Monday, March 8, 2010

ရှုခင်းများ

သစ္စာနီ


* သူငယ်ချင်းချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ ၊ ပြဇတ်မင်းသား ၊ ပုံပြောသူ စတာတွေကို ဖတ်ရှုပြီး အားကျတဲ့ စိတ်နဲ့ "ရှုခင်းများ" ကိုရေးဖွဲ့ ဖြစ်ပါတယ် ။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ  အဲ့ဒီအထဲက တချို့ ပါပဲ  ။
အာရုံငါးပါး အပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဌမအာရုံကို အားပြုပြီး ရေးဖွဲ့ထားပါတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ကိုယ်တိုင် ရှုခင်းများ ဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ ။

                                                                                                                                       သစ္စာနီ
                                                                                                          ဇန်န၀ါရီ၊၂၀၀၉





ရှုခင်းများ  (၁)


သစ်ပင်ပုပုတွေနဲ့
လက်ဘက်ရည်ဆိုင်
ထိုင်ခုံပုပု မှာ
ခပ်ပုပုလူတွေ ထိုင်လို့  ။
သူတို့ . . . .
အရိပ်တွေသာ ရှည်လျားကြတယ်





ရှုခင်းများ  ( ၂ )

တိမ်တွေ . . .
မာယာကော့စကီးရဲ့
ဘောင်းဘီဝတ်မိုးတိမ်လား ။
ရှင်ဥတ္တမကျော်ရဲ့
တောင်ရှည်ဝတ်မိုးတိမ်လား ။
အိုး . . . သက်တန့်ငဲ့
ဂျုးရဲ့ တိမ်နှင့်ချည်သည့်ကြိုးလား ။




ရှုခင်းများ ( ၃ )

 ကြိုးတန်းပေါ်လမ်းလျှောက်သူ
မီးကွင်းထဲ ဒိုက်ဗင်ထိုးသူ
ခြသေ့င်္ပါးစပ်ထဲ ခေါင်းလျှိုသူ
အမြှေက်ကျည်ဆံလုပ် အပစ်ခံသူ
ဓားပေါက်သူတွေလဲပါ ဘင်တီးသူတွေလဲပါ
ခွေးလိမ္မာတွေလဲပါ လူပျက်တွေလဲပါ
ဆပ်ကပ်ကမ္ဘာကြီးဟာ ပျော်စရာ ။




ရှုခင်းများ ( ၄ ) 


သင်္ဘောပျက်တွေ ရတနာတွေ 
အရိုးစုတွေကို သိုဝှက်လို့ 
ပင်လယ်ဟာ . . . ။
မေ့လွယ်ပျောက်လွယ်တဲ့ လူတွေ
ကမ်းခြေမှာ . . .
လှိုင်းကို အပျော်စီးကြတယ်




ရှုခင်းများ ( ၅ ) 


အများနဲ့ တစ်ယောက်လည်း သူပဲ နိုင်တာပဲ
ယုတ္တိဗေဒတွေ ဘာတွေ ဘေးဖယ်ထား
ဒါက ကောင်းဘွိုင်ကား ။
တစ်ဘဝလုံးလွဲလည်း
သေနတ်ပစ်မလွဲရင် ပြီးတာပဲ ။
ဂျွန်ဝိန်းကြီးအိုပြီ
မင်းသားအဖြစ်က
တစ်ပြားမှ မလျှော့ဘူး ။




ရှုခင်းများ( ၆ ) 


ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့
နာရီထဲမှာ
လက်တံတွေ တရွေ့ရွေ့
မှန်ထဲမှာ
ငါ့မျက်နှာတရွ့ရွေ့





ရှုခင်းများ ( ၇ ) 

ငါ
ရင်ခုန်ခဲ့ဖူးတယ်
ဟောဒီမှာ . . .
တိုက်တာတွေပိုကြီးလာတယ်
လူတွေ ပိုသေးလာတယ်
မော်တော်ကားတွေ ပိုများလာတယ်
သစ်ပင်တွေ ပိုရှားလာတယ်
ဆိုင်းဘုတ်တွေ ပိုပေါလာတယ်
ရန်ကုန် . . .
သွေးဆုံးတာကြာပြီ ။



No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။