ပို့စ် ပိုယဲ့ထရီ (ဒုတိယပိုင်း)
(၂) သံမဏိလမ်းခွဲ
လက်ရှိမြန်မာကဗျာရဲ့အခြေအနေကို လေ့လာသုံးသပ်တဲ့အနေနဲ့ ဗဟုကဗျာဝါဒနဲ့ မော်ဒန်ဝဲ ဆိုတဲ့ (၂၀၀၃၊ ဟန်သစ်မဂ္ဂဇင်း) အမည်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်ပါတယ်။ အကျဉ်းအားဖြင့်တော့ ၁၉၆၈ က စခဲ့တဲ့ မော်ဒန်ကဗျာဟာ အနှစ် ၄၀ နီးပါး ရှိခဲ့ပြီမို့ အိုဟောင်း နေခဲ့ပြီ။ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ။ ရှေ့ကိုမတက်နိုင်တဲ့ မော်ဒန်ဝဲထဲက လွှဲထွက်ဖို့လိုပြီ စတဲ့အကြောင်းတွေပါပဲ။ ဆရာဇော်ဇော်အောင်ကလည်း သူ့ရဲ့ “အနုပညာမပါတဲ့အနုပညာ” စာအုပ် မှာ “မျဉ်းလေးမျဉ်းသီအိုရီ” ဆိုတဲ့ ဆောင်းပါးနဲ့ “မော်ဒန်ကဗျာသည် အမှတ် ၃ မျဉ်းအခြေအနေဖြင့် စက်ဝိုင်းသွား သွားနေသည်” လို့ သုံးသပ်ပြခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကဗျာကိုချစ်တယ်။ ကဗျာလောက တိုးတက်မယ်ဆိုရင် ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ပြောမယ်ဆိုတဲ့စိတ် အမြဲမွေးထားတယ်။
ကဗျာဆရာအတော်များများဆီက အသံထွက်လာတယ်။ ကျွန်တော်တို့ရဲ့သုံးသပ်ချက်ကို လက်မခံကြဘူး။ မြန်မာကဗျာဟာ တိုးတက်နေတယ်လို့ပဲ အသံကောင်းဟစ်ကြတယ်။ အနေအထား ပျက်ယွင်းမှာကြောက်ပြီး မူလအခြေအနေက မရွေ့ချင်တဲ့ ကွန်ဆာဗေးတစ်လက်သစ် အတွေးအခေါ် ရှင်တွေ ဖြစ်ရင်လည်းဖြစ်မယ်။ အနုပညာပိုလီယိုရောဂါ စွဲကပ်နေတဲ့သူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ “ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ” ဆိုပြီး ဒိန်ခဲပျောက်တဲ့နေရာမှာ ထိုင်ငိုနေမယ့်သူတွေဖြစ်မယ်။ ကျွန်တော်ကတော့ “ငါ့ဒိန်ခဲကို ဘယ်သူမှ ရွှေ့ရွှေ့ မရွှေ့ရွှေ့ ကိုယ်တိုင်ရွှေ့မယ့်သူ” ဖြစ်တယ်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာကဗျာရွေ့လျားမှုဟာ ပိုမိုမြန်ဆန်လာတယ်။ ပိုမိုပီပြင် ထင်ရှားလာတယ်။ ၂၀၀၇ ဇူလိုင် ဟန်သစ်မှာ “မျက်မှောက်ခေတ် မြန်မာကဗျာလမ်းခွဲများ” ဆိုတဲ့ အမည်နဲ့ ကျွန်တော် ဆောင်းပါးတစ်စောင် ရေးသားတင်ပြခဲ့ပါတယ်။ မြန်မာကဗျာသမိုင်း ကို ပြန်စောင်းငဲ့ကြည့်ရင် ကဗျာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ လမ်းခွဲခဲ့ကြတဲ့ အဆင့်ဆင့်လမ်းကြောင်း တွေကို သိနိုင်ပါတယ်။ (လမ်းခွဲရတဲ့ အခြေခံအကြောင်းတွေကတော့ တစ်နေရာနဲ့တစ်နေရာ မတူ ပါဘူး။ တစ်ခါတစ်ရံ ပုံစံဟောင်းကို စွန့်ချင်လို့။ တစ်ခါတစ်ရံ အတွေးအခေါ်သစ်တွေ ထပ်လောင်း တပ်ဆင်ဖို့။)
(၁) ပထမလမ်းခွဲ
ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ် ဦးဆောင်တဲ့ ခေတ်စမ်းကဗျာဆရာတွေဟာ အစဉ်အလာ ရိုးရာ traditional လမ်းကြောင်းက ပထမဆုံး ခွဲထွက်ခဲ့တယ်။ အဓိက ကတော့ အစဉ်အလာကဗျာ ကျက်စားတဲ့ ဇာတ်၊ နိပါတ်၊ ဗုဒ္ဓ၀င်၊ ထီးသုံးနန်းသုံး၊ မော်ကွန်းမှတ်တမ်း၊ တောဘွဲ့တောင်ဘွဲ့ စတဲ့ အကြောင်းအရာတွေကို စွန့်လွှတ်ပြီး သာမန်အသေးအဖွဲ အကြောင်းအရာနဲ့ ရပ်ဓလေ့ ရွာဓလေ့ တွေ အလေးထားကိုင်စွဲ ရေးဖွဲ့လာကြတာပဲ။ နောက်တစ်ချက်က ယနေ့တိုင် ခေတ်စားနေတဲ့ ကဗျာကို ထောင်လိုက်စီတဲ့ အသွင်သဏ္ဌာန်ကိုလည်း ခေတ်စမ်းသမားတွေက တီထွင်ခဲ့ပါတယ်။ ဒီအရင်ကတော့ ကဗျာဆိုတာ ရတုဆန်ဆန်၊ အလင်္ကာသွားခေါ်တဲ့ အလျားလိုက်စီကြတဲ့ နည်းစံနစ် ကိုပဲ အသုံးပြုခဲ့ကြပါတယ်။
(၂) ဒုတိယလမ်းခွဲ
ခေတ်စမ်းကနေ ထပ်ဆင့်ခွဲထွက်လာတဲ့ ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ရဲ့ ပြည်သူ့ကဗျာ လမ်းကြောင်းပါပဲ။ ဒါကတော့ သိသာထင်ရှားတဲ့ အကြောင်းအရာလမ်းခွဲပါ။ ခေတ်စမ်းက လူ့သဘာဝ ကို အလေးထားတယ်။ ပြည်သူ့ကဗျာကတော့ လူထုလူတန်းစားသဘာဝကို အလေးထားတယ်။ အထူးသဖြင့် အဖိနှိပ်ခံပြည်သူဘက်က ရပ်တည်တယ်။ ခေတ်စမ်းက ရိုမန်တစ်ဝါဒဖြစ်ပြီး ပြည်သူ့ ကဗျာကတော့ ဆိုရှယ်လစ်သရုပ်မှန် ဖြစ်ပါတယ်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကဗျာများနှင့် လားလား မှ မသက်ဆိုင်ပါ။) ရေးသားဖွဲ့နွဲ့မှုပုံစံမှာတော့ ပြည်သူ့ကဗျာဟာ သူ့ရှေ့က ဂန္ထ၀င်နဲ့ ခေတ်စမ်းရဲ့ အစဉ်အလာကိုပဲ လက်ခံအသုံးပြုခဲ့ပါတယ်။ ပြည်သူ့ကဗျာရဲ့ နိုင်ငံရေးစံကို ဆက်ခံခဲ့တယ်ဆိုတဲ့ တော်လှန်ကဗျာကတော့ ရေးဖွဲ့မှုပုံစံမှာ ပိုမိုလွတ်လပ်တဲ့ မော်ဒန်ဘက်ကို ဦးကိုင်းညွှတ်ခဲ့ပါတယ်။
(၃) တတိယလမ်းခွဲ
ဒါကတော့ ၁၉၇၀ တ၀ိုက်ကနေ ယနေ့အထိ ရှင်သန်လှုပ်ရှားနေတဲ့ မော်ဒန်ကဗျာလိုင်း ခွဲပါပဲ။ မြန်မာကဗျာတွေရဲ့ အကြောင်းအရာနဲ့ ပုံသဏ္ဌာန် နှစ်မျိုးစလုံးကို ငြင်းပယ်ခဲ့ပါတယ်။ လူဗဟိုပြု ၀ါဒနဲ့ ဆိုရှယ်လစ်နိုင်ငံရေးစံကို ပယ်တယ်။ ခေတ်ပြိုင်လူနေမှုဘ၀ကို ခေတ်ပေါ်အာရုံ ခံစားမှုနဲ့ ရေးဖွဲ့တယ်။ လစ်ဘရယ်ဒီမိုကရက်တစ်လမ်းကြောင်းကို ရွေးချယ်တယ်။ ကာရန်နဲ့ တင်း ကြပ်တဲ့ပုံသဏ္ဌာန်လို့ ဆိုနိုင်တဲ့ (လေးလုံးစပ်အပါအ၀င် အရှေ့က လေးချိုး၊ ဒွေးချိုး) ပုံစံတွေကို စွန့်ပစ်ပြီး လွတ်လပ်တဲ့ပုံသဏ္ဌာန်နဲ့ အရပ်သုံးဘာသာစကားကို ကိုင်စွဲတယ်။ မုဆိုးစိုင်သင်ကာလကို ဖြတ်သန်းရင်း မော်ဒန်ကဗျာနဲ့ သက်ဆိုင်တဲ့နည်းပညာ၊ အတတ်ပညာနဲ့ အနုပညာသဘာဝတရားတွေ ဖွံ့ဖြိုးစည်ပင်လာတယ်။ အနှစ်လေးဆယ်ရှိတဲ့ အဲဒီကဗျာဟာ မြန်မာကဗျာလောကကြီးကို လွှမ်းခြုံ ထားပြီး မြန်မာကဗျာရဲ့ ပင်မရေစီးနေရာကို ရောက်ရှိနေပါတော့တယ်။
တစ်ဆက်တည်းမှာပဲ ၁၉၉၅ လောက်ကစလို့ ဏသျအာသိနမည သဘောတရားဟာ မြန်မာ စာပေလောကမှာ စိမ့်ဝင် အမြစ်တွယ်လာတယ်။ ၂၀၀၀ ပြည့်နှစ်အလွန်မှာတော့ ပို့စ်မော်ဒန်ကဗျာ လို့ ဆိုနိုင်တဲ့ ကဗျာတွေ စတင်တွေ့ရှိလာရတယ်။ ပို့စ်မော်ဒန်ဆိုတာ မော်ဒန်နဲ့ ဆက်နွယ်သင့်သ လောက် ဆက်နွယ်နေတာမို့ လမ်းခွဲရယ်လို့ ခေါ်ဖို့ခက်ပေမယ့် လမ်းကြောင်းငယ်လေးတွေ စိတ် မြွှာဖြာထွက်လာတာကိုတော့ မြင်နိုင်ကြပါတယ်။ ကျွန်တော်ပြောချင်တာက after post modern ပါ။ နှောင်းပို့စ်မော်ဒန်မှာ ဘယ်လိုကဗျာမျိုးတွေ ပေါ်ထွက်လာမလဲ။ လက်ရှိ ရှိနေတဲ့ကဗျာတွေနဲ့ တော်တော်ကြီးကို ခြားနားတဲ့ကဗျာတွေ ပေါ်ထွက်လာမှာကတော့ အသေအချာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်က post poetry ပို့စ်ပိုယဲ့ထရီလို့ ခေါ်ချင်ပါတယ်။ ပို့စ်ပိုယဲ့ထရီဟာ မော်ဒန်နဲ့ ရှေ့က အစဉ်အလာရှိခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝခြားနားတဲ့အတွက် ဒီစတုတ္ထလမ်းခွဲကို သံမဏိလမ်းခွဲလို့ အမည်ပေးလိုက်ချင်ပါတယ်။
(၄) ကဗျာနိဂုံးချုပ်ပြီ
ကမ္ဘာပေါ်မှာ မော်ဒန်အနုပညာဝါဒတွေ ဖြစ်ပေါ်ခဲ့တဲ့ ခုနှစ်နဲ့ ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံတွေကို လေ့လာကြည့်တဲ့အခါ ဒီလိုတွေ့ရပါတယ်။
(၁) အင်ပရက်ရှင်းနစ်ဇင် (ပြင်သစ်၊ ၁၈၇၄)
(၂) သင်္ကေတ၀ါဒ (ဆင်ဘောလစ်ဇင်) (ပြင်သစ်၊ ၁၈၈၀)
(၃) အိတ်စ်ပရက်ရှင်းနစ်ဇင် (ဂျာမဏီ၊ ၁၉၀၅)
(၄) ကျူဘစ်ဇင် (ပြင်သစ်၊ ၁၉၀၆)
(၅) အနာဂတ်ဝါဒ (အီတလီ၊ ၁၉၀၆)
(၆) နိမိတ်ပုံဝါဒ (အင်္ဂလန်၊ ၁၉၁၂)
(၇) ဒါဒါဝါဒ (ဂျာမဏီ၊ ၁၉၁၆)
(၈) ဆာရီရယ်လစ်ဇင် (ပြင်သစ်၊ ၁၉၂၄)
စသဖြင့် တွေ့ရပါတယ်။ အဲဒီ အနုပညာဝါဒတွေဟာ စတင်ရာနိုင်ငံကနေ ကမ္ဘာတစ်ဝန်း ပြန့်နှံ့သွားပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ၁၉၇၀ တ၀ိုက်ကျမှ မော်ဒန်ကဗျာ အယူဝါဒတွေ စရောက်တယ်။ အဲဒီအချိန် သူတို့ဆီမှာ မော်ဒန်ဝါဒဟာ ၁၉၆၀ လောက်က စရပ်စဲပြီး ပို့စ်မော်ဒန် အယူအဆ ဖြစ်ထွန်းနေပါပြီ။ အခုဆို ပို့စ် ပို့စ်မော်ဒန်ခေတ်တောင် ရောက်နေပြီ။ ကျွန်တော်တို့ ဘယ်လောက် နောက်ကျနေတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနုပညာ၊ ကျွန်တော် တို့ကဗျာ တိုးတက်ဖွံ့ဖြိုးရေးအတွက် နောက်ကျနေတဲ့တိုင်အောင် ကျွန်တော်တို့ ယူသင့်တာယူ၊ မွေးစားသင့်တာမွေးစား လုပ်ရမှာပဲ။ အခု ဇေယျာလင်းတို့လုပ်နေတဲ့ L.P.(Language Poetry) တောင် ၁၉၈၀ က သူတို့ဆီမှာ အဆုံးသတ်သွားပြီ။ (ကျွန်တော်တို့က အခုမှ စလုပ်တယ်ဆိုတော့ရော ဘာဖြစ်သလဲ။)
သူတို့ဆီမှာ post L.P. ဘာဆက်လုပ်ကြမလဲဆိုတာက အနုပညာသစ်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်နေပါတယ်။ What the next? ပေါ့။ ကမ္ဘာ့အခြေအနေနဲ့ မြန်မာ့အခြေအနေ မတူတာတွေကို ယှဉ်ပြောကြည့်နေတာပါ။ ကမ္ဘာမှာ ခေတ်ဦးအနုပညာဟာ သမိုင်းဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေခဲ့ပါ တယ်။ ခေတ်လယ်ကတော့ ဘာသာရေးလောင်းရိပ်အောက်မှာ ရှင်သန်နေခဲ့တာ တွေ့ရပါတယ်။ တတိယခေတ် အနုပညာကတော့ ဒဿန၊ နိုင်ငံရေး၊ စီးပွားရေးသိပ္ပံ စတဲ့ သဘောတရားတွေရဲ့ လက်အောက်ခံဖြစ်ခဲ့ရတယ်။ အခု စတုတ္ထခေတ် အနုပညာကတော့ ရှေ့ကအရာတွေအားလုံးရဲ့ သြဇာကလွတ်မြောက်တဲ့အရာ ဖြစ်ရမယ်လို့ ရည်သန်ကြပါတယ်။
ကျွန်တော်တို့မြန်မာပြည်မှာရော။ လောကမှာ ပြောင်းလဲခြင်းနှစ်မျိုးပဲ ရှိပါတယ်။ ဆင့်ကဲဖြစ်စဉ်လို့ ခေါ်ရမယ့် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲခြင်းဆိုတဲ့ နလသူကအငသည နဲ့ ရုတ်တရက် အရှိန်အဟုန်နဲ့ ချိုးကွေ့ပြောင်းလဲခြင်း revolution တို့ပဲ ဖြစ်ပါတယ်။ ရှေးက မြန်မာကဗျာ အပြောင်းအလဲတွေဟာ (poetic evolution) တွေသာ ဖြစ်ပါတယ်။ ဒါဟာလည်း မြန်မာပြည် တစ်ပြည်တည်း ကွက်ဖြစ်တာမျိုး မဟုတ်ပါဘူး။ (၁၉၇၀ တွင် မြန်မာမော်ဒန်ကဗျာ ဖြစ်ထွန်းပေါ်ဖို့ လက်ငင်းကျတဲ့ အချက်တစ်ချို့ ရှိခဲ့ပေမယ့် အဓိကအချက်တွေ မဟုတ်ပါဘူး။ အခြေအနေအရပ်ရပ် ကြောင့် နောက်ကျတာနဲ့ စောတာကလွဲလို့ ကျွန်တော်တို့မြန်မာစာပေမှာ မော်ဒန်ကဗျာဟာလည်း (ရှေ့က ခေတ်စမ်းတို့ စာပေသစ်တို့လို) မလွဲမသွေ ဖြစ်ထွန်းလာရမှာ သေချာလှပါတယ်။
ခေတ်စမ်းဟာ ကမ္ဘာမှာ ရီနေဆန်းခေတ်က မွေးထုတ်လိုက်တဲ့ ရိုမန်တစ်ဝါဒ စာပေ လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်ကတော့ စက်မှုအရေးတော်ပုံကမွေးထုတ်လိုက်တဲ့ လက်ဝဲ၀ါဒ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ မျက်မှောက်ခေတ် အနုပညာကတော့ အိုင်တီနည်းပညာနဲ့ ဂလိုဘယ် လိုက်ဇေးရှင်း သဘောတရားက မွေးထုတ်လိုက်တဲ့ အနုပညာဖြစ်ဖို့ သေချာနေပါပြီ။ အမေရိကန် လူမှုရေးသိပ္ပံပညာရှင် အယ်ဗင်တော်ဖလာက ယနေ့လူ့အဖွဲ့အစည်းကို တတိယလှိုင်းခေတ်လို့ သတ် မှတ်ခဲ့ပါတယ်။ အီလက်ထရောနစ် အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ ထွန်းကားတဲ့ စက်မှုလွန်ယဉ်ကျေးမှု ခေတ်ပေါ့။ တကယ်တော့ အီလက်ထရောနစ်နည်းပညာကို အခြေခံပြီး မျိုးရိုးဗီဇဆိုင်ရာ၊ အာကာသ သိပ္ပံဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးနည်းပညာ၊ ဆက်သွယ်ရေးနည်းပညာ၊ နိုင်ငံရေး စီးပွားရေး တွေပါမကျန် ဘက်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံဟာ တစ်ပြိုင်နက်တည်း အရှိန်အဟုန်နဲ့ ပြောင်းလဲ နေတာ တွေ့ရပါတယ်။ ကမ္ဘာကြီးကို အပြားလို သဘောထားနိုင်တဲ့ တတိယလှိုင်းလွန်ခေတ်ထဲကို တောင် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒါဝင်ဖော်ထုတ်ခဲ့တဲ့ သဘာဝတရားရဲ့ရွေးချယ်မှုသီအိုရီ (Theory of natural selection) ကို အခြေခံပြီး ဟားဗတ်စပင်ဆာက အသင့်တော်ဆုံးအရာသာ ရှင်သန်နိုင်ရေး (Survival of the fittest) ဆိုတဲ့ အယူအဆကို ထပ်ဆင့်ဖော်ထုတ်ခဲ့ပါတယ်။ သူတို့အဆိုကတော့ အရာရာတိုင်းဟာ သက်ရှိသက်မဲ့ အပါအ၀င် သဘာဝတရားရဲ့ အမျိုးမျိုး ရွေးချယ်စိစစ်ခြင်းကို ခံကြရမယ်။ အဲဒီအထဲက သာ အသင့်တော်ဆုံး ဆန်ခါတင်ကျန်ရစ်ခဲ့တဲ့ အရာတွေသာ ရေရှည်မှာရပ်တည်နိုင်မယ်ဆိုတဲ့ အယူအဆပါပဲ။ ဒီသဘာဝတရားနဲ့ မကိုက်ညီရင် အင်မတန်ကြီးမားတဲ့ ဒိုင်နိုဆော သတ္တ၀ါကြီး တွေတောင် မျိုးတုံးပျောက်ကွယ်သွားရတယ်။ အဆင့်ဆင့် သင့်တော်အောင် လိုက်လျောညီထွေ လုပ်နိုင်တဲ့ ဆင်လို မိကျောင်းလို ကမ္ဘာ့သတ္တ၀ါကြီးတွေကတော့ ဒီနေ့ထက်တိုင် ရှင်သန်ကျန်ရစ် ခဲ့တယ်။ ဒီအထဲမှာ ခြင်လို ပိုးဟတ်လို အင်းဆက်နဲ့ <ကက်လို ပုတ်သင်ညိုလို အကောင်တွေလည်း ပါတယ်။
အခုလက်ရှိ ပညာရှင်တွေကတော့ အသင့်တော်ဆုံး (fittest) သာ ရှင်သန်ရမယ်ဆိုတဲ့ အယူအဆဟာ (A) ခေတ်အတွက်ပဲ မှန်တယ်။ ဒီနေ့ခေတ်မှာ အရွေးချယ်ခံရပြီး အသက်ရှင်ကျန်ရစ် နိုင်တဲ့သူတွေဟာ ဉာဏ်ပညာအရှိဆုံး (wisest) တွေလို့ ဆိုနေကြတယ်။ Survival of the wiseest ပေါ့။ ဒီနေ့ခေတ်ဟာ ဗဟုသုတနဲ့ သတင်းအချက်အလက်တွေ စက္ကန့်နဲ့အမျှ ပေါက်ကွဲနေတဲ့ခေတ် ဖြစ်တယ်။ အဲဒီအခါ ကျွန်တော်တို့ဟာလည်း ခေတ်ကာလရဲ့ အရွေးချယ်ခံ ဆက်လက်ရှင်သန် တည်တံ့နေတဲ့ survival artist တွေဖြစ်ဖို့ လိုတယ်။ အဲဒီအတွက် living literature လိုတယ်။ အဲဒါဟာ ကမ္ဘာမှာတော့ ပို့စ်ပိုယဲ့ထရီ post poetry ဖြစ်ပါတယ်။ ပို့စ်ပိုယဲ့ထရီဟာ after post modern ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ ပို့မော်ဒန်မှာ other ဆိုတဲ့ အယူအဆဟာ အရေးကြီးတယ်။ ပို့စ်ပိုယဲ့ထရီ ဟာ ပိုယဲ့ထရီရဲ့ the other ပါ။ The other ဆိုတဲ့အတွက် လက်ရှိ တည်ရှိနေတဲ့ ကဗျာနဲ့ ခြားနားလို့ သွားပါပြီ။ လက်ရှိကဗျာကို ကျွန်တော်တို့ လက်ပြနှုတ်ဆက်ရပါလိမ့်မယ်။ ပို့စ်ပိုယဲ့ထရီအကြောင်း ကို မပြောခင် ပြောချင်တာကတော့ ခင်ဗျားတို့ ကျွန်တော်တို့ သိထားတဲ့ ကဗျာဆိုတာ နိဂုံးချုပ် သွားပါပြီ။ ဖူကူယားမားရဲ့စကားလုံးကို ငှားပြောရရင်တော့ The end of Poetry ပါပဲ။
No comments:
Post a Comment
ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။