Friday, July 31, 2009
မိမိနှင့်ကိုယ်နှင့်ကိုယ့်ကိုနှင့်
မိမိတစ်နေ့တစ်ယောက်ထီးတည်း တွေးနေခဲ့တာ မိမိပျင်းလာပြီဖြစ်တဲ့အကြောင်း မေမေနဲ့
ဖေဖေကိုပြောပြတော့ ....။
ဒီနေ့ကျောင်းသို့သွားရမှာမို့ မိမိတစ်ကိုယ်တည်းပျော်ရွှင်နေတယ်။ မိမိဖာသာ မိမိလုပ်စရာ
ရှိတာတွေ မိမိထိထိမိမိလုပ်တယ်။ ခေါင်းဆီလိမ်းတာ ခေါင်းဖီးတာ ကျောင်းဝတ်စုံဝတ်ဆင်တာ
မှန်ထဲသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်တာ မိမိပစ္စည်းများ မိမိစစ်ဆေးတာတွေ မိမိတစ်ယောက်တည်း
ဘယ်သူ့အကူအညီမှ မယူပဲလုပ်တယ်
တနေ့ကျောင်းမှာ "မိမိကိုယ်ကို" ဟူသောစကားလုံးကို ဆရာမက သင်ပေးပါလေရော။
မိမိလည်း မိမိနဲ့အတူ တတန်းလုံး ညီညာဖြဖြ လိုက်ဆိုကြရတယ်။
မိမိဟာ မိမိတစ်ယောက်တည်းလား၊ မိမိနဲ့တကွ တတန်းလုံးလား မိမိဝေခွဲမရတော့ပါ။ မိမိတယောက် သူ့အားသူကိုးလုပ်ခဲ့တာတွေအပေါ် မိမိဘယ်လို နားလည်ရမှန်းမိမိမသိတော့ချေ။
မိမိဟာ မိမိကိုယ်ကိုကောင်းအောင် ကြိုးစားခဲ့တာ ဘာဆန်းသလဲ။ နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်မို့
သတိပင်မထားမိခဲ့ပါ။ မိမိဟာ မိမိအတန်းကို မိမိကျောင်းကို မိမိဝန်းကျင်ကိုကောင်းအောင်
ကြိုးစားဖို့ကတော့ တော်တော် မဖြစ်နိုင်တဲ့ကိစ္စပဲလို့ မိမိထင်မိလိုက်တယ်။ အဘယ်ကြောင့်
ဆိုသော် ထိုအရာများအတွက် မိမိဘက်မှ သေချာချင်လှသော်လည်း ထိုအရာများဘက်မှ သေချာဖို့ဆိုသည်မှာ မသေချာနိုင်ပါ။
မိမိဟာ မိမိတသီးတခြားရှိနေတဲ့အဖြစ်ကို မိမိသိလျက်နဲ့ မိမိကိုဆရာမက ဘာဖြစ်လို့ မိမိကိုယ်ကို
ဟူ၍ ကိုယ်စားပြုခိုင်းနေရတာလဲ။ မိမိနားလည်နိုင်စွမ်း မိမိလက်ခံနိုင်စွမ်းသည် မိမိကိုယ်တိုင်
သိထားသည် တို့ကို ကျော်လွန်ပြီး စိတ္တဇနာမ်၊ အကောင်အထည်ဆုပ်ကိုင်လို့မရသော အခေါ်အဝေါ်
အားဖြင့်သာရှိသော အရာတို့ဖြင့် ရောပြွမ်းကိုယ်စားပြုခိုင်းသောအခါ မိမိမှာ မိမိကိုယ်တိုင်ပျောက်ဆုံးရပြီး
အများနှင့်ဆိုင်သွားသော မိမိအဖြစ်ကို မိမိနှမြောမိသည်။
မိမိသည် မိမိကိုယ်မိမိဆိုတာတွေ့ရှိပြီးမှတော့ မိမိအများနှင့်မပတ်သက်မစပ်ဆိုင်လိုတော့ပေ။
မိမိနေ့စဉ်သီဆိုအော်ဟစ်ရသော မိမိအပါအ၀င် အခြားသော မိမိများကိုလည်း မိမိကိုယ်မိမိ
လောက် ဘယ်တုန်းကမှ အယုံအကြည်မရှိခဲ့ပေ။ မိမိကိုယ်တိုင် မသေချာသော ကိုယ်စားမပြုနိုင်သော
မိမိသည် အခြားမိမိများဝင်ရောက် ကိုယ်စားပြုခြင်းကိုလည်း မနှစ်သက်။ သည်းညည်းလည်းမခံနိုင်ပေ။
ထိုအရာကိုလည်း မည်သူနှင့်မျှ မမျှဝေ မဆွေးနွေးလိုတော့ပဲ မိမိဝမ်းတွင်းမှာသာ ထားလေသည်။
တနေ့ မိမိကိုယ်မိမိ ပိုမိုနီးကပ်ကျွမ်းဝင်ခဲ့သည်ရှိသော် ထိုအဖြစ်အပျက်များကို အများအလို့ငှာ မဟုတ်ဘဲ
မိမိကိုယ်မိမိ စီရင်မှတ်တမ်းတင်ထားရှိပေမည်။ ထိုမှတ်တမ်းမှာလည်း မိမိကျေနပ်ရန်နှင့်
မိမိကိုယ်မိမိဖျော်ဖြေရန်သာ။
မိမိသည် အခြားမည်သူနှင့်မျှ မသက်ဆိုင်ပါကြောင်း၊ မိမိကိစ္စ ၀ိစ္စမှန်သမျှ မိမိသိရှိပါကြောင်း
မိမိထူးခြားစွာ လေ့လာသိရှိရသည်များကို မိမိသဘောအရ လွတ်လပ်စွာ စိစစ်ရေးသား သွားရမည်ဖြစ်ကြောင်း၊
မိမိကိုယ်သာ မိမိအားကိုးရာဖြစ်ကြောင်း၊ မိမိကိုယ်မိမိမှ မယုံကြည်နိုင်တော့သောအခါ မိမိလည်းရှိတော့မည်မဟုတ်ကြောင်း။
မိမိဆန္ဒနှင့်အညီ မိမိဆုံးဖြတ်လုပ်ဆောင်ချက်သာလျှင် မိမိဖြစ်ကြောင်းကုန်စဉ်၊ ဖြစ်သမျှကို များမှာလည်း မိမိနှင့်သာ ပတ်သက်ပြီးအချို့ မိမိမလိုလားသော အဖြစ်များမှာ မိမိနှင့်အလျဉ်းမသက်ဆိုင်ပါကြောင်း။ မိမိတိုင်းပြည်ကို မိမိကိုယ်တိုင်ဤနေရာမှ
ပြောကြားလိုပါကြောင်း၊ မိမိနာမည်နှင့်လက်မှတ်ထိုး နိဂုံးသတ်ပြီးသည်တွင် မိမိသူ့ကိုယ်ကို စဉ်းစားနေရင်း၊
ဆရာမပြောပြခဲ့သည်များကို မိမိနှုတ်တက်ရွရွသီဆိုနေရင်း ...
မိမိနဲ့ကိုယ်နဲ့ကို ကောင်းအောင်ကြိုးစားမည်သာဖြစ်ကြောင်း၊ မိမိနဲ့ကိုယ်နဲ့ အတန်းနဲ့ ကိုကောင်းအောင်
ကြိုးစားမည်သာဖြစ်ကြောင်း၊ မိမိနဲ့ကိုယ်နဲ့အတန်းနဲ့ကျောင်းနဲ့ တိုင်းပြည်နဲ့ တသီးတခြားစီ ဖြစ်နေသည်ကို
မိမိသိပေမယ့်လည်း မသိသလိုနေကာ ဆက်လက်ကြိုးစားသွားမည်သာ ဖြစ်ကြောင်း။
မိမိနဲ့ ကိုယ်နဲ့ ငါနဲ့ ကျွန်ုပ်နဲ့ အဇ္ဈတ္တနဲ့ တပည့်တော်မနဲ့ ကျွန်မနဲ့ ကျွန်တော်နဲ့ ပူပေါင်းဆုံးဖြတ်ခဲ့ကြဟန်တူသည်ဟု
မိမိဖာသာ ရွာသာကြီးပြောင်းရွှေ့ကော်ရစ်တာမှာ မိမိတစ်ယောက်တည်း ရွတ်ဆိုနေလေဟန် မိမိငယ်ဘ၀စဉ်အားအမျှင်တန်းသတိရလျက်
မိမိဖာသာ စိတ်ကြီးဝင်အားငယ်လျက် တခန်းဝင် တခန်းထွက် မိမိရှာပုံတော်ဖွင့်လျက် မိမိသည် မိမိသည် မိမိသည် မိမိသည် မိမိသည် .....။
မိမိသည် ... မိမိသည် ... မိမိသည် ... မိမိသည် ... မိမိသည်။ မိမိသည် ...
၂၀၀၈ - ဖေဖွာရီ
ရေးသူ - လူဆန်း
ကျီးတကောင်လာနားစဉ်
နွမ်းရော်ချိန်မြင်ကွင်းစိတ်မှောင်လောင်ကျွမ်း
နေလှန်းထားတဲ့နေလောင်မှုအပိတ်ချိုင့်ဝှမ်း
နာတာရှည်တယောမျောနေတဲ့အသံ
ဝန်တင်လားတကောင်ရဲ့နာရီပျက်လက်တံ
မျက်ကွယ်မီးအိမ်ထဲဥဩတို့တွန်ကျုးရွက်ကြွေဘွဲ့
နေ့တချို့ကိုမီးရှို့ရာမှမြေဆွေးညတို့အော်သံ
စုန်းမအိုရဲ့ဆွေးမြေ့ဖွယ်ပြာမှိုင်းတဲ့တောက်စားမှု
ဟုတ်ယောင်ထင်ခြင်းတြိဂံကြွင်းစများ
လူ့ဘဝလက်ရန်းပေါ်ကျီးတကောင်လာနားစဉ်
(၂၃.မေလ.၂၀၀၆)
သစ်ကောင်းအိမ်
Wednesday, July 29, 2009
အဝေးရောက်ပင်လယ်
အလွမ်းထန်တဲ့အချိန်တွေများဆို
အင်္ကျီအိတ်ကပ်ထဲက ထုတ်ပြီး
ပင်လယ်ကို နမ်းရှုံ့ရတယ်။
ဆားပွင့်တွေ
တလက်လက် ထွက်ကျတော့
ပင်လယ်ဟာ ငန်ပျရတယ်
အုန်းပင်တပင်
စင်ရော်တကောင်နဲ့
လှောင်ပိတ်ထားတဲ့ မုတ်သုန်လေလည်း
ရာသီပြောင်းချိန်ကိုစောင့်နေတုန်းပဲ
ကမ်းခြေကိုမရောက်မချင်း
ရင်ဘတ်ထဲ လွယ်ပိုးထားရတဲ့ပင်လယ်
လှိုင်းပုတ်သံတွေလှုပ်နှိုးလို့
ညတွေမှာ အိပ်မရတဲ့အခါ
လမင်းကို ရေဆင်းသောက်စေချင်ခဲ့တာပါ
ပန်ဒိုရာ
အဆိပ်သောက်ပြိုင်ပွဲ
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့် ပေးပါ။
ဤသတင်းစကား အကျွန်ုပ် ကြားတော့
နေ့စဉ် နေ့တိုင်း ဒီလိုကျင့်တယ်။
အဆိပ်တွေကို နည်းနည်းခြင်းစီ ငါစ’မျိုတယ်
မှော်ရုံတောမှာ ငါစ’မျိုတယ်
နာရီမရှိတဲ့ အခန်းထဲမှာ ငါစ’မျိုတယ်
စားပွဲနဲ့ ကုလားထိုင်မရှိတဲ့ နေရာမှာ ငါစ’မျိုတယ်
အသံတွေကြားပြီး ရုပ်မမြင်ရတဲ့ လူ့ငရဲမှာ ငါစ’မျိုတယ်။
ရာသီစက်ဝိုင်းတိုင်း အဆိပ်မျိုချတယ်
သက်ပြင်းချမိတိုင်း အဆိပ်မျိုချတယ်
ရှုံးနိမ့်မှုနဲ့ လဲကျသွားတိုင်း အဆိပ်မျိုချတယ်
ဘိုးဘွားတွေကို သတိရမိတိုင်း အဆိပ်မျိုချတယ်။
ဝိုင်ချိုချိုနဲ့ အဆိပ်မျိုပြီးပြီ
သူယောင်မယ်တွေနဲ့ အဆိပ်မျိုပြီးပြီ
လှောင်ရယ်သံတွေနဲ့ အဆိပ်မျိုပြီးပြီ
အဆိပ်တွေကို ငါမြိုပြီးပြီ ။
ဟဲ့ … မာရ်နတ်
ငါ့သွေးသားတွေ အဆိပ်ဖြစ်နေပြီ၊
အဆိပ်သောက် ရဲရင်
ဝင်လာခဲ့။ ။
ရေးသူ- စစ်ငြိမ်းဒီရေ
သစ်တပင်၏လွင်ပြင်အလွမ်း
တကယ်က
နေရာမှားနေကြတာပါကွယ့်...
လူသားအားလုံးရဲ့ ကမ္ဘာမြေဟာ
သစ်တပင်ဖို့တော့ ဟုတ်ပုံမရလေဘူး...
စနေဂြိုဟ်သာ...
တကယ်က
သစ်ပင်ဖြစ်နေရတာ
ဝဋ်ခံနေရတာပါကွယ့်...
ငါဟာ ငါ့ရဲ့ကြေကွဲရမှုတွေထဲက
ထွက်ပြေးလို့ကို မရ...
တကယ်က
တောင်တန်းတခုဖြစ်ရတာလည်း
လွဲမှားမှုပါကွယ့်...
တည်ငြိမ်ရဲ့လို့
တချို့က အဓိပ္ပါယ်ကောက်လွဲ...
တောင်တန်းတွေ လှုပ်ခါနေရတာ
သူတို့ခမျာဘယ်သိလိမ့်...
တကယ်က
လတလုံးက ငါ့ပုခုံးမှာ မေးတင်လို့
လွင်ပြင်လေးကို ငေးကြည့်နေ...
တောင်တန်းပေါ်က သစ်တပင်ကတော့
ညကို ပြုံးပြနိုင်ရုံ...
တကယ်က
ဒါဟာ ကဗျာ မဟုတ်ဘူးကွယ့်...
အလွမ်းတွေ
ပြိုကျနေခြင်းသာ...
(အောင်သာငယ်)
Tuesday, July 28, 2009
တံခါးတွေမှာ မျက်နှာထားနဲ့
တံခါးတွေမှာ မျက်နှာထားတွေရှိတယ်
တံခါးတွေက
ဘယ်သူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသိတယ်
တံခါးတွေက
လူမျိုးရေးခွဲခြားတယ်
တံခါးတွေက
အဆင့်အတန်းခွဲခြားတယ်
တံခါးတွေက
လိင်အမျိုးအစားခွဲခြားတယ်
တံခါးတွေမှာ
စာတန်းအမျိုးမျိုးကပ်ထားတယ်
ဥပမာ- ပွဲစားမ၀င်ရ
တာဝန်ရှိသူများသာ
ဥရောပသားများကလပ်
စသည်ဖြင့်ပေါ့လေ…
တံခါးတွေက
ဟန်ကောင်းရင်ပိုက်ဆံမတောင်းဘူး
ဘယ်သွားမှာလည်းလို့
ဆေးရုံတံခါးက ခပ်မာမာမေးတယ်
တွေ့ခွင့်မရဘူးလို့ တံခါးတစ်ခုက
လေသံမာမာနဲ့ပြောတယ်
ဂုဏ်သရေရှိလူကြီးမင်းများအတွက်သာလို့
တံခါးတစ်ချပ်ကမာန်တက်နေတယ်…
တချို့တံခါးတွေက
အလှုခံခြင်းသီးခံပါတဲ့
တချို့တံခါးတွေက
မားကက်တင်းများမလာရတဲ့
တံခါးတစ်ချပ်ကတော့
တံခါးမခေါက်ရတဲ့..
မျက်နှာထားကရှစ်ခေါက်ချိုးနဲ့….
မိုးလှိုင်ည
အဝေးရောက်ပင်လယ်
ပင်လယ် ဆိုတာက လူတဦးချင်းစီ ဘဝတခုချင်းစီ သိနားလည် သဘောပေါက် လက်ခံ ထားခဲ့ကြသမျှ အဓိပ္ပါယ် အားလုံး ကို ထပ်ပြီးဖြည့်စွက်ပေါင်းထည့်ထားတာပါပဲ
ဒါကြောင့်....
အဝေးရောက်ပင်လယ်.....
နှစ်ယောက်
“မနက်စောစောလမ်းလျှောက်ခြင်းကို
မင်းယုံကြည်သလား” လို့
ပြူတင်းပေါက်ကမေးလိုက်တယ်။
တွေဝေစိတ်နဲ့
လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့မှန်ခြောက်ချပ်ကို
ဖြတ်ပြီး
တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို
သွားနေတာတွေ့လိုက်တယ်။
“မင်းဟာ အကြင်နာကို
တောင့်တနေသလား” လို့
ခေါင်မိုးကမေးလိုက်တယ်။
စိတ်က
ခေါင်မိုးဆီရောက်သွားတော့
ခေါင်မိုးပေါ်မှာမိုး
တဖျောက်ဖျောက်ကျနေတာကို
ကြားရတယ်။
တကယ်တော့
ကျနော်ဟာ ကုတင်ပေါ်မှာ
အိပ်နေတာမဟုတ်ဘဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ
အိပ်နေတာပါ။ ။
ခင်ဝမ်း
၂၄ ၊ ၈ ၊ ၉၃
စက်တင်ဘာ ပထမပါတ်ရထား
တချို့လူတွေက ခင်ဗျားဆိုကြောက်တယ်
ခင်ဗျားကို ကြောက်တဲ့လူတွေကို
ခင်ဗျားကိုယ်ရောင် ဖျောက်ခဲ့ပေါ့ ။
ကိုချောရေ
တချို့လူတွေက ခင်ဗျားကိုချစ်တယ်
ခင်ဗျားကိုချစ်တဲ့ လူတွေကို
ခင်ဗျား ပစ်ထားခဲ့ပေါ့ ။
ကိုချောရေ
ခင်ဗျားနှလုံးသားနဲ့ထွေးထားတဲ့
ခင်ဗျားရဲ့ အထွေးဆုံးသမီး လေးလေ
မီးတောက်တွေ ထတောက်တဲ့အထိ
အိမ်ပြန်မရောက်သေးဘူး ။
ကိုချောရေ
ခေါင်းလောင်းသံတွေ ထထိုးလိုက်တဲ့အထိ
ကျွန်တော်လည်း တရေးမှမအိပ်ရသေးဘူး ။
တတ်နိုင်ရင်
ခင်ဗျားအော်ဟစ်ခဲ့တဲ့ ကမ္ဘာကြီးကို
ကျွန်တော့်လက်သီးနဲ့ အမှုန့်ကြိတ်ပစ်ချင်တယ် ။
ခင်ဗျားကို
အရှင်လတ်လတ် ဓားနဲ့မွှန်းထားတဲ့
ဒုက္ခတရားကို
ဖိနပ်တိုက်တဲ့ ဝက်မှင်ဘီးလေး လုပ်ပစ်မယ် ။
ပြီးရင်
ခင်ဗျားနဲ့ ကျွန်တော်
နှင်းဆောင်းတောင်ပေါ်က
ကျားသစ်သေတကောင်ကို သွားကြည့်မယ် ။
ပြီးရင်
ပဉ္စမမြစ်ကျဉ်းကို
သောကကင်းကင်း ထိုင်သောက်မယ် ။
ပြီးရင်
မြို့ကြီးတွေ ပေါင်ပေါ်တင်ရင်း
အဝေးပြေးလမ်းမတွေ ဖင်ခုထိုင်မယ် ။
ပြီးရင်
စကော့တလန်က စမ်းချောင်းတွေမှာ
ကျွန်တော်တို့အိမ်ပြောင်းဆောက်မယ် ။
နောက်ဆုံးတော့ ခင်ဗျားဟာ
နတ်တွေကို နိုင်ဖဲကိုင်ပြီး
သေခြင်းတရားနဲ့ ဆော့ကစားခဲ့သူပဲ ။
မရတဲ့အထဲကမှ
ရသမျှ အရသာတွေအကုန်ယူ
ဥထားသမျှ
အနုပညာတွေ အကုန်လှူခဲ့သူပဲ ။
ကျွန်တော်တို့မျှစားခဲ့တဲ့ ထမင်းတွေမကုန်သေးခင်
ကျွန်တောတို့မျှသောက်ခဲ့တဲ့ ပုလင်းတွေမကုန်သေးခင်
ကျွန်တော်တို့မျှအိပ်ခဲ့တဲ့ ညတွေမကုန်သေးခင်
ကျွန်တော်တို့မျှရိတ်ခဲ့တဲ့ ဘဝတွေမကုန်သေးခင်
ကျွန်တော်တို့မျှခူးခဲ့တဲ့ အသီးတွေမကုန်သေးခင်
ကျွန်တော်တို့မျှနမ်းခဲ့တဲ့ ပန်းတွေမကုန်သေးခင်
အသက်ရော ယဉ်ကျေးမှုပါ
စက်တင်ဘာပထမပါတ်ရထားဟာ
သူ့ရထားပေါ် အကုန်လုံးတင်ဆောင်ပြီး
သုခဘုံရဲ့ မုခ်ဦးဆီ
ခင်ဗျားနဲ့အတူ ထွက်ခွာသွားချေပေါ့ ။ ။
မိုးယ်ဇော်
၎.စက်တင်ဘာ.၂၀၀၂ခုနှစ်
(၃.၉.၀၂) တွင်ကွယ်လွန်သွားသော
ချစ်တဲ့အကို ကိုချော
(ကဗျာဆရာမောင်ချောနွယ်) သို့ ။
Sunday, July 26, 2009
စာရေးတဲ့ကြွက်တစ်ကောင်နဲ့ သူ၏ အခန်း
မြို့ပြရဲ့ကြွက်တွင်းလိုတိုက်ခန်းတွဲတစ်ခုမှာ… အထီးကျန်ကြွက်အိုကြီးတစ်ကောင်လို သူချောင်ပိတ်မိနေဆဲ….။
သူ့အလုပ်စားပွဲဆိုတာကမနက်ခင်းနေရောင်ခြည်၁၅ံတိမ်းစောင်းကျရောက်ပြီး… သောက်လက်စစီးကရက်တစ်ဗူးနဲ့ဘယ်တော့မှမဖောက်ဖြစ်တဲ့ ၀ီစကီပုလင်းပြားတစ်ပြားတစ်ခါတစ်ခါတော့ဘ၀ဟာဝီစကီလိုခါးပြီး တအိအိမူးတတ်တယ်လို့ သူတွေးမိတယ်…।။ လူသူအရောက်အပေါက်နည်းတဲ့ မြို့လည်မကျတကျ သူ့အခန်းထဲမှာမှောင်ရိပ်တွေကဟိုတစ်ကွက် ဒီတစ်ကွက် စွန်းပေနေကျပါ…။ များပြားလွန်းတဲ့စာအုပ်တွေအတွက် အလင်းရောင်ဝင်နိုင်တဲ့ ပြတင်းပေါက်တစ်ချို့ကိုစာအုပ်စင်တွေကပိတ်ဆို့ထားကြလို့ပါပဲ…။သူ့ကို သားကောင်လိုအမဲလိုက်နေတဲ့အယ်ဒီတာမုဆိုးတချို့သာသူ့အခန်းကို မျက်စိလည်လမ်းမှားပြီးလာတတ်ကြတယ်…။လုံးချင်းလေးတစ်အုပ်ဆောင်းပါးလေးတစ်ပုဒ်တစ်လေအတွက်… ငွေကြေးတတန်အချိန်တတန်ပေးပြီးတကူးတကပင်ပန်းခံလာကြသူတွေရောက်လာကြပြီဆို…
ထမင်းသိုးတစ်ထုပ်ရလိုက်တဲ့ ကြွက်အိုကြီးလို သူ ပျော်မြူးနေတတ်ပါတယ်…။
ခင်ဗျားသိပ်နာမည်ကြီးနေပြီလို့…သူငယ်နှပ်စားအယ်ဒီတာတချို့ကသူကိုမြှောက်ပင့်ပြောတဲ့အခါ… ကျုပ်နာမည်ကြီးတာကျုပ်နဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်တာဗျာလို့သူပြန်ပြောမိတယ်။
တချို့ကတော့ပြုံးပြုံးပါ…တချို့ကတော့ရှုံ့မဲ့သွားကြတယ်…။သူဘယ်လောက်နာမည်ကြီးကြီး သူရေးတဲ့စာအုပ်ကအုပ်ရေငါးရာဘယ်တော့မှမကုန်ဘူး…။ ဘယ်တော့မှ ဒုတိယအကြိမ် မရှိဘူး။
စာနယ်ဇင်းသမားတချို့ကသူ့ကိုအင်တာဗျူးချင်လို့ ဆက်သွယ်တတ်ကြပေမယ့်…
သူအမြဲငြင်းတော့သူ့ကိုလျှို့ဝှက်သူကြီးလို့ သတင်းရေးကြပြန်ရော…တလောကသတင်းထောက်ကောင်လေးတစ်ယောက်သူ့အတ္ထုပတ္တိကိုမေးသေးတယ်။ ငါသေတော့မှတကူးတကလိုက်ရှာရင်ပျင်းစရာကောင်းတဲ့လူ့ဘ၀ထဲမှာမင်းအလုပ်တစ်ခုရတာပေါ့…
လို့သူပြောခဲ့သေးတယ်… ကောင်လေးကတော့ဘယ်လိုတွေးနေမယ်မသိဘူးတစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ်အတ္တကြီးသူလို့ စွပ်စွဲမိပြီးတစ်ယောက်တည်းကြေကွဲဖူးတယ်…।။
စာရေးတယ်ဆိုတာစကားလုံးတွေအတွေးအခေါ်တွေ ခံစားမှုတွေကို ကြွက်ကိုက်သလိုပါပဲလား…।
သူဘယ်လောက်ပဲစနစ်တကျထားပါစေ မနက်ရောက်ရင် သူ့စာရေးစားပွဲမှာ…
သူ့ထိုင်ခုံပေါ်မှာ၊ကြမ်းပြင်မှာစာအုပ်တွေ…
ရေးလက်စစာမူတွေ၊စက္ကူအလွတ်တွေစာရွက် အပိုင်းအစတချို့ပြန့်ကျဲနေတတ်ပါတယ်…
ညဆိုတာသူအိပ်ခဲ့သလားမအိပ်ခဲ့ဘူးလားသိပ်မသေချာတဲ့အချိန်ကာလတစ်ခု…
တခါတရံတော့သူကိုယ်တိုင်မထင်မှတ်ထားတဲ့စာမူကြမ်းတစ်ချို့ရေးခြစ်ပြီးသားဖြစ်နေတတ်တယ်…
အဝေးသင်တက္ကသိုလ်သင်ခန်းစာတွေကိုတောင်နပ်မှန်အောင်မတတ်နိုင်ခဲ့တဲ့
သူ့အတွက်လေးလံလွန်းတဲ့စာတစ်ချို့ကို သူရေးခဲ့မိပုံရတယ်…။
နံရံကိုအဓိပါယ်မဲ့ငေးစိုက်မိချိန်တိုင်းမိသားစုဓါတ်ပုံလေးတစ်ပုံတောင်ချိတ်ဆွဲမထားနိုင်ခဲ့တာ
သတိရမိတယ်… သူ့ရဲ့မိသားစုဆိုတာကကော သူ့ကို သတိတရရှိနေပါ့မလား…။
ဘ၀မှာ စာရေးမယ်ဆိုကတည်းက သူရဲ့ အရင်းနှီးဆုံးလူသားတွေနဲ့ တဖြည်းဖြည်းချင်း
ဝေးကွာသွားခဲ့ရတာ အခုတော့ ကမ္ဘာ တစ်ဖက်ဆီခြားလို့…
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုက ဖွံ့ဖြိုးဆဲ စာပေတစ်ခုကို ရေးဖွဲ့နေရင်း သူက ပိုပြီးကျုံလှီဖျော့တော့လာနေပြီ…။
စာရေးဖို့ ထမင်းစားရုံအလုပ်တွေကို သူငယ်ဘ၀မှာ ဘယ်လောက်တောင်ကြုံဆုံခဲ့ရပြီးပြီလဲ…။
အခုတော့ ထမင်းစာဖို့ စာရေးရုံအလုပ်လောက်တောင် သူ့မှ အပန်းတကြီး…
ဝိုင်းပယ်ခံထားရတဲ့နာကျင်မှုတွေနဲ့…।ရေပေါ်ဆီပညာတတ်တွေဖတ်ဖို့
ဘယ်လိုစာမျိုးတွေသူရေးတတ်ရဦးမှာလဲ…।
ပလိပ်ရောဂါဖြစ်နေတဲ့ကြွက်တစ်ကောင်ကသူ့မှောင်နေတဲ့
အခန်းကျဉ်းထဲမှာကမ္ဘာဦးတွေးအခေါ်တွေကိုက်လို့…။
မိုးလှိုင်ည
Saturday, July 25, 2009
အဝေးရောက်ပင်လယ်
မလာပဲနဲ့ ရောက်ခဲ့ရတယ်...
မရှာပဲနဲ့ ကောက်ရခဲ့တယ်...
အဝေးရောက်ပင်လယ်...
အို...
ဘာပဲဖြစ်ဖြစ်
လက်ပစ် ကူးခပ်ခဲ့...
ဟိုတဖက်ခြမ်းရဲ့
ကမ်းခြေသဲခုံမှာ
ငါ့အလွမ်းတွေ ပုံချထားခဲ့ဖို့...
ဒါမှမဟုတ်
ငါ့ရင်ထဲက တေးတပုဒ်နဲ့
မင့်ရင်ထဲက တေးတပုဒ်
ရောစပ်ယှက်လုပ်ထားတဲ့
တခွက်တည်းသော ၀ိုင်ဖြူဖြူကို
အတူသောက်ခွင့်ရဖို့ပေါ့
“နှင်း”ရေ့...
အောင်သာငယ်
အဝေးရောက် ပင်လယ်
ပင်လယ်တစ်စင်းတည်းပဲ
အနှစ်သာရအတူတူ
ငါတို့က အဝေးကစီးဆင်းလာတယ်
အဝေးက စုပေါင်းလာတယ်
တတိယလှိုင်းပေါ်ကနေ
ငါတို့ ရဲ့ တတိယကမ္ဘာကိုကယ်ထုတ်ဖို့
ပင်လယ်တစ်ခုရဲ့ ခွန်အားမျိုးနဲ့
ငါတို့အားလုံးရဲ့
အဝေးရောက်ပင်လယ်….။
မိုးလှိုင်ည
အရက်သောက်တဲ့ညနေ
ကိုငှက်
ကျွန်တော်အခုအရက်သောက်နေတယ်
ခင်ဗျားသီချင်းကို
MP4 ပလေယာထဲထည့်ဖွင့်ပြီးနားထောင်နေတယ်
မူပိုင်ခွင့်တစ်ပြားမှမပေးရဘူး…
(ကျွန်တော်ဟာအလကားကောင်)
စားပွဲပေါ်မှာက ၀ီစကီခပ်ပြင်းပြင်း
အပြင်းစားကဗျာတွေ
လူပေါ်ကျော့တွေခံစားဖို့
အနုပညာအသီးအပွင့်တွေက
လောကဓံတရားနဲ့ စီးချင်းထိုးထားတဲ့
သူရဲကောင်းတွေရဲ့ဒဏ်ရာ
ယူရိုငွေသန်းသုံးဆယ်လောက်
တစ်ယောက်ယောက်ကချေးစမ်းပါ..
ချက်ဗို့လတ် ဘတ်စ်ကားအိုကြီးတွေကို
ကျွန်တော်မြေပေါ်ကမောင်းထုတ်ဖို့
ကိုစောငြိမ်းဗိုက်ထဲကို တိုးဝင်သွားတဲ့
ဓားမြှောင်တစ်လက်ကို
နောက်ဆုတ်သွားစေဖို့…
ပြည်မြို့ဈေးကြီးဘေးက
စုတ်ချာချာလက်ဘက်ရည်ဆိုင်လေးက
မရဏရဲ့ ပန်းချီဆေးရေးနံရံကို
ဝယ်ယူဖို့…
သရေခတ္တရာတောင်ပေါ်လမ်းကွေ့မှာ
လူကြိုက်နည်းတဲ့ကောင်ကို
ကျောက်စာတိုင်စိုက်ဖို့
ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့
ကိုငှက်
ကျွန်တော် အရက်သောက်နေတယ်
သစ္စာမူးသူတစ်ယောက်မို့
ကိုယ့်အတ္ထုပတ္တိကိုယ်ငြင်းမိတယ်
မသိခြင်းရဲ့အဆုံးမဲ့မှာ
မျက်ကန်းတောမှောက်
ကျွန်တော်မကြောက်တတ်သေးပါ…။
မိုးလှိုင်ည