Tuesday, February 16, 2010

ဆင့်ကဲပေါက်ကွဲမှုနှင့် ကဗျာ

ကဗျာသည် ဘာမှမဟုတ်ပါ။ ပြောရလျှင် ကဗျာသည် တိုင်းပြု၊ ပြည်ပြု၊ သာသနာပြု ပစ္စည်းမဟုတ်ပါ။ ကဗျာသည် အဆာပြေပေါင်မုန့်တစ်လုံးမဟုတ်ပါ။ ဟယ်ရီဘယ်ရီရဲ့ ရေကူးဝတ်စုံမဟုတ်ပါ။ အဖျက်လက်နက် တစ်ခုမဟုတ်ပါ။ လူမသိ သူမသိ အမြှောင်မယားမဟုတ်ပါ။ တက်ကျမ်းမဟုတ်ပါ။ လာဘ်ပွင့်ဂါထာမဟုတ်ပါ။ ဆုံးမစာမဟုတ်ပါ။ မောင်းချဓါးမဟုတ်ပါ။ ဘာမျှမဟုတ်ပါ။ ကဗျာသည် ဆင့်ကဲဖြစ်စဉ်များထဲမှ အမှတ်တစ်ခု (သို့) ဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။


လူသားတွင် စိတ်ရှိပါသည်။ ခံစားတတ်သောစိတ်ဖြစ်ပါသည်။ ထို စိတ်၊ ခံစားတတ်သောစိတ်ကြောင့် ပင် လူသားသည်ရွေ့သည်။ ထိုအရွေ့တွင် ဖြစ်စဉ်များပေါ်ပေါက်လာသည်။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာသည်။ ထိုသို့ အစရှာမရသောဖြစ်စဉ်များထဲမှ တစ်ခုသို့မဟုတ် အများစုသည် ကဗျာဖြစ်လာသည်။ ကဗျာဖြစ်လာပြီးတော့ ရပ်တန့်သွားမည်လားဆိုတော့ မရပ်တန့်ပါ။ ကဗျာ၏ နောက်တွင်ဆင့်ကဲဖြစ်စဉ်များ ဆက်ရှိနေဦးမည်။ မည်သို့ဆက်ရှိမည်လဲ။ နှစ်ခြမ်းရှိပါသည်။ ရေးသူဘက်အခြမ်း နှင့် ဖတ်သူဘက်အခြမ်း နှစ်ဖက်ရှိပါသည်။ ရေးသူဘက်အခြမ်းတွင် ရေးသူက ရေးလိုက်ပြီဖြစ်သဖြင့် ကဗျာဆို သောအမှတ် (သို့) ဖြစ်စဉ်ကိုကျော်မရပါ။ ထို့ကြောင့်ရေးသူက သူ၏ခံစားတတ်သောစိတ်ဖြင့် သူခံစားရသော ခံစားမိသောဖြစ်စဉ်တစ်ခုခု (သို့) အများ (ခေတ်၊ အလွမ်း၊ လိင်ကိစ္စ၊ လူ့အခွင့်အရေး)ကို ကဗျာအဖြစ် ဆင့်ကဲပေါက်ဖွားလိုက်သည်။ သို့ရာတွင် နောက်ဆက်တွဲဖြစ်စဉ် ပရိသတ်ကြိုက်မကြိုက်၊ ဝေဖန်ရေးဆရာ ကြိုက်မကြိုက်ဆိုသော ဖြစ်စဉ်များအား စိတ်မ၀င်စားတော့ပါ။ ကဗျာ၏နောက်ဖြစ်စဉ်များအား ကဗျာရေးသူမှ လျစ်လျူရှုလိုက်သည်။ ဂရုမစိုက်တော့။  (အကယ်၍ ဂရုစိုက်သူများရှိပါက ထိုသူများကို ကျွန်တော်ဂရုမစိုက်၍ ထည့်မရေးပါ။)


ဒုတိယအခြမ်း (သို့) ဖတ်သူဘက်အခြမ်းတွင် ထိုသို့မဟုတ်တော့။ ဖတ်သူသည် ကဗျာရေးသူ (သို့) ကဗျာအဖြစ်ဖောက်ခွဲသူ မရသော အခွင့်အရေးနှစ်ခုကိုရသည်။ ပထမတစ်ခုက ကဗျာကို / ကဗျာဖြစ်စဉ်ကို ကျော်လိုက်၍ရသည်။ ကဗျာကို စိတ်မ၀င်စားဘူး။ ကဗျာဖတ်ရတာ ၀ါသနာမပါဘူး။ ထိုသို့ကျော်လိုက်၍ရသည်။ ဖြစ်သည်။ နောက်တစ်ခုက ကဗျာကို / ကဗျာဖြစ်စဉ်ကို လက်ခံလိုက်ပြီဆိုပါစို့။ ထိုအခါ ဖတ်သူမှ ကဗျာကို / ကဗျာဖြစ်စဉ်ကို ကိုယ်တိုင်ဆက်လက်ဖောက်ခွဲခွင့် ရသွားသည်။ ဥပမာ- ကဗျာထဲမှ အိပ်မက်ဆိုသောစာသားကို သူမက်ခဲ့ဖူးသော / သူမျှော်လင့်နေသော အိပ်မက်တစ်ခုခုဖြင့် အစားထိုးလိုက်မည်။ ထိုအခါ ကဗျာနောက်မှ ပေါ်ပေါက်လာသောဖြစ်စဉ်အား ကဗျာရေးသူမှမပိုင်တော့။ ကဗျာရေးသူနှင့်မဆိုင်တော့ပါ။ ထိုဖြစ်စဉ်သည် ကဗျာဖတ်သူ၏ စိတ် / ခံစားတတ်သောစိတ်ကြောင့်သာ ရရှိလာသောပေါက်ကွဲမှုသက်သက်ဖြစ်ပါသည်။ ထိုပေါက်ကွဲမှုသည် ကဗျာတစ်ပုဒ်လည်းဖြစ်နိုင်ပြန်သည်။ ဤကဲ့သို့ ဖြစ်ပါသည်။






ကဗျာရေးသူ၏ ထိတွေ့ခံစားမှုများအား A ဟုသတ်မှတ်သည်။ ကဗျာရေးသူ၏ စိတ်မှ A အပေါ်တွင် ထပ်ဆင့်ပေါက်ကွဲမှုအဖြစ် ကဗျာ B ဖြစ်လာသည်။ B သည် ကဗျာရေးသူဖောက်ခွဲလိုက်သည့် အပြင်အဆင် အတိုင်း ကဗျာဖတ်သူထံရောက်သွားမည်။ အကယ်၍မရောက်လျှင် (သို့) ကဗျာဖတ်သူမှ လျစ်လျူရှုလိုက်လျှင် ကိစ္စပြီးပြီ။ သို့မဟုတ်ပါက ကဗျာ B အား ကဗျာဖတ်သူမှဖတ်မည်။ ထို့နောက်သူ၏ ထိတွေ့ခံစားမှု C ဖြင့် ခံစားမည်။ C နှင့် A သည် မတူညီကြ။ တူညီခဲ့သည့်တိုင် C သည် ကဗျာရေးသူ၏ ကိုယ်ပိုင်မဟုတ်တော့။ ထို့ကြောင့် ကဗျာရေးသူသည် A, B နှင့်သာ သက်ဆိုင်ပြီး C နှင့် D သည် ကဗျာဖတ်သူနှင့်သာ သက်ဆိုင်ပါကြောင်း။


ဆရာဇော်ဇော်အောင်၏ ဇော်ဇော်အောင်ဖတ်စာ စာအုပ်မှ ဖတ်သူအဓိကသီဝရီအားမှီငြမ်းရေးသားပါသည်။


ကြက်သွန်
၁၆ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၀

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။