Sunday, January 9, 2011

ပို့စ် ပို ယဲ့ ထ ရီ ( သစ္စာနီ ) အပိုင်း ၁

(၁) မြန်မာကဗျာ ဘာလဲ ဘယ်လဲ။

ဒီစာကို ဖတ်ရှုနေကတည်းက သင်ဟာ ကဗျာရေးသူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်တိုင် ကဗျာမရေးသော်လည်း ကဗျာကို စွဲစွဲမြဲမြဲ ဖတ်ရှုပြီး ကဗျာမှုမှန်သမျှကို အလေးအနက် စိတ်ဝင်စားသူသော်လည်းကောင်း ဖြစ်ဖို့ရာ ရာနှုန်းပြည့်လောက် သေချာပါတယ်။ ဒါဆို ခင်ဗျားဟာ ကဗျာနဲ့ပတ်သက်ပြီး ဒုန်းမဝေးသူလို့ ယူဆတာကြောင့် ကျွန်တော်တို့ စကားဆက်ပြောလို့ ရပြီ။ အထက်က ခေါင်းစဉ်ငယ်လေးကို အာရုံကျတယ်မဟုတ်လား။

ဒီတော့ အခြေခံက စပြောကြတာပေါ့။ ဒါမှလည်း လိပ်ပတ်လည်မှာမို့ပါ။ ဦးစွာ “မြန်မာကဗျာ” ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် စတင်သတ်မှတ်ဖို့ လိုပါတယ်။ ခြွင်းချက်ရှိပေမဲ့ ဒီစာတမ်းအတွက် အလုပ်ဖြစ်ရုံ ပြောရရင် မြန်မာကဗျာဆိုတာ . . .

“မြန်မာလူမှုဝန်းကျင်ကို အခြေခံ၍ ရေးဖွဲ့ထားသောကဗျာ” လို့ ဆိုကြပါစို့။ မြန်မာလူမှု ၀န်းကျင်ကို အခြေခံရေးဖွဲ့ထားတဲ့ ကဗျာဟာ မြန်မာနိုင်ငံအတွင်းအပြင် မည်သည့်နေရာကမဆို ရေးဖွဲ့ထားတဲ့ကဗျာမျိုးလို့ သတ်မှတ်ပါတယ်။ ဒီလိုပြောရတာက အိုင်တီနည်းပညာခေတ်ကြီးထဲမှာ ပြင်ပရောက် မြန်မာတချို့ကလည်း ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေနဲ့ ကဗျာတွေ ရေးဖွဲ့နေကြလို့ ပါပဲ။ နောက်တစ်နည်းက မြန်မာဘာသာစကားနဲ့သာမဟုတ် (အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား) နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါ အကျုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်လိုပဲ ကဗျာရေးဖွဲ့ နေကြတဲ့သူတွေ ကျွန်တော်တို့ဆီမှာ ရှိနေလို့ပါပဲ။

“ကဗျာ” ဆိုတဲ့ ဝေါဟာရအတွက်တော့ ၁၉၇၉ ခုနှစ်က ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ “ကဗျာအဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ရေးသားခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ထဲကပဲ ကောက်နုတ်ဖော်ပြချင်ပါတယ်။ အဲဒီမှာ ...

“ကဗျာဆိုတာ စကြာဝဠာအနှံ့ ပြန့်ကျဲနေတဲ့ပစ္စည်းတွေ၊ အဖြစ်အပျက်တွေ၊ ကိစ္စတွေ၊ စိတ်လှုပ်ရှားမှု (ဝေဒနာ၊ စေတနာ၊ သိမှု) တွေကို ကဗျာဆရာဆိုတဲ့သူက သူနဲ့ တိုက်ဆိုင်ထိခတ် သမျှ သူ့အတတ်ပညာနဲ့ ကျွမ်းကျင်မှုအလျောက် အချိုးအစားကျနပြေပြစ်စွာ ဖွဲ့စည်းတင်ပြတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တယ်။” လို့ ဖွင့်ဆိုခဲ့ပါတယ်။ ယေဘုယျသဘောထားလို့ မှတ်ယူစေချင်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းက ရေးခဲ့တဲ့ “ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်တချို့” ဆိုတဲ့ ဆောင်းပါး မှာတော့ “ကဗျာဆိုတာ ကန့်သတ်ထားတဲ့အချိန်အတွင်း ကန့်သတ်ထားတဲ့ ပမာဏအတွင်း ကန့်သတ် ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့ တိကျတဲ့ဝေါဟာရအစုအဝေး” လို့ ထပ် ဖွင့်ဆိုခဲ့ပါတယ်။

ဒီလိုရေးလိုက်တာ ပလီပလာ စကားလုံးအပိုတွေနဲ့ ဟန်ဒြပ် ခုတ်နေတဲ့ ကဗျာတွေ၊ ဝေါဟာရဖက်ရှင်ရှိုးလို့ ဆိုရလောက်အောင် လျှပ်ပေါ်လော်လီတဲ့ကဗျာမျိုးတွေ တွေ့နေရလို့ပါ။ ဒါဟာ လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လို့ ပြောခဲ့ပါသေးတယ်။ ကဗျာပကာသနသမားတွေပါ။

အခုအချိန်မှာ ကျွန်တော်ဦးတည်ပြီး ရည်ရွယ်ပြောဆိုနေတဲ့ ကဗျာဟာ ဒီနေ့မြန်မာကဗျာ ရဲ့ အဓိကပင်မရေစီး ကဗျာဖြစ်တဲ့ ခေတ်ပေါ်ကဗျာကို ရည်ရွယ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း ရှိလောက်ပါတယ်။ modern poetry ပေါ့။ ဒီနေ့ခေတ် မြန်မာကဗျာလောကကိုကြည့်ရင် traditionalism ဆိုတဲ့ ရိုးရာအစဉ်အလာ ကဗျာအမျိုးအစားတွေ (ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတုပိုဒ်စုံ) ဆိုတာတွေဟာ မရှိသလောက် နည်းပါးသွားပါပြီ။ အခါကြီးရက်ကြီးတွေ ပွဲလမ်းသဘင် တွေမှာသာ ရေးသားရွတ်ဖတ်တဲ့အဆင့် ရောက်နေပါပြီ။ ဒါပေမဲ့ ခေတ်စမ်းနဲ့ သူ့အမွေဆက်ခံတဲ့ ခေတ်စမ်းသစ်ကဗျာမျိုးတွေကို စွဲစွဲမြဲမြဲ ယုံကြည်ရေးဖွဲ့တဲ့သူတွေ အထိုက်အလျောက်ရှိနေသေးတာ တွေ့ရပါတယ်။ ဥပမာ- မြ၀တီ၊ နိုင်ငံ့ဂုဏ်ရည် စတဲ့မဂ္ဂဇင်းတွေနဲ့ စာပေဗိမာန်ကဗျာစာမူ ပြိုင်ပွဲ တွေအထိပေါ့။ တော်ဝင်စာပေအဖွဲ့အစည်းကြီးကလည်း လေးလုံးစပ်လို၊ လေးချိုးလို ရေးထုံးကာရန် အစပ်အဟပ်မှန်တဲ့ ကဗျာမျိုးတွေကိုသာ ကဗျာအရာသွင်းတုန်းဆိုတာ နှစ်စဉ်ကဗျာဆုရနေတဲ့ စာအုပ် တွေကိုကြည့်ပြီး အကဲဖြတ်နိုင်ပါတယ်။

ဒါပေမဲ့ မကြည့်ချင်သာရမယ် မမြင်ချင်လို့မရတဲ့အခြေအနေက ဒီနေ့မြန်မာကဗျာလောက ကို စိုးမိုးလွှမ်းခြုံထားပြီး အကျယ်ပြန့်ဆုံး ဖြစ်ထွန်းနေတဲ့ကဗျာဟာ မော်ဒန်ကဗျာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ မော်ဒန်ကဗျာဟာ ယနေ့မြန်မာ့ကဗျာရဲ့ ပင်မရေစီးနေရာကို ရောက်ရှိနေပြီဆိုတာ ဘယ်လိုမှ မငြင်းသာတဲ့အနေ ရောက်ရှိနေပါပြီ။

ဒါဆို ဒီနေ့ မြန်မာမော်ဒန်ကဗျာရဲ့ အနေအထားကို သုံးသပ်ကြည့်ရအောင်။ ခုနပြောခဲ့ သလို ဘာလဲ ဘယ်လဲပေါ့။ မြန်မာကဗျာရဲ့လားရာကို သုံးသပ်မယ်ဆိုရင် မြန်မာကဗျာရဲ့ လာရာ ကို ပြန်သုံးသပ်မှ ပြည့်စုံမယ်ထင်တယ်။ ဒီလိုပြောမှ နောင် ကျွန်တော်ပြောမယ့် “ဘယ်လဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေ ပြည့်စုံမှာမို့ ဒီနေရာမှာ မြန်မာကဗျာအကြောင်းကို အနည်းအကျဉ်း တင်ပြခွင့် ပြုစေလိုတယ်။ (အကျယ်သိချင်ရင် ကျွန်တော့်ရဲ့ မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု စာအုပ်ကို ရှာဖွေ ဖတ်ရှုစေချင်ပါတယ်။ သရဖူမဂ္ဂဇင်းမှာ ၅ လဆက်တိုက် ရေးခဲ့တာဖြစ်ပြီး အချိန်မလုံလောက်မှု တစ်ယောက်တည်း ပြုစုခဲ့ရမှုတွေကြောင့် ပြည့်စုံလှပါချည်ရဲ့ဟု မပြောနိုင်ပါ။ သို့သော် အထိုက် အလျောက် ကျေးဇူးပြုပါလိမ့်မယ်။)

(၁) မြန်မာကဗျာ စတင်ဖြစ်ထွန်းစမှ ဂန္ထ၀င်ကာလတစ်လျှောက်လုံးအထိ သက်ဦးဆံပိုင် မင်းများလက်ထက် မြန်မာကဗျာဟာ (ရေမြေတောတောင် ရာသီဥတုအကြောင်း)ဘုန်းတော်ဘွဲ့၊ နောက် နည်းနည်းတိုးတက်လာတော့ မော်ကွန်းကဗျာ အာသံနိုင်မော်ကွန်း၊ တံတားဦးတည်မော်ကွန်း ဆိုတာမျိုးတွေ၊ စစ်ချီရတုတွေ၊ မောင်ဘွဲ့ မယ်ဘွဲ့ အလွမ်းတွေ၊ ၀န်ကြီးပဒေသရာဇာတို့လို လယ် သမားဘွဲ့၊ ထန်းတက်သမားဘွဲ့ တျာချင်းတွေဆိုတာတော့ အရေအတွက် တကယ့်ကိုနည်းနည်းလေး ရှိခဲ့ပါတယ်။

(၂) ပထမကဗျာခေတ်ဟာ ပုဂံခေတ်က စတွက်ရင် (သိုးကလေ၊ ပုပ္ပါးတောင်ဘွဲ့) အနှစ်တစ်ထောင်နီးပါး ရှည်လျားပါတယ်။ ဒုတိယကဗျာခေတ်ဟာလည်း ပထမခေတ်လောက် မရှည်လျားပေမဲ့ အတော်ရှည်လျားတယ်လို့ ဆိုနိုင်ပါတယ်။ ပဒေသရာဇ်စနစ်ကျဆုံးပြီး ကိုလိုနီ ခေတ် တစ်လျှောက်လုံး ပြီးတော့ လွတ်လပ်ပြီးစမြန်မာနိုင်ငံ ပထမဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ် ခေတ်အထိ (pre-modernism) အကျုံးဝင်ပါတယ်။ သူတို့ဟာ အမျိုးသားလွတ်မြောက်ရေး၊ ကိုလိုနီ ဆန့်ကျင်ရေးကဗျာတွေ ရေးခဲ့ကြတယ်။ အစဉ်အလာက လမ်းခွဲထွက်ခဲ့တဲ့ ခေတ်စမ်းပုံသဏ္ဌာန်ကို အကျယ်ပြန့်ဆုံး ကိုင်စွဲခဲ့တယ်။ လွတ်လပ်ရေးရပြီးပြန်တော့လည်း ဒီမိုကရေစီအရေး၊ ဆိုရှယ်လစ် တည်ဆောက်ရေး နိုင်ငံရေးစံတွေကို ကိုင်စွဲရေးဖွဲ့ခဲ့ကြတယ်။ ဒဂုန်တာရာရဲ့ စာပေသစ်သဘော တရား၊ ဒေါင်းနွယ်ဆွေရဲ့ ပြည်သူ့ကဗျာ အယူအဆတွေဟာ ပြိုင်တူထွန်းတောက်ခဲ့တယ်။ ပုံသဏ္ဌာန် ကတော့ ခေတ်စမ်းကယူထားတဲ့ သရုပ်မှန် (realism) ပုံစံပါပဲ။

(၃) တတိယကဗျာခေတ်ကိုတော့ ၁၉၇၀ ကနေ ဒီနေ့အထိ သတ်မှတ်ကြရအောင်။ ခေတ်ဟာ ကမ္ဘာကြီးနဲ့အမီ အရှိန်အဟုန်မြန်မြန်နဲ့ပဲ ပြောင်းလဲနေပါတယ်။ တော်ဖလာက တတိယလှိုင်း လို့ ခေါ်ခဲ့တယ်။ စက်မှုလွန်ခေတ်က အိုင်တီခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ စစ်အေးလွန် ကာလများ ကျော်လွှားခဲ့ပြီ။ ဆိုဗီယက်ယူနီယံနဲ့အတူ ဘာလင်တံတိုင်းလည်း ပြိုလဲခဲ့ပြီ။ အင်တာနက် ကွန်ရက်က တစ်ကမ္ဘာလုံး လွှမ်းခြုံထားလို့ ဖူကူယားမားက ကမ္ဘာပြားပြီလို့ဆိုပြီ။ သမိုင်းဟာ အလျားလိုက်သဘောနဲ့ ပြန့်ကားလာတာပဲ။ လစ်ဘရယ်ဒီမိုကရေစီသဘောနဲ့ ဗဟုဝါဒတရားကို ကျွန်တော်တို့ကဗျာဆရာတွေလည်း မျက်နှာမူလိုက်ရတယ်။ ခေတ်ပေါ်ကဗျာဟာ ၁၉၇၀ လောက်က စတင်ဖြစ်ထွန်းပြီး အခိုင်အမာရပ်တည်လာနိုင်တယ်။ ပို့စ်မော်ဒန်အနုပညာ အရည်တည်လာတယ်။ (ကျွန်တော် တကယ်ပြောချင်တာက (after post modern) ကဗျာများအကြောင်းပါ။ စိတ်ရှည်ရှည် စောင့်စားစေချင်ပါတယ်)

ခေတ်ပေါ်ကဗျာရဲ့ ဂုဏ်ရည်တချို့ကို ကျွန်တော် ထုတ်နုတ် ရှင်းပြခဲ့တယ်။ ဒီစာတမ်းနဲ့ ဆက်စပ်နေတဲ့အတွက် အတိုကောက် ပြန်လည်ဖော်ပြရရင်

(၁) ကဗျာမဆန်ရဘူး (anti-poetic) (ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)

(၂) ဝေါဟာရဖက်ရှင်ရှိုးမဟုတ်ဘူး (စကားလုံးနွံထဲ နစ်နေကြတယ်။)

(၃) နက်ရှိုင်းရမယ် (အနှစ်မပါဘဲ အဆန်ချောင်နေတယ်)

(၄) ကြည်လင်သန့်စင်ရမယ် (purity) (ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတားဖြစ်နေတယ်)

(၅) ရိုးသားရမယ် (ကဗျာပကာသနတွေ ဖုံးလွှမ်းနေတယ်)

(၆) သစ်လွင်ရမယ် (တစ်ခါလည်း မဲပြာပုဆိုးဖြစ်နေတယ်)

(၇) ဣနြေ္ဒရှိရမယ် (ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)

(၈) ခွန်အားရှိရမယ် (ပျော့ညံ့ချည့်နဲ့မနေဘူး)

(၉) တီထွင်မှုရှိရမယ် (စတန့်လုပ်တာနဲ့ မကွဲကြဘူး)

(၁၀) ကိုယ်ပိုင်ဟန်ရှိရမယ်။ ဆန်ရဲရမယ် (နာမည်ကြီးတဲ့သူနောက်၊ ရေစီးကြောင်းနောက်

မျှောလိုက်နေကြတယ်)

(၁၁) အပြည့်အ၀ လွတ်လပ်မှုရှိရမယ်

(၁၂) အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်

(၁၃) ကာလနဲ့ ဒေသရဲ့သဘောက ကင်းလွတ်နေရမယ်။

ခေတ်ပေါ်ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုနေကြတဲ့အထဲက သမုတိသဘော တစ်ခုလို့သာ သဘောထားကြစေချင်တယ်။ ဒီနေ့ မြန်မာခေတ်ပေါ်ကဗျာကို ကြည့်လိုက်တော့ ဒီ သဘောတရားတွေနဲ့ ကိုက်ညီတာလည်းရှိ၊ မကိုက်ညီတာလည်းရှိနေတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် တကယ်ဟုတ်တာတွေလည်းပါ၊ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေလည်းပါတဲ့ မြန်မာခေတ်ပေါ်ကဗျာ ဟာ သူ့သမိုင်းတစ်လျှောက်မှာတော့ အထွန်းတောက်ဆုံးအချိန်ကို ရောက်နေတယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ လူလတ်တန်းစားအလွှာ ကျယ်ပြန့်လာတာကလည်း မြန်မာခေတ်ပေါ်ကဗျာဖြစ်ထွန်းရေးကို အထောက်အပံ့ပေးခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်သုံးစွဲ လိုက်တဲ့ လူလတ်တန်းစားအလွှာဆိုတာ ငွေကြေး စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုအပေါ် အခြေမခံဘဲ အာရုံခံစားမှုအတွေ့အကြုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ် အခြေခံ ခွဲခြားလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးစနိုင်ငံတွေအတွက် လူလတ်တန်းစားဆိုတဲ့ သတ်မှတ်ချက်ဟာ အထက်တန်း ပညာ သင်ဖူးသူ၊ မဂ္ဂဇင်း ဂျာနယ် ဖတ်လေ့ရှိသူ၊ လက်ဖက်ရည်ဆိုင်ထိုင်တတ်သူ၊ အိမ်မှာ တယ်လီ ဗေးရှင်းအဟောင်းလေး တစ်လုံးလောက်ရှိသူကို ရည်ညွှန်းပါတယ်။ ကဗျာဆရာစစ်စစ်တွေဟာလည်း လူလတ်တန်းစား ပညာတတ်တွေထဲကပဲ ပေါက်ဖွားလာကြပါတယ်။ အçသုံးလုံးလောက်ကြေတဲ့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား တောင်သူတွေဟာ ခေတ်ပေါ်ကဗျာကို ဖတ်လေ့မရှိတာ သေချာပါတယ်။ ဖတ်ရင်လည်း အများစုကို နားလည်သဘောပေါက်မှာ မဟုတ်ပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ဟုတ်လို့ မြန်မာကဗျာ (ခေတ်ပေါ်ကဗျာ ပင်မရေစီးကဗျာ)ဟာ ဘာလဲဆိုတဲ့အချက်ဟာ အထိုက်အလျှောက် ရှင်းလင်းခဲ့ပြီထင်ပါတယ်။ ဒီနေ့ခေတ်မှာ ကဗျာဟာ လူလတ်တန်းစားပညာတတ်တွေရဲ့ ကိစ္စသာဖြစ်ပါတယ်။ နောက်ဆုံး ခြုံပြောရရင် ဒီနေ့ မြန်မာကဗျာ အကြမ်းဖျင်းတွေ့ရတဲ့ ၀ိသေသလက္ခဏာ သုံးရပ်ကတော့ ...


နောက်ဆုံး ခြုံပြောရရင် ဒီနေ့ မြန်မာကဗျာ အကြမ်းဖျင်းတွေ့ရတဲ့ ၀ိသေသလက္ခဏာ သုံးရပ်ကတော့ ...
(၁) Sense က modern sensibility ခေတ်ပေါ်အာရုံခံစားမှု
(၂) Theme က contemporary social life ခေတ်ပြိုင်လူနေမှုဘဝ
(၃) Trend က လစ်ဘရယ်ဒီမိုကရက်တစ်လမ်းကြောင်း ဆို တာပါပဲ။



( ကျန်ရှိနေသေးသည် အပိုင်းများကို နောက်ရက် ဆက်လက် တင်ပါမည် )

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။