Sunday, January 30, 2011

ပင်လယ်တစ်ခုရဲ့ ကျမ်းစာ…

အဲဒီတုန်းက လပြည့်ညတွေမပါ ပြက္ခဒိန်တစ်ခုအပေါ် ကွန်တိုမျဉ်းတွေရေးခြစ်မိစဉ်ကပေါ့…. အမြင့်ပေ ဘယ်လောက်မှာ သူတို့ကျောက်ချထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေတွေ့ရှိမလည်း… ငှက်ဖျားရောဂါဖြစ် နေတဲ့ တောင်တန်းတွေအပေါ် သူတို့ချိန်တွယ်ခဲ့တဲ့ အလေးချိန်တွေ မှားယွင်းကြောင်း သက်သေပြချက်တွေ မထွက်ပေါ်သေးခင်… မြင်မြင်သမျှတိမ်တွေကို ဆွဲငင်ညှို့ယူဆဲ… မှုန်မှိုင်းသိပ်သည်းနေတဲ့ လေထုကို အကြောင်းမဲ့ မောင်းထုတ်ခဲ့တယ်… အဲဒီအကြောင်းတွေ ပြန်တွေးရင် မလိုအပ်ပဲ ပိုမိုဝန်လေးနေခဲ့…။

ဒါဟာ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို… မကိုးကွယ်ဖူးတဲ့ ဘာသာရေးလို့ ဘယ်လိုမှ အနည်မထိုင်နိုင်ခဲ့ဖူး မီးသင့်ကျောက်တစ်လုံးရဲ့ အသုံးချတန်ဖိုးလို သက်ရှိတွေက ဘယ်စာရင်းကိုင်အတတ်နဲ့ ဖြေရှင်းတွက်ချက်ရမှာ လည်း ငယ်ငယ်သချာင်္ညံ့တဲ့ ကောင်လေးက ရူပဗေဒပညာရှင်ဖြစ်လို့ ပေတံတစ်ခုလို့ဆောင်းရွဲ့နေတဲ့ အမှန်တရား ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဂရုတစိုက် အလေးပြုနေတတ်သူတွေ ကိုရွံ့ရှာသလို ဖြစ်ခဲ့… နာမ၀ိသေသနဆိုတာ ဘာလဲလို့ နှစ်ပေါင်းသုံးဆယ်ကျော်မှ သူအသေအချာ စဉ်းစားဖြစ်ခဲ့တယ် တော်ရုံတန်ရုံ အနေအထားဆို ဒီခြေဖ၀ါးနဲ့ ဒီလမ်းမ တစ်သားတည်းကျနေဖို့ ကောင်းတယ်… မလွယ်ပါဘူး မြင့်ရာမှ နိမ့်ရာကို စီးဆင်းတယ်ဆိုတာ ပထ၀ီသင်ခန်းစာထဲက စကားလုံး… အရေးကြီးဆုံး အချက် အဓိပ္ပါယ် ရှိနေဖို့ မလိုအပ်တာ…။

တစ်နေ့ပြီးတစ်နေ့ ပြန်အမ်းလိုက်တဲ့ အိပ်မက်တွေလို ညရေးညတာခက်တဲ့ တန်ရာတန်ကြေးနဲ့ ထိုက်သင့်သလို ဝေခြမ်းခဲ့တယ်… ဘယ်တော့မှပြန်မလာတဲ့ နာရီတွေဟာ ပင်လယ်တစ်စင်းရဲ့ အနားသတ်မှာ နီဆွေးပျက်ကျ နေဆဲ… ဒါဟာ ဝေမှုန်နေတဲ့ အလင်းစတွေအတွက် ကန်းရှခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုပဲ… သူတောင်းစားအိုကြီး တစ်ယောက်က ပုံမကျပန်းမကျ လတွေကို.. သူ့ လွတ်အိတ်ကြီးထဲ ထိုးထည့်လိုက်တယ် … ရောက်တတ်ရာရာ သစ်ရွက်တွေလည်း ကွန်ကရစ်ပလက်ဖောင်း ပေါ်မှာ သည်းသည်းလှုပ်လှုပ် ဝေစီနေတယ်… ဘယ်လိုရနံ့ တစ်ခုတစ်လေ မှ လေပြည်တွေထဲမှာ ဒုန်းဆိုင်းမနေပါ…။ သတ္တုမိုင်းတွင်းများက သဘောင်္ပျက်များစီ ရွှက်လွှင်ခဲ့ရ ခရီးတလျှောက် လှိုင်းတံပိုးတော်တော်များများ တော်လှန်တိုက်ခိုက် ခဲ့ရသည်..။ ရုပ်ကြွင်းများ အကြွင်းမဲ့ လက်နှက် ချပြီးနောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရေမီးမင်းခိုးသူတို့ကို ကယ်တင်ရန်… အရေးအပေါ် အခြေအနေထဲမှာ မချစ်မနှစ်သက်သူများကို ပေလျကန်ပစ်ထားခဲ့ရပါတော့တယ်…။

ပုဒ်မတစ်ခု အဆုံးတိုင်း နိဂုံးမချုပ်ရသေးရင် တစ်ခုခုဆက်ရေးဖို့ လိုအပ်နေသလို… အိပ်ကပ်ထဲ လက်နှိုက်စမ်းလည်း စကားလုံးတွေက တစ်ပြားတစ်ချပ်မှ ပါမလာဘူး… လမ်းဘေးကွမ်းယာဆိုင်က စီးကရက် ၀ယ်လိုက်တယ် … အလံတော်ကိုမော့ကြည့်တော့ ရောမခေတ်ပြန်ရောက်နေတာလား… ရောမကိုရောက်တော့ ရောသမခံရဦးမှာသိတယ်…။ ကမ္ဘာသစ်တေးတွေ မရတော့ ကမ္ဘာဟောင်းကြီးကို ရာသီခွင်နဲ့ငြှိကြည့်နေရတာ … ကောင်းကင်ဟာ တစ်စင်းပြီးတစ်စင်းပျက်ကျ… စကြာင်္ဝဠာအစကို သွားဖို့… ခရီးထွက်ချင်သူတွေ ကထွက်ကုန်ပြီ…။ ဘ၀သံသရာအဆုံးအတွက် မြေပုံမို့မို့တွေက လမ်းစရှာသူကရှာ…. ။ သူ့တရားနဲ့ သူ့ရထားနဲ့ ကိုယ်က မှားလက်စတန်းလန်းကြီး ဘ၀ရထားပေါ်မှာ ရပ်နားစရာ ဘူတာပါသလား တိမ်ပြာပြာတချို့ကိုတော့ ဖြတ်ကျော်ထားခဲ့တာ သိတယ်… စတော့ဈေးကွက်တွေ ပျက်တုံးက အနာဂါတ် အစကတည်းက မရှိသူတွေက သက်မသေကြဘူး… ရရန်ပေးရန် တို့ မလည်ပါတ်ခင်… သဘောင်္ပျက်များသမိုင်းမှာ ကမ်းတစ်ဖက်မှာ ထားခဲ့ရတဲ့ အိပ်မက်တစ်ချို့ ပြည်ပပို့ကုန်သီးသန့် အရည်အချင်းရှိသူ လူအများအပြား… ကိုလိုနီနယ်အသစ်များ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ အပြိုင်အရိုင်းဖြစ်ထွန်းလာတဲ့ သတ္တုသိုက်များ … ဓားရိုးတွေချည်း ရှိတော့ မြင်သမျှသူခိုးတွေလည်း ရိုးအိသွားရှာခဲ့ပါပြီ… ပင်လယ်ဟာ သူ့ကို ခွင့်လွှတ်ဖို့ ကျောက်ဆောင် ကို တောင်းပန်သလိုမျိုး အဓိပ္ပါယ်မပါတဲ့ ကျမ်းစာဟာ ပင်လယ်အောက်မှာ နက်ရှိုင်းလေးနက် လို့….။

မိုးလှိုင်ည

Saturday, January 15, 2011

ပို့စ် ပို ယဲ့ ထ ရီ ( သစ္စာနီ ) အပိုင်း ၃

(၃) ပို့စ် ပိုယဲ့ထရီ

အနုပညာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို မေးနေတဲ့ ပလေတိုတို့ခေတ်ကစ ရေတွက်ရရင် နှစ်တွေ ထောင်နဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။ တိကျပြတ်သားတဲ့အဖြေ မရသေးဘူး။ ကျွန်တော် တိုတို ပြောရရင် “အနုပညာဆိုတာ အနုပညာရှင်က ဒါ အနုပညာ (art work) ပဲလို့ ပြောတဲ့အရာဟာ အနုပညာပဲ” လို့ လက်ခံချင်တယ်။ ဥပမာ ဒူးရှန့်ကပြောရင် ကြေကမုတ် ဆီးခွက်ကြီးဟာ ဖောင်တိန်းဆိုတဲ့ အင်စတော်လေးရှင်း အနုပညာပေါ့။ ဘာငြင်းစရာရှိသလဲ။ ဒီလို ကင်းဗတ်စပေါ်ကို ပီကာဆိုက ကွမ်းတံတွေးထွေးပြီး “ဒါ ပန်းချီကား” လို့ ပြောရင်လည်း လက်ခံမှာပါ။ တစ်ခုတော့ ရှိတယ်။ အဲဒီလူဟာ ပီကာဆိုလို၊ ဒူးရှန့်လို စစ်မှန်တဲ့ တကယ့်အနုပညာသမားဖြစ်ဖို့တော့ လိုတာပေါ့။ ဆရာဇော်ဇော်အောင်ကတော့ “အဲဒါတွေပြောမနေနဲ့၊ anti-art တောင် ကျုပ်တို့ရပ်ကွက်ထဲ ရောက်နေ ပြီ” လို့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်သေးတယ်။

စစ်ပြီးခေတ်ကစလို့ မြန်မာစာပေလောကမှာ အနုပညာနဲ့ပတ်သက်လို့ ကွဲပြားတဲ့အယူအဆ နှစ်ရပ် ဖြစ်ထွန်းလာတယ်။ “အနုပညာသည် အနုပညာအတွက်” ဆိုတဲ့ အယူအဆနဲ့ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ အယူအဆနှစ်ရပ်ပေါ့။ အားလုံးသိတဲ့အတိုင်း လက်ဝဲနဲ့လက်ယာ ဆိုတဲ့ နိုင်ငံရေးအယူအဆတွေမှာ အခြေခံတာပါ။ အခုတော့ အဲဒါတွေကိုထားပစ်ခဲ့ကြပါစို့။ ကျွန်တော် ပြောချင်တဲ့ after postmodernism နဲ့၊ ပို့စ်ပိုယဲ့ထရီနဲ့ မသက်ဆိုင်လှလို့ပါပဲ။ တကယ်တော့လည်း “အနုပညာသည် အနုပညာအတွက်” ဆိုတဲ့ အယူအဆဟာ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ လက်ဝဲ၀ါဒီတွေရဲ့ တရားသေဆန်မှု၊ အစွန်းရောက်မှုကို ဆန့်ကျင်ဖို့ကြိုးစားရင်း သူကိုယ်တိုင် တရားသေဆန်တဲ့ အခြားတစ်ဖက်စွန်းကို ရောက်ရှိသွားတာပါပဲ။ အခု ကျွန်တော်တို့ အနုပညာရဲ့ စစ်မှန်တဲ့ မူလအရင်းအမြစ် သဘာဝဆီ ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားတဲ့အခါ အဲဒီအစွန်းနှစ်ဖက်ကို သတိထား ရှောင်ရှားဖို့ လိုပါတယ်။

ပို့စ်ပိုယဲ့ထရီဆိုတဲ့ စကားလုံးကို သုံးစွဲဖို့ အနှစ် ၃၀ လောက် နှောင့်နှေးခဲ့ရပေမယ့် ဒီအယူအဆသဘောထားတွေ ပါဝင်တဲ့ “မြင်းစိုင်းသူမြား” လက်ရေးမင်ကူး စာအုပ်ကလေးကို စတင်ထုတ်ဝေဖြစ်ခဲ့တာက ၁၉၇၈၊ ဇွန်လ နောက်ဆုံးပတ်ပါ။ အဲဒီတုန်းက ခေတ်လွန်ကဗျာ လှုပ်ရှားမှု လို့ ခေါင်းစဉ်ငယ် တပ်ခဲ့ပါတယ်။ အဲဒီစာအုပ်ငယ်ရဲ့ အမှာစာမှာ ...

“ခေတ်လွန်ကဗျာဟာ လက်ရှိမြန်မာကဗျာရဲ့ အာရုံခံစားမှုပုံစနစ်၊ ပုံသဏ္ဌာန်စနစ်၊ တင်ပြပုံ စနစ်၊ အသံနဲ့ ကာရံစနစ် စတဲ့ အစဉ်အလာဟောင်းအားလုံးကို စွန့်လွှတ်ဖို့ ကြိုးစားထားတာပါပဲ”

လို့ ရေးထားခဲ့တာ ပြန်လည်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ...

“ဒီနေရာမှာ စာမျက်နှာအခက်အခဲကြောင့် ခေတ်လွန်ကဗျာနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးရုံပဲ တတ်နိုင်ပါတယ်။ မကြာခင် ခေတ်လွန်ကဗျာဝါဒနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရေးသား ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖို့ စီစဉ်ထားကြောင်း စကားလက်ဆောင်ပါးလိုက်ပါရစေ” လို့ ရေးထားပေမယ့် ...

ဒီအနှစ်သုံးဆယ်အတွင်း (၂၀၀၆၊ မေမှာ မြင်းစိုင်းသူမြား ကို အပြည့်အစုံမဟုတ်ဘဲ ကဗျာစာအုပ်ငယ်တစ်အုပ်အဖြစ် ထုတ်ဝေနိုင်တာကလွဲလို့) ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခု ဒီစာတမ်းငယ်ကို အနှစ် ၃၀ က တင်ခဲ့တဲ့ စကားကြွေးကို ကြေအောင်ဆပ်လိုက်တာ လို့လည်း သဘောထားနိုင်ပါတယ်။ မြင်းစိုင်းသူမြားဟာ ကဗျာစာအုပ် မထုတ်ဝေခင် နှစ်အနည်းငယ် စောပြီး သရဖူမဂ္ဂဇင်းမှာ “မော်ဒန်၊ ပို့စ်မော်ဒန်နဲ့ မြန်မာကဗျာ” ဆိုတဲ့ ဆောင်းပါးနဲ့ အသင့်အတင့် ရှင်းလင်းတင်ပြခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ၂၀၀၇၊ ဇွန်လမှာ ထုတ်ဝေတဲ့ “မော်ဒန်ရှင်းတမ်းနဲ့ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှု” လုံးချင်းစာအုပ်မှာလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ မြင်းစိုင်းသူမြား (၁၉၇၈) ကို ထိုစဉ်က ကျွန်တော် ဘာကြောင့်ထုတ်ဝေဖြစ်ခဲ့သလဲ။ စိတ်ဝင်စားဖွယ် မေးခွန်းပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ မော်ဒန်ကဗျာဟာ အရှိန်အဟုန်နဲ့ ပေါက်ကွဲနေတဲ့ကာလဖြစ်တယ်။ မော်ဒန် ကဗျာ ဖြစ်ထွန်းလာတာ ဆယ်စုနှစ်တစ်ခု မရှိတရှိကာလပေါ့။ အဲဒီကတည်းက မော်ဒန်ကဗျာကို ကျွန်တော် ငြီးငွေ့စပြုနေပြီ။ တစ်ခါတစ်ရံ ကျွန်တော်တို့ခံစားချက်တစ်ချို့၊ ကျွန်တော်တို့အနုပညာ အယူအဆတချို့ကို တင်ပြဖို့ လက်ရှိအသုံးပြုနေတဲ့ မော်ဒန်ကဗျာရဲ့ နည်းနိသျှတွေ၊ အတတ်ပညာ တွေဟာ မလုံလောက်တဲ့အကြောင်း၊ အတွေ့အကြုံအရ သိရှိနေခဲ့ပြီ။ ဥပမာ တိုင်ကပ်နာရီက ချိန်သီး၊ ငါနဲ့မှန် ဆိုတာမျိုးတွေ၊ ရေးလက်စလို၊ စီထားပါလို ကဗျာမျိုးတွေ။

“စီထားပါ”

(၁)



အရာ

သည်လှနေ

ကြဲသောပြန့်များသည်

(၂)

ကြဲနေ

များသည်မလှ

မပြန့်သောအရာ

(၃)

အရာများသည်မ

လှပနေသောကြဲပြန့်

(၄)

ကြဲပြန့်နေသောအရာများသည် မလှပ။

နောက်တော့ “ငါနဲ့ကဗျာ”

ပြီးတော့ “ရေးလက်စ” လို၊ မပြီးသေးတဲ့ ရေးလက်စကဗျာစက္ကူပေါ်က ပုံကြမ်းတွေ။

အဲသလိုဟာတွေကိုကြည့်ပြီး တခြားကဗျာရေးသူတွေ၊ ကဗျာဖတ်သူတွေက နှာခေါင်းရှုံ့ပြီး “ဒါ ကဗျာမဟုတ်ဘူး” လို့ ပြောကြတယ်။ ဒါဆိုရင် ရပါပြီ။ ကျွန်တော်လိုချင်တာလည်း ဒါပါပဲ။ ကဗျာမဟုတ်သောကဗျာ။ (Poetry is no Poetry)။

ဘာကြောင့် အချို့လူတွေက ကဗျာမဟုတ်ဘူး ပြောကြသလဲ။ အရင်က (သူတို့အတွေ့ အကြုံဟောင်းအရ) လက်ခံနားလည်ထားတဲ့ ကဗျာဆိုတဲ့အဓိပ္ပာယ်တွေ၊ စံတွေ၊ ပုံစံတွေနဲ့ မကိုက်ညီ လို့ပေါ့။ ရှင်းပါတယ်။ ဒီနေရာမှာ ဇေယျာလင်းရဲ့ စကားတချို့ကို ထုတ်နှုတ်ကိုးကားချင်ပါတယ်။ ၂၀၀၂ သြဂုတ်လက ပြုလုပ်ခဲ့တဲ့ ကဗျာဝပ်ရှော့ (၂) မှာ သူတင်သွင်းခဲ့တဲ့ စာတမ်းငယ်ထဲက ကောက်နှုတ်ထားတာပါ။ စာတမ်းငယ်ရဲ့ခေါင်းစဉ်က “ကဗျာဟာ ကဗျာမဟုတ်တာကဗျာ” တဲ့။ သူက အဲဒီစာတန်းမှာ ...

““စံတော်ချိန်ကဗျာ အယူအဆကို လက်မခံဘူး။ တစ်ကမ္ဘာလုံးက စံတော်ချိန်တွေကို ဂရင်းနစ်စံတော်ချိန်နဲ့ ညှိယူတဲ့ သတ်မှတ်တဲ့ ပြဌာန်းတဲ့ တစ်ပြေးတည်းညီလုပ်တဲ့ ဗိုလ်ကျစိုးမိုးရေး အယူအဆကို လက်မခံဘူး။ ကဗျာဆိုတာ တစ်မျိုးတစ်စားတည်းမဟုတ်ဘူး။ သူ ဟိုလိုမြင်ခွင့်ရှိ၊ ရေးဖွဲ့ခွင့်ရှိသလို ကိုယ်လည်း ဒီလိုမြင်တာကို ရေးဖွဲ့ခွင့်ရှိတယ်။””

ကဲ ... ခင်ဗျားတို့ ဘယ်လိုသဘောရပါသလဲ။

ကျွန်တော်တို့မှာ အနုပညာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထက် အရေးကြီးတဲ့ အလေးထား စရာတွေ ရှိနေပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ အနုပညာမှာရှိနေတဲ့ (gaps) ကွက်လပ်တွေကို ဘယ်လိုဖြည့်ကြမလဲဆိုတဲ့ ကိစ္စပါပဲ။

ဒီနေ့ မြန်မာမော်ဒန်ကဗျာဟာ အနှစ် ၄၀ ကာလကို ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ အိုဟောင်း စပြုနေတာ ငြင်းချက်ထုတ်လို့မရတဲ့ အချက်ပါပဲ။ သူတို့ဆီမှာ ပို့စ် ပို့စ်မော်ဒန်ခေတ်ထဲ ရောက်နေ ပြီ။ (ကမ္ဘာတွင် ပို့စ်မော်ဒန်ခေတ်သည် ၁၉၈၀ တွင် ကုန်ဆုံးပါသည်။) လက်ရှိပင်မရေစီး (မော်ဒန် ကဗျာ)ဟာ အီနေ အိုင်နေပါပြီ။ တစ်လ တစ်လ ထွက်သမျှ မဂ္ဂဇင်း ဂျာနယ်တွေထဲက လက်လှမ်းမီ သမျှ ကဗျာတွေကို ရှာဖွေဖတ်ကြည့်ပါ။ ရင်ကို ထိထိမိမိရောက်နိုင်တဲ့ကဗျာဟာ တစ်နေ့တခြား ရှားသထက်ရှားလာတယ်။ အများစုက မွဲပြာပုဆိုးတွေချည်းပဲ။ အကြောင်းအရာ၊ တင်ပြပုံ၊ စကားလုံး၊ အာရုံခံစားမှုတွေဟာ တစ်ပုဒ်နဲ့တစ်ပုဒ် ဆင်တူရိုးမှား သံတူကြောင်းကွဲတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ မြင်ဖူးပြီးသားတွေကို ထပ်တလည်းလည်း ပြန်မြင်နေရတာမျိုး ထူးမခြားနားတွေ ဖြစ်နေတယ်။ အဲဒီအချက်က ဘာကိုဖော်ပြသလဲဆိုတော့ ကျွန်တော်တို့ မြန်မာမော်ဒန်ကဗျာရဲ့ ခြေကုန်လက်ပမ်း ကျမှု (Exhaustion of the Modern Poetry) ကို ဖော်ပြနေပါတယ်။ ဒီအတိုင်းသွားရင် မော်ဒန် ကဗျာဟာ တွင်းဆုံးမြေကျ ဖြစ်တော့မယ်။ ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ဒါဟာ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့၊ လက်ငင်းလည်းကျတဲ့ အနုပညာဆိုင်ရာ အကျပ်အတည်း (Artistical Crisis) ပဲ ဖြစ်ပါတော့တယ်။

ဒါကြောင့် လက်ရှိ ပင်မရေစီးလမ်းကြောင်းကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွဲထွက်ဖို့ ကြိုးစားသူတွေ ပေါ်ထွန်းလာတယ်။ ကဗျာဟာ ဧကသဘောထက် ဗဟုသဘော ပိုဆောင်လာတယ်။ အဓိကကတော့ ပို့စ်မော်ဒန်လမ်းကြောင်း ထင်ထင်ရှားရှား ဖြစ်ပေါ်လာတာပဲ။

ဒီအထဲမှာ ဇေယျာလင်း ဦးဆောင်တဲ့ (သူကတော့ သူ့ကိုယ်သူ ဦးဆောင်သူဟု မခံယူပါ) L. P. လို့ခေါ်တဲ့ ဘာသာဗေဒကဗျာ (language poetry) ဂိုဏ်းဟာ အားအကောင်းဆုံးလို့ ဆိုနိုင်ပါ တယ်။ ဥပမာ L. P. ကဗျာအကြောင်း ဇေယျာလင်း ရေးသားတင်ပြနေပုံမျိုး ကဗျာအယူအဆတစ်ခု အကြောင်း သူ့လောက်များများစားစား ပြည့်စုံအောင် ရေးသားတင်ပြခဲ့မှုမျိုး အရင်က မရှိခဲ့ဘူး။ သူတို့အဖွဲ့မှာ မိုးဝေး၊ လူဆန်း၊ မောင်ဒေး၊ မောင်ယုပိုင်ဆိုသူတွေ ပါမယ်။ L. P. ကို လိုက်ရေးနေတဲ့ သူတို့အသိုင်းအ၀ိုင်းထဲကဟုတ်ပုံမရတဲ့ လူငယ်တွေလည်း ရှိပါသေးတယ်။ နောက် ၂၀၀၇ က The Manifesto of Myanmar Neomodern Poetry “မြန်မာခေတ်ပေါ်ကဗျာသစ်ကြေငြာစာတမ်း” ဆိုတဲ့ ကြွေးကြော်သံနဲ့ ထွက်လာတဲ့ အောင်ရင်ငြိမ်းတို့အုပ်စု။ ဒီကြေငြာစာတမ်းပေါ်မှာ နာမည်ခံထား တာက ပိုင်၊ ၀ိုင်ချို၊ တိုးနှောင်မိုးနဲ့ အောင်ရင်ငြိမ်း။ သို့သော် ချက်ချင်းပင် ပိုင်က နှုတ်ထွက်သွား တယ်လို့ ဆိုပြန်ပါတယ်။ ကျွန်တော်တို့က နီယိုမော်ဒန်ဆိုတာ ပို့စ်မော်ဒန်လို့ပဲမြင်တယ်။ သူတို့ဆီ မှာလည်း တစ်ချို့က ပို့စ်မော်ဒန်ကို နီယိုမော်ဒန်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အဲဒီစာတမ်းကတော့ ဒီလိုမဆိုပြန်ပါဘူး။

“မြန်မာခေတ်ပေါ်ကဗျာသစ်ဆိုသော ဝေါဟာရသည် ၁၉၉၀ ပြည့်နှစ် တစ်ဝိုက်မှ ယနေ့အထိ၊ ပင်မရေစီး မြန်မာခေတ်ပေါ်ကဗျာကို အခြေခံ၍ အသစ်ဖြစ်အောင် ပြုပြင်ဖန်တီးထား သော လူထုခံစားမှုကို ထင်ဟပ်သော ခေတ်ပေါ်ကဗျာများကို ရည်ညွှန်းဆိုလိုသည်” လို့ တစ်နေရာ မှာ ရေးထားတာ တွေ့ရပါတယ်။ ၁၉၉၀ မတိုင်မီက ခေတ်ပေါ်ကဗျာတွေကို အသိအမှတ်မပြုတဲ့ သဘောလား။ မြန်မာခေတ်ပေါ်ကဗျာဟာ ၁၉၇၀ က စအခြေခံခဲ့တယ်။ အဲဒါကိုပစ်ပယ်ရင် ပင်မရေစီး လို့ မသုံးနိုင်ပါဘူး။ အသစ်ဖြစ်အောင် ဘာတွေပြုပြင်ဖန်တီးထားသလဲ။ လူထုခံစားမှုကို ထင်ဟပ်သော ဆိုတာ ဆရာဒဂုန်တာရာရဲ့ စာပေသစ်နဲ့ ဒေါင်းနွယ်ဆွေတို့ရဲ့ ပြည်သူ့ကဗျာနဲ့ ဘာအချက်တွေ ကွဲလွဲလို့လဲ။ ဒီစာတမ်းကို ဦးဆောင်ပြုစုတဲ့ အောင်ရင်ငြိမ်းဟာ ကောက်နွယ်ကနောင်ရဲ့ သောင်းပြောင်း ထွေလာ (school) ကျောင်းဆင်းတစ်ယောက်ပါ။ ကောက်နွယ်ကနောင်ဟာ တော်လှန်ကဗျာ အယူ အဆနဲ့ မော်ဒန်ဝါဒကိုချိတ်ဆက်ပေးဖို့ အဲဒီနေရာကနေ ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။ အောင်ရင်ငြိမ်း ဟာ အဲဒီအမွေကို ဆက်ခံချင်တာလား၊ သူတကယ်လုပ်ချင်ရင် တခြားသူတွေလုပ်နေသလို N. M. P. (Neo-modern Poetry) လမ်းကြောင်း trend ကို ပီပီပြင်ပြင်ချပြဖို့ လိုပါတယ်။ N. M. P. ရဲ့ သီအိုရီနဲ့ တက္ကနစ်တွေက ဘာတွေလဲ။ ကျွန်တော်တို့ပြောတဲ့ N. M. P. ဆိုတာ ဒါတွေပဲဗျလို့ အများတကာ လေးစားရအောင် သူတို့ကိုယ်တိုင် ရေးပြဖို့လိုပါတယ်။

နောက်တစ်ခုကတော့ Experimental poet တွေပါပဲ။ (ဒုတိယကမ္ဘာစစ်အပြီး မော်ဒန် ခေတ်သစ်လို့ ဆိုနိုင်တဲ့ ပို့စ်မော်ဒန် အကြိုကာလမှာ တပ်ဦးအနုပညာလို့ ဆိုနိုင်တဲ့ Avant-Garde ဆိုတဲ့အုပ်စု ပေါ်ထွက်ခဲ့ပါတယ်။ မာရှယ်ဒူးရှန့်၊ အင်ဒီဝါးဟိုး စတဲ့သူတွေပါတယ်။ သူတို့ကို Experimentalist တွေလို့လည်း ခေါ်ကြတယ်။ နောက်ပိုင်းစမ်းသပ်မှုမှန်သမျှကို Experimental လို့ သုံးနှုန်းလာကြတယ်။) ဒီလူတွေကို အုပ်စုတစ်စုတည်းလို့ ပြောဖို့ခက်တယ်။ လက်ရှိမြန်မာကဗျာရဲ့ အခြေအနေကို မကျေနပ်လို့ အသစ်လို့ သူတို့ထင်တဲ့အရာတွေကို စမ်းသပ်ရေးဖွဲ့နေကြသူတွေပဲ။ စန်းဦး၊ မင်းထက်မောင်၊ မြင့်မိုးအောင်တို့ကအစ သည်မော်နိုင်တို့အထိ ထည့်တွက်လို့ရတယ်။ ပြီးတော့ ကိုငြိဏ်းဝေ၊ သူက အခွင့်ကြုံတိုင်း ပါဖောမန့် ကဗျာတွေ တင်ဆက်တတ် တယ်။ Installation နဲ့ Conceptual ကဗျာတွေအကြောင်းလည်း တတ်နိုင်သမျှ ဆေင်းပါးတွေရေးပြီး ထုတ်ဖော်နေတယ်။ ပို့မော်ဒန်ကဗျာခေတ် ထူထောင်မယ်ဆို ရှေ့တန်းကပါမယ့်သူလည်း ဖြစ်တယ်။

နောက် မြန်မာမော်ဒန်ကဗျာရဲ့ ပဉ္စမမျိုးဆက်သစ်ကဗျာစု။ (ဆယ်စုနှစ်တစ်ခုကို မျိုးဆက် သစ်တစ်ခုဟု ပိုင်းဖြတ်ပါ။) သူတို့ဟာ လက်ရှိမြန်မာမော်ဒန်ကဗျာရဲ့ အစဉ်အလာကိုလက်ခံဖို့ လိုလိုလားလားမရှိတာ သေချာပါတယ်။ ပိုပြီး လတ်ဆတ်သစ်လွင်တဲ့ တိုးတက်မှုရှိတဲ့ကဗျာတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ သင်တို့အနေနဲ့ သူတို့ရဲ့နာမည်တွေကိုတောင် ကြား ဖူးချင်မှ ကြားဖူးတယ်။ သူတို့ အင်တာနက်ခေတ်ကဗျာဆရာ blogger ဘလော့ဂါတွေလည်း ပါတယ်။ သီးခြားစာအုပ်ကလေးတွေ စုထုတ်နေတဲ့ အုပ်စုတွေလည်းရှိတယ်။ ဥပမာ FTSOL ( သူတို့ ပထမဆုံး စတင်ထုတ်ဝေတဲ့ For the Sake of Love ဆိုတဲ့ စာအုပ်ကို အမှီပြုမှည့်ခေါ်ထားတာပါ) သူတို့ စာအုပ် ၈ အုပ် ထုတ်ဝေခဲ့ပြီးပြီ။ တချို့စာအုပ်တွေကို audio CD နဲ့ တွဲထုတ်တယ်။ တချို့ကို web တင်တယ်။ http://ftsol.co.cc.freehostia.com မှာ သူတို့ကဗျာတွေ ၀င်ကြည့်လို့ရတယ်။ အဲသလိုအုပ်စုတွေ အင်အားဟာလည်း မနည်းပါ။

သေချာတာတစ်ခုတော့ ရှိပါတယ်။ အဲဒါဟာ ဒီနေ့ မြန်မာစာပေလောကထဲမှာ ကဗျာ သစ်လှုပ်ရှားမှုတွေ ဖြစ်ထွန်းနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ အဲဒီအထဲမှာ confusion ဆိုသော ၀ရုံးသုန်းကားတွေလည်း ပါကောင်းပါနိုင်ပါတယ်။ Movement ဆိုတာ အခြေခံမူ principle ရှိတယ်။ ၀ရုန်းသုန်းကားတွေကတော့ သူ့ဘာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။

(၄) ကဗျာ တော်လှန်ရေး

အခု ကျွန်တော်တို့ဟာ အနုပညာသမိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီဆိုတာ ခင်ဗျားတို့ သဘောပေါက်ရဲ့လား။ ကဗျာတော်လှန်ရေး (poetry revolujtion) ဆင်နွှဲဖို့ အဆင်သင့် ဖြစ်ပြီလား။ (တော်လှန်ကဗျာနဲ့ မမှားပါစေနှင့်)

ကျွန်တော်တို့ ဆိုလိုချင်တဲ့ post poetry ဆိုတာ မူလ ပင်မရေစီးကဗျာနဲ့ သီတာခုနစ်တန် ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းခွဲကို ရှေ့မှာ သံမဏိလမ်းခွဲလို့ သမုတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ““ကဗျာအဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်”” ဆိုတဲ့ အမည်နဲ့ ကဗျာနယ်နမိတ်စည်းရိုးကို ချဲ့ထွင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ အဲဒီ နယ်နမိတ်စည်းရိုးကို ဖြိုဖျက်ပစ်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့အတွက် post poetry ဆိုတာ အလုံးစုံလွတ်မြောက်သောနယ်မြေ (liberated area) ဖြစ်ပါတယ်။ အရင် ကျွန်တော်တို့ သိမှတ် နားလည်ခဲ့ကြတဲ့ အနုပညာစံနှုန်းတွေ၊ တန်ဖိုးတွေ၊ ဂုဏ်ရည်တွေ၊ နည်းဥပဒေသတွေ၊ အကဲဖြတ် မှုတွေ အားလုံးကို ကျောခိုင်းစွန့်ခွာထားခဲ့ကြရပါတော့မယ်။

ကမ္ဘာမှာခေတ်စားနေတဲ့ Post modern poetry တချို့ကို လက်လှမ်းမီသလောက် တင်ပြပါ့မယ်။

(၁) Experimental poetry

(၂) Innovative poetry

(၃) Language poetry

(၄) Post Language poetry

(၅) Minimalize poetry

(၆) Pop poetry

(၇) Slam poetry

(၈) Form poetry

(Form poetry မှ ခွဲထွက်သွားတဲ့ ကဗျာအမျိုးအစားတွေကတော့ Concrete poetry, Visual poem, Varbal Icon, Calligrammes စတာတွေ ဖြစ်ပါတယ်)

(၉) Prose poem

(၁၀) Conceptual poetry (ဂိုဏ်းခွဲများစွာ ရှိပါတယ်)

(၁၁) College poetry

(၁၂) Duca (Documentary poem)

(၁၃) Performeance poetry

(ပါဖော့မန့်ပိုယဲ့ထရီမှ ဂိုဏ်းခွဲများစွာ ခွဲထွက်သွားပါတယ်။ ဥပမာတွေက action poetry, happening poetry, live poetry, Body poetry စသဖြင့်ပေါ့)

(၁၄) Talk poem

(၁၅) Installation poetry

အိုင်တီနည်းပညာနဲ့ ကွန်ပျူတာပုံရိပ်ပေါ် အခြေခံတဲ့ကဗျာတွေလည်း ဖြစ်ထွန်းနေပါတယ်။ ဥပမာ Photographic poem, metadramas စသဖြင့်ပေါ့။ Post poetry ဟာ အဲဒီအထဲက နည်းပညာ အချို့နဲ့ ပတ်သက်တဲ့ Postmodern Enlightenment project တစ်ခုဖြစ်ပါတယ်။ ဗန္ဓတ်ကဗျာဗေဒ (Poetics of hybridity) ချဲ့ထွင်မှုတစ်ခုဖြစ်ပါတယ်။ aesthetic pluralism ဗဟုရသဗေဒကို စိန်ခေါ် လိုက်တဲ့ Art work အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် Beyond aesthetics အနုပညာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အနုပညာရဲ့ အလုံးစုံသဘော (Wholeness ) ကို ငြင်းပယ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီနေ့အထိ ကဗျာဟာ ထင်ရှားခဲ့တဲ့ အဆင့်နှစ်ခုကို ဖြတ်သန်းခဲ့ရတယ်။

၁. Speach the poetry

(အက္ခရာစာပေမပေါ်ပေါက်မီက ကဗျာပေါ်ပေါက်ခဲ့တယ်။ စုပေါင်းပြီး လေးလံတဲ့အရာ ကြီးတွေကို သယ်မတဲ့အခါ၊ စုပေါင်းပြီး မောင်းထောင်းတဲ့အခါ၊ အမဲလိုက်တဲ့အခါ၊ စည်းချက်ဆန်ဆန် အချီအချ အတိုင်အဖောက်အသံပြုခြင်းအားဖြင့် လုပ်ငန်းတွင်ကျယ်ရုံ မက မောပန်းမှုလည်း သက်သာခဲ့တယ်။ အစောဆုံး sound poetry များလို့ ဆိုနိုင်ပါ တယ်။ စာပေအက္ခရာ မပေါ်သေးပေမယ့် ဘာသာစကားတွေ ပေါ်ပေါက်တဲ့အခါ ကဗျာ တွေကို နှုတ်တိုက်သင်ယူခြင်းနဲ့ ပြန့်ပွားစေခဲ့ပါတယ်။)

၂. Write the poetry

(စာပေအက္ခရာ ပေါ်ပေါက်စဉ်ကစပြီး ယနေ့အထိ အတွင်ကျယ်ဆုံး အသုံးပြုနေကြတဲ့ နည်းပါပဲ)

ဒီနေ့ဖြတ်သန်းရမယ့်အဆင့်ကတော့

၃. Make the poetry ဖြစ်ပါတယ်။

အလင်္ကာဝတ်ရည်ဂျာနယ်မှာ စားပွဲ ကုလားထိုင်နဲ့ ကဗျာရေးတဲ့ခေတ် ကုန်ပြီလို့ ရေးခဲ့ ဖူးပါတယ်။ ကဗျာဆရာဟာ ပန်းချီဆရာ၊ ပန်းပုဆရာတစ်ယောက်လို စတူဒီယို (workshop) တစ်ခု လိုအပ်နေပြီလို့ ပြောခဲ့ပါတယ်။ ခြောက်မျက်နှာ အံစာတုံးတွေပေါ်မှာ စာလုံးတွေ ရေးနိုင်ဖို့ အတွက် ကျွန်တော်ဟာ ကိုယ်တိုင် နှစ်ပတ်လည်သစ်သားချောင်းတစ်ချောင်းကို ၂၂ တုံးရအောင် လွှနဲ့ဖြတ်၊ ကျားလျှာနဲ့တိုက်၊ ကော်ပတ်စား ဆေးသုတ် လုပ်ခဲ့ရတယ်။ အဲဒီကဗျာကို “စကားလုံးများနဲ့ ဆော့ကစားခြင်း” လို့ အမည်ပေးထားတယ်။ ပို့စ်ပိုယဲ့ထရီမှာ ကဗျာဖတ်သူ (reader) ဆိုတဲ့ စကားလုံးထက် ကဗျာကြည့်သူ (viewer) ဆိုတဲ့စကားလုံးက ပိုသင့်တော်မယ် ထင်ပါတယ်။ အဲဒီကဗျာကို ကြည့်ချင်တဲ့သူဟာ အံစာတုံးတွေထည့်ထားတဲ့ ကဗျာခွက်ကို ကိုယ်တိုင်ပစ်ရပါလိမ့်မယ်။ ပေါ်လာတဲ့ကဗျာတွေဟာ ပစ်သူ viewer ရဲ့ ကဗျာပါ။ ပါဖော့မန့်ကဗျာအမျိုးအစားပါ။ တကယ့် အလှမွေးငါးကန်ထဲ ထည့်ပြမယ့် ကဗျာ။ ရှပ်အင်္ကျီကျောပေါ်မှာရေးပြီး ချိတ်နဲ့ဆွဲပြတဲ့ကဗျာကို အင်စတော်လေးရှင်းကဗျာတွေလည်း ကျွန်တော့်မှာရှိနေပါတယ်။

ဒီလိုဟာမျိုးဟာ ခုချိန်ထိ ကဗျာမှာရေးတာသာ အဓိကကျတယ်ဆိုတဲ့ ကဗျာဆရာတွေ (ႊၽမငအငညါ ဘေ်နိ စသနအ) အတွက် မျက်စိစပါးမွှေးစူးစရာပါပဲ။ ဒါကြောင့် ပို့စ်ပိုယဲ့ထရီကဗျာဆရာတွေကို ဏသနအငခေူ တသမုနမ ခေါ်မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ဒီကဗျာတွေဟာ ကဗျာတစ်ပုဒ်ဖတ်ရင် အရင်ဆုံးအဓိပ္ပာယ်ကို ရှာဖွေကြည့်ရမယ်လို့ သိထားတဲ့ အစဉ်အလာကဗျာဖတ်သူ (writing based poet) တွေအတွက်လည်း စိတ်ပျက်ဖွယ်ဖြစ်နေတာ သေချာပါတယ်။ Art is idea ဆိုတဲ့ခေတ်ကြီးမှာ ကဗျာကို နှလုံးသားနဲ့ မရှာဖွေဘဲ ဦးနှောက်နဲ့ ရှာဖွေတတ်အောင် ကျွန်တော်တို့ အချိန်လိုကောင်း လိုပါလိမ့်မယ်။ ကဗျာကို ခံစားမှုနဲ့ မဖတ်ဘဲ အသိဉာဏ်နဲ့ဖတ်မယ့်သူတွေ စုဆောင်းဖို့လိုပါတယ်။ ဒီလိုပရိသတ်မျိုးမရှိသေးဘဲ ဒါမှမဟုတ်ရင်လည်း အင်မတန်နည်းပါးမယ့် မျိုးဆက်သစ်ပရိသတ် အတွက် ကဗျာတွေပြုလုပ်ရမယ်ဆိုတာ အင်မတန်စွန့်စားရာကျပါတယ်။ ဒါပေမဲ့ ဒီလိုစွန့်စားရတာကို ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၇၀ မော်ဒန်ကဗျာခေတ်ဦးတုန်းကလည်း ဒီလိုစွန့်စားမှုမျိုးကို ကြုံခဲ့ရဖူးလို့ပါပဲ။

(၅) ဖောက်ထွက်ကြစို့

မော်ဒန်ခေတ်ဦးက အက်ဇရာပေါင်းက (Make the new!) လို့ အော်ခဲ့ပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း မော်ဒန်သမားတွေဟာ အသစ်တွေအများကြီး လုပ်ပြခဲ့ပြီးပါပြီ။ အခု ကျွန်တော်တို့ အော်ကြရမှာက အဲဒီအသစ်တွေထဲက ဖောက်ထွက် (Break through!) ကြဖို့ပါပဲ။ ဒီနှစ်ကာလ အတွင်းမှာ ပန်းချီ ပန်းပု အနုပညာဘက်က နည်းပညာသစ် ၀ါဒသစ်တွေ ထွန်းကားခဲ့ပေမယ့် (ဥပမာ ဆေးနဲ့မရေးတဲ့ ပန်းချီ၊ ကင်းဘတ်စမပါတဲ့ပန်းချီလို့ ခေါ်နိုင်တဲ့ Installation art, Performeance art များ) ကျွန်တော်တို့အတွက်တော့ အခုအချိန်ထိ ဘာသာစကား (အက္ခရာ ၀ဏ္ဏ ဆိုတဲ့ မီဒီယမ် medium) အပေါ်မှာ မှီခိုအားပြုနေရဆဲပါပဲ။ L. P. ဆိုတာ အဲဒီအခြေအနေက ရုန်းထွက်ဖို့ ကြိုးစားတဲ့ ကဗျာနည်းနာတစ်ခုဖြစ်ပါတယ်။ ပို့စ်ပိုယဲ့ထရီကတော့ ကဗျာက အမှီပြုနေရတဲ့ စာရေးစက္ကူ၊ ဖောင်တိန် စတဲ့ (material) ကိုပါ စွန့်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပါဖောမန့်ကဗျာဟာ စကားလုံးဝေါဟာရရဲ့ အချုပ်အနှောင်ကို လျှော့ချနိုင်ဖို့အတွက် physical movement ကို object အဖြစ် အသုံးပြုခဲ့ရပါတယ်။

Postmodern မတိုင်မီအချိန်ကာလအထိ တည်ရှိနေတဲ့ form နဲ့ content ပြဿနာကို ပို့စ်ပိုယဲ့ထရီက ဖယ်ရှားလိုက်ပါတယ်။ အောက်ပါကဗျာ၊ ကောင်းစုသိုက်ရဲ့ “ကိန်းရောပုံပြင်မှ မက်သမက်တစ် လိမ္မော်ရောင်” ကဗျာကို ကြည့်ပါဦး။ (၁၉၇၈ ထုတ် မြင်းစိုင်းသူများ pemphlet စာအုပ်ထဲမှ ကောက်နုတ်ချက်)

အောက်ပါ မောင်ပြည့်မင်းရဲ့ကဗျာတစ်ပုဒ်ကို ကြည့်ပါ။ (ကျွန်တော်နဲ့ ကျွန်တော့် အရိပ်ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ ၁၉၇၈ မြင်းစိုင်းသူများ ဏနာစူ့အေ မှ ကောက်နုတ်ချက်)

ပို့စ်ပိုယဲ့ထရီဟာာသဘငူန်သမာ ကို အသုံးပြုတယ်။ အကြောင်းအရာဟာ ပုံသဏ္ဌာန်ရဲ့ နာမ်ဖြစ်ပြီး ပုံသဏ္ဌာန်ဟာ အကြောင်းအရာရဲ့ရုပ် ဖြစ်တယ်လို့ ခံယူတယ်။

ရေးလက်စကဗျာလို ကဗျာမျိုးဟာ loss of syntax ခေါ်တဲ့ ၀ါကျဖွဲ့ထုံးကို လက်လွှတ် ကြည့်တာပါပဲ။ နောက် မြင်းစိုင်းသူများ ၂၀၀၆ ကဗျာစာအုပ် “သစ္စာနီပျောက်ဆုံးခြင်း” ကဗျာကို ရှု။

သည်မော်နိုင် ပြုလုပ်ခဲ့တဲ့ NCS.အန်စီအက်စ် ဆိုတဲ့ ကဗျာဟာ ...

သည်မော်နိုင်က သူ့သူငယ်ချင်း NCS (ငြိမ်းချမ်းစု) နဲ့ ပတ်သက်တာတွေကို ရှာဖွေ ကြည့်ချင်တာနှဲ့search engine တစ်ခုဖြစ်တဲ့ ဂူးဂဲလ် (Google) ထဲ NCS ကို ရိုက်ထည့်လိုက်တယ်။ အင်တာနက်ထဲက ထွက်ကျလာတဲ့ NCS တွေဟာ အများကြီးပေါ့။ အားလုံးဟာ ကိုယ့် dimension နဲ့ကိုယ်။ သူ့အဓိပ္ပာယ်နဲ့ သူ့ဖွင့်ဆိုချက်နဲ့။ အဲဒါတွေကို သူက စီချရေးလိုက်တဲ့အခါမှာတော့ NCS တွေဟာ တချို့ တစ်ခုနဲ့တစ်ခု ကူးလူးသွားကြတယ်။ တချို့ ပေါင်းစပ်သွားကြတယ်။ တချို့ ရွေ့လျားကင်းကွာသွားကြတယ်။ တချို့ တိုးမိတိုက်မိကြတယ်။ ထူးခြားတဲ့ရသတစ်ခု ဖြစ်ထွန်းလာတယ်။ အဲဒါကို ကဗျာလားလို့ စောဒကတက်သူတွေရှိမယ်။ ကျွန်တော်တို့လိုချင်တာက အဲဒါပါပဲ။ Poetry is nopoetry ဆိုတာပေါ့။ Nopoetry မခေါ်ဘဲ အပကဗျာ marginlized poetry ပဲခေါ်ခေါ် အမည်နာမက အရေးမကြီးပါဘူး။ တကယ်တော့ အနုပညာဆိုတာ ဆောင်ရွက်မှုဆိုင်ရာ ပြဋ္ဌာန်း ချက်တစ်ရပ် (Art is performative institution) ပါပဲ။ ကျွန်တော်ကတော့ post poetry ဆိုတဲ့ အသုံး အနှုန်းကို ပိုသဘောကျပါတယ်။

Post poetry သမားဟာ စကားလုံးတွေကို တခြားနည်းနဲ့ ခိုင်းစေကြည့်ဖို့ ကြိုးစားတာပါပဲ။ (ဤသဘောထားမျိုး L. P. ကဗျာဆရာများ၊ college ကဗျာဆရာများ၊ conceptual ကဗျာဆရာများ တွင်လည်း တွေ့ရလေ့ရှိသည်။) သူတို့ဟာ အစဉ်အလာကဗျာဆရာတွေ အသုံးပြုခဲ့ကြတဲ့ creative ဆိုတဲ့ စကားထက် uncreative ဆိုတဲ့စကားလုံးကို သုံးကြတယ်။ ဖန်တီးမှုထက် တီထွင်မှု (innovative) ကို အလေးထားကြတယ်။ စာသားတွေ၊ အလင်္ကာတွေ၊ နမိတ်ပုံတွေ၊ ရစ်သမ်တွေ စတဲ့ အရာတွေအားလုံးထက် idea က ပိုအရေးကြီးတယ်လို့ လက်ခံထားကြတယ်။ Idea ရဲ့မောင်းနှင် အားဟာ ပို့စ်ပိုယဲ့ထရီရဲ့ အဓိက၀ိညာဉ်ဖြစ်တယ်။ ပို့စ်ပိုယဲ့ထရီဟာ ကဗျာဆိုင်ရာ နောက်ဆုံးအကန့် အသတ်မဲ့ ဟင်းလင်းဖွင့်မှုဖြစ်တယ်။ နည်းစနစ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုလက္ခဏာသစ်ဖြစ်တယ်။

ပို့စ်ပိုယဲ့ထရီဟာ အမြဲတမ်းလတ်ဆတ်နေတဲ့ နှစ်ခါပြန်မရနိုင်တဲ့ ကဗျာအမျိုးအစား ဖြစ်တယ်။ ဥပမာ “ငါနဲ့မှန်” (မြင်းစိုင်းသူမြား ကဗျာစာအုပ် ၂၀၀၆ မေ) လို ကဗျာမျိုး ဒုတိယ အကြိမ် မဖြစ်နိုင်ပါ။

ပို့စ်ပိုယဲ့ထရီဟာ ခံစားမှုကို အနုပညာရဲ့ အရင်းခံနေရာက ဖယ်ရှားပြီး အဲဒီနေရာမှာ စိတ်ကူးဉာဏ်ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။ အရင်က (မော်ဒန်ကာလအထိ ဆိုလိုသည်) ကဗျာဆရာကို ကဗျာကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခု ပို့စ်ပိုယဲ့ထရီမှာတော့ ကဗျာကို ကဗျာဆရာ က ထုတ်လုပ်ပါတယ်။

ပို့စ်ပိုယဲ့ထရီရဲ့ ၀ိသေသလက္ခဏာတွေကို တစ်ခုချင်း တင်ပြရရင် အင်မတန်ရှည်လျား နေပါလိမ့်မယ်။ ရှေ့မှာ Beyond aesthetics (aesthetic puralism, poetic of hybridity) လို့ ဆိုခဲ့ပါ တယ်။ မိုဘိုင်း form တွေ၊ order ဖျက်ထားတာတွေ၊ Sentence free, content free တွေ၊ language ကိုကျော်ဖို့ ကြိုးစားတာတွေ၊ midium ကိုစွန့်တာတွေ၊ ဖြစ်တည်ဆဲခဏ (moment of being) ကို အားပြုတာတွေ၊ ဂျွိုက်ရဲ့ လင်းပွင့်မှု၊ ဘာလ်ဆင်ရဲ့ အခိုက်အတန့်သဘော၊ စတိန်းရဲ့ one time knowledge ကို အသုံးပြုတာတွေ၊ နောက်ဆုံးရလဒ် (finished product) ကို အရေးမထားတာတွေ၊ ပိုင်းစစိတ်မွှာခြင်း (fragmentation) ကို ယုံကြည်တာတွေ စသဖြင့် ပြောရရင် အများကြီးပါပဲ။

ဒီတော့ မေးစရာရှိပါတယ်။ ခင်ဗျား ဒီလောက်ပြောနေတဲ့ ပို့စ်ပိုယဲ့ထရီဆိုတာ မနက်ဖြန် ဖြစ်တော့မှာလားလို့။ ဖြေရရင် ကျွန်တော် မသိပါဘူး။ ဒီလောက် မလွယ်ပါဘူး။ တစ်နေ့နေ့ ဖြစ်လာမယ်ဆိုရင်တောင် အဲဒါ ဘယ်လောက်ကြာမလဲ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ သူ့မှာ အခက်အခဲပေါင်း မြောက်မြားစွာရှိတယ်။ ပို့စ်ပိုယဲ့ထရီဟာ မော်ဒန်ကဗျာအပါအ၀င် သူ့ရှေ့က ကဗျာတွေရဲ့ သမားရိုးကျ (သို့မဟုတ်) အစဉ်အလာဖြစ်ထွန်းမှု (ဥပမာ မဂ္ဂဇင်း ဂျာနယ်များမှ ဖြတ်သန်းခြင်း၊ စာအုပ်ထုတ်ဝေခြင်း) နည်းလမ်းအတိုင်း မဖြတ်သန်းနိုင်ပါဘူး။ ကျွန်တော့်မှာ ဒီလိုကဗျာမျိုးတွေကို ပြုလုပ်ထားတာ ရှိပေမယ့် ကြည့်ရှုတဲ့ပရိသတ်ဆီ အရောက်ပို့ဆောင်ပေးဖို့ အခက်အခဲများစွာ ရှိပါတယ်။ ပို့စ်ပိုယဲ့ထရီကဗျာတစ်ပုဒ်ကို ထုတ်လုပ်မှုစားရိတ်ဟာ စိတ်ကူးစိတ်သန်းအလိုက် (စက္ကူပေါ်မှာ ရေးလိုက်ရတဲ့ ကဗျာတစ်ပုဒ်ထက်) အဆမတန်ပိုများပါတယ်။ အဲဒါ တွေကို ပြသဖို့ နေရာအခက်အခဲ ရှိပါတယ်။ ပြခန်းတစ်ခုကို ငှားရမ်းပြသဖို့ ငွေကြေးလိုလာမယ်။ ပြီးတော့ ဈေးကွက်အခြေအနေ၊ အရင်က ကဗျာစာအုပ်တွေ ရောင်းချတဲ့နည်းလမ်းကို အသုံးပြုလို့ မရပါ။ ပြီးတော့ ပို့စ်ပိုယဲ့ထရီ ပရိသတ်အသစ်။ ဒါဟာ ကျွန်တော့်အတွက် တီထွင်မှုကို နောက် တွန့်သွားစေမယ့် အဟန့်အတားတွေ မဟုတ်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ စွန့်စားခန်းတွေလို့ပဲ ထင်ပါတယ်။

နောက်ဆုံး ၀န်ခံပြောကြားချင်တာက ကျွန်တော်ဟာ အုပ်စုဖွဲ့ ဂိုဏ်းထောင်ချင်တဲ့သူ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာစာပေလောကမှာ အမြစ်တွယ်နေတဲ့ ဆရာမွေး တပည့်မွေး ကိစ္စတွေကို တော်တော် စိတ်ကုန်နေတဲ့သူသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်သစ်မြန်မာစာပေ သမိုင်း အစဉ်အဆက်မှာ စာပေပြဿနာထက် ဆရာတပည့်မွေး ပြဿနာက ပိုကြီးထွားနေခဲ့ကြတာ အထင်အရှားပါပဲ။ အဲဒါဟာ ဆရာမရှိရင် မနေတတ်တဲ့သူတွေနဲ့ တပည့်မရှိရင် မနေတတ်တဲ့သူတွေရဲ့ ကိစ္စပဲ။ ကဗျာကိုလိုနီ ထူထောင်ဖို့ ကြိုးစားရင်း နယ်မြေလုတိုက်ပွဲတွေ ဖြစ်နေကြတာလည်း အများ အမြင်ပဲ။ ဒီထဲမှာ စိတ်ကောင်းစေတနာကောင်းနဲ့ မြန်မာကဗျာ တိုးတက်ရေးအတွက် ဆောင်ရွက်နေကြတဲ့သူတစ်ချို့ ရှိနေတာလည်း တွေ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ ကျွန်တော် ယုံကြည်တာလေးတစ်ခုကိုသာ ပြောပြဖို့ ကြိုးစားခဲ့တဲ့ ငနဲတစ်ကောင်သာ ဖြစ်ပါတယ် ခင်ဗျား။

သစ္စာနီ

၂၀၀၉ ဖေဖော်ဝါရီ

Tuesday, January 11, 2011

ပို့စ် ပို ယဲ့ ထ ရီ ( သစ္စာနီ ) အပိုင်း ၂

ပို့စ် ပိုယဲ့ထရီ (ဒုတိယပိုင်း)


(၂) သံမဏိလမ်းခွဲ

လက်ရှိမြန်မာကဗျာရဲ့အခြေအနေကို လေ့လာသုံးသပ်တဲ့အနေနဲ့ ဗဟုကဗျာဝါဒနဲ့ မော်ဒန်ဝဲ ဆိုတဲ့ (၂၀၀၃၊ ဟန်သစ်မဂ္ဂဇင်း) အမည်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်ပါတယ်။ အကျဉ်းအားဖြင့်တော့ ၁၉၆၈ က စခဲ့တဲ့ မော်ဒန်ကဗျာဟာ အနှစ် ၄၀ နီးပါး ရှိခဲ့ပြီမို့ အိုဟောင်း နေခဲ့ပြီ။ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီ။ ရှေ့ကိုမတက်နိုင်တဲ့ မော်ဒန်ဝဲထဲက လွှဲထွက်ဖို့လိုပြီ စတဲ့အကြောင်းတွေပါပဲ။ ဆရာဇော်ဇော်အောင်ကလည်း သူ့ရဲ့ “အနုပညာမပါတဲ့အနုပညာ” စာအုပ် မှာ “မျဉ်းလေးမျဉ်းသီအိုရီ” ဆိုတဲ့ ဆောင်းပါးနဲ့ “မော်ဒန်ကဗျာသည် အမှတ် ၃ မျဉ်းအခြေအနေဖြင့် စက်ဝိုင်းသွား သွားနေသည်” လို့ သုံးသပ်ပြခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကဗျာကိုချစ်တယ်။ ကဗျာလောက တိုးတက်မယ်ဆိုရင် ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ပြောမယ်ဆိုတဲ့စိတ် အမြဲမွေးထားတယ်။

ကဗျာဆရာအတော်များများဆီက အသံထွက်လာတယ်။ ကျွန်တော်တို့ရဲ့သုံးသပ်ချက်ကို လက်မခံကြဘူး။ မြန်မာကဗျာဟာ တိုးတက်နေတယ်လို့ပဲ အသံကောင်းဟစ်ကြတယ်။ အနေအထား ပျက်ယွင်းမှာကြောက်ပြီး မူလအခြေအနေက မရွေ့ချင်တဲ့ ကွန်ဆာဗေးတစ်လက်သစ် အတွေးအခေါ် ရှင်တွေ ဖြစ်ရင်လည်းဖြစ်မယ်။ အနုပညာပိုလီယိုရောဂါ စွဲကပ်နေတဲ့သူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ “ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ” ဆိုပြီး ဒိန်ခဲပျောက်တဲ့နေရာမှာ ထိုင်ငိုနေမယ့်သူတွေဖြစ်မယ်။ ကျွန်တော်ကတော့ “ငါ့ဒိန်ခဲကို ဘယ်သူမှ ရွှေ့ရွှေ့ မရွှေ့ရွှေ့ ကိုယ်တိုင်ရွှေ့မယ့်သူ” ဖြစ်တယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာကဗျာရွေ့လျားမှုဟာ ပိုမိုမြန်ဆန်လာတယ်။ ပိုမိုပီပြင် ထင်ရှားလာတယ်။ ၂၀၀၇ ဇူလိုင် ဟန်သစ်မှာ “မျက်မှောက်ခေတ် မြန်မာကဗျာလမ်းခွဲများ” ဆိုတဲ့ အမည်နဲ့ ကျွန်တော် ဆောင်းပါးတစ်စောင် ရေးသားတင်ပြခဲ့ပါတယ်။ မြန်မာကဗျာသမိုင်း ကို ပြန်စောင်းငဲ့ကြည့်ရင် ကဗျာဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ လမ်းခွဲခဲ့ကြတဲ့ အဆင့်ဆင့်လမ်းကြောင်း တွေကို သိနိုင်ပါတယ်။ (လမ်းခွဲရတဲ့ အခြေခံအကြောင်းတွေကတော့ တစ်နေရာနဲ့တစ်နေရာ မတူ ပါဘူး။ တစ်ခါတစ်ရံ ပုံစံဟောင်းကို စွန့်ချင်လို့။ တစ်ခါတစ်ရံ အတွေးအခေါ်သစ်တွေ ထပ်လောင်း တပ်ဆင်ဖို့။)

(၁) ပထမလမ်းခွဲ

ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ် ဦးဆောင်တဲ့ ခေတ်စမ်းကဗျာဆရာတွေဟာ အစဉ်အလာ ရိုးရာ traditional လမ်းကြောင်းက ပထမဆုံး ခွဲထွက်ခဲ့တယ်။ အဓိက ကတော့ အစဉ်အလာကဗျာ ကျက်စားတဲ့ ဇာတ်၊ နိပါတ်၊ ဗုဒ္ဓ၀င်၊ ထီးသုံးနန်းသုံး၊ မော်ကွန်းမှတ်တမ်း၊ တောဘွဲ့တောင်ဘွဲ့ စတဲ့ အကြောင်းအရာတွေကို စွန့်လွှတ်ပြီး သာမန်အသေးအဖွဲ အကြောင်းအရာနဲ့ ရပ်ဓလေ့ ရွာဓလေ့ တွေ အလေးထားကိုင်စွဲ ရေးဖွဲ့လာကြတာပဲ။ နောက်တစ်ချက်က ယနေ့တိုင် ခေတ်စားနေတဲ့ ကဗျာကို ထောင်လိုက်စီတဲ့ အသွင်သဏ္ဌာန်ကိုလည်း ခေတ်စမ်းသမားတွေက တီထွင်ခဲ့ပါတယ်။ ဒီအရင်ကတော့ ကဗျာဆိုတာ ရတုဆန်ဆန်၊ အလင်္ကာသွားခေါ်တဲ့ အလျားလိုက်စီကြတဲ့ နည်းစံနစ် ကိုပဲ အသုံးပြုခဲ့ကြပါတယ်။

(၂) ဒုတိယလမ်းခွဲ

ခေတ်စမ်းကနေ ထပ်ဆင့်ခွဲထွက်လာတဲ့ ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ရဲ့ ပြည်သူ့ကဗျာ လမ်းကြောင်းပါပဲ။ ဒါကတော့ သိသာထင်ရှားတဲ့ အကြောင်းအရာလမ်းခွဲပါ။ ခေတ်စမ်းက လူ့သဘာဝ ကို အလေးထားတယ်။ ပြည်သူ့ကဗျာကတော့ လူထုလူတန်းစားသဘာဝကို အလေးထားတယ်။ အထူးသဖြင့် အဖိနှိပ်ခံပြည်သူဘက်က ရပ်တည်တယ်။ ခေတ်စမ်းက ရိုမန်တစ်ဝါဒဖြစ်ပြီး ပြည်သူ့ ကဗျာကတော့ ဆိုရှယ်လစ်သရုပ်မှန် ဖြစ်ပါတယ်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကဗျာများနှင့် လားလား မှ မသက်ဆိုင်ပါ။) ရေးသားဖွဲ့နွဲ့မှုပုံစံမှာတော့ ပြည်သူ့ကဗျာဟာ သူ့ရှေ့က ဂန္ထ၀င်နဲ့ ခေတ်စမ်းရဲ့ အစဉ်အလာကိုပဲ လက်ခံအသုံးပြုခဲ့ပါတယ်။ ပြည်သူ့ကဗျာရဲ့ နိုင်ငံရေးစံကို ဆက်ခံခဲ့တယ်ဆိုတဲ့ တော်လှန်ကဗျာကတော့ ရေးဖွဲ့မှုပုံစံမှာ ပိုမိုလွတ်လပ်တဲ့ မော်ဒန်ဘက်ကို ဦးကိုင်းညွှတ်ခဲ့ပါတယ်။



(၃) တတိယလမ်းခွဲ

ဒါကတော့ ၁၉၇၀ တ၀ိုက်ကနေ ယနေ့အထိ ရှင်သန်လှုပ်ရှားနေတဲ့ မော်ဒန်ကဗျာလိုင်း ခွဲပါပဲ။ မြန်မာကဗျာတွေရဲ့ အကြောင်းအရာနဲ့ ပုံသဏ္ဌာန် နှစ်မျိုးစလုံးကို ငြင်းပယ်ခဲ့ပါတယ်။ လူဗဟိုပြု ၀ါဒနဲ့ ဆိုရှယ်လစ်နိုင်ငံရေးစံကို ပယ်တယ်။ ခေတ်ပြိုင်လူနေမှုဘ၀ကို ခေတ်ပေါ်အာရုံ ခံစားမှုနဲ့ ရေးဖွဲ့တယ်။ လစ်ဘရယ်ဒီမိုကရက်တစ်လမ်းကြောင်းကို ရွေးချယ်တယ်။ ကာရန်နဲ့ တင်း ကြပ်တဲ့ပုံသဏ္ဌာန်လို့ ဆိုနိုင်တဲ့ (လေးလုံးစပ်အပါအ၀င် အရှေ့က လေးချိုး၊ ဒွေးချိုး) ပုံစံတွေကို စွန့်ပစ်ပြီး လွတ်လပ်တဲ့ပုံသဏ္ဌာန်နဲ့ အရပ်သုံးဘာသာစကားကို ကိုင်စွဲတယ်။ မုဆိုးစိုင်သင်ကာလကို ဖြတ်သန်းရင်း မော်ဒန်ကဗျာနဲ့ သက်ဆိုင်တဲ့နည်းပညာ၊ အတတ်ပညာနဲ့ အနုပညာသဘာဝတရားတွေ ဖွံ့ဖြိုးစည်ပင်လာတယ်။ အနှစ်လေးဆယ်ရှိတဲ့ အဲဒီကဗျာဟာ မြန်မာကဗျာလောကကြီးကို လွှမ်းခြုံ ထားပြီး မြန်မာကဗျာရဲ့ ပင်မရေစီးနေရာကို ရောက်ရှိနေပါတော့တယ်။

တစ်ဆက်တည်းမှာပဲ ၁၉၉၅ လောက်ကစလို့ ဏသျအာသိနမည သဘောတရားဟာ မြန်မာ စာပေလောကမှာ စိမ့်ဝင် အမြစ်တွယ်လာတယ်။ ၂၀၀၀ ပြည့်နှစ်အလွန်မှာတော့ ပို့စ်မော်ဒန်ကဗျာ လို့ ဆိုနိုင်တဲ့ ကဗျာတွေ စတင်တွေ့ရှိလာရတယ်။ ပို့စ်မော်ဒန်ဆိုတာ မော်ဒန်နဲ့ ဆက်နွယ်သင့်သ လောက် ဆက်နွယ်နေတာမို့ လမ်းခွဲရယ်လို့ ခေါ်ဖို့ခက်ပေမယ့် လမ်းကြောင်းငယ်လေးတွေ စိတ် မြွှာဖြာထွက်လာတာကိုတော့ မြင်နိုင်ကြပါတယ်။ ကျွန်တော်ပြောချင်တာက after post modern ပါ။ နှောင်းပို့စ်မော်ဒန်မှာ ဘယ်လိုကဗျာမျိုးတွေ ပေါ်ထွက်လာမလဲ။ လက်ရှိ ရှိနေတဲ့ကဗျာတွေနဲ့ တော်တော်ကြီးကို ခြားနားတဲ့ကဗျာတွေ ပေါ်ထွက်လာမှာကတော့ အသေအချာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်က post poetry ပို့စ်ပိုယဲ့ထရီလို့ ခေါ်ချင်ပါတယ်။ ပို့စ်ပိုယဲ့ထရီဟာ မော်ဒန်နဲ့ ရှေ့က အစဉ်အလာရှိခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝခြားနားတဲ့အတွက် ဒီစတုတ္ထလမ်းခွဲကို သံမဏိလမ်းခွဲလို့ အမည်ပေးလိုက်ချင်ပါတယ်။

(၄) ကဗျာနိဂုံးချုပ်ပြီ

ကမ္ဘာပေါ်မှာ မော်ဒန်အနုပညာဝါဒတွေ ဖြစ်ပေါ်ခဲ့တဲ့ ခုနှစ်နဲ့ ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံတွေကို လေ့လာကြည့်တဲ့အခါ ဒီလိုတွေ့ရပါတယ်။

(၁) အင်ပရက်ရှင်းနစ်ဇင် (ပြင်သစ်၊ ၁၈၇၄)

(၂) သင်္ကေတ၀ါဒ (ဆင်ဘောလစ်ဇင်) (ပြင်သစ်၊ ၁၈၈၀)

(၃) အိတ်စ်ပရက်ရှင်းနစ်ဇင် (ဂျာမဏီ၊ ၁၉၀၅)

(၄) ကျူဘစ်ဇင် (ပြင်သစ်၊ ၁၉၀၆)

(၅) အနာဂတ်ဝါဒ (အီတလီ၊ ၁၉၀၆)

(၆) နိမိတ်ပုံဝါဒ (အင်္ဂလန်၊ ၁၉၁၂)

(၇) ဒါဒါဝါဒ (ဂျာမဏီ၊ ၁၉၁၆)

(၈) ဆာရီရယ်လစ်ဇင် (ပြင်သစ်၊ ၁၉၂၄)

စသဖြင့် တွေ့ရပါတယ်။ အဲဒီ အနုပညာဝါဒတွေဟာ စတင်ရာနိုင်ငံကနေ ကမ္ဘာတစ်ဝန်း ပြန့်နှံ့သွားပါတယ်။ ကျွန်တော်တို့ဆီကိုတော့ ၁၉၇၀ တ၀ိုက်ကျမှ မော်ဒန်ကဗျာ အယူဝါဒတွေ စရောက်တယ်။ အဲဒီအချိန် သူတို့ဆီမှာ မော်ဒန်ဝါဒဟာ ၁၉၆၀ လောက်က စရပ်စဲပြီး ပို့စ်မော်ဒန် အယူအဆ ဖြစ်ထွန်းနေပါပြီ။ အခုဆို ပို့စ် ပို့စ်မော်ဒန်ခေတ်တောင် ရောက်နေပြီ။ ကျွန်တော်တို့ ဘယ်လောက် နောက်ကျနေတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနုပညာ၊ ကျွန်တော် တို့ကဗျာ တိုးတက်ဖွံ့ဖြိုးရေးအတွက် နောက်ကျနေတဲ့တိုင်အောင် ကျွန်တော်တို့ ယူသင့်တာယူ၊ မွေးစားသင့်တာမွေးစား လုပ်ရမှာပဲ။ အခု ဇေယျာလင်းတို့လုပ်နေတဲ့ L.P.(Language Poetry) တောင် ၁၉၈၀ က သူတို့ဆီမှာ အဆုံးသတ်သွားပြီ။ (ကျွန်တော်တို့က အခုမှ စလုပ်တယ်ဆိုတော့ရော ဘာဖြစ်သလဲ။)

သူတို့ဆီမှာ post L.P. ဘာဆက်လုပ်ကြမလဲဆိုတာက အနုပညာသစ်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်နေပါတယ်။ What the next? ပေါ့။ ကမ္ဘာ့အခြေအနေနဲ့ မြန်မာ့အခြေအနေ မတူတာတွေကို ယှဉ်ပြောကြည့်နေတာပါ။ ကမ္ဘာမှာ ခေတ်ဦးအနုပညာဟာ သမိုင်းဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေခဲ့ပါ တယ်။ ခေတ်လယ်ကတော့ ဘာသာရေးလောင်းရိပ်အောက်မှာ ရှင်သန်နေခဲ့တာ တွေ့ရပါတယ်။ တတိယခေတ် အနုပညာကတော့ ဒဿန၊ နိုင်ငံရေး၊ စီးပွားရေးသိပ္ပံ စတဲ့ သဘောတရားတွေရဲ့ လက်အောက်ခံဖြစ်ခဲ့ရတယ်။ အခု စတုတ္ထခေတ် အနုပညာကတော့ ရှေ့ကအရာတွေအားလုံးရဲ့ သြဇာကလွတ်မြောက်တဲ့အရာ ဖြစ်ရမယ်လို့ ရည်သန်ကြပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာရော။ လောကမှာ ပြောင်းလဲခြင်းနှစ်မျိုးပဲ ရှိပါတယ်။ ဆင့်ကဲဖြစ်စဉ်လို့ ခေါ်ရမယ့် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲခြင်းဆိုတဲ့ နလသူကအငသည နဲ့ ရုတ်တရက် အရှိန်အဟုန်နဲ့ ချိုးကွေ့ပြောင်းလဲခြင်း revolution တို့ပဲ ဖြစ်ပါတယ်။ ရှေးက မြန်မာကဗျာ အပြောင်းအလဲတွေဟာ (poetic evolution) တွေသာ ဖြစ်ပါတယ်။ ဒါဟာလည်း မြန်မာပြည် တစ်ပြည်တည်း ကွက်ဖြစ်တာမျိုး မဟုတ်ပါဘူး။ (၁၉၇၀ တွင် မြန်မာမော်ဒန်ကဗျာ ဖြစ်ထွန်းပေါ်ဖို့ လက်ငင်းကျတဲ့ အချက်တစ်ချို့ ရှိခဲ့ပေမယ့် အဓိကအချက်တွေ မဟုတ်ပါဘူး။ အခြေအနေအရပ်ရပ် ကြောင့် နောက်ကျတာနဲ့ စောတာကလွဲလို့ ကျွန်တော်တို့မြန်မာစာပေမှာ မော်ဒန်ကဗျာဟာလည်း (ရှေ့က ခေတ်စမ်းတို့ စာပေသစ်တို့လို) မလွဲမသွေ ဖြစ်ထွန်းလာရမှာ သေချာလှပါတယ်။

ခေတ်စမ်းဟာ ကမ္ဘာမှာ ရီနေဆန်းခေတ်က မွေးထုတ်လိုက်တဲ့ ရိုမန်တစ်ဝါဒ စာပေ လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်ကတော့ စက်မှုအရေးတော်ပုံကမွေးထုတ်လိုက်တဲ့ လက်ဝဲ၀ါဒ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ မျက်မှောက်ခေတ် အနုပညာကတော့ အိုင်တီနည်းပညာနဲ့ ဂလိုဘယ် လိုက်ဇေးရှင်း သဘောတရားက မွေးထုတ်လိုက်တဲ့ အနုပညာဖြစ်ဖို့ သေချာနေပါပြီ။ အမေရိကန် လူမှုရေးသိပ္ပံပညာရှင် အယ်ဗင်တော်ဖလာက ယနေ့လူ့အဖွဲ့အစည်းကို တတိယလှိုင်းခေတ်လို့ သတ် မှတ်ခဲ့ပါတယ်။ အီလက်ထရောနစ် အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ ထွန်းကားတဲ့ စက်မှုလွန်ယဉ်ကျေးမှု ခေတ်ပေါ့။ တကယ်တော့ အီလက်ထရောနစ်နည်းပညာကို အခြေခံပြီး မျိုးရိုးဗီဇဆိုင်ရာ၊ အာကာသ သိပ္ပံဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးနည်းပညာ၊ ဆက်သွယ်ရေးနည်းပညာ၊ နိုင်ငံရေး စီးပွားရေး တွေပါမကျန် ဘက်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံဟာ တစ်ပြိုင်နက်တည်း အရှိန်အဟုန်နဲ့ ပြောင်းလဲ နေတာ တွေ့ရပါတယ်။ ကမ္ဘာကြီးကို အပြားလို သဘောထားနိုင်တဲ့ တတိယလှိုင်းလွန်ခေတ်ထဲကို တောင် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

ဒါဝင်ဖော်ထုတ်ခဲ့တဲ့ သဘာဝတရားရဲ့ရွေးချယ်မှုသီအိုရီ (Theory of natural selection) ကို အခြေခံပြီး ဟားဗတ်စပင်ဆာက အသင့်တော်ဆုံးအရာသာ ရှင်သန်နိုင်ရေး (Survival of the fittest) ဆိုတဲ့ အယူအဆကို ထပ်ဆင့်ဖော်ထုတ်ခဲ့ပါတယ်။ သူတို့အဆိုကတော့ အရာရာတိုင်းဟာ သက်ရှိသက်မဲ့ အပါအ၀င် သဘာဝတရားရဲ့ အမျိုးမျိုး ရွေးချယ်စိစစ်ခြင်းကို ခံကြရမယ်။ အဲဒီအထဲက သာ အသင့်တော်ဆုံး ဆန်ခါတင်ကျန်ရစ်ခဲ့တဲ့ အရာတွေသာ ရေရှည်မှာရပ်တည်နိုင်မယ်ဆိုတဲ့ အယူအဆပါပဲ။ ဒီသဘာဝတရားနဲ့ မကိုက်ညီရင် အင်မတန်ကြီးမားတဲ့ ဒိုင်နိုဆော သတ္တ၀ါကြီး တွေတောင် မျိုးတုံးပျောက်ကွယ်သွားရတယ်။ အဆင့်ဆင့် သင့်တော်အောင် လိုက်လျောညီထွေ လုပ်နိုင်တဲ့ ဆင်လို မိကျောင်းလို ကမ္ဘာ့သတ္တ၀ါကြီးတွေကတော့ ဒီနေ့ထက်တိုင် ရှင်သန်ကျန်ရစ် ခဲ့တယ်။ ဒီအထဲမှာ ခြင်လို ပိုးဟတ်လို အင်းဆက်နဲ့ <ကက်လို ပုတ်သင်ညိုလို အကောင်တွေလည်း ပါတယ်။

အခုလက်ရှိ ပညာရှင်တွေကတော့ အသင့်တော်ဆုံး (fittest) သာ ရှင်သန်ရမယ်ဆိုတဲ့ အယူအဆဟာ (A) ခေတ်အတွက်ပဲ မှန်တယ်။ ဒီနေ့ခေတ်မှာ အရွေးချယ်ခံရပြီး အသက်ရှင်ကျန်ရစ် နိုင်တဲ့သူတွေဟာ ဉာဏ်ပညာအရှိဆုံး (wisest) တွေလို့ ဆိုနေကြတယ်။ Survival of the wiseest ပေါ့။ ဒီနေ့ခေတ်ဟာ ဗဟုသုတနဲ့ သတင်းအချက်အလက်တွေ စက္ကန့်နဲ့အမျှ ပေါက်ကွဲနေတဲ့ခေတ် ဖြစ်တယ်။ အဲဒီအခါ ကျွန်တော်တို့ဟာလည်း ခေတ်ကာလရဲ့ အရွေးချယ်ခံ ဆက်လက်ရှင်သန် တည်တံ့နေတဲ့ survival artist တွေဖြစ်ဖို့ လိုတယ်။ အဲဒီအတွက် living literature လိုတယ်။ အဲဒါဟာ ကမ္ဘာမှာတော့ ပို့စ်ပိုယဲ့ထရီ post poetry ဖြစ်ပါတယ်။ ပို့စ်ပိုယဲ့ထရီဟာ after post modern ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ ပို့မော်ဒန်မှာ other ဆိုတဲ့ အယူအဆဟာ အရေးကြီးတယ်။ ပို့စ်ပိုယဲ့ထရီ ဟာ ပိုယဲ့ထရီရဲ့ the other ပါ။ The other ဆိုတဲ့အတွက် လက်ရှိ တည်ရှိနေတဲ့ ကဗျာနဲ့ ခြားနားလို့ သွားပါပြီ။ လက်ရှိကဗျာကို ကျွန်တော်တို့ လက်ပြနှုတ်ဆက်ရပါလိမ့်မယ်။ ပို့စ်ပိုယဲ့ထရီအကြောင်း ကို မပြောခင် ပြောချင်တာကတော့ ခင်ဗျားတို့ ကျွန်တော်တို့ သိထားတဲ့ ကဗျာဆိုတာ နိဂုံးချုပ် သွားပါပြီ။ ဖူကူယားမားရဲ့စကားလုံးကို ငှားပြောရရင်တော့ The end of Poetry ပါပဲ။



Sunday, January 9, 2011

ငါ့ ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ

ဝတ္ထုတစ်ပုဒ်မှာ ပါဝင်မယ့် ဇာတ်ကောင် အားလုံးဟာ သက်ရှိ လူသားများလို့ ရေပန်းစားနေခဲ့တာဟာ အနုပညာ နယ်မြေ ထဲကို ပီပြင်တဲ့ ဇာတ်ကောင် စရိုက်နဲ့ ချရေးလိုက်တဲ့ ဇာတ်ကောင်တွေက သက်ရှိ ဇာတ်ကောင် တွေ ဖြစ်နေတဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင် စရိုက် တိုင်းက အပြင်မှာ ဇာတ်ကောင် တစ်ယောက်နဲ့  တစ်ယောက် အချိတ်အဆက် မိနေအောင် ဖန်တီးကြပြီးရင် စာရေးဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်၏ စိတ်ကို ပိုပြီး အသေးစိပ် ဖော်ပြထားပါတယ်၊၊ ဇာတ်ကောင် မပါသော ၀တ္ထုမရှိဟု မဆိုလိုပါ။ ဇာတ်ကောင် စရိုက်တွေက ဘာတွေလဲ။ဆိုလိုသည်မှာ ဇာတ်ကောင်၏ အတွင်းရေးများ၊ ဇာတ်ကောင်၏ သဘောသကန်၊ သရုပ်စသည်တို့ကို ဘာသာစကား အခြေခံဖြင့် ရေးသားသောဇာတ်ညွှန်း ကိုဖတ် ကြည့်ပြီးနောက် သူ သရုပ်ဆောင် ရမယ့်ဇာတ်ကောင် ရဲ့ စေ့ဆော်မှု (motivation) ၊၊ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားခဲ့တယ်။သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ၃ ဦးတွင် ဝံပုလွေလာဆင်က အဓိက ပိုကျသည်။ သူသည်ပင် ပင်လယ်ဝံပုလွေဟု ဆိုရမည်။ ဤသို့ဆိုလျှင် လာဆင်သည် ဇာတ်လမ်းမရှိပဲ ဇာတ်ကောင်ဖြစ်လာနိုင်ပါသလား။ထိုအချိန်မျိုးတွင်သူသည်စာအုပ်ထဲမှ ဇာတ်ကောင် ဖြစ်သွားသည်၊၊ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းမှ ဇာတ်ကောင် အမျိုးသမီး၏ အသက်သည် ၁၈နှစ်ပင် မပြည့်သေးသော်လည်း ဗိုက်နဲ့ကျန်ခဲ့သောကြောင့် ဖြစ်သည်၊၊ ယခု ကဲ့သို့ အောင်မြင် မှုများ ရရှိ နေသော်လည်း သူမကမူ ကွဲပြားသော ဇာတ်ကောင်စရိုက် ရရှိနိုင်အောင် စွမ်းဆောင်ချင်နေသေးသည် ၊၊ ဆယ်ကျော်သက် ဇာတ်ကောင်လေးမလေး တော်တော်များများက မာနကြီးပြီး မြိုသိပ်တတ်ကြလွန်းကြသော ဇာတ်ကောင် အမျိုးသမီးများကို နှစ်သက်ကာ လွှမ်းမိုးခံရလေ့ရှိသည် ၊၊သို့သော် ဇာတ်ကောင်စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ ဥပမာ ၊၊ ၊၊ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကိုဗိုက်နဲ့ပစ်သွားတယ်။ ဒါကြောင့် စာရေးဆရာက ဇာတ်ကောင်ကို ထိုးလိုက်တဲ့အခန်းက အထင်လွဲရင် ဖြစ်စေတတ်တဲ့ သဘောမျိုးဖြစ်ပေမယ့်လို့ ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် မြန်မာပရိသတ်ကို စွဲစွဲမက်မက် ဖြစ်စေခဲ့ပြီး အနုပညာပိုင်းအရ အောင်မြင်စေခဲ့ပါသည်၊၊ ဇာတ်ကောင် အများစုဟာ ideal တွေဘဲ၊ အပြင်မှာ သိပ်မရှိနိုင်ဘူး။ ဇာတ်ကောင် အားလုံးသည် အပြင်မှာ တွေ့နေကျ၊ သာမန် လူသားများအတိုင်း ဖြစ်သည်။ တဖန် စာရေးဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ပိုက်ဆံအတွက် မဟုတ်ဘဲ လူသတ်ဖို့သာ စိတ်ဝင်စားတဲ့ စိတ္တဇ ဇာတ်ကောင်တစ်ယောက်လဲ ဖြစ်သွားနိုင်ပါသည်၊၊


Source: www.google.com
ဇာတိ

ပို့စ် ပို ယဲ့ ထ ရီ ( သစ္စာနီ ) အပိုင်း ၁

(၁) မြန်မာကဗျာ ဘာလဲ ဘယ်လဲ။

ဒီစာကို ဖတ်ရှုနေကတည်းက သင်ဟာ ကဗျာရေးသူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်တိုင် ကဗျာမရေးသော်လည်း ကဗျာကို စွဲစွဲမြဲမြဲ ဖတ်ရှုပြီး ကဗျာမှုမှန်သမျှကို အလေးအနက် စိတ်ဝင်စားသူသော်လည်းကောင်း ဖြစ်ဖို့ရာ ရာနှုန်းပြည့်လောက် သေချာပါတယ်။ ဒါဆို ခင်ဗျားဟာ ကဗျာနဲ့ပတ်သက်ပြီး ဒုန်းမဝေးသူလို့ ယူဆတာကြောင့် ကျွန်တော်တို့ စကားဆက်ပြောလို့ ရပြီ။ အထက်က ခေါင်းစဉ်ငယ်လေးကို အာရုံကျတယ်မဟုတ်လား။

ဒီတော့ အခြေခံက စပြောကြတာပေါ့။ ဒါမှလည်း လိပ်ပတ်လည်မှာမို့ပါ။ ဦးစွာ “မြန်မာကဗျာ” ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် စတင်သတ်မှတ်ဖို့ လိုပါတယ်။ ခြွင်းချက်ရှိပေမဲ့ ဒီစာတမ်းအတွက် အလုပ်ဖြစ်ရုံ ပြောရရင် မြန်မာကဗျာဆိုတာ . . .

“မြန်မာလူမှုဝန်းကျင်ကို အခြေခံ၍ ရေးဖွဲ့ထားသောကဗျာ” လို့ ဆိုကြပါစို့။ မြန်မာလူမှု ၀န်းကျင်ကို အခြေခံရေးဖွဲ့ထားတဲ့ ကဗျာဟာ မြန်မာနိုင်ငံအတွင်းအပြင် မည်သည့်နေရာကမဆို ရေးဖွဲ့ထားတဲ့ကဗျာမျိုးလို့ သတ်မှတ်ပါတယ်။ ဒီလိုပြောရတာက အိုင်တီနည်းပညာခေတ်ကြီးထဲမှာ ပြင်ပရောက် မြန်မာတချို့ကလည်း ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေနဲ့ ကဗျာတွေ ရေးဖွဲ့နေကြလို့ ပါပဲ။ နောက်တစ်နည်းက မြန်မာဘာသာစကားနဲ့သာမဟုတ် (အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား) နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါ အကျုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်လိုပဲ ကဗျာရေးဖွဲ့ နေကြတဲ့သူတွေ ကျွန်တော်တို့ဆီမှာ ရှိနေလို့ပါပဲ။

“ကဗျာ” ဆိုတဲ့ ဝေါဟာရအတွက်တော့ ၁၉၇၉ ခုနှစ်က ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ “ကဗျာအဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ရေးသားခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ထဲကပဲ ကောက်နုတ်ဖော်ပြချင်ပါတယ်။ အဲဒီမှာ ...

“ကဗျာဆိုတာ စကြာဝဠာအနှံ့ ပြန့်ကျဲနေတဲ့ပစ္စည်းတွေ၊ အဖြစ်အပျက်တွေ၊ ကိစ္စတွေ၊ စိတ်လှုပ်ရှားမှု (ဝေဒနာ၊ စေတနာ၊ သိမှု) တွေကို ကဗျာဆရာဆိုတဲ့သူက သူနဲ့ တိုက်ဆိုင်ထိခတ် သမျှ သူ့အတတ်ပညာနဲ့ ကျွမ်းကျင်မှုအလျောက် အချိုးအစားကျနပြေပြစ်စွာ ဖွဲ့စည်းတင်ပြတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တယ်။” လို့ ဖွင့်ဆိုခဲ့ပါတယ်။ ယေဘုယျသဘောထားလို့ မှတ်ယူစေချင်ပါတယ်။

၂၀၀၃ ခုနှစ်အတွင်းက ရေးခဲ့တဲ့ “ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်တချို့” ဆိုတဲ့ ဆောင်းပါး မှာတော့ “ကဗျာဆိုတာ ကန့်သတ်ထားတဲ့အချိန်အတွင်း ကန့်သတ်ထားတဲ့ ပမာဏအတွင်း ကန့်သတ် ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့ တိကျတဲ့ဝေါဟာရအစုအဝေး” လို့ ထပ် ဖွင့်ဆိုခဲ့ပါတယ်။

ဒီလိုရေးလိုက်တာ ပလီပလာ စကားလုံးအပိုတွေနဲ့ ဟန်ဒြပ် ခုတ်နေတဲ့ ကဗျာတွေ၊ ဝေါဟာရဖက်ရှင်ရှိုးလို့ ဆိုရလောက်အောင် လျှပ်ပေါ်လော်လီတဲ့ကဗျာမျိုးတွေ တွေ့နေရလို့ပါ။ ဒါဟာ လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လို့ ပြောခဲ့ပါသေးတယ်။ ကဗျာပကာသနသမားတွေပါ။

အခုအချိန်မှာ ကျွန်တော်ဦးတည်ပြီး ရည်ရွယ်ပြောဆိုနေတဲ့ ကဗျာဟာ ဒီနေ့မြန်မာကဗျာ ရဲ့ အဓိကပင်မရေစီး ကဗျာဖြစ်တဲ့ ခေတ်ပေါ်ကဗျာကို ရည်ရွယ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း ရှိလောက်ပါတယ်။ modern poetry ပေါ့။ ဒီနေ့ခေတ် မြန်မာကဗျာလောကကိုကြည့်ရင် traditionalism ဆိုတဲ့ ရိုးရာအစဉ်အလာ ကဗျာအမျိုးအစားတွေ (ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတုပိုဒ်စုံ) ဆိုတာတွေဟာ မရှိသလောက် နည်းပါးသွားပါပြီ။ အခါကြီးရက်ကြီးတွေ ပွဲလမ်းသဘင် တွေမှာသာ ရေးသားရွတ်ဖတ်တဲ့အဆင့် ရောက်နေပါပြီ။ ဒါပေမဲ့ ခေတ်စမ်းနဲ့ သူ့အမွေဆက်ခံတဲ့ ခေတ်စမ်းသစ်ကဗျာမျိုးတွေကို စွဲစွဲမြဲမြဲ ယုံကြည်ရေးဖွဲ့တဲ့သူတွေ အထိုက်အလျောက်ရှိနေသေးတာ တွေ့ရပါတယ်။ ဥပမာ- မြ၀တီ၊ နိုင်ငံ့ဂုဏ်ရည် စတဲ့မဂ္ဂဇင်းတွေနဲ့ စာပေဗိမာန်ကဗျာစာမူ ပြိုင်ပွဲ တွေအထိပေါ့။ တော်ဝင်စာပေအဖွဲ့အစည်းကြီးကလည်း လေးလုံးစပ်လို၊ လေးချိုးလို ရေးထုံးကာရန် အစပ်အဟပ်မှန်တဲ့ ကဗျာမျိုးတွေကိုသာ ကဗျာအရာသွင်းတုန်းဆိုတာ နှစ်စဉ်ကဗျာဆုရနေတဲ့ စာအုပ် တွေကိုကြည့်ပြီး အကဲဖြတ်နိုင်ပါတယ်။

ဒါပေမဲ့ မကြည့်ချင်သာရမယ် မမြင်ချင်လို့မရတဲ့အခြေအနေက ဒီနေ့မြန်မာကဗျာလောက ကို စိုးမိုးလွှမ်းခြုံထားပြီး အကျယ်ပြန့်ဆုံး ဖြစ်ထွန်းနေတဲ့ကဗျာဟာ မော်ဒန်ကဗျာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ မော်ဒန်ကဗျာဟာ ယနေ့မြန်မာ့ကဗျာရဲ့ ပင်မရေစီးနေရာကို ရောက်ရှိနေပြီဆိုတာ ဘယ်လိုမှ မငြင်းသာတဲ့အနေ ရောက်ရှိနေပါပြီ။

ဒါဆို ဒီနေ့ မြန်မာမော်ဒန်ကဗျာရဲ့ အနေအထားကို သုံးသပ်ကြည့်ရအောင်။ ခုနပြောခဲ့ သလို ဘာလဲ ဘယ်လဲပေါ့။ မြန်မာကဗျာရဲ့လားရာကို သုံးသပ်မယ်ဆိုရင် မြန်မာကဗျာရဲ့ လာရာ ကို ပြန်သုံးသပ်မှ ပြည့်စုံမယ်ထင်တယ်။ ဒီလိုပြောမှ နောင် ကျွန်တော်ပြောမယ့် “ဘယ်လဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေ ပြည့်စုံမှာမို့ ဒီနေရာမှာ မြန်မာကဗျာအကြောင်းကို အနည်းအကျဉ်း တင်ပြခွင့် ပြုစေလိုတယ်။ (အကျယ်သိချင်ရင် ကျွန်တော့်ရဲ့ မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု စာအုပ်ကို ရှာဖွေ ဖတ်ရှုစေချင်ပါတယ်။ သရဖူမဂ္ဂဇင်းမှာ ၅ လဆက်တိုက် ရေးခဲ့တာဖြစ်ပြီး အချိန်မလုံလောက်မှု တစ်ယောက်တည်း ပြုစုခဲ့ရမှုတွေကြောင့် ပြည့်စုံလှပါချည်ရဲ့ဟု မပြောနိုင်ပါ။ သို့သော် အထိုက် အလျောက် ကျေးဇူးပြုပါလိမ့်မယ်။)

(၁) မြန်မာကဗျာ စတင်ဖြစ်ထွန်းစမှ ဂန္ထ၀င်ကာလတစ်လျှောက်လုံးအထိ သက်ဦးဆံပိုင် မင်းများလက်ထက် မြန်မာကဗျာဟာ (ရေမြေတောတောင် ရာသီဥတုအကြောင်း)ဘုန်းတော်ဘွဲ့၊ နောက် နည်းနည်းတိုးတက်လာတော့ မော်ကွန်းကဗျာ အာသံနိုင်မော်ကွန်း၊ တံတားဦးတည်မော်ကွန်း ဆိုတာမျိုးတွေ၊ စစ်ချီရတုတွေ၊ မောင်ဘွဲ့ မယ်ဘွဲ့ အလွမ်းတွေ၊ ၀န်ကြီးပဒေသရာဇာတို့လို လယ် သမားဘွဲ့၊ ထန်းတက်သမားဘွဲ့ တျာချင်းတွေဆိုတာတော့ အရေအတွက် တကယ့်ကိုနည်းနည်းလေး ရှိခဲ့ပါတယ်။

(၂) ပထမကဗျာခေတ်ဟာ ပုဂံခေတ်က စတွက်ရင် (သိုးကလေ၊ ပုပ္ပါးတောင်ဘွဲ့) အနှစ်တစ်ထောင်နီးပါး ရှည်လျားပါတယ်။ ဒုတိယကဗျာခေတ်ဟာလည်း ပထမခေတ်လောက် မရှည်လျားပေမဲ့ အတော်ရှည်လျားတယ်လို့ ဆိုနိုင်ပါတယ်။ ပဒေသရာဇ်စနစ်ကျဆုံးပြီး ကိုလိုနီ ခေတ် တစ်လျှောက်လုံး ပြီးတော့ လွတ်လပ်ပြီးစမြန်မာနိုင်ငံ ပထမဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ် ခေတ်အထိ (pre-modernism) အကျုံးဝင်ပါတယ်။ သူတို့ဟာ အမျိုးသားလွတ်မြောက်ရေး၊ ကိုလိုနီ ဆန့်ကျင်ရေးကဗျာတွေ ရေးခဲ့ကြတယ်။ အစဉ်အလာက လမ်းခွဲထွက်ခဲ့တဲ့ ခေတ်စမ်းပုံသဏ္ဌာန်ကို အကျယ်ပြန့်ဆုံး ကိုင်စွဲခဲ့တယ်။ လွတ်လပ်ရေးရပြီးပြန်တော့လည်း ဒီမိုကရေစီအရေး၊ ဆိုရှယ်လစ် တည်ဆောက်ရေး နိုင်ငံရေးစံတွေကို ကိုင်စွဲရေးဖွဲ့ခဲ့ကြတယ်။ ဒဂုန်တာရာရဲ့ စာပေသစ်သဘော တရား၊ ဒေါင်းနွယ်ဆွေရဲ့ ပြည်သူ့ကဗျာ အယူအဆတွေဟာ ပြိုင်တူထွန်းတောက်ခဲ့တယ်။ ပုံသဏ္ဌာန် ကတော့ ခေတ်စမ်းကယူထားတဲ့ သရုပ်မှန် (realism) ပုံစံပါပဲ။

(၃) တတိယကဗျာခေတ်ကိုတော့ ၁၉၇၀ ကနေ ဒီနေ့အထိ သတ်မှတ်ကြရအောင်။ ခေတ်ဟာ ကမ္ဘာကြီးနဲ့အမီ အရှိန်အဟုန်မြန်မြန်နဲ့ပဲ ပြောင်းလဲနေပါတယ်။ တော်ဖလာက တတိယလှိုင်း လို့ ခေါ်ခဲ့တယ်။ စက်မှုလွန်ခေတ်က အိုင်တီခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ စစ်အေးလွန် ကာလများ ကျော်လွှားခဲ့ပြီ။ ဆိုဗီယက်ယူနီယံနဲ့အတူ ဘာလင်တံတိုင်းလည်း ပြိုလဲခဲ့ပြီ။ အင်တာနက် ကွန်ရက်က တစ်ကမ္ဘာလုံး လွှမ်းခြုံထားလို့ ဖူကူယားမားက ကမ္ဘာပြားပြီလို့ဆိုပြီ။ သမိုင်းဟာ အလျားလိုက်သဘောနဲ့ ပြန့်ကားလာတာပဲ။ လစ်ဘရယ်ဒီမိုကရေစီသဘောနဲ့ ဗဟုဝါဒတရားကို ကျွန်တော်တို့ကဗျာဆရာတွေလည်း မျက်နှာမူလိုက်ရတယ်။ ခေတ်ပေါ်ကဗျာဟာ ၁၉၇၀ လောက်က စတင်ဖြစ်ထွန်းပြီး အခိုင်အမာရပ်တည်လာနိုင်တယ်။ ပို့စ်မော်ဒန်အနုပညာ အရည်တည်လာတယ်။ (ကျွန်တော် တကယ်ပြောချင်တာက (after post modern) ကဗျာများအကြောင်းပါ။ စိတ်ရှည်ရှည် စောင့်စားစေချင်ပါတယ်)

ခေတ်ပေါ်ကဗျာရဲ့ ဂုဏ်ရည်တချို့ကို ကျွန်တော် ထုတ်နုတ် ရှင်းပြခဲ့တယ်။ ဒီစာတမ်းနဲ့ ဆက်စပ်နေတဲ့အတွက် အတိုကောက် ပြန်လည်ဖော်ပြရရင်

(၁) ကဗျာမဆန်ရဘူး (anti-poetic) (ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)

(၂) ဝေါဟာရဖက်ရှင်ရှိုးမဟုတ်ဘူး (စကားလုံးနွံထဲ နစ်နေကြတယ်။)

(၃) နက်ရှိုင်းရမယ် (အနှစ်မပါဘဲ အဆန်ချောင်နေတယ်)

(၄) ကြည်လင်သန့်စင်ရမယ် (purity) (ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတားဖြစ်နေတယ်)

(၅) ရိုးသားရမယ် (ကဗျာပကာသနတွေ ဖုံးလွှမ်းနေတယ်)

(၆) သစ်လွင်ရမယ် (တစ်ခါလည်း မဲပြာပုဆိုးဖြစ်နေတယ်)

(၇) ဣနြေ္ဒရှိရမယ် (ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)

(၈) ခွန်အားရှိရမယ် (ပျော့ညံ့ချည့်နဲ့မနေဘူး)

(၉) တီထွင်မှုရှိရမယ် (စတန့်လုပ်တာနဲ့ မကွဲကြဘူး)

(၁၀) ကိုယ်ပိုင်ဟန်ရှိရမယ်။ ဆန်ရဲရမယ် (နာမည်ကြီးတဲ့သူနောက်၊ ရေစီးကြောင်းနောက်

မျှောလိုက်နေကြတယ်)

(၁၁) အပြည့်အ၀ လွတ်လပ်မှုရှိရမယ်

(၁၂) အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်

(၁၃) ကာလနဲ့ ဒေသရဲ့သဘောက ကင်းလွတ်နေရမယ်။

ခေတ်ပေါ်ကဗျာကို ကိုယ့်အမြင်နဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုနေကြတဲ့အထဲက သမုတိသဘော တစ်ခုလို့သာ သဘောထားကြစေချင်တယ်။ ဒီနေ့ မြန်မာခေတ်ပေါ်ကဗျာကို ကြည့်လိုက်တော့ ဒီ သဘောတရားတွေနဲ့ ကိုက်ညီတာလည်းရှိ၊ မကိုက်ညီတာလည်းရှိနေတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် တကယ်ဟုတ်တာတွေလည်းပါ၊ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေလည်းပါတဲ့ မြန်မာခေတ်ပေါ်ကဗျာ ဟာ သူ့သမိုင်းတစ်လျှောက်မှာတော့ အထွန်းတောက်ဆုံးအချိန်ကို ရောက်နေတယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ လူလတ်တန်းစားအလွှာ ကျယ်ပြန့်လာတာကလည်း မြန်မာခေတ်ပေါ်ကဗျာဖြစ်ထွန်းရေးကို အထောက်အပံ့ပေးခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်သုံးစွဲ လိုက်တဲ့ လူလတ်တန်းစားအလွှာဆိုတာ ငွေကြေး စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှုအပေါ် အခြေမခံဘဲ အာရုံခံစားမှုအတွေ့အကြုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ် အခြေခံ ခွဲခြားလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးစနိုင်ငံတွေအတွက် လူလတ်တန်းစားဆိုတဲ့ သတ်မှတ်ချက်ဟာ အထက်တန်း ပညာ သင်ဖူးသူ၊ မဂ္ဂဇင်း ဂျာနယ် ဖတ်လေ့ရှိသူ၊ လက်ဖက်ရည်ဆိုင်ထိုင်တတ်သူ၊ အိမ်မှာ တယ်လီ ဗေးရှင်းအဟောင်းလေး တစ်လုံးလောက်ရှိသူကို ရည်ညွှန်းပါတယ်။ ကဗျာဆရာစစ်စစ်တွေဟာလည်း လူလတ်တန်းစား ပညာတတ်တွေထဲကပဲ ပေါက်ဖွားလာကြပါတယ်။ အçသုံးလုံးလောက်ကြေတဲ့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား တောင်သူတွေဟာ ခေတ်ပေါ်ကဗျာကို ဖတ်လေ့မရှိတာ သေချာပါတယ်။ ဖတ်ရင်လည်း အများစုကို နားလည်သဘောပေါက်မှာ မဟုတ်ပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ဟုတ်လို့ မြန်မာကဗျာ (ခေတ်ပေါ်ကဗျာ ပင်မရေစီးကဗျာ)ဟာ ဘာလဲဆိုတဲ့အချက်ဟာ အထိုက်အလျှောက် ရှင်းလင်းခဲ့ပြီထင်ပါတယ်။ ဒီနေ့ခေတ်မှာ ကဗျာဟာ လူလတ်တန်းစားပညာတတ်တွေရဲ့ ကိစ္စသာဖြစ်ပါတယ်။ နောက်ဆုံး ခြုံပြောရရင် ဒီနေ့ မြန်မာကဗျာ အကြမ်းဖျင်းတွေ့ရတဲ့ ၀ိသေသလက္ခဏာ သုံးရပ်ကတော့ ...


နောက်ဆုံး ခြုံပြောရရင် ဒီနေ့ မြန်မာကဗျာ အကြမ်းဖျင်းတွေ့ရတဲ့ ၀ိသေသလက္ခဏာ သုံးရပ်ကတော့ ...
(၁) Sense က modern sensibility ခေတ်ပေါ်အာရုံခံစားမှု
(၂) Theme က contemporary social life ခေတ်ပြိုင်လူနေမှုဘဝ
(၃) Trend က လစ်ဘရယ်ဒီမိုကရက်တစ်လမ်းကြောင်း ဆို တာပါပဲ။



( ကျန်ရှိနေသေးသည် အပိုင်းများကို နောက်ရက် ဆက်လက် တင်ပါမည် )