Tuesday, March 30, 2010
ကမ္ဘာကိုဖက်တွယ်ခြင်း
Saturday, March 27, 2010
ဘာအဓိပ္ပါယ်မှထည့်မပေးလိုက်ဘူး
Thursday, March 25, 2010
လူမှုရေးသင်္ချာ
အပေါင်းအနှုတ်မလုပ်တော့
ကျောင်းထုတ်ပစ်လိုက်တယ်
အမြှောက်အစားမလုပ်တော့
ဟောက်စားညစ်လိုက်တယ်
ညီမျှခြင်းအမှန်ချပြတော့
ဂျီကြငြင်းဆန်ကြတယ်
ပုံသေနည်းတွေနဲ့ စာလာလာပြ
ထုံပေငြီးငွေ.နေတဲ့ဘာသာရပ်ပဲ
သီအိုရီတွေနဲ့ လိုက်လိုက်တိုင်းညာညှိ
ဒီလိုဟိုလိုတွေနဲ့မိုက်မိုက်ရိုင်းလာသည့်အသိဥာဏ်
ခေါင်းစားတယ်ကွာ...မတွက်တော့ဘူး
သုံည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး
မအေ _ိုး...ကိန်းဂဏန်းတွေ။ ။
သုအိုင်စံ
Monday, March 22, 2010
သူ / He
He
Some bite off the others'
Arm or leg or whatever
Take it between their teeth
Run off as quickly as they can
Bury it in the earth
The others run in all directions
Sniff search sniff search
Turn up all the earth
If any are lucky enough to find their arm
Or leg or whatever
It's their turn to bite
The game goes on briskly
As long as there are arms
As long as there are legs
As long as there is anything whatever.
Vasko Popa (from UNRESTED-FIELD, 1956)
သူ
တစ်ချို့တွေက အခြားသူတွေရဲ့
လက်၊ ခြေ ဒါမှမဟုတ်
တစ်ခုခုကို ကိုက်ဖြတ်ကြတယ်။
သူတို့သွားတွေကြား သယ်ဆောင်ရင်း
မြေကြီးထဲ အလျှင်အမြန်ပြေး
မြှပ်လိုက်ကြတယ်။
တခြားသူတွေခမျာ နေရာအနှံ့ပြေး
အနံ့ခံရင်းရှာ၊ ရှာရင်းအနံ့ခံနဲ့
မြေလှန်တော့တယ်။
ကံကောင်းသူတွေက
သူတို့ရဲ့ လက်၊ ခြေ
ဒါမှမဟုတ် တစ်ခုခုကို ပြန်တွေ့ကြတယ်
သူတို့ ကိုက်လှည့်ကြုံပြန်ပေါ့။
တစ်ပြန်တစ်လှည့်ကိုက်ခြင်းဟာ
မြန်မြန် ဆက်သွားနေတယ်…
လက်တွေ ရှိနေသေးသ၍
ခြေတွေ ရှိနေသေးသ၍
ဘာမဆို တစ်ခုခု ရှိနေသေးသ၍။
ဇော်မောင်
၂ဝ၁ဝ မတ်လ ၂၁ရက် ကမ္ဘာ့ကဗျာနေ့အခမ်းအနားတွင် "ကဗျာနှင့်သက်ဆိုင်သူများ၏အသံ" ကဏ္ဍ၌ ဆရာဇော်မောင်၏ ကဗျာသရုပ်ဖော်ပုံသရုပ်ပြရေးဆွဲခြင်းအစီအစဉ်မှ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။
Thursday, March 18, 2010
တစ်ယောက်က -
တစ်ယောက်က -
တစ်ယောက်က ဒီမြို့ရဲ့ပထမဆုံးတော်လှန်ကဗျာဆရာ၊ မင်းတို့လည်း လက်ပန်းမကျမှီရေးထား။ တစ်ယောက်က ရိုးမတွေပင်လယ်တွေဖြတ်နေကျပေါ်တီကယ်ဘေ့ (ပေါ်လ်တီကယ်လ်ဘေ့စ်ဟုမဖတ်ရ) နဲ့ငါ့စာရေးသက်အနှစ်နှစ်ဆယ်မှာ ရန်ကုန်မဂ္ဂဇင်းကြီးတွေမှာ ပါနေကျအပြင် မောင်သွေးသစ်နဲ့ရင်းနှီးပြီးဖြိုးထိန်နဲ့ ကျောချင်းကပ်ပါဖူး လေထန်ကုန်းမှာကိုကောက်တို့ အုပ်စုရဲ့ မတ်တပ်ထရပ်နုတ်ဆက်ခြင်းခံရတယ်။ တစ်ယောက်က ဘယ်ဘုရားဖြစ်ဖြစ် ဘုရားသခင်၊ဘယ်စားစရာဖြစ်ဖြစ် ပေါင်မုန့်၊ ဘယ်သူဌေးဖြစ်ဖြစ်မြေခွေး၊ ဘယ်ကလောင်ခွဲဖြစ်ဖြစ် ‘ရက်’အင်းဒီးယန်း(ရဲ့ထ်အင်ဒီးယန်းဟုမဖတ်ရ) ကိုယ်ဘာရေးရေးအိန်စပလဲစင်းနစ်နဲ့ ရေးတယ်။ တစ်ယောက်က ကျွန်တော်လ၀န်းသဒ္ဒါ မိသားစုက အတိုက်အခံလုပ်ချစ်သူများနေ့အမှတ်တရ ကဗျာစာအုပ်ဦးဆောင်ထုတ်ဝေခဲ့တယ့်
တစ်ယောက်က လောကဓံအာရုံကြောရောဂါကြောင့် ကဗျာဖက် မလှည့်ဖြစ်တော့တာ။ တစ်ယောက်က ၀ိပဿနာဖက်ရောက်သွားလို့ မရေးဖြစ်တော့ပေမယ့် ဒေသစာနယ်ဇင်းအဖွဲ့ တော့ဝင်ထားတယ်၊ ဘယ်သူမှလုပ်သူမရှိရင် ကဗျာအယ်ဒီတာနေရာ ကိုယ်ကိုထားနိုင်ပါတယ်။ တစ်ယောက်က ဒီမြပုလဲမြေမှာ ကျွန်တော်ဟာ
တစ်ယောက်က ရုရှားကဗျာမိတ်ဆက် အက်ရှဘရီနိဒါန်းနှင့် အယ်လ်ပီနှင့်အခြားကဗျာဗေဒများ ကဗျာဘ၀ရှာပုံတော်ဖွင့်တယ်။ တစ်ယောက်က ကဗျာမှာနှစ်မျိုးပဲရှိတယ် ရီရယ်လစ်ဇင်ပြီး ဆာရီရယ်လစ် ပြီးရင် ရီရယ်လစ်ဇင်ပြန်လာမယ် ဒါပေမယ့် အရင်ရီရယ်လစ်ဇင်မဟုတ်တော့ဘူး အဲဒီလိုရက်စက်သောဂီတနဲ့နောက်ဆုးံ ကျန်တဲ့သစ်ရွက်အရှင်မောင်ကြိုးစား။ တစ်ယောက်က အပိုလျှံရှိတဲ့နေ့ကနေ အခုန်နဲ့အခုတောင်ပေါ်ရောင်စဉ် ဓါးဂိမ်းရောက်လာ။တစ်ယောက်က လူငယ်တွေပဲအားကိုးရမှာ ကျန်တဲ့အချိန်ပိတောက်ပွင့်သစ် မျက်နှာဖုံးရှင်လူကြီးတွေကို လိုက်ရှာ မိုးရာသီရောက်တိုင်း ကဗျာတစ်ပုဒ်ရတယ်။တစ်ယောက်က အစိမ်းကြီး ဥပမာ-မောင်ယုပိုင်ကဗျာတွေဆို တစ်လုံးမှနားမလည် ကျုပ်တို့ပျဉ်းမနားက မှိုမဟုတ်ဘူးမျှစ် ယူရေနီယံစစ်စစ်တွေပဲထွက်တယ်။တစ်ယောက်က နွားကျောင်းသား မြန်မာစာဟာဧက၀ဏ္ဏဖြစ်တာကြောင်အယ်လ်ပီရေးလို့မရနိုင်။ တစ်ယောက်က မေး-အယ်လ်ပီကဘယ်လြိုမင်သလဲ။ တစ်ယောက် ဖြေ-အယ်လ်ပီဟာအနောက်ပုံတူကူး/ စကားလုံးအမှိုက်ပုံ/ပညာတတ်လုပ်ဇာတ်/အရူးချီးပန်း/စကားလိမ် ဖြစ်တယ်။ တစ်ယောက်က မေး-၎င်းင်း။ တစ်ယောက်က်
တစ်ယောက်က အင်တာနက်ကဗျာဆရာ။ တစ်ယောက်က အွန်လိုင်းကဗျာဆရာ။ တစ်ယောက်က ဘလော်ကာကဗျာဆရာ။ တစ်ယောက်ကလွပ်လပ်စွာရေးသားခွင့်ရလို့။ တစ်ယောက်က ရေးချင်၍ရေးသည် ဖတ်ချင်မှဖတ်။ တစ်ယောက်က မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ မလွတ်လပ်လို့။ တစ်ယောက်က မဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြလည်းမခံဖူး မခံလည်းမခံချင်ပါဘူး။ တစ်ယောက်က အန်ဒါဂရောင်းကဗျာဗျ။ တစ်ယောက်က မဂ္ဂဇင်းစာမျက်နှာပေါ်က အဟောင်းတွေသယ်မလာနဲ့။
(တစ်ယောက်က မောင်ချောနွယ်) (တစ်ယောက်က ဖော်ဝေး) (တစ်ယောက်က မြေချစ်သူ) (တစ်ယောက်က မောင်လေးအောင်)
တစ်ယောက်က
Wednesday, March 17, 2010
စိတ်တိုင်းကျ စစ်ပါဆေးပါ ပြီးမှပြန်လွတ်ပါ
နယ်စပ်တွင် ခြေရာခံရင်း တော်လှန်ကဗျာ တစ်ပုဒ် အစပျောက်လျက်ရှိ။
ရဲဘော်အားလုံး အထူးသတိရှိရန်လို။ တော်လှန်ကဗျာသည် တွေ့တွေ့သမျှ
တော်လှန်ဖို့ အမြဲစိတ်ထက်သန်။ မှန်ဘီလူးတစ်လက်နှင့် ပုံကြီးချဲ့တက်။
အာပြဲသလို ခြေလည်းသွက်။ မထင်ရင် မထင်သလို အလစ်ဝင်ရောက် လှုပ်
ရှားတတ်။ အထူးထင်ရှားသည်မှာ နီနီရဲရဲများကို ခုံမင်တပ်မက်။
ဦးစားပေး (၂)
လှောင်အိမ်ထဲမှ ညစ်ညမ်းကဗျာတစ်ပုဒ် မြို့ထဲသို့ လွတ်သွား။
မြို့နေလူထု အထူးသတိချပ်ရန်။ ညစ်ညမ်းကဗျာသည် ရမ္မက်အလွန်
ကြီးမား။ လိင်ဆက်ဆံဖို့ အကွက်ကျကျ စီမံသည့်နေရာတွင် တစ်ဖက်ကမ်း။
အထူးသဖြင့် မြန်မာ့မျိုးဆက်သစ် သမီးပျိုများ ညစ်ညမ်းကဗျာ၏ တော့ကင်တွင်
မမျောသွားရန် လိုအပ်။ အထူးထင်ရှားသည်မှာ အမြဲစိုရွှဲလျက်။
ဦးစားပေး (၃)
အထူးကန့်သတ်ဇုန်မှ ခေတ်ပေါ်ကဗျာတစ်ပုဒ် ပျောက်ဆုံးလျက်ရှိ။ မြေပေါ်
မြေအောက်လောကသားများ အထူးသတိဝရိယထားရန်။ ခေတ်ပေါ်ကဗျာသည်
အကြမ်းဖက်လိုဟန်ရှိ။ ပိုက်ဆံရှိသော သူများ၊ ချမ်းသာသောသူများကို
အလကားနေရင်း မျက်မုန်းကျိုးနေ။ အုပ်စုဖွဲ့လှုပ်ရှားတတ်။ အထူးထင်ရှား
သည်မှာ အမြဲတမ်း အရက်နှင့်ဗိုက် ဆာလျက်ရှိ။
ဦးစားပေး (၄)
မိဘကျေးဇူး ဆပ်ချင်လိုက်တာဆိုတဲ့ အမျိုးသားစာပေ ကြိုးစင်ပေါ်က ကဗျာနဲ့
ပြည်သူတွေထမင်းငတ်နေပြီ အမှန်ပဲ နှိပ်စက်ခံနေရပြီဆိုတဲ့ အမေရိကန်ထုတ်
ဟန်ဘာကာ ဟော့ဒေါ့ ချောကလက်ကဗျာတွေကိုတော့ ကြုပ်ကြပ်သာလိ လိုက်ပါတော့။
မြေမှုန်လွင်
Tuesday, March 16, 2010
ဈေးဝယ်စာရင်းဝတ္ထုတို
၁/ စိန့်ဂျွန်ဆင် ST .JOHNSON ကျားဝတ်အင်္ကျီ ၊ အင်္ဂလန် နိုင်ငံမှ ထုတ်လုပ်သည် ။ ချုပ်ရိုးချုပ်သား သေသပ်လှပ်သောကြောင့် ၊ အချိုးကျပြီး ကြည်ရှည် ဝတ်နိုင်သည် ။ ရောင်းဈေး ကျပ် တသောင်းရှစ်ထောင် ။
၂/ ရက်ဗလွန် REVLON နှုတ်ခမ်းနီဆိုးဆေး ၊ အမေရိကန် နိုင်ငံလုပ် ၊ တမိနစ် အတွင်းခြောက်သည် ။ တနေကုန် ခံသည် ။ ဗီတာမင် အီးပါ၍ နှုတ်ခမ်းများမပျက်စီး ၊ တန်ဖိုး ကျပ်လေးထောင့်သုံးရာ ။
၃/ ပင့်ဟောက် PINK HOUSE မဝတ် အင်္ကျီ ၊ ထိုင်းနိုင်ငံလုပ် ၊ ဒီဇိုင်းစုံ ၊ရောင်စုံ ၊ ရောင်းဈေး ကျပ်သုံးထောင် ။
၎/ ဟန်းတင်း HANG TEN ရှပ်အင်္ကျီ ၊ တန်ဖိုးကျပ် သုံးထောင်ရှစ်ရာ ။
၅/ ပုလစ်(စ) POLICE နေကာမျက်မှန် ၊ အမေရိကန် နိုင်ငံလုပ် ၊ နောက်ဆုံး ပေါ်ဒီဇိုင်း ၊ ရောင်းဈေး ကျပ် နှစ်သောင်းလေးထောင် ၊
၆/ MX 102 SODA ခါးပတ်အိတ် ၊ တန်ဘိုး ကျပ် နှစ်ထောင့်သုံးရာ ၊
၇/ အေလိယန်းဝပ်ရှော့ ALIENS WORKSHOP ဂျင်းဘောင်းဘီ ၊ ရောင်းဈေး ကျပ်လေးထောင့် ရှစ်ရာ ။
၈/ စကတ်ရှာ SKECHERS ကျားစီးဖိနပ် ၊ တန်ဖိုး ကျပ် နှစ်သောင်းလေးထောင် ။
၉/ နီကေ NIKE လျှာထိုး ဦးထုပ် ၊ ရောင်စုံ ၊ တန်ဖိုး ကျပ် နှစ်ထောင့်ရှစ်ရာ ။
၁၀/ ဘီးယင်း BEING ကော်လာပါ ၊ ဇစ်တပ် ၊ မဝတ်စပို့ရှပ် တန်ဖိုး ကျပ် လေးထောင့်သုံးရာ ။
၁၁/ ခရေးဇီး CRACY စကတ်ရောင်စုံ ၊ တန်ဖိုး ကျပ် သုံးထောင့်လေးရာ ။
၁၂/ မီလန်MILAN မစီးဖိနပ် ၊ တန်ဖိုး ကျပ်သုံးထောင့်ခြောက်ရာ ။
၁၃ / အိုမီဂါ ဆီးမာစတာ OMEGA SEAMASTER ကျားဝတ်လက်ပတ် နာရီ ၊ တန်ဖိုးကျပ် နှစ်ဆယ့်ခြောက်သိန်း (၂၆၀၀၀၀၀ တိတိ) ။
၁၄ / ရာဒို RADO လေးထောင့် ၊ အပြာရောင် မဝတ် လက်ပတ် နာရီ ၊ တန်ဖိုး ကျပ်ဆယ့်နှစ်သိန်း (၁၂၀၀၀၀၀ တိတိ )
၁၅/ ပြောင်ခေါင်းစိမ်း ဝမ်းဆက် ၊ အလေးချိန် ၈၇.၅၈ ဂရမ် ၊ အလျှော့တွက် ၇ပဲ ၊တန်ဖိုး ကျပ် ရှစ်သိန်းခြောက်သောင်း ( ၈၆၀၀၀၀ တိတိ )
၁၆ / စိန်နှင့်မြိတ်ပုလဲဆွဲသီး . . . ၊တန်ဖိုး ကျပ်သုံးသိန်းနှစ်သောင်းငါးထောင်
၁၇/ နီလာနှစ် စိန်တစ်ပွင့် FANCY နားကပ် ၊ တန်ဖိုး ကျပ် တစ်သိန်းရှစ်သောင်း ။
၁၈/ စိန်ကိုးပွင့် ရေလှိုင်းပုံ လက်စွပ် ၊ တန်ဖိုး ကျပ် သုံးသိန်းနှစ်သောင်းငါးထောင် ။
၁၉/ ဖဲပြားမီးပုံးနားဆွဲ ၊ လေးသောင်းနှစ်ထောင်ကျပ် ။
၂၀/ ယပ်တောင် ဘောလုံးနားဆွဲ ၊ လေးသောင်းတစ်ထောင်ကျပ် ။
ကလေးတွေ ဘယ်သွားကုန်ကြပြီလဲ ၊ စာကျက်သံလဲ မကြားရ ။ တိတ်ဆိတ်လို့ ၊ အစားအစာ ၊ ဝါးစားပါ အသားပါသလား ၊ ငါးပါသလား ။
၁/ ဇီယာဆန် တစ်ပြည် ၂၀၀ /-နှစ်ရာကျပ်
၂/ပဲတောင့်ရှည် ၂ စည်း ၅၀/- ငါးဆယ်ကျပ်
၃/ ငါးပိရေကျို၁၀ါး ၆၀/- ခြောက်ဆယ်ကျပ်
၎/ ချဉ်ပတ်စုံတို့စရာ ၂၀/- နှစ်ဆယ်ကျပ်
၅/ ဘဲဥ တစ်လုံး ၅၀/- ငါးဆယ်ကျပ်
စုစုပေါင်း ညနေစာဈေးဘိုး သုံးရာရှယ်ဆယ်ကျပ် (၃၈၀-/)
ဇော်ဇော်အောင်
( MILETUS ဝတ္ထုတိုစု ၊ ဩဂုတ်လ ၊ ၂၀၀၅ ခုနှစ် )
Sunday, March 14, 2010
ပုတ္တသိနေဟ
လိမ္မာရင် အားလုံး မင်းဖို့ ချည်းပဲ
ငါခု ဒီမှာ ငှက်ပျောသီးအခွံနွှာထားတယ်
စိတ်မှာဆာရင် ယူသာစားပေတော့
ရာသီဥတုက
မင်းပုဇွန်ဦးနှောက်လေး ကွေးတယ်ဆိုရုံ
သွေးကြောထဲ ငါးတွေနွေးပြီလားက မင်းဟာမင်း စဉ်းစားပေါ့
လမ်းထိပ်က ဦးလေးကြီးဆိုင်မှာတော့
ကြက်နဲ့ ကြက်ဥကိစ္စ ဘယ်သူမှရေးကြီးခွင်မကျယ်ကြဘူး
အူမတောင့်မှ တောင်တောင်အီအီတွေးနိုင်တာမဟုတ်လား
လက်တွေ့ဘဝမှာတော့ ရွှံ့လူးကောင်တွေအတူတူအနူနူ
ကိုယ်အဆင်ကောင်းပြီဆို သူ့ဘက်ကလှမ်းဒေါင်းတတ်သမို့
ငါ့စကား ငရဲဆို ဂျိုကာနဲ့လို့ မြဲမြဲမှတ်ထား
ဘဝင်လေဟပ်ပြီး ချဉ်ဖတ်စော်နံတဲ့မြို့တွေဆို ကိုယ်ပေါင်းစိတ်ခွာဖို့မမေ့နဲ့
မင်းရဲ့ ချစ်လှစွာသောလေးလည်း ဘယ်နှစ်ယောက်မဆိုနိုင်ဘူး
ယောက်ျားတစ်ယောက်က ကိုယ့်ထွက်ပေါက်ကိုယ်သိဖို့လည်း လိုတာပေါ့လေ
လောကမှာ ရှည်လို့ကောင်းတဲ့ကိစ္စတွေက လက်ချိုးရေလို့ရပါတယ်ကွာ
အဲဒီကောင်တွေက မထင်ရင် မထင်သလို သစ်စိမ်းချိုးတတ်တော့
ဝါဝါမြင်တိုင်းမရှိခိုးဖို့က မင်းအပ္ပမာဒပ္ပဋိပဒါ။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၁၃ရက်
Thursday, March 11, 2010
ဝေစု
ခွေးကလေး၊ ကြောင်ကလေးများ
ကိုယ့်ဒဏ်ရာကိုယ်လျက်ရင်း မိုက်တွင်းနက်လာသလို
ကိုယ့်ပြည်ကိုယ်မျိုသူ သားတော်အဇာတသတ်
အကြွေစေ့ကလေးများအတိုင်း ပွန်းလေ ပြောင်လေ
နေပူသလိုလို မိုးရွာသလိုလို နှင်းဖွဲဖွဲလမ်းကလေးအထဲ
သွေးချင်းသားချင်း ထိစပ်မှုနယ်နိမိတ်မျဉ်းကွန်တိုဘာရိုမီတာ
မိတ်ဆွေအချင်းချင်း၊ ရန်သူအချင်းချင်း
အပေါင်းများသင်းလိုက်၊ အနှုတ်များကွပ်လိုက်
အမှန်ကိုပြောင်းပြတဲ့ မှန်ပြောင်းသဖွယ်
နီးသောအခါ ဝေးသွားလိုက်၊ ဝေးသောအခါ နီးသွားလိုက်
မှန်ရှေ့မှာရပ်ပြီး ငါဓါတ်တွေခမ်းနေတဲ့အခိုက်တန့်များ
မိသားစုထဲမှာ အထီးကျန်ကမ္ဘာကြီးတဖြစ်လဲ…။
သိုးထိန်း (အန္တိမ)
၂ဝ၁ဝ မတ်လ ၁၁ရက် ည ၁ဝးဝ၎
Monday, March 8, 2010
ရှုခင်းများ
* သူငယ်ချင်းချိမ့်ကြီးရဲ့ ကဗျာအတွဲတွေဖြစ်တဲ့ တေးများ ၊ ပြဇတ်မင်းသား ၊ ပုံပြောသူ စတာတွေကို ဖတ်ရှုပြီး အားကျတဲ့ စိတ်နဲ့ "ရှုခင်းများ" ကိုရေးဖွဲ့ ဖြစ်ပါတယ် ။ အခုဖော်ပြလိုက်တဲ့ ကဗျာတွေဟာ အဲ့ဒီအထဲက တချို့ ပါပဲ ။
အာရုံငါးပါး အပြင်ဘက်က ကဗျာဆရာတွေမှာသာ ရှိတတ်တဲ့ ဆဌမအာရုံကို အားပြုပြီး ရေးဖွဲ့ထားပါတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ကိုယ်တိုင် ရှုခင်းများ ဖြစ်နေတာဟာ အမှတ်မထင် သတိရဖွယ်ပါပဲ ။
သစ္စာနီ
ဇန်န၀ါရီ၊၂၀၀၉
ရှုခင်းများ (၁)
သစ်ပင်ပုပုတွေနဲ့
လက်ဘက်ရည်ဆိုင်
ထိုင်ခုံပုပု မှာ
ခပ်ပုပုလူတွေ ထိုင်လို့ ။
သူတို့ . . . .
အရိပ်တွေသာ ရှည်လျားကြတယ်
ရှုခင်းများ ( ၂ )
တိမ်တွေ . . .
မာယာကော့စကီးရဲ့
ဘောင်းဘီဝတ်မိုးတိမ်လား ။
ရှင်ဥတ္တမကျော်ရဲ့
တောင်ရှည်ဝတ်မိုးတိမ်လား ။
အိုး . . . သက်တန့်ငဲ့
ဂျုးရဲ့ တိမ်နှင့်ချည်သည့်ကြိုးလား ။
ရှုခင်းများ ( ၃ )
ကြိုးတန်းပေါ်လမ်းလျှောက်သူ
မီးကွင်းထဲ ဒိုက်ဗင်ထိုးသူ
ခြသေ့င်္ပါးစပ်ထဲ ခေါင်းလျှိုသူ
အမြှေက်ကျည်ဆံလုပ် အပစ်ခံသူ
ဓားပေါက်သူတွေလဲပါ ဘင်တီးသူတွေလဲပါ
ခွေးလိမ္မာတွေလဲပါ လူပျက်တွေလဲပါ
ဆပ်ကပ်ကမ္ဘာကြီးဟာ ပျော်စရာ ။
ရှုခင်းများ ( ၄ )
သင်္ဘောပျက်တွေ ရတနာတွေ
အရိုးစုတွေကို သိုဝှက်လို့
ပင်လယ်ဟာ . . . ။
မေ့လွယ်ပျောက်လွယ်တဲ့ လူတွေ
ကမ်းခြေမှာ . . .
လှိုင်းကို အပျော်စီးကြတယ်
ရှုခင်းများ ( ၅ )
အများနဲ့ တစ်ယောက်လည်း သူပဲ နိုင်တာပဲ
ယုတ္တိဗေဒတွေ ဘာတွေ ဘေးဖယ်ထား
ဒါက ကောင်းဘွိုင်ကား ။
တစ်ဘဝလုံးလွဲလည်း
သေနတ်ပစ်မလွဲရင် ပြီးတာပဲ ။
ဂျွန်ဝိန်းကြီးအိုပြီ
မင်းသားအဖြစ်က
တစ်ပြားမှ မလျှော့ဘူး ။
ရှုခင်းများ( ၆ )
ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့
နာရီထဲမှာ
လက်တံတွေ တရွေ့ရွေ့
မှန်ထဲမှာ
ငါ့မျက်နှာတရွ့ရွေ့
ရှုခင်းများ ( ၇ )
ငါ
ရင်ခုန်ခဲ့ဖူးတယ်
ဟောဒီမှာ . . .
တိုက်တာတွေပိုကြီးလာတယ်
လူတွေ ပိုသေးလာတယ်
မော်တော်ကားတွေ ပိုများလာတယ်
သစ်ပင်တွေ ပိုရှားလာတယ်
ဆိုင်းဘုတ်တွေ ပိုပေါလာတယ်
ရန်ကုန် . . .
သွေးဆုံးတာကြာပြီ ။
Friday, March 5, 2010
သံနဲ့လုပ်ထားလျက် ဝေကျလာသော ဂဃဏန
လုံးဝ ( လုံးလုံးဝဝ ) မဟုတ် ။
အရက်သောက်နေတာပါ ။ အရက်သောက် နေတာ
အရက်ကိုသောက်နေတာ ။ အရက်ကို ဒီလို
သောက်နေတာ ဒီလို
ရင်ဘတ်မြည်ဟီး စည်ကြီးတီးလို့ ဒီလို
တရစ်ပြီးတော့
တရစ်စိန်တရစ် မြတရစ် သိကြားတရစ်
နတ်တရစ် ရဟန်းရှင်တရစ်
လူပြည်သူအများ တရစ် ဗောဓိညောင်တရစ်
လက်စ်ဇပ်ကားတရစ်
ရုပ်လုံးပေါ် ။ ခရစ်စတယ်ဘောစခ ရင်ထဲမှာ ပေါ်
ဖော- အစာအိမ်အူလမ်းကြောင်းအတွင်း သွေးထွက်ခြင်း
ဖောဖော - ခြေဖဝါးမို့မို့မောက်မောက်
ပင့်ကူ လက်တံတွေ လှုပ်ခတ်
'ရှော' ဘိုင့်ဘိုင့် ။ နှစ်ရက်သုံးရက်လောက်ကျန်ရစ်သူတွေ
တပတ် တစ်လ လွမ်းဘို့ မောပန်းသွားပြီ ။
(မည်သူတစ်စုံတစ်ယောက်မှ အထိအခိုက်မရှိ
မတ်သနော အပြည့်တင်ဆောင်လာသော ဟူးမင်းန်းဗိုက်ဗုံးကြီး
အောင်မြင်စွာ ပေါင်းစုအငွေ့ပျံ
ကားတွေစီ အမြန် သုတ်ခြေတင်ကြလေပြီ ။)
ရှေ့မှာ နောင်မှာ အရင်ကတည်းက
အတိအကျ ၊ ဟုတ်ရဲ့လားကွ သံဝေဂ
ရေးသူ လူဆန်း