Wednesday, January 20, 2010

အဖြုန်းများသာ အဖြုန်းများသော

ဤသို့ဖြင့်
အောက်ကမြင်များ ကမြင်းကြောထသော
ခေတ်တစ်ခေတ်ထဲ အဆစ်လွဲနေတဲ့အခါ
ယာဉ်တိုက်ခံရမှုများသော အမျိုးသမီးတစ်ယောက်
ချော်လဲမှာ မကြောက်သလို
ဆင်ခြင်တုံတရား၏ တစ်ဖက်ကမ်း၌
အချိုးအစားတကျ မောက်မာစွာမွန်းတည့်ကြသူ
ပျံလိုရာပျံငှက်ခါးများ လေတိုးမှုများသထက်များလာတဲ့အခါ
အောက်ကနေ မြင့်သထက် မြင့်လာတဲ့အခါ
လက်တစ်ဆုပ်စာ ဆုပ်လည်းဆူး၊ စားလည်းရူးများအတွက် ပြောင်လက်ပြရန်မှာ
ဆာလောင်မှု၏ နဖူးရေ၊ဒူးရေကို ဇောင်းတိုက်လှောင်ပြောင်ရန်မှာ
မနေ့တစ်နေ့ကနာရီထဲ မနက်ဖြန်ရဲ့ လက်တံများကိုရှာဖွေရန်မှာ
တည်နေရာနှင့်အချိန်ကို တပြိုင်တည်းသိရန်မှာ
အဖေနေမကောင်း၊ အမေအသည်းအသန်
ရောက်ရာအရပ်က  အမြန်ပြန်လာပါ
စွန့်ခွာခဲ့ရာစွတ်ကြောင်းတလျှောက် ထင်သလောက်မလွယ်ကူတာ
ဤဤထိုထို ဝဆွဲများ အဝဆွဲပြီးသည့်နောက်
ပြန်လည်ဆယ်မကောက်ရခဲ့သော ညနေခင်းဖျဖျကလေးပေါ်
အထပ်ထပ် ချော်လွဲ ကွဲ ပြား နိမ့်ဆင်းသွားပြန်တော့
သန်းခေါင်ထက်မနက်တဲ့ မနက်ကို ဘယ်လိုထွင်းဖောက်မြင်ကြမယ်ဆိုတာ။

သိုးထိန်း
၂ဝ၁ဝ ဇန်နဝါရီ ၁၉ရက်၊ ညနေ  ဂး၂၅

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။