Tuesday, December 22, 2009

တခုခု ကဗျာ




















ဘာတွေဖြစ်ကုန်ကြတာလဲ...

ဘာမှ မဖြစ်ရင်
ဘာမှ မဖြစ်ဘူး...

တခုခုဖြစ်ချင်ရင်
တခုခု ဖြစ်အောင်လုပ်...

ငါလည်း တခုခု လုပ်နေတယ်...
မင်းလည်း တခုခု လုပ်နေတယ် မဟုတ်လား...

တခုခုကတော့ ဖြစ်ရမှာပေါ့လေ...
အခု တခုခု မဖြစ်သေးရင်လည်း တခြားတခုခု ထပ်လုပ်ပေါ့...
ဒါဆို တခုခုတော့ဖြစ်လာမှာ မဟုတ်လား...

မင်းကို ပြောရတာလည်း
မောတယ်ကွာ...
အဲသလို မပြောရအောင်
ငါ တခုခုတော့ လုပ်ရတော့မယ်...
စဉ်းစားမိတာကတော့
မင်းက ကဗျာရေးတယ်ဆိုတော့ကာ
မင်းအတွက် ငါက ကဗျာရေးမှဖြစ်မယ်...

သည်ကဗျာဟာ
မင်းအတွက် ပါ...

ဒါကို ဖတ်ပြီးရင်
မင်း တခုခု လုပ်ချင်လာလိမ့်မယ်...

သည်လိုမှ မဟုတ်ရင်လည်း
တခုခုကို မလုပ်နဲ့ကွာ...
တခြား တခုခုကို လုပ်ကွာ...
မင်းကို အဲလို ပြောနေရတာကို
ငါ စိတ်မရှည်တော့ဘူး...

တခုခုတော့ လုပ်မိတော့မယ်...

(အောင်သာငယ်)

၃၁ ဘုံလည်ပတ်ရေးသာ ကျုပ်တာဝန်ဆို ခင်ဗျားသေပြီ

ဆိုလိုတာက
ခင်ဗျားဗိုက်ထဲစုနေတဲ့ အဆီတွေများနေတာပဲ
ဆိုလိုတာက ခင်ဗျားနာမည်
အမြီးမြှောက်လိုက် အီးပေါက်လိုက်ဖြစ်နေတာပဲ
လူတိုင်းဟာ အရူးချည်းပဲဆိုရင်လည်း
ရွှေတံဆိပ် ငွေတံဆိပ် ကြေးတံဆိပ်တွေ
ဘာလို့ခွဲနေသေးလဲဗျာ
မောင်ဥမ္မတကော မဥမ္မတကော
ကျုပ်နာမည်လည်း ဥမ္မတကော ပြီးရောပေါ့
ခုတော့
ခင်ဗျားငယ်နာမည် ကုလားလေးတဲ့
လုပ်မနေပါနဲ့ဗျာ
ခင်ဗျားလည်းအရူး
ကျုပ်လည်း အရူး
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး
ဆိုလိုတာက
‘ရွှေစင်တစ်မတ် ငွေငါးကျပ်’
ဆိုလိုတာက
‘သုံးထောင်သင်္ချာဟေ၀န္တာ အာဏာစိုးလျှက် သီဟစက်’
ဆိုလိုတာက
တစ်ချောင်းဝင်လည်းအရည်ထွက် နှစ်ချောင်းဝင်လည်းအရည်ထွက်
ကြံရည်စက် မဖြစ်ဖို့သာအရေးကြီးတာပါ
အရေးကြီးတယ်ဆိုရင်လည်း အရအမိပေါ့ဗျာ
ကျုပ်ကတော့ ကျုပ်အိမ်မှာနေပါတယ်
တွေ့ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လာ
အိမ်ရှေ့ခန်းမှာ ကျုပ်သီချင်းဆိုနေမယ်
‘မပေး … ပေး … ပေး
ပေး … ပေး … ပေး …
ငါ့ကဗျာပြန်ပေး’ လို့ …
ဆိုလိုတာက ခင်ဗျားသောက်နေတဲ့ ရေမသီးဖို့
ဆိုလိုတာက ကဗျာဆရာတွေကို မပစ်မှားမိဖို့
ဆိုလိုတာက စေ့စပ်ညှိနှိုင်းဖို့
ဆိုလိုတာက လူငယ်တွေရှိတယ်
ဆိုလိုတာက မျက်စိကိုဖွင့်ထားဖို့
ဆိုလိုတာက နားကိုစွင့်ထားဖို့
ဆိုလိုတာက ကြည်ကြည်လင်လင်မြင်တတ်ဖို့
ပြောနေရတာကိုက အလုပ်မဟုတ်ဘူး
ခင်ဗျားအသက်လည်းကြီးပြီ
ဆိုလိုတာက
နားလိုက်တော့ …။ ။



ကြက်သွန်

Wednesday, December 16, 2009

ပင်လယ်ကိုဆဲသူ

တစ်စုံတစ်ယောက်
ကျောက်ကမ်းပါးစွန်း ထိပ်ပေါ်ရုတ်ချည်းတက်
ပင်လယ်ကို ဆဲပါလေရော။

မိုက်မဲတဲ့ရေ မိုက်မဲတဲ့ကိုယ်ဝန်ဆောင်ရေ၊
ကောင်းကင်ရဲ့ ရွှံ့စေးထူတဲ့ ပုံတူကား၊
နေနဲ့လကြား တွန့်ဆုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်လုပ် ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသိုး၊
ကျောက်တုံးများကို သူ့သွေးနဲ့မျိုးအောင်စေသူ၊
သူ့ကိုယ်သူ ပြန်သတ်တဲ့ဓား၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူ အစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာ ညကို အပိုင်းပိုင်းဖြတ်သူ၊
တိတ်ဆိတ်မှုရဲ့ ဆားငန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံတွေဖြန့်ပြီး၊
အချည်းနှီး၊ အချည်းနှီးပဲ၊
ဂေါ်ဂွန် ကိုယ့်ကိုယ်ကို ပြန်လည်ဝါးမျိုနေသူ။
ရေ၊ ရေရဲ့ ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံ အသင်-
အဲဒီလို အတန်ကြာ ပင်လယ်ကို သူဆဲပစ်လိုက်တယ်။

သဲပေါ်က သူ့ခြေရာတွေကို လျှာနဲ့လျက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရ ခွေးတစ်ကောင်လို။

ပြီးတော့ သူအောက်ကို ဆင်းလာ
ပြီး ပွတ်သပ်လိုက်တယ်
သေးသိမ်စွာ ထုထည်ကြီးမား မုန်တိုင်းထန်နေတဲ့
ပင်လယ်ရဲ့ ကြေးမုံကို။

တွေ့ပလားကွ၊   ရေ၊   လို့   သူပြောပြီး
သူ့လမ်းသူ ဆက်သွားပါလေရော။ ။

Miroslav Holub
(မောင်သစ်မင်း ဘာသာပြန်သည်)

ဟိုက်ဒြာ= ခေါင်းတစ်လုံးဖြတ်လျှင် နှစ်လုံးတိုးသည် ဆိုသော ဂရိဒဏ္ဍာရီထဲက နဂါးကြီး
ဂေါ်ဂွန်= ဂရိဒဏ္ဍာရီထဲက အလွန်စက်ဆုပ်ဖွယ် ကောင်းသော ဘီလူးမ

Monday, December 14, 2009

ကမ္ဘာကျော်ချင်လို့ ကဗျာကရာကျော်တယ် ၊ခွတယ် ။

ကမ္ဘာကြီးကိုကျော်ဘို့
ပရောက်ဇီ 212 နဲ့စတယ်
မေးလ်ပို့တယ်
မေးလ်ပြန်တယ်
အအေးပတ်တော့ မေးပါခိုင်တယ်
ချက်တင် မှာပွားတယ် / ဖျားမယ်
အခန့်မသင့်ရင် နားပါကားမယ်
အစွန်းရောက်တယ်
လိင်သွေးကြွတယ်
ဗုံးကြဲတယ်
အမုန်းဆွဲတယ် (ဘာဖြစ်ဖြစ်ပါ)
ထိချင်တာလား ၊ ငြိချင်တာလား
ဖိုက်တာတော့ မဟုတ်ဘူး အပျင်းပြေ လူသတ်တယ် (ဂိမ်းထဲမှာ)
ခေတ်ရှေ့ပြေးတယ်
ဗေဒင်တွက်တတ်တယ်
တခုခုထူးခြားရင်
အတိတ်ကောက်ပြီး ၂ လုံးထီထိုးတယ်
ငွေမခင်တတ်ဘူး
လူကိုခင်တယ် (လူကိုခင်မှအကုန်ပါတာ)
ကိုယ့်စိတ်ပျော်ရွှင်ဘို့
မိသားစု အညိုအငြင်ခံတယ်
ချစ်တတ်တယ်
မလွမ်းရဲဘူး
ကဗျာဆရာတွေအပေါ်မှာ ယောက်ကျားကြောက်ရတဲ့ မိန်းမလို
ရိုကျိုးတယ် . .
လန်းတယ် ၊ ဂွမ်းတယ် ၊ ဆန်းတယ်
စိတ်ထက်တယ် ၊ မြွေပွေးလို အဆိပ်ပြင်းတယ်
ငါ့နာမည် ဖုန်းမြင့်
ဆက်သွယ်ချင်ရင် Port 443 ဒါပဲ   . . . ။

ဖုန်းမြင့်

Sunday, December 13, 2009

မမမြိုင်


မမမြိုင်


ကုန်သွားပြီ…

ကုန်ပစ္စည်းတွေ

ကုမ္ပဏီတွေက တင်သွင်းထားတာတွေ

ပြည်တွင်း ကုန်ထုတ်လုပ်မှုပမာဏ ပြည့်မီအောင်ထုတ်လုပ်ထားမှုတွေ

ထုတ်လုပ်ခြင်းကို ထုတ်လုပ်မှုတွေ

ဘာတွေထုတ်လုပ်မိနေတာတွေ

ထုတ်လုပ်သမျှ ထုတ်ပိုးနေရတာတွေ

ထုတ်ပိုးပြီးသမျှ ထမ်းပိုးနေရတာတွေ

ထမ်းပိုးထားရတာတွေကို ထန်းလက်နဲ့ကာနေရတာတွေ

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တွေ

ကျီးကြည့်ကြောင်ကြည့်တွေ

ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ မေးခွန်းတွေ

မေးခွန်းက မေးခွန်းကို မေးခွန်းနဲ့ပဲ တုံ့ပြန်နေတာတွေ

တုံ့ပြန်မှုဟာ လက်တုံ့ပြန်ခြင်းခံနေရတာတွေ

ခံနေရတာတွေကို ခံစားချက်လုပ်ပြီး ကဗျာရေးရကောင်းမလားစဉ်းစားမိနေတာတွေ

စဉ်းစဉ်းစားစားနဲ့ စား နေတာတွေ မိသွားတာတွေ

မိကျောင်းတွားတက်လာနေတဲ့ သွားတွေ

သွားတွေ တဆစ်ဆစ် ကိုက်မြဲကိုက်နေ

ကိုက်လမ်း အတိုင်းပြေးမြဲ ပြေးနေမိတဲ့ ကိုက်လမ်းကဗျာထဲက ယုန်သတ္တ၀ါ လေးတွေ

ယုန်ကလေးရေ…တကယ်တမ်းမတော့

ငါဟာ ငါ့ဘ၀ အမှန်အတိုင်းမနေထိုင်နိုင်ခဲ့ဘူးကွယ်

ငါဟာ ငါ့ကိုယ်ငါ ကွယ်ခဲ့တယ်

ငါ့ဘ၀အမှန်ကို ငါကိုယ်တိုင် ကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ရိုသေစွာ ကွယ်ခဲ့တယ်

ငါဟာ ငါ့ကိုယ်ငါ ရိုသေစွာ ကိုးကွယ်ခဲ့တယ်

ငါ့ကိုယ်ငါ ကိုးကွယ်မှုမှားခဲ့တယ်

ငါဟာ မှန်ကန်စွာမှားခဲ့တယ်

ရှေ့သွားလေး ငေါငေါ နဲ့မှားခဲ့တယ်

လူ့သမိုင်းကြီးတခုလုံးဟာ ရှေ့သွားတွေ တငေါငေါ

ဘီစီ ငါးထောင်ရဲ့ဟိုဘက်ခြမ်းမှာ တငေါငေါ

အေဒီ ၁ ရာစု ၂ ရာစုမှာ တငေါငေါ

တကောင်း အဘိရာဇ ဆိုပြီး တငေါငေါ

ဘယ်ညာ hang bag တွေ suitcase တွေ ဆွဲလာပြီး တငေါငေါ

ဆတ်ကနဲ shock ရပြီး တငေါငေါ

တော်လောက်ပြီ တငေါငေါ

ပစ္စုပ္ပန်တည့်တည့်ကိုရှုပါ တငေါငေါ

တငေါငေါ ဟာ တငင်ငင်

တနွယ်ငင်မိတာ တစင်ပါရောပဲ

အဲဒီတော့..

မင်းလဲတစင်ထောင် ငါလဲတစင်ထောင်မယ်

ဟိုကောင်တွေကလဲ တယောက်တစင်စီဆိုတော့ မြိုင်ပြီပေါ့ မမမြိုင်။


ခင်အောင်အေး


၁၀၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူ စံတော်ချိန် ၁၃း၂၆ နာရီ

Friday, December 11, 2009

ရုပ်ရှင်

ရုပ်ရှင်


အမှောင်ရောင် နှစ်ခုထပ်တွဲ ထပ်လျှက်
ငါအရှေ့က ကုဗတုံးပုံသဏာန်ကြီးဟာ ဘာလဲ
ကိုယ့်အလုပ်ကိုယ်လုပ်နေရာကနေ
တဖြည်းဖြည်း တဖြည်းတဖြည်း
နာမည်ကျော် လက်ချင်းချိတ်ဆက်မှု နဲ့
ဟောဒီမှာ အားလုံးငြိမ်သက်နေရာကနေ
တဖြည်းဖြည်း လှုပ်ရှားလာ
ငါ နဲ့ မတော်မတဲ့ ရည်းစားတစ်ယောက်ကိုပြန်တွေ့တယ်
ရွှေ တွေ ထွက် ရွှေ တွေ ထွက်
အလုပ်ရှုပ်နေကျတာ
ဓာတ်ပုံတွန့်တွန့်ကျေတစ်ပုံလဲ နေရာတိတိ ကျသွားတယ်
မြင်ကွင်းက တဖြည်းဖြည်း တဖြည်းဖြည်း
ကဲ .. ဒီမှာ ပင်လယ်ကို မှောက်လို့မှောက်
မိန်းမ တစ်ယောက် လိပ်စာကဒ်နဲ့
အပျော်အပါးမက် ခေတ်လူငယ်တသိုက်
ကဲ .. ဒီထဲမှာ တဖြည်းဖြည်း တဖြည်းဖြည်း
ရှေ့သွားလေး နှစ်ချောင်း နဲ့ ကမ်းခြေတခုလုံးကို ကုတ်ခြစ်လိုက်တယ်
အရာအားလုံး ဘောင်ဝင်သွားပြီ
အိနြေ္ဒရရပဲ
ကမ္ဘာကျော်ဆိုသူဟာ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
တလှမ်းခြင်းထထွက်သွားတယ် ။


ရုပ်သေး
၁ဝ.၁၂.၂ဝဝ၉







ရုပ်ရှင်



မလိုအပ်ပဲ ဆေးလိပ်မီးခိုးတွေ ရှိုက်သွင်းနေခဲ့ရ
ညနေဟာ ဆွေးမြည့်ခြင်းကို
သာသာထိုးထိုးလေး ခင်းပြနေတယ် ၊၊
ငါ့မျက်စိထဲ အညိုရောင်မြင်ကွင်းတွေချည်းဖြစ်လို့
ဇာတ်သိမ်းခန်းသိုးမသွားခင်
နှိုက်စားချင်စိတ်ကို မနည်းထိန်းထားရ …
သက်ပြင်းတွေနဲ့ပဲ ပရိသတ်မပျင်းရအောင်
ထပ်တလဲလဲ ရယ်ပြနေရတယ် ၊၊ ၊၊



ကြက်သွန်
၁ဝ.၁၂.၂ဝဝ၉











ရုပ်ရှင်



ချက်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်၊၊

ကိုယ့်ဘာသာခြေခေါက်လဲရင်တောင် ကိုယ့်အပြစ်ပဲ ဖြစ်ရမှာလဲ သိတယ်
ကန်နေကြတာကလဲ အကန်းတွေအတိုင်းပဲ
ခေါင်းစားလာပြီ
ဘာလို့ ဒီလောက် ခေါင်းပါးနေရတာလဲ
ခင်ဗျားတို့သာ သိတတ်ကြည့်
ဒီလက်ခေါက်ထဲက သီချင်းဟာ ခင်ဗျားတို့အတွက်ပဲ
ဒီထဲကို ဒီလိုဆင်း
ဒီပေါ်ကို ဒီလိုတက်
ခင်ဗျားတို့အိတ်ကပ်ထဲက ခေါက်ဆွဲခြောက်တွေ အစိုမပျံမခြင်းလေးတော့ ....
အချို့ သာစေတနာ ကို ဖျက်လိုဖျက်ဆီး မလုပ်ခဲ့ရင်
ဇာတ်လမ်း နဲ့ ဇာတ်အသွားအလာမှာ ရုပ်သေနေမှာမဟုတ်ဘူး
ရှေ့ကလူက ဓာတ်ပုံတစ်ပုံကို ပြပြီး
ဒါဟာ ရုပ်ရှင်လို့ပြောတယ်

‘မင်းတို့တစ်ရုပ်ကိုမှ ငါ အရှင် မထားဘူးကွ”
ချက်စ်
ဆိုတာနဲ့ နားခွက်က မီးလောင်တဲ့ အဆင့်ဖြစ်သွားပြီ
အဖြူရော အမည်းရော
တစ်သံထဲ ထွက် ထွက် လာ ကြတယ်
စစ်တုရင် အကွက်တွေမှ …၊၊




ဇာတိ

၁ဝ.၁၂.၂ဝဝ၉




 



ရုပ်ရှင်


ပုံသေကားချပ်မဆန်ချင်လို့
ဒီမြင်ကွင်းကို အရွေ့လို့ နာမည်ပြောင်းတယ်
ဆက်တင်ရဲ့နောက်ခံကားမှာ ဘဝ ဆိုတာကို ကြီးကြီးရေးချလိုက်
ဇတ်ညွှန်းက ပုထုဇဉ် တယောက်ရဲ့ နွေနံနက်
သွားသွားလာလာ နားနားနေနေ စားစားသောက်သောက်
လောကဓံကို ဗီလိန်နေရာမှာထားမယ်
အော်စကာပေးမယ်ပြောရင် သွက်သွက်ခါအောင်ငြင်းလိုက်
ကိုယ်က
ဒီဇတ်လမ်းမှာ ရှန်ဒလားရဲ့
စာရင်းထဲက မေ့ကျန်နေခဲ့သူ သက်သက် ။


ဖုန်းမြင့်
10.12 .2009




 



ရုပ်ရှင်

တစ်ယောက်ကလမ်းဖြတ်ကူးလာတယ်
တစ်ယောက်က ဘရိတ်အုပ်လိုက်တယ်
တစ်ယောက်က ကော်ဖီခွက်ကိုမလိုက်တယ်
တစ်ယောက်က လှေကားပေါ်ကပြေးအဆင်း
တစ်ယောက်က လေပြည်တွေကို မျက်နှာမူလို့
တစ်ယောက်က မုန်တိုင်းထဲမှာရုန်းကန်လို့
တစ်ယောက်က မွေးခန်းထဲမှာ
တစ်ယောက်က မီးခိုးခေါင်းတိုင်ကိုလှမ်းအငေး
တစ်ယောက်က အဝေးကြီးကပြန်အလာ
တစ်ယောက်က နောက်ဆုံးကျောခိုင်းလိုက်တယ်
တစ်ယောက်က ပန်းစည်းတွေယူလာတယ်
တစ်ယောက်က ကျောင်းထွက်လိုက်ရတယ်
တစ်ယောက်က စီးပွားရေးလုပ်တာအရမ်းအောင်မြင်နေတယ်
တစ်ယောက်က စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံ
တစ်ယောက်က တစ်ယောက်ကိုမယုံဘူး
တစ်ယောက်က တစ်ယောက်အပေါ်ကောက်ကျစ်နေတယ်
တစ်ယောက်ချင်း စိန်ခေါ်ပစ်လို့
တစ်ကိုယ်တော် အရက်ပုလင်းနဲ့ကြေကွဲ
တစ်ယောက်နဲ့ တစ်ယောက်ပြေးဖက်လိုက်ကြတယ်
တစ်ယောက်နောက်ကျောကို တစ်ယောက်ဓားနဲ့ထိုးလို့...
တစ်ယောက်ယောက်က မီးခလုတ်ကိုထအဖွင့်
တစ်ယောက်တည်းထပြန်လာတယ်
တစ်ယောက်တည်းပဲ... ရုပ်ရှင်ထဲမှာ...။


မိုးလှိုင်ည

၁ဝ.၁၂.၂ဝဝ၉

Tuesday, December 8, 2009

ကဗျာဟုရေးသဖြင့် ကဗျာဖြစ်ကြောင်း




ကဗျာဟာ ကဗျာပတ်လမ်းကြောင်းပေါ်မှာတည်ရှိ
ရှိချင်သလောက်ရှိတဲ့ဒီဂရီနဲ့
စောင်းချင်သလိုစောင်းပြီး လည်ချင်သလိုလည်
ကဗျာဖိုကဗျာမ ဆက်ဆံရေး*
မော်ဒန်ဂိုဏ်းချုပ် ၊ အယ်လ်ပီဂိုဏ်းချုပ်အချို့၊
သူ့ထက်သူလူစွမ်းကောင်းများနဲ့ ကဗျာသိုင်းလောက
ဒီကြားထဲ ကဗျာနာနာဘာဝလောကလည်း ပါဝင်ဆင်နွှဲ
ခင်ဗျားကဗျာဖတ်ပြီး ကျွန်တော်သနားကရုဏာသက်တော့
ခင်ဗျားအတွက်ရေစက်ချအမျှဝေ
ကဗျာအိပ်၊ ကဗျာစား၊ ကဗျာကျင့်၊ ကဗျာကြံ
ဘယ်ကဗျာဘယ်လောက်တန်သလဲ
`အော်´ကဗျာ၊ `ပတ်တီး´ကဗျာ၊ `အင်ဂျင်ညက်´တဲ့ကဗျာ၊
ကဗျာ`အလိုင်းမင်း´
ကဗျာပေါင်ကဗျာရင်းသန်သန်နဲ့ ကဗျာဈေးကစားနေသူ
ဒီမှာ . . ဒီမှာ ခင်ဗျားက ကဗျာပွဲစားလား
ဟုတ်တော့မဟုတ်သေးဘူး
ကဗျာဆရာမကောင်း ကဗျာ့ခေါင်းပေါ်တည့်တည့်
ဘာသားနဲ့ထုထားတဲ့ ဘာတွေထက်သာတဲ့ ဘာသာစကားလဲ
ခင်ဗျားကရော ဘာနဲ့ဒန် ၊ ဘာနဲ့ဒမ်သလဲ
ကဗျာရေးကဗျာရာ၊ ကဗျာရည်လုပွဲ၊ ကဗျာဗျူဟာအခင်းအကျင်း
ပြောလိုက်ရရင်မကောင်းဘူး
သောက်ပြီးရေးရင်တော့ `သောက်ကဗျာ´ပဲဖြစ်မှာပေါ့
တိုင်းရင်းကဗျာစစ်စစ်၊ ပြည်တွင်းဖြစ်ကဗျာ
ကိုလိုနီကဗျာ၊ ဖောရိမ်းကဗျာ၊ အပျော်ဖတ်ကဗျာ
ကျော်ဖတ်ကဗျာ ၊ စသည်ဖြင့် . . . . .
အဆင့်အတန်းခွဲနေလိုက်ကြတာများ
သူတို့ကပဲ ကဗျာအဖေ ကဗျာအမေကြီးတွေလိုလို
`က´ကျက်ရင် `က´စား၊ `ဗျာ´ကျက်ရင် `ဗျာ´စား
ကဗျာပါးဝနေကြသူတွေ
အစွယ်ပြူးပြူး ကဗျာကျူးတဲ့ ကဗျာဘီလူးတွေ
တော်လောက်ပြီလို့ယူဆ၍ ရပ်ထားလိုက်သော
ယခု `သင့်အတွက်မနက်ဖြန်´ကို အခန်းဆက်ကဗျာဟာ
ယူဆစေလိုကြောင်း . . . . ၃၁ ဘုံတွင် ကျင်လည်ကြကုန်တဲ့
ဝေနေယျကဗျာဆရာအပေါင်းတို့ . . . . . . ။                 ။




ဝန်ခံချက် ။          ။ ကိုသိုးထိန်း၏ `ကဗျာဖိုကဗျာမ ဆက်ဆံရေး ´ ကဗျာခေါင်းစဉ်အား စာသားအဖြစ်
                          ယူငင်သုံးစွဲထားပါသည်





သူရဿဝါ
 ရသစာပေအနုပညာဘလော့ဂ်
November .10.2009

Sunday, December 6, 2009

ရောက်ရာပေါက်ရာမှာ ရွာရိုးကိုးပေါက်




အစကသာ ဒီလိုမှန်းသိရင် ကိုယ့်ပေါင်မုန့်ပဲ ကိုယ်စားမှာပေါ့

ပေါင်မုန့်ကလဲ ပေါင်မုန့်ပီပီသသ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းထားတဲ့

ထုတ်ပိုးပုံ သေသေသပ်သပ် ပေါင်ချိန်ပြည့်ပြည့် ပေါင်မုန့်မျိုးဟာ

ဘယ်လို တည်ဆောက်ထားသလဲ ညနက်နက်ထဲ နစ်စိုက်ထားသလို

အပိုအလိုမရှိ သိသာသိစေမမြင်စေနဲ့ပုံစံခွက်ထဲမှာ

ခေါင်းလျှိုနေရတယ် သပ်လျှိုခံထားရတယ်

မနက်ဖြန်သဘက်ခါဆိုရင်ပဲ ပိုမိုစိမ်းစိုတော့မလိုလို

အရောင်တွေနဲ့ပဲ အားလုံးကိုတိုင်းတာ အကဲဖြတ်သွားတော့မယ်တဲ့

ဒီမှာ..ဒီမှာ..သိပ်တာဝန်ကျေဦးကြီးလုပ်ပြမနေနဲ့ဗျာ

ဒီဇာတ်လမ်းမှာ အဓိက အကျဆုံး

ပွဲလမ်းအလှူ အိမ်မှာသုံး လက်ဆောင်ပေးရန် အကောင်းဆုံး

ထိုနာမ်ကလေးကို ငြိမ်အောင်ထိန်းနိုင်ဘို့ဆိုသည်မှာ

သန်သန်မာမာရှိတဲ့လူ လေးငါးခြောက်ယောက်လောက်က၀ိုင်းဝန်းဖမ်းချုပ်ပြီး

မလိုတော့ပါဘူးလေ ရထားလဲထွက်သွားခဲ့ပြီ

တောဘူတာရုံကလေးရဲ့ နှုတ်ခမ်းပဲ့ ပလက်ဖောင်းပေါ်မှာ

နောင်တချိန်မှာ ကမ္ဗည်းတင်ခံရကောင်းခံရနိုင်မယ့် ကောက်ကွေးရှုပ်ထွေးမှုတွေ

အထူအပါးကို လက်ဖြင့်/စက်ဖြင့် ဒသမ နှစ်နေရာသုံးနေရာလောက်အထိ တိတိကျကျချိန်ဆ

တွဲလောင်းကျနေတဲ့ ခေတ်ဆိုတဲ့ သတ္တ၀ါကြီး နိုးမလာခင်

ကျနော်တို့ ပိပြားသေသပ်မှုသီချင်းသံပြိုင် သီဆိုမြင့်တက်

ရောက်ရာအရပ်မှ သာဓုခေါ်ပါရန်။



ခင်အောင်အေး


၂၉ နိုဝင်ဘာ ၂၀၀၉ စင်္ကာပူစံတော်ချိန် ၉း၂၇ နာရီ

Friday, December 4, 2009

စိတ်ကူးမဲ့မနက်ခင်းများ…

"စိတ်ကူးယဉ်ခြင်းက အသိဥာဏ်ထက်ပိုအရေးကြီးတယ်" အိုင်စတိုင်းကပြောခဲ့ဖူးသည်။

သူ အိုင်းစတိုင်းနဲ့ သိကျွမ်းခဲဖူးခြင်းမရှိပါ။ အိုင်စတိုင်းရဲ့ ရီလေတီဗီတီကိုလည်း မဖတ်ခဲဖူးပါ…။ အထက်က အိုင်စတိုင်းစကားကို မဂ္ဂဇင်း အဟောင်းတစ်အုပ်ထဲမှာ အမှတ် မထင် ဖတ်ခဲ့ဖူးခြင်းပါ…။ သူက စိတ်ကူးမယဉ်တတ်ပါ အသိဥာဏ်ကြီးနေ၍ တော့မဟုတ်… ဘ၀က စိတ်ကူးယဉ်ဖို့ အချိန် မရ၍သာ….. ။ တစ်ခါတော့ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီကို စာအုပ်ဆိုင် တစ်ဆိုင်မှာ မေးကြည့်ဖူးပါတယ်…။ ဆရာဗန်းမော်တင်အောင် ဘာသာပြန်တဲ့ ရီလေတီဗီတီက ကိုးတန်းကျောင်းသူ ညီမလေးရဲ့ ကျူရှင်စရိတ် တစ်လစာဖြစ်ပြီး… တက္ကသိုလ် ကြယ်ပွင့်ရေးတဲ့ ရီလေတီဗီတီက သူတိုမိသားစုရဲ့ ညနေစာ တစ်နပ်ဖြစ်နေပြန်ပါတယ်။

"ထမင်းတနပ်ရှာစားတာချင်း အတူတူမင်းကို ပန်ကာအောက်မှာ စားပွဲနဲ့ကုလားထိုင် နဲ့ ချွေးမထွက်ပဲ အလုပ်လုပ်နိုင်အောင် ပညာသင်ပေးနေတာ"

အထက်တန်းကျောင်းသားဘ၀က သူကျောင်းပြေးတုန်းက အဖေသိသွားလို့ ဆုံးမတဲ့ စကားတွေထဲမှာ သူမှတ်မှတ်ထင်ထင်ဖြစ်မိတဲ့စကားပါ…။ နောက်ပိုင်းတော့သူ တတ်စွမ်းသမျှတော့ကြိုးစား ခဲ့ပါတယ်…။ မိဘ၀န်ထမ်းတွေရဲ့မျက်နှာကိုငဲ့ပြီး ဆယ်တန်းမှာအမှတ် မကောင်းတောင် နှစ်ချင်းပေါက်အောင်ဖို့ သူဂရုစိုက်ခဲ့တယ်…။

တက္ကသိုလ်တက်တော့လည်းစရိတ်နည်းနည်းနဲ့ဘွဲ့မြန်မြန်ရတဲ့အဝေးသင်ပဲ ရွေးချယ်ခဲ့ရတာ…။လူငယ်ဘ၀တွေမှာရွေးချယ်စရာတွေအများကြီးရှိတတ်ပေမယ့် ရွေးချယ်နိုင်ခွင့်ကတော့အနည်းငယ်ပါ…။ သူဘွဲ့လက်မှတ်လေးကိုင်ပြီး ယောင်ခြောက်ဆယ် လုပ်နေတုန်း ဦးလေးတွင်ခုံဆရာတစ်ယောက်က မင်းအလုပ်မရှိရင် ငါတို့အလုပ်ရုံလိုက်ခဲ့ကွာဆိုတော့… တစ်နေ့ရှစ်ရာကျပ်နဲ့သံပန်း အလုပ်ရုံတစ်ခုမှာလုပ်ဖြစ်ခဲ့တယ်။ စက်မှုဇုန်ရဲ့ နေပူပူ နားဆူဆူအရပ်မှာ သံပန်းတွေကို သံချေးခေါက်ချရင်း အဖေရဲ့ ထမင်းတစ်နပ်ရှာစားတာခြင်းအတူတူ ဆိုတဲ့စကားက သူ့အတွေးထဲ ထော်လော် ကန့်လန့် ၀င်ချလာပါတယ်…။

ဆရာသစ္စာနီရဲ့တိမ်နဲ့လူ ဆိုတဲ့ဝတ္ထုကို ဖတ်မိတော့ သူငယ်ချင်းအစ်ကိုတစ်ယောက်ရဲ့ လူတွေမှာကိုယ်ပိုင်နံပါတ်တွေပါတယ်ဆိုတဲ့ စကားကိုသူ သွားအမှတ်ရမိပါတယ်….။

ကံကြမ္မာရဲ့ ပြဌန်းချက်တွေနဲ့ လိုက်လျောညီထွေပြုပြင်ရဖန်များ လာတော့ သူ့ကိုယ်ပိုင်ဆန္ဒတွေကို မေ့လျော့လာမိခဲ့တယ် …. လေဆန်ညတွေကို ဖြတ်ပျံလာပြီးတဲ့နောက်မှာ အတောင်တွေကြမ်းခတ်လာခဲ့တယ်။

ငှက်တွေက ပျံရင်းသေတယ်တဲ့ လူတွေကကြံရင်းသေတယ်…သူ့ဘ၀မှာအေးအေးလူလူ စာဖတ်နိုင်မယ့်အချိန်တွေမျော်လင့်ခဲ့ဖူးတယ်… ဒါပေမယ့် သူနေတဲ့အရပ်မှာမှ နေရောင်ခြည်က ပိုမိုစူးလျှလေသလားမသိပါ… နေရိပ်ကိုရဖို့အတွက် နေပူထဲကရပ်စောင့် မနေခဲ့ပါ… ၀မ်းတစ်ထွာအတွက် နှစ်ကာလတွေကိုကြုံသလိုဖြတ်လာခဲ့ရဖူးတယ်.. ယုတ္ထိကျတယ်လို့ အသိုင်းအ၀ိုင်းကယူဆထားတဲ့ ဆင်ခြင်ခြင်းတွေနဲ့လျှောက်ခဲ့ရဖူးတယ်.. သူ့အရပ်က ငါးပေဆယ့်တစ်လက်မရှိပေမယ့်…. တိမ်တွေကမြင့်လွန်းနေပါတယ်…။ ဘ၀ရေပြင်ညီကနေ ခုန်ပျံကျော်လွှားဖို့ သူ့ဆီမှာနည်းပညာမရှိပါ… တစ်ခါတစ်ခါတော့ဘာကိုနာကြည်းရမယ်မှန်းမသိပဲအရာရာကိုနာကြည်းနေမိပြန်ပါတယ်…။

ရိုးသားကြိုးစားရင် တစ်နေ့အောင်မြင်ရမယ်လို့ တက်ကျမ်းစာအုပ်တွေထဲမှာ ဘာလို့ရေးတတ်ကြတာလဲ … တစ်ယောက်စနှစ်ယောက်စ အောင်မြင်ရုံနဲ့တော့ သက်သေပြချက်တွေ ထုတ်ပြတတ်တာဆိုးပါတယ်… သူလည်း တက်ကျမ်းစာအုပ်တွေဖတ်ပြီး တစ်နေ့ကြီးပွားလိမ့်နိုးနဲ့ မျော်လင့်ခဲ့ဖူးပါတယ်… လမ်းဆုံးတော့ချောက်က ဆီးကြိုနေပါတယ်…. တံတာထိုးဖို့သူ့ဆီမှာ အပိုပစ္စည်းကပါမလာဘူး…. တချို့လူတွေက အမြင့်ပျံယာဉ်တစ်ချို့နဲ့ မြင့်လွန်းတဲ့တောင် နက်လွန်းတဲ့ချောက်တွေကို ဖြတ်သန်းသွားတာမြင်ဘူးပါတယ် …. သူတို့လိုမွေးကတည်းက ဘာမှပါမလာတဲ့သူတွေက ချောက်ကမ်းပါးနားမှာ တ၀ဲလည်လည်ပါ။

လူတိုင်းမှာကိုယ်ပိုင်နံပါတ်တွေပါရင်တောင် ကံကြမ္မာကခွဲခြမ်းဖို့ နံပါတ်တွေပေးထားတာပဲဖြစ်မှာ … ကဗျာဆရာပိုင်ပြောသလို ဒီတစ်ညတော့ ဘုရားသခင်က လူချမ်းသာတွေအတွက် နည်းနည်းပိုပေးမိလို့ ညစောင့် အဘိုးအိုမှာ စွပ်ပြုတ်မရရှာတာပါ…သန်းခေါင်ကျော်လာပေမယ့်… မိုးမလင်းတတ်သေးတာ သူ့ဆီမှာညတာတွေပိုရှည်လျားခဲ့လို့………..။


မိုးလှိုင်ည