Saturday, March 19, 2011

ထွက်ခဲ့ကြ

အရောင်အဆင်းမတူတဲ့ အရေပြားတွေကြားကနေထွက်ခွာ

ကတ္တရာလမ်းမပေါ်က စကားလုံးတွေနောက်ထပ်ချပ်မကွာလိုက်လာ

လမ်းဆုံးဟာ ဘယ်မှာလဲ

ငါ့ခြေထောက်တွေက အခုချိန်ထိမရပ်ပါ

အိတ်ကပ်ထဲ လက်နှိုက်

ခေါင်းငုံ့ကာ ခဏရပ် ဓါတ်တိုင်အောက်မှာ

သံဆူးကြိုး အမြင့်ကြီးနဲ့ ၀င်းနရံကြားက ကောင်မတွေက အင်မတန်မောက်မာ

ထားလိုက်ပါ ထားလိုက်ပါ နောက်ကြောင်းပြန်ဖို့ရာ စိတ်မပါ

ခေါင်းထဲကို Beat တွေက အလိုလိုရောက်လာ

ခေါင်းကိုလှုပ်

ခံစားချက်တွေ ရိုက်ကာထုတ်

ဒီ Music က မင်းတို့အတွက် လုံးဝမဟုတ်

လမ်းတွေက ပတ်ကြားအက်ကာ စာသားတွေအန်ထုတ်

ဘယ်လိုမှအောင့်မခံနိုင်တဲ့အခါ လေပြင်းတွေက သစ်ရွက်တွေ ခြွေချ

တဖွာလေးရှိုက်ပြီး သွားတဲ့ဆေးလိပ်ပြာကို ခြွေချ

တော်ပါပြီ ဒီညအတွက် ငါ့ရင်ထဲက အခိုးအငွေ့တွေ

လေထုထဲမှာ လွင့်ပျံနေတဲ့ သစ်ပင်တွေ

ငါ့ကို လက်ယပ်ခေါ်နေကြတဲ့ ချစ်သူတွေ

အမှောင်ထဲမှာ လွင့်ပျံလို့ လွတ်လပ်ခြင်းတွေ လွင့်ထူနေ

ဒါဆိုလဲ ဒီနေရာမှာ Full stop ချ

ကာရန်တွေကြားက ရုန်းထွက်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လျှောက်မလား

ဒါပေမယ့်မရဘူး စကားလုံးတွေက ငါ့ကို ကုတ်ခြစ်

ထွက်လာတဲ့ သွေးစက်တွေက တီးလုံးတွေကြားမှာ ဆို့နစ်

အရာရာကို ပိတ်ထားပေမယ့်အမှောင်ထုထဲမှာ မြင်နေတယ်

မင်းတို့တွေ ဘာမှမပြောပေမယ့် တိတ်ဆိတ်တဲ့ အသံတွေကြားနေတယ်

ငါထွက်ပြေးနေပေမယ့် ဘယ်အချိန်ကြည့်ကြည့် ဒီနေရာကိုပဲ ရောက်နေတယ်

ကလေးတွေကြောက်နေတယ် ဆရာတွေဂေါက်နေတယ်

ငါတို့တတွေ ဘာကိုယုံကြည်ရမလဲ ဘုရားသခင်ဆိုတာပျောက်နေတယ်

ဘယ်သူမှအဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတွေက ငါတို့ ပုခုံးပေါ်ရောက်နေတယ်

တစ်ယောက်ရဲ့ နောက်ကျောကို တစ်ယောက်က ဓါးတွေနဲ့ မွှန်းနေတယ်

အမှန်တရားဆိုတာ မိုးပေါ်က ကျမလာဘူး ဘယ်တော့မှစောင့်မနေနဲ့

ကျဉ်ဆံတွေ ယမ်းငွေ့တွေကို ဘယ်တော့မှကြောက်မနေနဲ့

သစ္စာယွင်းတဲ့ လမ်းပေါ်ဘယ်တော့မှလျှောက်မနေနဲ့

ထွက်ခဲ့ပါသူငယ်ချင်းတို့

ဒီလမ်းမဟာ ငါတို့တတွေရဲ့ ဘ၀တွေပဲ ။



မြေမှုန်လွင်



မှတ်ချက်။ ။ ဒါမင်းရဲ့ ကဗျာလားလို့မေးရင်

မဟုတ်ပါဘူး တီးလုံးမထည့်ရသေးတဲ့ Hip Hop တစ်ပိုဒ်ပါလို့ဖြေမှာဖြစ်ပြီး

ဒါမင်းရဲ့ Rhyme လားကွလို့ မေးရင်တော့

နိုး . . ဘေဘီ . . ကဗျာတစ်ပိုဒ်လို့ ဖြေမှာဖြစ်တယ် ။

2 comments:

  1. ဟားဟားဟားဟားဟား....တကယ်ပါ။ သဘောကျလွန်းလို့ ။
    မှန်တာဝန်ခံရရင် ဖတ်နေရင်းနဲ့ တောင် ဟိုလှုပ် ဒီလှုပ်တွေ ဖြစ်နေတာ။
    ဟုတ်ကဲ့.....ထွက်လာပါပြီ။ ကျွန်မနောက်ကျောမှာလည်း ဒဏ်ရာတွေ
    အပြည့်နဲ့ လေ။ ဒီလိုပါပဲ အမှန်တရားဆိုတာ နေရာတကာမှာ ချပြဖို့ မသင့်
    ပြန်လေတော့.....ကျည်ဆံလည်းမကြောက် ယမ်းတွေလည်း မမှုတော့ပါဘူး။ တကယ်ပါ တီးလုံးလေးနဲ့ ညှိကြည့်ပါအုန်း။ :)

    ReplyDelete
  2. ဟုတ်ကဲ့...ထွက်လာပါပြီဗျာ...

    ReplyDelete

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။