Sunday, March 14, 2010

ပုတ္တသိနေဟ

မမိုက်ချင်စမ်းပါနဲ့ ငါ့သား
လိမ္မာရင် အားလုံး မင်းဖို့ ချည်းပဲ
ငါခု ဒီမှာ ငှက်ပျောသီးအခွံနွှာထားတယ်
စိတ်မှာဆာရင် ယူသာစားပေတော့
ရာသီဥတုက
မင်းပုဇွန်ဦးနှောက်လေး ကွေးတယ်ဆိုရုံ
သွေးကြောထဲ ငါးတွေနွေးပြီလားက မင်းဟာမင်း စဉ်းစားပေါ့
လမ်းထိပ်က ဦးလေးကြီးဆိုင်မှာတော့
ကြက်နဲ့ ကြက်ဥကိစ္စ ဘယ်သူမှရေးကြီးခွင်မကျယ်ကြဘူး
အူမတောင့်မှ တောင်တောင်အီအီတွေးနိုင်တာမဟုတ်လား
လက်တွေ့ဘဝမှာတော့ ရွှံ့လူးကောင်တွေအတူတူအနူနူ
ကိုယ်အဆင်ကောင်းပြီဆို သူ့ဘက်ကလှမ်းဒေါင်းတတ်သမို့
ငါ့စကား ငရဲဆို ဂျိုကာနဲ့လို့ မြဲမြဲမှတ်ထား
ဘဝင်လေဟပ်ပြီး ချဉ်ဖတ်စော်နံတဲ့မြို့တွေဆို ကိုယ်ပေါင်းစိတ်ခွာဖို့မမေ့နဲ့
မင်းရဲ့ ချစ်လှစွာသောလေးလည်း ဘယ်နှစ်ယောက်မဆိုနိုင်ဘူး
ယောက်ျားတစ်ယောက်က ကိုယ့်ထွက်ပေါက်ကိုယ်သိဖို့လည်း လိုတာပေါ့လေ
လောကမှာ ရှည်လို့ကောင်းတဲ့ကိစ္စတွေက လက်ချိုးရေလို့ရပါတယ်ကွာ
အဲဒီကောင်တွေက မထင်ရင် မထင်သလို သစ်စိမ်းချိုးတတ်တော့
ဝါဝါမြင်တိုင်းမရှိခိုးဖို့က မင်းအပ္ပမာဒပ္ပဋိပဒါ။


သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၁၃ရက်

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။