Saturday, March 19, 2011

ထွက်ခဲ့ကြ

အရောင်အဆင်းမတူတဲ့ အရေပြားတွေကြားကနေထွက်ခွာ

ကတ္တရာလမ်းမပေါ်က စကားလုံးတွေနောက်ထပ်ချပ်မကွာလိုက်လာ

လမ်းဆုံးဟာ ဘယ်မှာလဲ

ငါ့ခြေထောက်တွေက အခုချိန်ထိမရပ်ပါ

အိတ်ကပ်ထဲ လက်နှိုက်

ခေါင်းငုံ့ကာ ခဏရပ် ဓါတ်တိုင်အောက်မှာ

သံဆူးကြိုး အမြင့်ကြီးနဲ့ ၀င်းနရံကြားက ကောင်မတွေက အင်မတန်မောက်မာ

ထားလိုက်ပါ ထားလိုက်ပါ နောက်ကြောင်းပြန်ဖို့ရာ စိတ်မပါ

ခေါင်းထဲကို Beat တွေက အလိုလိုရောက်လာ

ခေါင်းကိုလှုပ်

ခံစားချက်တွေ ရိုက်ကာထုတ်

ဒီ Music က မင်းတို့အတွက် လုံးဝမဟုတ်

လမ်းတွေက ပတ်ကြားအက်ကာ စာသားတွေအန်ထုတ်

ဘယ်လိုမှအောင့်မခံနိုင်တဲ့အခါ လေပြင်းတွေက သစ်ရွက်တွေ ခြွေချ

တဖွာလေးရှိုက်ပြီး သွားတဲ့ဆေးလိပ်ပြာကို ခြွေချ

တော်ပါပြီ ဒီညအတွက် ငါ့ရင်ထဲက အခိုးအငွေ့တွေ

လေထုထဲမှာ လွင့်ပျံနေတဲ့ သစ်ပင်တွေ

ငါ့ကို လက်ယပ်ခေါ်နေကြတဲ့ ချစ်သူတွေ

အမှောင်ထဲမှာ လွင့်ပျံလို့ လွတ်လပ်ခြင်းတွေ လွင့်ထူနေ

ဒါဆိုလဲ ဒီနေရာမှာ Full stop ချ

ကာရန်တွေကြားက ရုန်းထွက်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လျှောက်မလား

ဒါပေမယ့်မရဘူး စကားလုံးတွေက ငါ့ကို ကုတ်ခြစ်

ထွက်လာတဲ့ သွေးစက်တွေက တီးလုံးတွေကြားမှာ ဆို့နစ်

အရာရာကို ပိတ်ထားပေမယ့်အမှောင်ထုထဲမှာ မြင်နေတယ်

မင်းတို့တွေ ဘာမှမပြောပေမယ့် တိတ်ဆိတ်တဲ့ အသံတွေကြားနေတယ်

ငါထွက်ပြေးနေပေမယ့် ဘယ်အချိန်ကြည့်ကြည့် ဒီနေရာကိုပဲ ရောက်နေတယ်

ကလေးတွေကြောက်နေတယ် ဆရာတွေဂေါက်နေတယ်

ငါတို့တတွေ ဘာကိုယုံကြည်ရမလဲ ဘုရားသခင်ဆိုတာပျောက်နေတယ်

ဘယ်သူမှအဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတွေက ငါတို့ ပုခုံးပေါ်ရောက်နေတယ်

တစ်ယောက်ရဲ့ နောက်ကျောကို တစ်ယောက်က ဓါးတွေနဲ့ မွှန်းနေတယ်

အမှန်တရားဆိုတာ မိုးပေါ်က ကျမလာဘူး ဘယ်တော့မှစောင့်မနေနဲ့

ကျဉ်ဆံတွေ ယမ်းငွေ့တွေကို ဘယ်တော့မှကြောက်မနေနဲ့

သစ္စာယွင်းတဲ့ လမ်းပေါ်ဘယ်တော့မှလျှောက်မနေနဲ့

ထွက်ခဲ့ပါသူငယ်ချင်းတို့

ဒီလမ်းမဟာ ငါတို့တတွေရဲ့ ဘ၀တွေပဲ ။



မြေမှုန်လွင်



မှတ်ချက်။ ။ ဒါမင်းရဲ့ ကဗျာလားလို့မေးရင်

မဟုတ်ပါဘူး တီးလုံးမထည့်ရသေးတဲ့ Hip Hop တစ်ပိုဒ်ပါလို့ဖြေမှာဖြစ်ပြီး

ဒါမင်းရဲ့ Rhyme လားကွလို့ မေးရင်တော့

နိုး . . ဘေဘီ . . ကဗျာတစ်ပိုဒ်လို့ ဖြေမှာဖြစ်တယ် ။

Thursday, March 17, 2011

မောင်ဖုန်းမြင့်အား ရည်စူး၍ ။

ရှင်ချိန်တုန်းကတော့ မသိလိုက်မသိဖာသာ
သူသေသွားပြီ သတင်းကြားတော့
နာရေးကြော်ငြာဖတ်ပြီး စုတ်သတ်မိ
အဖြူ ၊ အမဲ ရုပ်ရှင် ဖလက်ရှ် ဘက် ပြန်ပြသလို
သူ့ ဘဝကို ပျော်ရွင်စွာ ဖြုန်းတီးခဲ့ပုံ
သူ ဂျစ်ကြ ၊ ဂျီတိုက် ၊ တဇောက်ကန်း နိုင်ပုံ
သူ့ ညီ အကို မောင်နှမ နဲ့ မတည့်ပုံ
သူ့ အဖေကို သူပုန်ကန်သမျှ
သူ့ အမေပေါ်မှာ ချစ်မြတ်နိုး ပုံ
ဆေးလိပ်၊ အရက် ၊ လ္ဘက်ရည် ၊ ကော်ဖီ စွဲစွဲ မြဲမြဲ ကြိုက်တတ်ပုံ
ဟောင်ဖွာ ၊ စွာကျယ် ၊ တစ်ယူသန် နိုင်ပုံ
တွေဝေ ငေးမော အသည်းငယ် တတ်ပုံ
လောက အကြောင်း အလုံးစုံ နားလည်ပြီးသူလို ဟန်ဆောင်နေတတ်ပုံ
စီအန်အန် သတင်း ၊ အင်တာနက် သတင်း ၊ ဆယ်လီဘရစ်တီ လှို့ဝှက်သတင်း
ကြားဖူးနားဝ သတင်းမှန်သမျှနဲ့ ဆရာကြီး ပုံစံ ဖောက်သည်ချ
ပြန်လည်သုံးသပ်ပြတတ်ပုံ
သူ့တိုင်းပြည် ၊ သူ့လူမျိုး ၊ သူနေထိုင်ရာကမ္ဘာကြီးကိုပါ
ကယ်တယ်မယ့် လူစွမ်းကောင်းကြီးလို သွေးနထင်ရောက်နေတဲ့ပုံ
သရော်သလို အမူအရာနဲ့ ၊ ခွက်ထိုးခွက်လန် ဟားတိုက်ရယ် လိုက်ပုံ
ပို့စ်မော်ဒန် ဆန်အောင် ဂျင်းဘောင်းဘီ မချွတ်တမ်း ဝတ်တတ်ပုံ
လေနှင်ရာလွင့်တဲ့ လဲမှို ၊ အနည်မထိုင်သေးတဲ့ ရေလို
ဘဝကို ရှပ်တိုက်စီး ၊ တေလေ တစ်ကောင်လို ကန့်လန့်တိုက်တတ်ပုံ
အခုတော့လည်း
မှန်ဘောင်သွင်း လိုင်စင်ပုံလေး ရှေ့နား
ခြောက်ကပ်ကပ် နှင်းဆီပန်းလေးတစ်အိုး
စားမြိန်စာ အထုပ်လေး တစ်ထုပ်
ဆေးပေါ့လိပ်လေး ၃ လိပ် ၊ ၄ လိပ် နဲ့
သူ့ဓါတ်ပုံမှိန်မှိန်ကို စိုက်ကြည့်ရင်း
သနားပဲ သနားရတော့မလိုလို . . .
အော်ပဲဆဲရတော့မလိုလို . . .။

MPM
24.12.2010

Saturday, March 5, 2011

တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး

        တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး
        [ ဖြစ်ရပ်မှန် စုံထောက် ကဗျာ ]

တစ်နေ့ ကျွန်ုပ်နှင့် ကျွန်ုပ် မိတ်ဆွေ ဆာအာသာရွှေဥသိင်္ခတို့ ပျင်းပျင်း ရှိလှသဖြင့် တစ်ယောက်ခေါင်း ကို တစ်ယောက် အပြန်အလှန် သန်းရှာကြရာ သန်းမကြီး ခြောက်ကောင်ခန့် ဇီဝိန်ခြွေပြီးချိန်တွင် ထိုပုဂ္ဂိုလ်ကြီး ရောက်လာတော့သည် ။ အနှီ ပုဂ္ဂိုလ်ကြီးမှာ နှယ်နှယ်ရရ မဟုတ် ၊ တစ်ခေတ် တစ်ခါက ဘာဆိုလားပဲ ဆိုသည့် ကဗျာအကျော်အမော်ကြီး ဖြစ်၏ ။ ၎င်း ပုဂ္ဂိုလ်ကြီးနှင့် ကျွန်ုပ်မိတ်ဆွေတို့ အပြန်အလှန် စကား ပြောကြပုံမှာ အင်မတန်ဂေါ်လှသဖြင့် ကြားဝင်တည်းဖြတ်ခြင်းမပြုတော့ပဲ အော်ရဂျင်နယ် အတိုင်း ကဗျာ အဖြစ် ရေးသားတင်ပြလိုက်ပါသည် ။



ဆာအာသာရွှေဥသိင်္ခ  -   “ဘဲကြီးပြော . .  ဘာတွေရှော့ခ်တက်လာလို့လဲ”
ကဗျာကဝိကြီး           -  “သားကြီးရေ ကိုယ့်အဖြစ်ကတော့ သားကြီး မှမကယ်ရင် ဆိုဖွယ်ရာမရှိ ဖြစ်နေပြီ”
ဆာအာသာရွှေဥသိင်္ခ  -   “ဆိုပါဦး”
ကဗျာကဝိကြီး         -  “ကိုယ့်အဖြစ်ကတော့ ဆန်းလိုက်တာမှ နိုင်းလောက်ရှိမယ် သားကြီးရေ ”                                      ဒီလိုကွ .. “ ကိုယ်က ညတိုင်းလိုလို အနည်းဆုံးကဗျာတစ်ပုဒ်လောက် ဆွဲ ပြီးမှ
                                   အိပ်တယ်ကွာ အခုနောက်ပိုင်း ဘာဖြစ်သလဲဆိုတော့ ညဘက် ကိုယ်ရေးထား
                                   တဲ့ ကဗျာတွေက မနက်ရောက်ရင်  စာအုပ်ထဲက ပျောက်ပျောက်သွားပြီး စာ 
                                   စာမျက်နှာ အလွတ်ကြီးပဲ ကျန်ခဲ့ရော အလားတူပဲ ကိုယ့် ဦးနှောက်ထဲမှာလည်း
                                  အဲ့ဒီ ပျောက်သွားတဲ့စာလုံးတွေကို လုံးလုံး ပြန်စဉ်းစားလို့ မရပြန်ဘူး” ။
ဆာအာသာရွှေဥသိင်္ခ  -   “ ဟာ ” . . “ဘဲကြီးတို့ကတော့ကွာ တွေ့လိုက်မှဖြင့် အဆန်းတွေကြီးပဲ”
ကဗျာကဝိကြီး           -  “ အဲ့ဒါကြောင့် ပြောတာပေါ့ကွာ သားကြီးမှ မကယ်ရင် ကိုယ့်ဘဝ ဒိုးရတော့မယ်
                                  လုပ်ပါဦးကွာ”
ဆာအာသာရွှေဥသိင်္ခ  -   “ အိုကေလေ  . . . ဒီလိုဆိုတော့ ဘဲကြီးအိမ်ကို အရင်သွား ချက်ကြတာပေါ့ ပြီး
                                  တော့မှ ဆွဲစရာရှိတဲ့ ဇယားတွေ ဆက်ဆွဲကြတာပေါ့ မဟုတ်ဘူးလား ”

         

                   ပြောပြောဆိုဆိုနှင့် ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆာအာသာရွှေဥသိင်္ခ နှင့် ကဗျာကဝိကြီးတို့သည် တစ်ယောက်ခါး တစ်ယောက်ဖက်ကာ ကျွန်ုပ်၏ ရှစ်လွှာ အထပ်မှ အောက်သို့ ဆင်းသွားကြလေတော့သည်
သူတို့နှစ်ယောက် ထွက်သွားသည့် အခါ ကျွန်ုပ်၏ အခန်းလေးသည်ပြန်လည် တိတ်ဆိတ်သွား ပါတော့သည်။
ကျွန်ုပ်မှာလား ကျွန်ုပ်မိတ်ဆွေကြီး ပြန်လာမည့် အချိန်ကိုသာ ဝရန်တာတွင် ထွက်၍ လည်တဆန့်ဆန့် မျှော်နေမိ၏ ။ [ စုံစမ်းပုံ စုံစမ်းနည်း အပြည့်အစုံကို ဝါခေါင်လထုတ် Yes or No မဂ္ဂဇင်းတွင် ဖတ်ရှု နိုင်ပါသည် ] 

                                                                        သဗ္ဗေသတ္တာ သုခိအတ္တာနံ ပရိဟရန္တု
                                                                                   မြေမှုန်လွင်


Wednesday, February 23, 2011

ဂေး ဘဝရှာပုံတော်

သူ ဂေး တဲ့။

အိန္ဒိယနိုင်ငံမှာ အုတ်အော်သောင်းနင်း

ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့တဲ့ ဂေး ၊၊

အော်ဇီ လွှတ်တော် အမတ် မ တယောက် က

I'm openly Gay တဲ့။

ဂေး ဖြစ်တော့ ဘာဖြစ်သွားလဲ။

သောက်ဂရုကို မစိုက်ဘူး။

ဟိုမို(ဂေး) များအတွက် ငွေပေးရင် ဂေး ဖြစ်နိုင်သလား

ဒါမှမဟုတ် လိင်စိတ်ခံယူမှုနဲ့ လိင်မှုကိစ္စ ၊၊

သုံးပတ်အတွင်း အမေရိကန် ဆယ်ကျော်သက် ဂေး ၅ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင် ၊၊ ခေတ်ရေစီးကြောင်းအရပေါ့ ၊၊

ကျေနပ်အောင် ဂေး လို့ ပြောပေးလိုက်ပေါ့ကွယ် ( ကြေမွသွားသော ဘဲဥတစ်လုံးအကြောင်း ) ၊၊

ဂေး ဆို တာ .. အ ပွင့် တစ် မျိုး တည်း ရှိ တာ မ ဟုတ် ဘူး ဆို တာ သိ စေ ဖို့ 

ကမ္ဘာ့အလှဆုံး ဂေး အလှမယ်ပြိုင်ပွဲ ၊၊

အစ္စရေး ဂေး စစ်သားတွေကို အပြာရုပ်ရှင်မင်းသား လူခက်စ် သွားရောက် ဖျော်ဖြေမည် ၊၊

မိုက်ကယ် လူခက်စ်ဟာ ဂေး ၊၊

စိတ်ပူသွားမိသည်။

ဒီကောင်တွေ ဂေး ... ဂေး ၏ မျက်စောင်းက အကြောင်း ၃ ပါးမရွေး။

ဂေး (လိင်တူချင်း ဆက်ဆံသူ)တွေအတွက် ဘောလုံးလောကမှာ နေရာမရှိ ၊၊

အမေရိကန်တွင် နိုင်ငံရေး ခုံလှုံခွင့်တောင်းခံနေရသော ဂေး ၊၊

အ ခု တ လော .. ဂေး ဆန့်  ကျင် ရေး ဆောင်း ပါး တွေ နဲ့ ဂေး ဆန့်  ကျင် ရေး အ သံ များ ၊၊

မာမီဟိန်း ကို အရမ်းရွံသွားပြီ ၊၊

အမျိုးသား အားလုံးရဲ့ ၂ရာခိုင်နှုန်း (စုစုပေါင်း လူဦးရေရဲ့ ဝ.၇ ရာခိုင်နှုန်း) က ဂေး ၊၊

(ဂေး) ကို ယောက်ျားသားတွေက အပိုင်သိမ်းလာကြတယ်။

ဂေး ဖြစ် ခြင်း နှင့် နယ် ချဲ့ ဝါ ဒ ၊၊

ဂေး ဖြစ် ခြင်း သည် ..ဘိန်း စွဲ ခြင်း မ ဟုတ် ၊၊

အကြောင်းက MSM ဆိုတဲ့ အတိုင်း အမျိုးသားချင်း ချစ်သူ (ဂေး)တွေကို အဓိကထား ၊၊

တ ကယ့် ဂေး အ စစ် ကို ..ဘယ် သူ က မှ.. ဂေး မ ဖြစ် အောင် လုပ် လို့  မ ရ နိုင် ၊၊

ကမ္ဘာတစ်ဝန်း ကျော်ကြားလာသောTea party ( ဂေး (Gay) များအရေးကို အလွန်အမင်း ထောက်ခံသည့် တစ်ခုတည်းသော ပါတီလည်း ဖြစ်သည်။ ) ၊၊

ဂေး တွေဟာ ဟော်မုန်း နဲ့ ဗီဇ သဘာဝ အရ မလွှဲမရှောင်သာ ဖြစ်ကြရပေမယ့် ဂေး တွေ ဟာ .. လူ ထဲ က လူ တွေ ဖြစ် ၊၊

မသိမသာ ဂေး ဘဝ စတင်လာခဲ့ တာတွေ လဲ ဘဝ အစ တွေ မှာရှိခဲ့ ကြ ပါတယ်။

ကျွန်တော်တို့ ဂေး ဘဝဟာ ကိုယ်ချစ်နေတဲ့သူရှိနေပေမယ့်လည်း မပြောရဲတဲ့ ဘဝ။

လက်တီနို၊ မူရင်းအမေရိကန်၊ ဂေး (ယောင်္ကျားလျှာ၊ မိန်းမလျှာ)၊ သာမန်ပုဂ္ဂိုလ်၊ Ellen ကတော့..ဗြောင်ပဲ။

သူ ဂေး တဲ့။

ဂေး နဲ့ ပတ်သက်လို့တော့ အထင်သေးရှုံ့ချချင်တဲ့စိတ် ကျနော့်မှာ မရှိပါဘူး။

ဂေး(gay)ခင်သူများ သို့မဟုတ်

ဂေးအခွင့်အရေးလှုပ်ရှားသူများ ဆက်လက်မဖတ်ဖို့ ၊၊

God Save The Gays!

Myanmar LGBT Society.

Not a member? Sign Up Now!




Source : www.google.com

ဇာတိ

Sunday, January 30, 2011

ပင်လယ်တစ်ခုရဲ့ ကျမ်းစာ…

အဲဒီတုန်းက လပြည့်ညတွေမပါ ပြက္ခဒိန်တစ်ခုအပေါ် ကွန်တိုမျဉ်းတွေရေးခြစ်မိစဉ်ကပေါ့…. အမြင့်ပေ ဘယ်လောက်မှာ သူတို့ကျောက်ချထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေတွေ့ရှိမလည်း… ငှက်ဖျားရောဂါဖြစ် နေတဲ့ တောင်တန်းတွေအပေါ် သူတို့ချိန်တွယ်ခဲ့တဲ့ အလေးချိန်တွေ မှားယွင်းကြောင်း သက်သေပြချက်တွေ မထွက်ပေါ်သေးခင်… မြင်မြင်သမျှတိမ်တွေကို ဆွဲငင်ညှို့ယူဆဲ… မှုန်မှိုင်းသိပ်သည်းနေတဲ့ လေထုကို အကြောင်းမဲ့ မောင်းထုတ်ခဲ့တယ်… အဲဒီအကြောင်းတွေ ပြန်တွေးရင် မလိုအပ်ပဲ ပိုမိုဝန်လေးနေခဲ့…။

ဒါဟာ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို… မကိုးကွယ်ဖူးတဲ့ ဘာသာရေးလို့ ဘယ်လိုမှ အနည်မထိုင်နိုင်ခဲ့ဖူး မီးသင့်ကျောက်တစ်လုံးရဲ့ အသုံးချတန်ဖိုးလို သက်ရှိတွေက ဘယ်စာရင်းကိုင်အတတ်နဲ့ ဖြေရှင်းတွက်ချက်ရမှာ လည်း ငယ်ငယ်သချာင်္ညံ့တဲ့ ကောင်လေးက ရူပဗေဒပညာရှင်ဖြစ်လို့ ပေတံတစ်ခုလို့ဆောင်းရွဲ့နေတဲ့ အမှန်တရား ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဂရုတစိုက် အလေးပြုနေတတ်သူတွေ ကိုရွံ့ရှာသလို ဖြစ်ခဲ့… နာမ၀ိသေသနဆိုတာ ဘာလဲလို့ နှစ်ပေါင်းသုံးဆယ်ကျော်မှ သူအသေအချာ စဉ်းစားဖြစ်ခဲ့တယ် တော်ရုံတန်ရုံ အနေအထားဆို ဒီခြေဖ၀ါးနဲ့ ဒီလမ်းမ တစ်သားတည်းကျနေဖို့ ကောင်းတယ်… မလွယ်ပါဘူး မြင့်ရာမှ နိမ့်ရာကို စီးဆင်းတယ်ဆိုတာ ပထ၀ီသင်ခန်းစာထဲက စကားလုံး… အရေးကြီးဆုံး အချက် အဓိပ္ပါယ် ရှိနေဖို့ မလိုအပ်တာ…။

တစ်နေ့ပြီးတစ်နေ့ ပြန်အမ်းလိုက်တဲ့ အိပ်မက်တွေလို ညရေးညတာခက်တဲ့ တန်ရာတန်ကြေးနဲ့ ထိုက်သင့်သလို ဝေခြမ်းခဲ့တယ်… ဘယ်တော့မှပြန်မလာတဲ့ နာရီတွေဟာ ပင်လယ်တစ်စင်းရဲ့ အနားသတ်မှာ နီဆွေးပျက်ကျ နေဆဲ… ဒါဟာ ဝေမှုန်နေတဲ့ အလင်းစတွေအတွက် ကန်းရှခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုပဲ… သူတောင်းစားအိုကြီး တစ်ယောက်က ပုံမကျပန်းမကျ လတွေကို.. သူ့ လွတ်အိတ်ကြီးထဲ ထိုးထည့်လိုက်တယ် … ရောက်တတ်ရာရာ သစ်ရွက်တွေလည်း ကွန်ကရစ်ပလက်ဖောင်း ပေါ်မှာ သည်းသည်းလှုပ်လှုပ် ဝေစီနေတယ်… ဘယ်လိုရနံ့ တစ်ခုတစ်လေ မှ လေပြည်တွေထဲမှာ ဒုန်းဆိုင်းမနေပါ…။ သတ္တုမိုင်းတွင်းများက သဘောင်္ပျက်များစီ ရွှက်လွှင်ခဲ့ရ ခရီးတလျှောက် လှိုင်းတံပိုးတော်တော်များများ တော်လှန်တိုက်ခိုက် ခဲ့ရသည်..။ ရုပ်ကြွင်းများ အကြွင်းမဲ့ လက်နှက် ချပြီးနောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရေမီးမင်းခိုးသူတို့ကို ကယ်တင်ရန်… အရေးအပေါ် အခြေအနေထဲမှာ မချစ်မနှစ်သက်သူများကို ပေလျကန်ပစ်ထားခဲ့ရပါတော့တယ်…။

ပုဒ်မတစ်ခု အဆုံးတိုင်း နိဂုံးမချုပ်ရသေးရင် တစ်ခုခုဆက်ရေးဖို့ လိုအပ်နေသလို… အိပ်ကပ်ထဲ လက်နှိုက်စမ်းလည်း စကားလုံးတွေက တစ်ပြားတစ်ချပ်မှ ပါမလာဘူး… လမ်းဘေးကွမ်းယာဆိုင်က စီးကရက် ၀ယ်လိုက်တယ် … အလံတော်ကိုမော့ကြည့်တော့ ရောမခေတ်ပြန်ရောက်နေတာလား… ရောမကိုရောက်တော့ ရောသမခံရဦးမှာသိတယ်…။ ကမ္ဘာသစ်တေးတွေ မရတော့ ကမ္ဘာဟောင်းကြီးကို ရာသီခွင်နဲ့ငြှိကြည့်နေရတာ … ကောင်းကင်ဟာ တစ်စင်းပြီးတစ်စင်းပျက်ကျ… စကြာင်္ဝဠာအစကို သွားဖို့… ခရီးထွက်ချင်သူတွေ ကထွက်ကုန်ပြီ…။ ဘ၀သံသရာအဆုံးအတွက် မြေပုံမို့မို့တွေက လမ်းစရှာသူကရှာ…. ။ သူ့တရားနဲ့ သူ့ရထားနဲ့ ကိုယ်က မှားလက်စတန်းလန်းကြီး ဘ၀ရထားပေါ်မှာ ရပ်နားစရာ ဘူတာပါသလား တိမ်ပြာပြာတချို့ကိုတော့ ဖြတ်ကျော်ထားခဲ့တာ သိတယ်… စတော့ဈေးကွက်တွေ ပျက်တုံးက အနာဂါတ် အစကတည်းက မရှိသူတွေက သက်မသေကြဘူး… ရရန်ပေးရန် တို့ မလည်ပါတ်ခင်… သဘောင်္ပျက်များသမိုင်းမှာ ကမ်းတစ်ဖက်မှာ ထားခဲ့ရတဲ့ အိပ်မက်တစ်ချို့ ပြည်ပပို့ကုန်သီးသန့် အရည်အချင်းရှိသူ လူအများအပြား… ကိုလိုနီနယ်အသစ်များ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ အပြိုင်အရိုင်းဖြစ်ထွန်းလာတဲ့ သတ္တုသိုက်များ … ဓားရိုးတွေချည်း ရှိတော့ မြင်သမျှသူခိုးတွေလည်း ရိုးအိသွားရှာခဲ့ပါပြီ… ပင်လယ်ဟာ သူ့ကို ခွင့်လွှတ်ဖို့ ကျောက်ဆောင် ကို တောင်းပန်သလိုမျိုး အဓိပ္ပါယ်မပါတဲ့ ကျမ်းစာဟာ ပင်လယ်အောက်မှာ နက်ရှိုင်းလေးနက် လို့….။

မိုးလှိုင်ည

Saturday, January 15, 2011

ပို့စ် ပို ယဲ့ ထ ရီ ( သစ္စာနီ ) အပိုင်း ၃

(၃) ပို့စ် ပိုယဲ့ထရီ

အနုပညာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို မေးနေတဲ့ ပလေတိုတို့ခေတ်ကစ ရေတွက်ရရင် နှစ်တွေ ထောင်နဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။ တိကျပြတ်သားတဲ့အဖြေ မရသေးဘူး။ ကျွန်တော် တိုတို ပြောရရင် “အနုပညာဆိုတာ အနုပညာရှင်က ဒါ အနုပညာ (art work) ပဲလို့ ပြောတဲ့အရာဟာ အနုပညာပဲ” လို့ လက်ခံချင်တယ်။ ဥပမာ ဒူးရှန့်ကပြောရင် ကြေကမုတ် ဆီးခွက်ကြီးဟာ ဖောင်တိန်းဆိုတဲ့ အင်စတော်လေးရှင်း အနုပညာပေါ့။ ဘာငြင်းစရာရှိသလဲ။ ဒီလို ကင်းဗတ်စပေါ်ကို ပီကာဆိုက ကွမ်းတံတွေးထွေးပြီး “ဒါ ပန်းချီကား” လို့ ပြောရင်လည်း လက်ခံမှာပါ။ တစ်ခုတော့ ရှိတယ်။ အဲဒီလူဟာ ပီကာဆိုလို၊ ဒူးရှန့်လို စစ်မှန်တဲ့ တကယ့်အနုပညာသမားဖြစ်ဖို့တော့ လိုတာပေါ့။ ဆရာဇော်ဇော်အောင်ကတော့ “အဲဒါတွေပြောမနေနဲ့၊ anti-art တောင် ကျုပ်တို့ရပ်ကွက်ထဲ ရောက်နေ ပြီ” လို့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်သေးတယ်။

စစ်ပြီးခေတ်ကစလို့ မြန်မာစာပေလောကမှာ အနုပညာနဲ့ပတ်သက်လို့ ကွဲပြားတဲ့အယူအဆ နှစ်ရပ် ဖြစ်ထွန်းလာတယ်။ “အနုပညာသည် အနုပညာအတွက်” ဆိုတဲ့ အယူအဆနဲ့ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ အယူအဆနှစ်ရပ်ပေါ့။ အားလုံးသိတဲ့အတိုင်း လက်ဝဲနဲ့လက်ယာ ဆိုတဲ့ နိုင်ငံရေးအယူအဆတွေမှာ အခြေခံတာပါ။ အခုတော့ အဲဒါတွေကိုထားပစ်ခဲ့ကြပါစို့။ ကျွန်တော် ပြောချင်တဲ့ after postmodernism နဲ့၊ ပို့စ်ပိုယဲ့ထရီနဲ့ မသက်ဆိုင်လှလို့ပါပဲ။ တကယ်တော့လည်း “အနုပညာသည် အနုပညာအတွက်” ဆိုတဲ့ အယူအဆဟာ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ လက်ဝဲ၀ါဒီတွေရဲ့ တရားသေဆန်မှု၊ အစွန်းရောက်မှုကို ဆန့်ကျင်ဖို့ကြိုးစားရင်း သူကိုယ်တိုင် တရားသေဆန်တဲ့ အခြားတစ်ဖက်စွန်းကို ရောက်ရှိသွားတာပါပဲ။ အခု ကျွန်တော်တို့ အနုပညာရဲ့ စစ်မှန်တဲ့ မူလအရင်းအမြစ် သဘာဝဆီ ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားတဲ့အခါ အဲဒီအစွန်းနှစ်ဖက်ကို သတိထား ရှောင်ရှားဖို့ လိုပါတယ်။

ပို့စ်ပိုယဲ့ထရီဆိုတဲ့ စကားလုံးကို သုံးစွဲဖို့ အနှစ် ၃၀ လောက် နှောင့်နှေးခဲ့ရပေမယ့် ဒီအယူအဆသဘောထားတွေ ပါဝင်တဲ့ “မြင်းစိုင်းသူမြား” လက်ရေးမင်ကူး စာအုပ်ကလေးကို စတင်ထုတ်ဝေဖြစ်ခဲ့တာက ၁၉၇၈၊ ဇွန်လ နောက်ဆုံးပတ်ပါ။ အဲဒီတုန်းက ခေတ်လွန်ကဗျာ လှုပ်ရှားမှု လို့ ခေါင်းစဉ်ငယ် တပ်ခဲ့ပါတယ်။ အဲဒီစာအုပ်ငယ်ရဲ့ အမှာစာမှာ ...

“ခေတ်လွန်ကဗျာဟာ လက်ရှိမြန်မာကဗျာရဲ့ အာရုံခံစားမှုပုံစနစ်၊ ပုံသဏ္ဌာန်စနစ်၊ တင်ပြပုံ စနစ်၊ အသံနဲ့ ကာရံစနစ် စတဲ့ အစဉ်အလာဟောင်းအားလုံးကို စွန့်လွှတ်ဖို့ ကြိုးစားထားတာပါပဲ”

လို့ ရေးထားခဲ့တာ ပြန်လည်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ...

“ဒီနေရာမှာ စာမျက်နှာအခက်အခဲကြောင့် ခေတ်လွန်ကဗျာနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးရုံပဲ တတ်နိုင်ပါတယ်။ မကြာခင် ခေတ်လွန်ကဗျာဝါဒနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရေးသား ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့ စီစဉ်ထားကြောင်း စကားလက်ဆောင်ပါးလိုက်ပါရစေ” လို့ ရေးထားပေမယ့် ...

ဒီအနှစ်သုံးဆယ်အတွင်း (၂၀၀၆၊ မေမှာ မြင်းစိုင်းသူမြား ကို အပြည့်အစုံမဟုတ်ဘဲ ကဗျာစာအုပ်ငယ်တစ်အုပ်အဖြစ် ထုတ်ဝေနိုင်တာကလွဲလို့) ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခု ဒီစာတမ်းငယ်ကို အနှစ် ၃၀ က တင်ခဲ့တဲ့ စကားကြွေးကို ကြေအောင်ဆပ်လိုက်တာ လို့လည်း သဘောထားနိုင်ပါတယ်။ မြင်းစိုင်းသူမြားဟာ ကဗျာစာအုပ် မထုတ်ဝေခင် နှစ်အနည်းငယ် စောပြီး သရဖူမဂ္ဂဇင်းမှာ “မော်ဒန်၊ ပို့စ်မော်ဒန်နဲ့ မြန်မာကဗျာ” ဆိုတဲ့ ဆောင်းပါးနဲ့ အသင့်အတင့် ရှင်းလင်းတင်ပြခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ၂၀၀၇၊ ဇွန်လမှာ ထုတ်ဝေတဲ့ “မော်ဒန်ရှင်းတမ်းနဲ့ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှု” လုံးချင်းစာအုပ်မှာလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ မြင်းစိုင်းသူမြား (၁၉၇၈) ကို ထိုစဉ်က ကျွန်တော် ဘာကြောင့်ထုတ်ဝေဖြစ်ခဲ့သလဲ။ စိတ်ဝင်စားဖွယ် မေးခွန်းပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ မော်ဒန်ကဗျာဟာ အရှိန်အဟုန်နဲ့ ပေါက်ကွဲနေတဲ့ကာလဖြစ်တယ်။ မော်ဒန် ကဗျာ ဖြစ်ထွန်းလာတာ ဆယ်စုနှစ်တစ်ခု မရှိတရှိကာလပေါ့။ အဲဒီကတည်းက မော်ဒန်ကဗျာကို ကျွန်တော် ငြီးငွေ့စပြုနေပြီ။ တစ်ခါတစ်ရံ ကျွန်တော်တို့ခံစားချက်တစ်ချို့၊ ကျွန်တော်တို့အနုပညာ အယူအဆတချို့ကို တင်ပြဖို့ လက်ရှိအသုံးပြုနေတဲ့ မော်ဒန်ကဗျာရဲ့ နည်းနိသျှတွေ၊ အတတ်ပညာ တွေဟာ မလုံလောက်တဲ့အကြောင်း၊ အတွေ့အကြုံအရ သိရှိနေခဲ့ပြီ။ ဥပမာ တိုင်ကပ်နာရီက ချိန်သီး၊ ငါနဲ့မှန် ဆိုတာမျိုးတွေ၊ ရေးလက်စလို၊ စီထားပါလို ကဗျာမျိုးတွေ။

“စီထားပါ”

(၁)



အရာ

သည်လှနေ

ကြဲသောပြန့်များသည်

(၂)

ကြဲနေ

များသည်မလှ

မပြန့်သောအရာ

(၃)

အရာများသည်မ

လှပနေသောကြဲပြန့်

(၄)

ကြဲပြန့်နေသောအရာများသည် မလှပ။

နောက်တော့ “ငါနဲ့ကဗျာ”

ပြီးတော့ “ရေးလက်စ” လို၊ မပြီးသေးတဲ့ ရေးလက်စကဗျာစက္ကူပေါ်က ပုံကြမ်းတွေ။

အဲသလိုဟာတွေကိုကြည့်ပြီး တခြားကဗျာရေးသူတွေ၊ ကဗျာဖတ်သူတွေက နှာခေါင်းရှုံ့ပြီး “ဒါ ကဗျာမဟုတ်ဘူး” လို့ ပြောကြတယ်။ ဒါဆိုရင် ရပါပြီ။ ကျွန်တော်လိုချင်တာလည်း ဒါပါပဲ။ ကဗျာမဟုတ်သောကဗျာ။ (Poetry is no Poetry)။

ဘာကြောင့် အချို့လူတွေက ကဗျာမဟုတ်ဘူး ပြောကြသလဲ။ အရင်က (သူတို့အတွေ့ အကြုံဟောင်းအရ) လက်ခံနားလည်ထားတဲ့ ကဗျာဆိုတဲ့အဓိပ္ပာယ်တွေ၊ စံတွေ၊ ပုံစံတွေနဲ့ မကိုက်ညီ လို့ပေါ့။ ရှင်းပါတယ်။ ဒီနေရာမှာ ဇေယျာလင်းရဲ့ စကားတချို့ကို ထုတ်နှုတ်ကိုးကားချင်ပါတယ်။ ၂၀၀၂ သြဂုတ်လက ပြုလုပ်ခဲ့တဲ့ ကဗျာဝပ်ရှော့ (၂) မှာ သူတင်သွင်းခဲ့တဲ့ စာတမ်းငယ်ထဲက ကောက်နှုတ်ထားတာပါ။ စာတမ်းငယ်ရဲ့ခေါင်းစဉ်က “ကဗျာဟာ ကဗျာမဟုတ်တာကဗျာ” တဲ့။ သူက အဲဒီစာတန်းမှာ ...

““စံတော်ချိန်ကဗျာ အယူအဆကို လက်မခံဘူး။ တစ်ကမ္ဘာလုံးက စံတော်ချိန်တွေကို ဂရင်းနစ်စံတော်ချိန်နဲ့ ညှိယူတဲ့ သတ်မှတ်တဲ့ ပြဌာန်းတဲ့ တစ်ပြေးတည်းညီလုပ်တဲ့ ဗိုလ်ကျစိုးမိုးရေး အယူအဆကို လက်မခံဘူး။ ကဗျာဆိုတာ တစ်မျိုးတစ်စားတည်းမဟုတ်ဘူး။ သူ ဟိုလိုမြင်ခွင့်ရှိ၊ ရေးဖွဲ့ခွင့်ရှိသလို ကိုယ်လည်း ဒီလိုမြင်တာကို ရေးဖွဲ့ခွင့်ရှိတယ်။””

ကဲ ... ခင်ဗျားတို့ ဘယ်လိုသဘောရပါသလဲ။

ကျွန်တော်တို့မှာ အနုပညာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထက် အရေးကြီးတဲ့ အလေးထား စရာတွေ ရှိနေပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ အနုပညာမှာရှိနေတဲ့ (gaps) ကွက်လပ်တွေကို ဘယ်လိုဖြည့်ကြမလဲဆိုတဲ့ ကိစ္စပါပဲ။

ဒီနေ့ မြန်မာမော်ဒန်ကဗျာဟာ အနှစ် ၄၀ ကာလကို ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ အိုဟောင်း စပြုနေတာ ငြင်းချက်ထုတ်လို့မရတဲ့ အချက်ပါပဲ။ သူတို့ဆီမှာ ပို့စ် ပို့စ်မော်ဒန်ခေတ်ထဲ ရောက်နေ ပြီ။ (ကမ္ဘာတွင် ပို့စ်မော်ဒန်ခေတ်သည် ၁၉၈၀ တွင် ကုန်ဆုံးပါသည်။) လက်ရှိပင်မရေစီး (မော်ဒန် ကဗျာ)ဟာ အီနေ အိုင်နေပါပြီ။ တစ်လ တစ်လ ထွက်သမျှ မဂ္ဂဇင်း ဂျာနယ်တွေထဲက လက်လှမ်းမီ သမျှ ကဗျာတွေကို ရှာဖွေဖတ်ကြည့်ပါ။ ရင်ကို ထိထိမိမိရောက်နိုင်တဲ့ကဗျာဟာ တစ်နေ့တခြား ရှားသထက်ရှားလာတယ်။ အများစုက မွဲပြာပုဆိုးတွေချည်းပဲ။ အကြောင်းအရာ၊ တင်ပြပုံ၊ စကားလုံး၊ အာရုံခံစားမှုတွေဟာ တစ်ပုဒ်နဲ့တစ်ပုဒ် ဆင်တူရိုးမှား သံတူကြောင်းကွဲတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ မြင်ဖူးပြီးသားတွေကို ထပ်တလည်းလည်း ပြန်မြင်နေရတာမျိုး ထူးမခြားနားတွေ ဖြစ်နေတယ်။ အဲဒီအချက်က ဘာကိုဖော်ပြသလဲဆိုတော့ ကျွန်တော်တို့ မြန်မာမော်ဒန်ကဗျာရဲ့ ခြေကုန်လက်ပမ်း ကျမှု (Exhaustion of the Modern Poetry) ကို ဖော်ပြနေပါတယ်။ ဒီအတိုင်းသွားရင် မော်ဒန် ကဗျာဟာ တွင်းဆုံးမြေကျ ဖြစ်တော့မယ်။ ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ဒါဟာ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့၊ လက်ငင်းလည်းကျတဲ့ အနုပညာဆိုင်ရာ အကျပ်အတည်း (Artistical Crisis) ပဲ ဖြစ်ပါတော့တယ်။

ဒါကြောင့် လက်ရှိ ပင်မရေစီးလမ်းကြောင်းကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွဲထွက်ဖို့ ကြိုးစားသူတွေ ပေါ်ထွန်းလာတယ်။ ကဗျာဟာ ဧကသဘောထက် ဗဟုသဘော ပိုဆောင်လာတယ်။ အဓိကကတော့ ပို့စ်မော်ဒန်လမ်းကြောင်း ထင်ထင်ရှားရှား ဖြစ်ပေါ်လာတာပဲ။

ဒီအထဲမှာ ဇေယျာလင်း ဦးဆောင်တဲ့ (သူကတော့ သူ့ကိုယ်သူ ဦးဆောင်သူဟု မခံယူပါ) L. P. လို့ခေါ်တဲ့ ဘာသာဗေဒကဗျာ (language poetry) ဂိုဏ်းဟာ အားအကောင်းဆုံးလို့ ဆိုနိုင်ပါ တယ်။ ဥပမာ L. P. ကဗျာအကြောင်း ဇေယျာလင်း ရေးသားတင်ပြနေပုံမျိုး ကဗျာအယူအဆတစ်ခု အကြောင်း သူ့လောက်များများစားစား ပြည့်စုံအောင် ရေးသားတင်ပြခဲ့မှုမျိုး အရင်က မရှိခဲ့ဘူး။ သူတို့အဖွဲ့မှာ မိုးဝေး၊ လူဆန်း၊ မောင်ဒေး၊ မောင်ယုပိုင်ဆိုသူတွေ ပါမယ်။ L. P. ကို လိုက်ရေးနေတဲ့ သူတို့အသိုင်းအ၀ိုင်းထဲကဟုတ်ပုံမရတဲ့ လူငယ်တွေလည်း ရှိပါသေးတယ်။ နောက် ၂၀၀၇ က The Manifesto of Myanmar Neomodern Poetry “မြန်မာခေတ်ပေါ်ကဗျာသစ်ကြေငြာစာတမ်း” ဆိုတဲ့ ကြွေးကြော်သံနဲ့ ထွက်လာတဲ့ အောင်ရင်ငြိမ်းတို့အုပ်စု။ ဒီကြေငြာစာတမ်းပေါ်မှာ နာမည်ခံထား တာက ပိုင်၊ ၀ိုင်ချို၊ တိုးနှောင်မိုးနဲ့ အောင်ရင်ငြိမ်း။ သို့သော် ချက်ချင်းပင် ပိုင်က နှုတ်ထွက်သွား တယ်လို့ ဆိုပြန်ပါတယ်။ ကျွန်တော်တို့က နီယိုမော်ဒန်ဆိုတာ ပို့စ်မော်ဒန်လို့ပဲမြင်တယ်။ သူတို့ဆီ မှာလည်း တစ်ချို့က ပို့စ်မော်ဒန်ကို နီယိုမော်ဒန်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အဲဒီစာတမ်းကတော့ ဒီလိုမဆိုပြန်ပါဘူး။

“မြန်မာခေတ်ပေါ်ကဗျာသစ်ဆိုသော ဝေါဟာရသည် ၁၉၉၀ ပြည့်နှစ် တစ်ဝိုက်မှ ယနေ့အထိ၊ ပင်မရေစီး မြန်မာခေတ်ပေါ်ကဗျာကို အခြေခံ၍ အသစ်ဖြစ်အောင် ပြုပြင်ဖန်တီးထား သော လူထုခံစားမှုကို ထင်ဟပ်သော ခေတ်ပေါ်ကဗျာများကို ရည်ညွှန်းဆိုလိုသည်” လို့ တစ်နေရာ မှာ ရေးထားတာ တွေ့ရပါတယ်။ ၁၉၉၀ မတိုင်မီက ခေတ်ပေါ်ကဗျာတွေကို အသိအမှတ်မပြုတဲ့ သဘောလား။ မြန်မာခေတ်ပေါ်ကဗျာဟာ ၁၉၇၀ က စအခြေခံခဲ့တယ်။ အဲဒါကိုပစ်ပယ်ရင် ပင်မရေစီး လို့ မသုံးနိုင်ပါဘူး။ အသစ်ဖြစ်အောင် ဘာတွေပြုပြင်ဖန်တီးထားသလဲ။ လူထုခံစားမှုကို ထင်ဟပ်သော ဆိုတာ ဆရာဒဂုန်တာရာရဲ့ စာပေသစ်နဲ့ ဒေါင်းနွယ်ဆွေတို့ရဲ့ ပြည်သူ့ကဗျာနဲ့ ဘာအချက်တွေ ကွဲလွဲလို့လဲ။ ဒီစာတမ်းကို ဦးဆောင်ပြုစုတဲ့ အောင်ရင်ငြိမ်းဟာ ကောက်နွယ်ကနောင်ရဲ့ သောင်းပြောင်း ထွေလာ (school) ကျောင်းဆင်းတစ်ယောက်ပါ။ ကောက်နွယ်ကနောင်ဟာ တော်လှန်ကဗျာ အယူ အဆနဲ့ မော်ဒန်ဝါဒကိုချိတ်ဆက်ပေးဖို့ အဲဒီနေရာကနေ ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။ အောင်ရင်ငြိမ်း ဟာ အဲဒီအမွေကို ဆက်ခံချင်တာလား၊ သူတကယ်လုပ်ချင်ရင် တခြားသူတွေလုပ်နေသလို N. M. P. (Neo-modern Poetry) လမ်းကြောင်း trend ကို ပီပီပြင်ပြင်ချပြဖို့ လိုပါတယ်။ N. M. P. ရဲ့ သီအိုရီနဲ့ တက္ကနစ်တွေက ဘာတွေလဲ။ ကျွန်တော်တို့ပြောတဲ့ N. M. P. ဆိုတာ ဒါတွေပဲဗျလို့ အများတကာ လေးစားရအောင် သူတို့ကိုယ်တိုင် ရေးပြဖို့လိုပါတယ်။

နောက်တစ်ခုကတော့ Experimental poet တွေပါပဲ။ (ဒုတိယကမ္ဘာစစ်အပြီး မော်ဒန် ခေတ်သစ်လို့ ဆိုနိုင်တဲ့ ပို့စ်မော်ဒန် အကြိုကာလမှာ တပ်ဦးအနုပညာလို့ ဆိုနိုင်တဲ့ Avant-Garde ဆိုတဲ့အုပ်စု ပေါ်ထွက်ခဲ့ပါတယ်။ မာရှယ်ဒူးရှန့်၊ အင်ဒီဝါးဟိုး စတဲ့သူတွေပါတယ်။ သူတို့ကို Experimentalist တွေလို့လည်း ခေါ်ကြတယ်။ နောက်ပိုင်းစမ်းသပ်မှုမှန်သမျှကို Experimental လို့ သုံးနှုန်းလာကြတယ်။) ဒီလူတွေကို အုပ်စုတစ်စုတည်းလို့ ပြောဖို့ခက်တယ်။ လက်ရှိမြန်မာကဗျာရဲ့ အခြေအနေကို မကျေနပ်လို့ အသစ်လို့ သူတို့ထင်တဲ့အရာတွေကို စမ်းသပ်ရေးဖွဲ့နေကြသူတွေပဲ။ စန်းဦး၊ မင်းထက်မောင်၊ မြင့်မိုးအောင်တို့ကအစ သည်မော်နိုင်တို့အထိ ထည့်တွက်လို့ရတယ်။ ပြီးတော့ ကိုငြိဏ်းဝေ၊ သူက အခွင့်ကြုံတိုင်း ပါဖောမန့် ကဗျာတွေ တင်ဆက်တတ် တယ်။ Installation နဲ့ Conceptual ကဗျာတွေအကြောင်းလည်း တတ်နိုင်သမျှ ဆေင်းပါးတွေရေးပြီး ထုတ်ဖော်နေတယ်။ ပို့မော်ဒန်ကဗျာခေတ် ထူထောင်မယ်ဆို ရှေ့တန်းကပါမယ့်သူလည်း ဖြစ်တယ်။

နောက် မြန်မာမော်ဒန်ကဗျာရဲ့ ပဉ္စမမျိုးဆက်သစ်ကဗျာစု။ (ဆယ်စုနှစ်တစ်ခုကို မျိုးဆက် သစ်တစ်ခုဟု ပိုင်းဖြတ်ပါ။) သူတို့ဟာ လက်ရှိမြန်မာမော်ဒန်ကဗျာရဲ့ အစဉ်အလာကိုလက်ခံဖို့ လိုလိုလားလားမရှိတာ သေချာပါတယ်။ ပိုပြီး လတ်ဆတ်သစ်လွင်တဲ့ တိုးတက်မှုရှိတဲ့ကဗျာတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ သင်တို့အနေနဲ့ သူတို့ရဲ့နာမည်တွေကိုတောင် ကြား ဖူးချင်မှ ကြားဖူးတယ်။ သူတို့ အင်တာနက်ခေတ်ကဗျာဆရာ blogger ဘလော့ဂါတွေလည်း ပါတယ်။ သီးခြားစာအုပ်ကလေးတွေ စုထုတ်နေတဲ့ အုပ်စုတွေလည်းရှိတယ်။ ဥပမာ FTSOL ( သူတို့ ပထမဆုံး စတင်ထုတ်ဝေတဲ့ For the Sake of Love ဆိုတဲ့ စာအုပ်ကို အမှီပြုမှည့်ခေါ်ထားတာပါ) သူတို့ စာအုပ် ၈ အုပ် ထုတ်ဝေခဲ့ပြီးပြီ။ တချို့စာအုပ်တွေကို audio CD နဲ့ တွဲထုတ်တယ်။ တချို့ကို web တင်တယ်။ http://ftsol.co.cc.freehostia.com မှာ သူတို့ကဗျာတွေ ၀င်ကြည့်လို့ရတယ်။ အဲသလိုအုပ်စုတွေ အင်အားဟာလည်း မနည်းပါ။

သေချာတာတစ်ခုတော့ ရှိပါတယ်။ အဲဒါဟာ ဒီနေ့ မြန်မာစာပေလောကထဲမှာ ကဗျာ သစ်လှုပ်ရှားမှုတွေ ဖြစ်ထွန်းနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ အဲဒီအထဲမှာ confusion ဆိုသော ၀ရုံးသုန်းကားတွေလည်း ပါကောင်းပါနိုင်ပါတယ်။ Movement ဆိုတာ အခြေခံမူ principle ရှိတယ်။ ၀ရုန်းသုန်းကားတွေကတော့ သူ့ဘာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။

(၄) ကဗျာ တော်လှန်ရေး

အခု ကျွန်တော်တို့ဟာ အနုပညာသမိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီဆိုတာ ခင်ဗျားတို့ သဘောပေါက်ရဲ့လား။ ကဗျာတော်လှန်ရေး (poetry revolujtion) ဆင်နွှဲဖို့ အဆင်သင့် ဖြစ်ပြီလား။ (တော်လှန်ကဗျာနဲ့ မမှားပါစေနှင့်)

ကျွန်တော်တို့ ဆိုလိုချင်တဲ့ post poetry ဆိုတာ မူလ ပင်မရေစီးကဗျာနဲ့ သီတာခုနစ်တန် ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းခွဲကို ရှေ့မှာ သံမဏိလမ်းခွဲလို့ သမုတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ““ကဗျာအဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်”” ဆိုတဲ့ အမည်နဲ့ ကဗျာနယ်နမိတ်စည်းရိုးကို ချဲ့ထွင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ အဲဒီ နယ်နမိတ်စည်းရိုးကို ဖြိုဖျက်ပစ်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့အတွက် post poetry ဆိုတာ အလုံးစုံလွတ်မြောက်သောနယ်မြေ (liberated area) ဖြစ်ပါတယ်။ အရင် ကျွန်တော်တို့ သိမှတ် နားလည်ခဲ့ကြတဲ့ အနုပညာစံနှုန်းတွေ၊ တန်ဖိုးတွေ၊ ဂုဏ်ရည်တွေ၊ နည်းဥပဒေသတွေ၊ အကဲဖြတ် မှုတွေ အားလုံးကို ကျောခိုင်းစွန့်ခွာထားခဲ့ကြရပါတော့မယ်။

ကမ္ဘာမှာခေတ်စားနေတဲ့ Post modern poetry တချို့ကို လက်လှမ်းမီသလောက် တင်ပြပါ့မယ်။

(၁) Experimental poetry

(၂) Innovative poetry

(၃) Language poetry

(၄) Post Language poetry

(၅) Minimalize poetry

(၆) Pop poetry

(၇) Slam poetry

(၈) Form poetry

(Form poetry မှ ခွဲထွက်သွားတဲ့ ကဗျာအမျိုးအစားတွေကတော့ Concrete poetry, Visual poem, Varbal Icon, Calligrammes စတာတွေ ဖြစ်ပါတယ်)

(၉) Prose poem

(၁၀) Conceptual poetry (ဂိုဏ်းခွဲများစွာ ရှိပါတယ်)

(၁၁) College poetry

(၁၂) Duca (Documentary poem)

(၁၃) Performeance poetry

(ပါဖော့မန့်ပိုယဲ့ထရီမှ ဂိုဏ်းခွဲများစွာ ခွဲထွက်သွားပါတယ်။ ဥပမာတွေက action poetry, happening poetry, live poetry, Body poetry စသဖြင့်ပေါ့)

(၁၄) Talk poem

(၁၅) Installation poetry

အိုင်တီနည်းပညာနဲ့ ကွန်ပျူတာပုံရိပ်ပေါ် အခြေခံတဲ့ကဗျာတွေလည်း ဖြစ်ထွန်းနေပါတယ်။ ဥပမာ Photographic poem, metadramas စသဖြင့်ပေါ့။ Post poetry ဟာ အဲဒီအထဲက နည်းပညာ အချို့နဲ့ ပတ်သက်တဲ့ Postmodern Enlightenment project တစ်ခုဖြစ်ပါတယ်။ ဗန္ဓတ်ကဗျာဗေဒ (Poetics of hybridity) ချဲ့ထွင်မှုတစ်ခုဖြစ်ပါတယ်။ aesthetic pluralism ဗဟုရသဗေဒကို စိန်ခေါ် လိုက်တဲ့ Art work အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် Beyond aesthetics အနုပညာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အနုပညာရဲ့ အလုံးစုံသဘော (Wholeness ) ကို ငြင်းပယ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီနေ့အထိ ကဗျာဟာ ထင်ရှားခဲ့တဲ့ အဆင့်နှစ်ခုကို ဖြတ်သန်းခဲ့ရတယ်။

၁. Speach the poetry

(အက္ခရာစာပေမပေါ်ပေါက်မီက ကဗျာပေါ်ပေါက်ခဲ့တယ်။ စုပေါင်းပြီး လေးလံတဲ့အရာ ကြီးတွေကို သယ်မတဲ့အခါ၊ စုပေါင်းပြီး မောင်းထောင်းတဲ့အခါ၊ အမဲလိုက်တဲ့အခါ၊ စည်းချက်ဆန်ဆန် အချီအချ အတိုင်အဖောက်အသံပြုခြင်းအားဖြင့် လုပ်ငန်းတွင်ကျယ်ရုံ မက မောပန်းမှုလည်း သက်သာခဲ့တယ်။ အစောဆုံး sound poetry များလို့ ဆိုနိုင်ပါ တယ်။ စာပေအက္ခရာ မပေါ်သေးပေမယ့် ဘာသာစကားတွေ ပေါ်ပေါက်တဲ့အခါ ကဗျာ တွေကို နှုတ်တိုက်သင်ယူခြင်းနဲ့ ပြန့်ပွားစေခဲ့ပါတယ်။)

၂. Write the poetry

(စာပေအက္ခရာ ပေါ်ပေါက်စဉ်ကစပြီး ယနေ့အထိ အတွင်ကျယ်ဆုံး အသုံးပြုနေကြတဲ့ နည်းပါပဲ)

ဒီနေ့ဖြတ်သန်းရမယ့်အဆင့်ကတော့

၃. Make the poetry ဖြစ်ပါတယ်။

အလင်္ကာဝတ်ရည်ဂျာနယ်မှာ စားပွဲ ကုလားထိုင်နဲ့ ကဗျာရေးတဲ့ခေတ် ကုန်ပြီလို့ ရေးခဲ့ ဖူးပါတယ်။ ကဗျာဆရာဟာ ပန်းချီဆရာ၊ ပန်းပုဆရာတစ်ယောက်လို စတူဒီယို (workshop) တစ်ခု လိုအပ်နေပြီလို့ ပြောခဲ့ပါတယ်။ ခြောက်မျက်နှာ အံစာတုံးတွေပေါ်မှာ စာလုံးတွေ ရေးနိုင်ဖို့ အတွက် ကျွန်တော်ဟာ ကိုယ်တိုင် နှစ်ပတ်လည်သစ်သားချောင်းတစ်ချောင်းကို ၂၂ တုံးရအောင် လွှနဲ့ဖြတ်၊ ကျားလျှာနဲ့တိုက်၊ ကော်ပတ်စား ဆေးသုတ် လုပ်ခဲ့ရတယ်။ အဲဒီကဗျာကို “စကားလုံးများနဲ့ ဆော့ကစားခြင်း” လို့ အမည်ပေးထားတယ်။ ပို့စ်ပိုယဲ့ထရီမှာ ကဗျာဖတ်သူ (reader) ဆိုတဲ့ စကားလုံးထက် ကဗျာကြည့်သူ (viewer) ဆိုတဲ့စကားလုံးက ပိုသင့်တော်မယ် ထင်ပါတယ်။ အဲဒီကဗျာကို ကြည့်ချင်တဲ့သူဟာ အံစာတုံးတွေထည့်ထားတဲ့ ကဗျာခွက်ကို ကိုယ်တိုင်ပစ်ရပါလိမ့်မယ်။ ပေါ်လာတဲ့ကဗျာတွေဟာ ပစ်သူ viewer ရဲ့ ကဗျာပါ။ ပါဖော့မန့်ကဗျာအမျိုးအစားပါ။ တကယ့် အလှမွေးငါးကန်ထဲ ထည့်ပြမယ့် ကဗျာ။ ရှပ်အင်္ကျီကျောပေါ်မှာရေးပြီး ချိတ်နဲ့ဆွဲပြတဲ့ကဗျာကို အင်စတော်လေးရှင်းကဗျာတွေလည်း ကျွန်တော့်မှာရှိနေပါတယ်။

ဒီလိုဟာမျိုးဟာ ခုချိန်ထိ ကဗျာမှာရေးတာသာ အဓိကကျတယ်ဆိုတဲ့ ကဗျာဆရာတွေ (ႊၽမငအငညါ ဘေ်နိ စသနအ) အတွက် မျက်စိစပါးမွှေးစူးစရာပါပဲ။ ဒါကြောင့် ပို့စ်ပိုယဲ့ထရီကဗျာဆရာတွေကို ဏသနအငခေူ တသမုနမ ခေါ်မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ဒီကဗျာတွေဟာ ကဗျာတစ်ပုဒ်ဖတ်ရင် အရင်ဆုံးအဓိပ္ပာယ်ကို ရှာဖွေကြည့်ရမယ်လို့ သိထားတဲ့ အစဉ်အလာကဗျာဖတ်သူ (writing based poet) တွေအတွက်လည်း စိတ်ပျက်ဖွယ်ဖြစ်နေတာ သေချာပါတယ်။ Art is idea ဆိုတဲ့ခေတ်ကြီးမှာ ကဗျာကို နှလုံးသားနဲ့ မရှာဖွေဘဲ ဦးနှောက်နဲ့ ရှာဖွေတတ်အောင် ကျွန်တော်တို့ အချိန်လိုကောင်း လိုပါလိမ့်မယ်။ ကဗျာကို ခံစားမှုနဲ့ မဖတ်ဘဲ အသိဉာဏ်နဲ့ဖတ်မယ့်သူတွေ စုဆောင်းဖို့လိုပါတယ်။ ဒီလိုပရိသတ်မျိုးမရှိသေးဘဲ ဒါမှမဟုတ်ရင်လည်း အင်မတန်နည်းပါးမယ့် မျိုးဆက်သစ်ပရိသတ် အတွက် ကဗျာတွေပြုလုပ်ရမယ်ဆိုတာ အင်မတန်စွန့်စားရာကျပါတယ်။ ဒါပေမဲ့ ဒီလိုစွန့်စားရတာကို ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၇၀ မော်ဒန်ကဗျာခေတ်ဦးတုန်းကလည်း ဒီလိုစွန့်စားမှုမျိုးကို ကြုံခဲ့ရဖူးလို့ပါပဲ။

(၅) ဖောက်ထွက်ကြစို့

မော်ဒန်ခေတ်ဦးက အက်ဇရာပေါင်းက (Make the new!) လို့ အော်ခဲ့ပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း မော်ဒန်သမားတွေဟာ အသစ်တွေအများကြီး လုပ်ပြခဲ့ပြီးပါပြီ။ အခု ကျွန်တော်တို့ အော်ကြရမှာက အဲဒီအသစ်တွေထဲက ဖောက်ထွက် (Break through!) ကြဖို့ပါပဲ။ ဒီနှစ်ကာလ အတွင်းမှာ ပန်းချီ ပန်းပု အနုပညာဘက်က နည်းပညာသစ် ၀ါဒသစ်တွေ ထွန်းကားခဲ့ပေမယ့် (ဥပမာ ဆေးနဲ့မရေးတဲ့ ပန်းချီ၊ ကင်းဘတ်စမပါတဲ့ပန်းချီလို့ ခေါ်နိုင်တဲ့ Installation art, Performeance art များ) ကျွန်တော်တို့အတွက်တော့ အခုအချိန်ထိ ဘာသာစကား (အက္ခရာ ၀ဏ္ဏ ဆိုတဲ့ မီဒီယမ် medium) အပေါ်မှာ မှီခိုအားပြုနေရဆဲပါပဲ။ L. P. ဆိုတာ အဲဒီအခြေအနေက ရုန်းထွက်ဖို့ ကြိုးစားတဲ့ ကဗျာနည်းနာတစ်ခုဖြစ်ပါတယ်။ ပို့စ်ပိုယဲ့ထရီကတော့ ကဗျာက အမှီပြုနေရတဲ့ စာရေးစက္ကူ၊ ဖောင်တိန် စတဲ့ (material) ကိုပါ စွန့်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပါဖောမန့်ကဗျာဟာ စကားလုံးဝေါဟာရရဲ့ အချုပ်အနှောင်ကို လျှော့ချနိုင်ဖို့အတွက် physical movement ကို object အဖြစ် အသုံးပြုခဲ့ရပါတယ်။

Postmodern မတိုင်မီအချိန်ကာလအထိ တည်ရှိနေတဲ့ form နဲ့ content ပြဿနာကို ပို့စ်ပိုယဲ့ထရီက ဖယ်ရှားလိုက်ပါတယ်။ အောက်ပါကဗျာ၊ ကောင်းစုသိုက်ရဲ့ “ကိန်းရောပုံပြင်မှ မက်သမက်တစ် လိမ္မော်ရောင်” ကဗျာကို ကြည့်ပါဦး။ (၁၉၇၈ ထုတ် မြင်းစိုင်းသူများ pemphlet စာအုပ်ထဲမှ ကောက်နုတ်ချက်)

အောက်ပါ မောင်ပြည့်မင်းရဲ့ကဗျာတစ်ပုဒ်ကို ကြည့်ပါ။ (ကျွန်တော်နဲ့ ကျွန်တော့် အရိပ်ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ ၁၉၇၈ မြင်းစိုင်းသူများ ဏနာစူ့အေ မှ ကောက်နုတ်ချက်)

ပို့စ်ပိုယဲ့ထရီဟာာသဘငူန်သမာ ကို အသုံးပြုတယ်။ အကြောင်းအရာဟာ ပုံသဏ္ဌာန်ရဲ့ နာမ်ဖြစ်ပြီး ပုံသဏ္ဌာန်ဟာ အကြောင်းအရာရဲ့ရုပ် ဖြစ်တယ်လို့ ခံယူတယ်။

ရေးလက်စကဗျာလို ကဗျာမျိုးဟာ loss of syntax ခေါ်တဲ့ ၀ါကျဖွဲ့ထုံးကို လက်လွှတ် ကြည့်တာပါပဲ။ နောက် မြင်းစိုင်းသူများ ၂၀၀၆ ကဗျာစာအုပ် “သစ္စာနီပျောက်ဆုံးခြင်း” ကဗျာကို ရှု။

သည်မော်နိုင် ပြုလုပ်ခဲ့တဲ့ NCS.အန်စီအက်စ် ဆိုတဲ့ ကဗျာဟာ ...

သည်မော်နိုင်က သူ့သူငယ်ချင်း NCS (ငြိမ်းချမ်းစု) နဲ့ ပတ်သက်တာတွေကို ရှာဖွေ ကြည့်ချင်တာနှဲ့search engine တစ်ခုဖြစ်တဲ့ ဂူးဂဲလ် (Google) ထဲ NCS ကို ရိုက်ထည့်လိုက်တယ်။ အင်တာနက်ထဲက ထွက်ကျလာတဲ့ NCS တွေဟာ အများကြီးပေါ့။ အားလုံးဟာ ကိုယ့် dimension နဲ့ကိုယ်။ သူ့အဓိပ္ပာယ်နဲ့ သူ့ဖွင့်ဆိုချက်နဲ့။ အဲဒါတွေကို သူက စီချရေးလိုက်တဲ့အခါမှာတော့ NCS တွေဟာ တချို့ တစ်ခုနဲ့တစ်ခု ကူးလူးသွားကြတယ်။ တချို့ ပေါင်းစပ်သွားကြတယ်။ တချို့ ရွေ့လျားကင်းကွာသွားကြတယ်။ တချို့ တိုးမိတိုက်မိကြတယ်။ ထူးခြားတဲ့ရသတစ်ခု ဖြစ်ထွန်းလာတယ်။ အဲဒါကို ကဗျာလားလို့ စောဒကတက်သူတွေရှိမယ်။ ကျွန်တော်တို့လိုချင်တာက အဲဒါပါပဲ။ Poetry is nopoetry ဆိုတာပေါ့။ Nopoetry မခေါ်ဘဲ အပကဗျာ marginlized poetry ပဲခေါ်ခေါ် အမည်နာမက အရေးမကြီးပါဘူး။ တကယ်တော့ အနုပညာဆိုတာ ဆောင်ရွက်မှုဆိုင်ရာ ပြဋ္ဌာန်း ချက်တစ်ရပ် (Art is performative institution) ပါပဲ။ ကျွန်တော်ကတော့ post poetry ဆိုတဲ့ အသုံး အနှုန်းကို ပိုသဘောကျပါတယ်။

Post poetry သမားဟာ စကားလုံးတွေကို တခြားနည်းနဲ့ ခိုင်းစေကြည့်ဖို့ ကြိုးစားတာပါပဲ။ (ဤသဘောထားမျိုး L. P. ကဗျာဆရာများ၊ college ကဗျာဆရာများ၊ conceptual ကဗျာဆရာများ တွင်လည်း တွေ့ရလေ့ရှိသည်။) သူတို့ဟာ အစဉ်အလာကဗျာဆရာတွေ အသုံးပြုခဲ့ကြတဲ့ creative ဆိုတဲ့ စကားထက် uncreative ဆိုတဲ့စကားလုံးကို သုံးကြတယ်။ ဖန်တီးမှုထက် တီထွင်မှု (innovative) ကို အလေးထားကြတယ်။ စာသားတွေ၊ အလင်္ကာတွေ၊ နမိတ်ပုံတွေ၊ ရစ်သမ်တွေ စတဲ့ အရာတွေအားလုံးထက် idea က ပိုအရေးကြီးတယ်လို့ လက်ခံထားကြတယ်။ Idea ရဲ့မောင်းနှင် အားဟာ ပို့စ်ပိုယဲ့ထရီရဲ့ အဓိက၀ိညာဉ်ဖြစ်တယ်။ ပို့စ်ပိုယဲ့ထရီဟာ ကဗျာဆိုင်ရာ နောက်ဆုံးအကန့် အသတ်မဲ့ ဟင်းလင်းဖွင့်မှုဖြစ်တယ်။ နည်းစနစ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုလက္ခဏာသစ်ဖြစ်တယ်။

ပို့စ်ပိုယဲ့ထရီဟာ အမြဲတမ်းလတ်ဆတ်နေတဲ့ နှစ်ခါပြန်မရနိုင်တဲ့ ကဗျာအမျိုးအစား ဖြစ်တယ်။ ဥပမာ “ငါနဲ့မှန်” (မြင်းစိုင်းသူမြား ကဗျာစာအုပ် ၂၀၀၆ မေ) လို ကဗျာမျိုး ဒုတိယ အကြိမ် မဖြစ်နိုင်ပါ။

ပို့စ်ပိုယဲ့ထရီဟာ ခံစားမှုကို အနုပညာရဲ့ အရင်းခံနေရာက ဖယ်ရှားပြီး အဲဒီနေရာမှာ စိတ်ကူးဉာဏ်ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။ အရင်က (မော်ဒန်ကာလအထိ ဆိုလိုသည်) ကဗျာဆရာကို ကဗျာကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခု ပို့စ်ပိုယဲ့ထရီမှာတော့ ကဗျာကို ကဗျာဆရာ က ထုတ်လုပ်ပါတယ်။

ပို့စ်ပိုယဲ့ထရီရဲ့ ၀ိသေသလက္ခဏာတွေကို တစ်ခုချင်း တင်ပြရရင် အင်မတန်ရှည်လျား နေပါလိမ့်မယ်။ ရှေ့မှာ Beyond aesthetics (aesthetic puralism, poetic of hybridity) လို့ ဆိုခဲ့ပါ တယ်။ မိုဘိုင်း form တွေ၊ order ဖျက်ထားတာတွေ၊ Sentence free, content free တွေ၊ language ကိုကျော်ဖို့ ကြိုးစားတာတွေ၊ midium ကိုစွန့်တာတွေ၊ ဖြစ်တည်ဆဲခဏ (moment of being) ကို အားပြုတာတွေ၊ ဂျွိုက်ရဲ့ လင်းပွင့်မှု၊ ဘာလ်ဆင်ရဲ့ အခိုက်အတန့်သဘော၊ စတိန်းရဲ့ one time knowledge ကို အသုံးပြုတာတွေ၊ နောက်ဆုံးရလဒ် (finished product) ကို အရေးမထားတာတွေ၊ ပိုင်းစစိတ်မွှာခြင်း (fragmentation) ကို ယုံကြည်တာတွေ စသဖြင့် ပြောရရင် အများကြီးပါပဲ။

ဒီတော့ မေးစရာရှိပါတယ်။ ခင်ဗျား ဒီလောက်ပြောနေတဲ့ ပို့စ်ပိုယဲ့ထရီဆိုတာ မနက်ဖြန် ဖြစ်တော့မှာလားလို့။ ဖြေရရင် ကျွန်တော် မသိပါဘူး။ ဒီလောက် မလွယ်ပါဘူး။ တစ်နေ့နေ့ ဖြစ်လာမယ်ဆိုရင်တောင် အဲဒါ ဘယ်လောက်ကြာမလဲ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ သူ့မှာ အခက်အခဲပေါင်း မြောက်မြားစွာရှိတယ်။ ပို့စ်ပိုယဲ့ထရီဟာ မော်ဒန်ကဗျာအပါအ၀င် သူ့ရှေ့က ကဗျာတွေရဲ့ သမားရိုးကျ (သို့မဟုတ်) အစဉ်အလာဖြစ်ထွန်းမှု (ဥပမာ မဂ္ဂဇင်း ဂျာနယ်များမှ ဖြတ်သန်းခြင်း၊ စာအုပ်ထုတ်ဝေခြင်း) နည်းလမ်းအတိုင်း မဖြတ်သန်းနိုင်ပါဘူး။ ကျွန်တော့်မှာ ဒီလိုကဗျာမျိုးတွေကို ပြုလုပ်ထားတာ ရှိပေမယ့် ကြည့်ရှုတဲ့ပရိသတ်ဆီ အရောက်ပို့ဆောင်ပေးဖို့ အခက်အခဲများစွာ ရှိပါတယ်။ ပို့စ်ပိုယဲ့ထရီကဗျာတစ်ပုဒ်ကို ထုတ်လုပ်မှုစားရိတ်ဟာ စိတ်ကူးစိတ်သန်းအလိုက် (စက္ကူပေါ်မှာ ရေးလိုက်ရတဲ့ ကဗျာတစ်ပုဒ်ထက်) အဆမတန်ပိုများပါတယ်။ အဲဒါ တွေကို ပြသဖို့ နေရာအခက်အခဲ ရှိပါတယ်။ ပြခန်းတစ်ခုကို ငှားရမ်းပြသဖို့ ငွေကြေးလိုလာမယ်။ ပြီးတော့ ဈေးကွက်အခြေအနေ၊ အရင်က ကဗျာစာအုပ်တွေ ရောင်းချတဲ့နည်းလမ်းကို အသုံးပြုလို့ မရပါ။ ပြီးတော့ ပို့စ်ပိုယဲ့ထရီ ပရိသတ်အသစ်။ ဒါဟာ ကျွန်တော့်အတွက် တီထွင်မှုကို နောက် တွန့်သွားစေမယ့် အဟန့်အတားတွေ မဟုတ်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ စွန့်စားခန်းတွေလို့ပဲ ထင်ပါတယ်။

နောက်ဆုံး ၀န်ခံပြောကြားချင်တာက ကျွန်တော်ဟာ အုပ်စုဖွဲ့ ဂိုဏ်းထောင်ချင်တဲ့သူ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာစာပေလောကမှာ အမြစ်တွယ်နေတဲ့ ဆရာမွေး တပည့်မွေး ကိစ္စတွေကို တော်တော် စိတ်ကုန်နေတဲ့သူသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်သစ်မြန်မာစာပေ သမိုင်း အစဉ်အဆက်မှာ စာပေပြဿနာထက် ဆရာတပည့်မွေး ပြဿနာက ပိုကြီးထွားနေခဲ့ကြတာ အထင်အရှားပါပဲ။ အဲဒါဟာ ဆရာမရှိရင် မနေတတ်တဲ့သူတွေနဲ့ တပည့်မရှိရင် မနေတတ်တဲ့သူတွေရဲ့ ကိစ္စပဲ။ ကဗျာကိုလိုနီ ထူထောင်ဖို့ ကြိုးစားရင်း နယ်မြေလုတိုက်ပွဲတွေ ဖြစ်နေကြတာလည်း အများ အမြင်ပဲ။ ဒီထဲမှာ စိတ်ကောင်းစေတနာကောင်းနဲ့ မြန်မာကဗျာ တိုးတက်ရေးအတွက် ဆောင်ရွက်နေကြတဲ့သူတစ်ချို့ ရှိနေတာလည်း တွေ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ ကျွန်တော် ယုံကြည်တာလေးတစ်ခုကိုသာ ပြောပြဖို့ ကြိုးစားခဲ့တဲ့ ငနဲတစ်ကောင်သာ ဖြစ်ပါတယ် ခင်ဗျား။

သစ္စာနီ

၂၀၀၉ ဖေဖော်ဝါရီ