Tuesday, February 9, 2010

၀၉၅၁…အနာဂတ်





တယ်လီဖုန်းခွံတွေထုတ်၊ လိုင်းတပ်၊ ခုံလေးချထိုင်ပြီးကာစ ပထမဆုံး စလုပ်ရမှာက အကြွေအမ်းထားဖို့ပဲ။
ဘေးနားက လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်ကိုပဲ အကူအညီတောင်းရဦးမှာပဲ။
“အစ်ကို … အကြွေတစ်ထောင်ဖိုးလောက် လဲပေးပါဦးနော်။”
တချို့က ကျပ်ငါးဆယ်၊ တစ်ရာကို စကားထဲ ထည့်မပြောကြပေမယ့် တချို့ကတော့ တစ်ဆယ်၊ နှစ်ဆယ်ကို အရေးကြီးခွင်ကျယ် လုပ်တတ်ပါတယ်။ သြော် … လူတွေပဲလေလို့ ခဏခဏ ဖြေတွေးနေရတာနဲ့ တရားက ရချင်ချင်၊ ကြာရင်တော့ အပျိုကြီးပဲ ဖြစ်သွားမလား မသိဘူး။
ဒီနေ့မှ တာဝန်တွဲကျတဲ့ အစ်မကြီးက သူ့သားလေး နေမကောင်းလို့ မလာနိုင်ဘူးထင်တယ်။ တစ်ယောက်တည်းတော့ ပတ်ချာလည်နေဦးမှာပဲ။ နေရောင်ကလည်း စူးလိုက်တာ၊ နေမပူအောင် အအေးဘူးကြော်ငြာ ဗီနိုင်းကြီး ထကာဦးမှပဲ။ ညနေမိုးရွာရင်တော့ ဒုက္ခက တစ်မျိုးလာဦးမယ်။ ခြေထောက်နှစ်ချောင်း ခုံပေါ်တင်ပြီး မိုးမစိုအောင် ကျုံ့ကျုံ့လေး နေနေရမှာ။
ဘွဲ့ရပြီး လမ်းဘေးရောက်မယ်လို့ ဇာတာက မှောက်လိုက်လေသလားလည်း မသိ။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိသေးပါသဖြင့် … ခေါ်ဆို၍ မရနိုင်ပါရှင် … "
တချို့က မြို့တွင်း၊ နယ်ဝေးခွဲထားပေမယ့် ကြုံရာဆက်ချင်တယ်။
* * *
"ဘယ်လိုလုပ်ရမှာလဲ၊ ခင်ဗျားပစ္စည်းကမှ မရောက်သေးတာ ကျွန်တော်က ဘယ်လိုငွေချေရမှာလဲ”
"ကြိုတင်ငွေက ကျွန်တော် ပစ္စည်းကြိုက်မှ ပေးတာ"
" အဲဒါဆို အဆင်ပြေတယ်လေ"
"ခင်ဗျား ပစ္စည်းရောက်တာနဲ့ ငွေလွှဲက… "
"အေး … ဒါပဲ"
"ဟာ … ဦးလေးကြီး ဖုန်းဖိုးပေးသွားဦးလေ။ မကြားဘူးထင်တယ်၊ အစ်ကို လက်ခုပ်တီးပေးပါဦး … ၊ ဟေး … ဦးလေးကြီး"
သိန်းနဲ့သောင်းနဲ့ စီးပွားရေးအကြောင်းပြောပြီး ဖုန်းဘိုးမပေးဘဲ ထွက်သွားတတ်သေးတယ်။
* * *
"အာ … ကိုကိုကလည်း ညက ဖုန်းနှစ်ခါတောင် ဆက်တာ၊ ပထမ ဆက်တုန်းက ဆက်သွယ်ရေးပြင်ပတဲ့၊ နောက်တစ်ခေါက်ကျတော့ ကောင်မလေးတစ်ယောက် လာကိုင်တယ်။ ဘာ ရေချိုးနေလို့ ညီမလေး လာကိုင်တာ … ။ ကိုကို မညာနဲ့နော်။ ညီမလေးဆို ဘာလို့ချက်ချင်း ဖုန်းပိတ်ပစ်တာလဲ၊ ဒီမှာက နာမည်ပဲ ပြောရသေးတယ်။ သူက မရှိဘူးဆိုပြီး ဖုန်းပိတ်ပစ်တာ အဲဒါ ဘာပြောမလဲ … "
* * *
"ဟေ့ရောင် … ဘယ်လိုလဲ၊ ညက အောင်လား၊ ညဦးပိုင်း ပွဲတွေတုန်းကတော့ ငါလည်း ပြာသွားတာ။ နောက်ပိုင်း ပြန်ရတော့ ခံသာတာပေါ့။ အခု ဘယ်မှာလဲ၊ ဟုတ်လား၊ ငါ့ချစ်ချစ်ဆိုင်က ဆက်နေတာ … "
ခွေးကောင်လေး၊ လူပုံစံက ဂြိုဟ်သားလိုလို အရူးလိုလိုနဲ့၊ ဆံပင်က ထောင်ထောင်၊ ဘောင်းဘီက ပွပွနဲ့ … ။
"ဘယ်လောက်ကျလဲ၊ ၁၅၀ ဟုတ်လား၊ ၁၅၀၀ ယူ အချစ် အကြွေ တစ်စနှစ်စ ပြန်အမ်းရင် ရပြီ"
လူကို ရိသဲ့သဲ့ လာလုပ်နေတယ်၊ မျက်နှာရူးနဲ့ …။ တစ်ခါတစ်ခါ မိန်းကလေးမို့ လမ်းဘေးမှာ လူပေါင်းစုံနဲ့ အလုပ်လုပ်ရတာ ရှက်မိတယ်။ အဆိုးဆုံးက လမ်းဘေးဖုန်းမှာ လူထိုင်စောင့်ရတာ ကိုယ့်တစ်နိုင်ငံတည်း ရှိတာမို့ ကိုယ့်လူမျိုးတွေကြောင့် ရှက်ရမယ်ဆိုရင် လဲတောင် သေလိုက်ရမလား မသိဘူး။
ဒီတစ်ခါ ဂျူတီချိန်းရင် မြို့ထဲဘက်ကျရင် ကောင်းမယ်။ မြို့ထဲက ဖုန်းရုံလေးတွေက မိုးလုံလေလုံနဲ့။ ဖုန်းဆက်တဲ့လူနဲ့က မှန်ခြားထားသေးတော့ မျက်လုံးတွေဒဏ်က အနည်းငယ် ခံသာသေးတယ်။ အီးမေးလ်ရှိတဲ့ရုံကျရင် ကောင်းမှာပဲ။ အရင်တစ်ခေါက် အီးမေးလ်ပို့တာ သင်နေတာ တစ်ဝက်တစ်ပျက်ကြီး။ ဒီတစ်ခါကျရင်တော့ အီးမေးလ်ပို့တာကို တတ်အောင် သင်ထားမှ။ သူများတွေပြောတာတော့ အင်တာနက်ကနေလည်း ဖုန်းပြောလို့ရတယ် ဆိုတာတော့ ကြားဖူးတယ်။
* * *
"ရှင် ဘယ်နံပါတ်တွေ လျှောက်နှိပ်နေတာလဲ၊ အဲဒီဖုန်းနံပါတ်မှ မရှိသေးတာ"
"ဟုတ်တယ်၊ ကျွန်တော် အနာဂတ်ကို ဖုန်းခေါ်နေတာ"
"ဟင် … အရူးလား မသိပါဘူး။ ၀၉၅၁ အနာဂတ်တဲ့ … "

 

အောင်ပိုင်စိုး



No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။