုငါ ခဏခဏပြောဖူးတယ်လေ…
မင်းအိမ်ထောင်ပြုတုန်းက ငါပြောခဲ့ဖူးတဲ့ဟာသကို မှတ်မိသေးလား..
ပထမအကြိမ် အိမ်ထောင်ပြုတာ မသိနားမလည်လို့
ဒုတိယအကြိမ် အိမ်ထောင်ပြုတာက ရူးသွပ်တာ
တတိယအကြိမ် အိမ်ထောင်ပြုတာက မိုက်မဲမှုလို့…
အခု ငါ့ဘ၀က အေးချမ်းနေပြီ..
မထင်မှတ်တဲ့အလှည့်အပြောင်းမှာ.. ငါစီးပွားရေးတွေ လုံးလုံးဆုံးရှုံးသွားတယ်
ငါ့အတွင်းရေးမှုးလေးလဲ တခြားကော်ပိုရိတ်ကိုလွင့်သွားတယ်..
ငါ့မှာ ငွေဖြစ်လွယ်တဲ့ အမာခံပစ္စည်းတချို့ကျန်ခဲ့တယ်လေ..
အဲဒါလေးတွေရောင်းပြီး..
နယ်မြို့လေးမှာ သပြေခြံစိုက်စားနေတယ်
အေးချမ်းတယ်ကွာ… မင်းကိုလာလည်စေချင်တယ်
လာမယ့် တနင်္ဂနွေမှာ ရွာတွဲဖက်ကျောင်းက ဆရာမလေးတစ်ယောက်နဲ့
လူကြီးစုံရာရှေ့မှာ တတိယအကြိမ်လက်ထပ်မလို့…
နှစ်ယောက်စလုံးချစ်ကြတယ်ဆိုပါတော့ကွာ..
အဲဒါမင်းကိုဖိတ်ချင်လို့ ငါတကူးတကလာခဲ့တာပဲ..
တတိယအကြိမ် အိမ်ထောင်ပြုတာဟာ မိုက်မဲတာပဲလို့ဆိုရင်
ငါ့အတွက်တော့ ဒီတစ်ခါတည်းပါ…။
မိုးလှိုင်ည