Monday, January 18, 2010

အက်ကွဲနေတဲ့ အရောင်

ကောင်မလေး အင်္ကျီက လိပ်ပြာတွေ ထပျံနေပါသည်..။ကင်းဗတ်စထဲက မျက်ရည်စက်တွေက သူမ စကပ်တိုတိုပေါ်ကို စိုစွတ်စေခဲ့ပြီ…။ ညနေခင်းက ကြက်ပျံမကျ ဖလမ်းဖလမ်း ထနေသည် နံရံက ထုထည်ကြီးမားသည့်အတွက် အပြင်က အသံဗလံများကို ကျွန်တော် ထွင်းဖောက်မြင်မ နေရတာ အတော့်ကို ကံကောင်းပါသည်.. ။ ပုရွတ်ဆိတ်များ စီးတန်းသွားလာသည် video art ကို ပန်းချီဆရာမ ၀ါနု ကရိုက်ပြတော့ ဆရာဇော်ဇော်အောင်ရဲ့ ၀ထ္တုတိုထဲက ၀ါနုကို သတိတရ ရှိသွားမိသည်…။ ဖြစ်နိုင်ရင် ကျယ်ပြောလှသည့် စကြာဝဠာကြီးထဲမှာ တိုက်ဆိုင်မှုတွေကို အမှတ်ရမနေချင်ပါ.. ဇွန်ဇီလုပ်တဲ့ ဂျုံရုပ်ကလေးထဲမှာ ကိုယ့်ဝိဥာဉ်ပါသွားမယ်မှန်း
 ကြိုတင်မသိခဲ့လို့  သူမရဲ့ ပါဖောင့်မန့် ကိုစိတ်ရှည်လက်ရှည် စောင့်ကြည့်နေမိတယ်… ဆံပင်ရှည် တွေထဲမှာ ငြိနေတာက ဘီယာပုလင်းအဖုံးတွေ ဘားကုဒ်တွေ လေဘယ်ကဒ်ပြားတွေ အစက်အစက်အပြောက်ပြောက် ဗောက်တွေ .. ပြီးတော့ အနုပညာ လည်း ငြိတွယ်နေနိုင်တာပဲ…။


အပြုံးတွေကို သူခိုးဈေးနဲ့ ရောင်းစားလိုက်ရတာ မရိုးသားမှုပဲ..။ အဲဒီအတွက် ခင်ဗျားခပ်လွယ်လွယ် မပြုံးပြပါနဲ့… ခင်ဗျားပါးစပ်ကြီး ဇစ်ပြုတ်နေတော့ ဘာလာလာဝါးမှာပဲ အထာနဲ့ .. ။ ဒေးကာနက်ဂျီကို ပိုက်ဆံအရှာကောင်းတဲ့ အရူးလို့ အနုပညာသမား သုံးဦးနဲ့အတူ ကျွန်တော် အတည်ပြုခဲ့ပါသည်… အင်္ဂတေတချို့ ကွာကျနေတဲ့ အုတ်နံရံအဟောင်းတစ်ချပ် ဟာ ရေစိုထားတဲ့အမှောင်မှာ ခမ်းနားနေပါတယ်… စီးကရက်မသောက်သူ တစ်ဦးနဲ့ အတူထိုင်ရတာ ဘ၀အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံးပဲ.. နာနာကျင်ကျင် ဆွဲထားတဲ့လက်က ပြေလျော့ချလိုက်ချိန်.. လေနီရိုင်းတွေကြားမှာ သူမတင်းမထားနိုင်တော့ဘူးတဲ့… လေဟာနယ်ကို ကိုယ်က ဆုပ်ကိုင်လျှက်နဲ့… နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းစဟာ ချောက်ကမ်းပါးတည့်တည့် ကိုယ့်အနုပညာကို ယုံယုံကြည်ကြည် ပစ်ချလိုက်တယ်… မြေပုပ်ခေါင်းပုပ်.. မဟုတ်တာတွေက
ပုပ်တဲ့အခါ ပေါ်မှာပဲ… တလှေလုံးပုပ်နေတာတောင် ငါးခုံးမက ဈေးကောင်းရတုန်းလား.. ။ ရပ်ပြစ်ရှစ်ပါးထဲမှာတော့ အနုပညာစစ်စစ် တွေမထွန်းကားနိုင်ဘူးပေါ့…။


စီးကရက်အပြေတွေ မရောင်းတော့ဘူးလို့ ကောင်တာက မိန်းမက လှမ်းပြောတယ်..။ အဲယားကွန်းစ် ဘတ်စ်ထဲမှာ အဲယားကွန်းမပါတာ ပြဿနာမရှိပါဘူး..။ ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတော့ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မပါတာ ပြဿနာရှိလို့လား..။ အကြွေလေးမှာ ပြန်မအမ်းနိုင်ရင်တော့ ယူသာထားလိုက်ဗျာ… ရှင်တို့က ရဲတွေပဲ… ။ ရယ်စရာတွေထဲမှာ ဟာသမရှိတာလည်း မထူးဆန်းတော့ပါဘူး… အခုမှတော့ မထူးဘူး ပေါက်တဲ့နဖူးကို ၀ိုင်းတူးလိုက်ကြတာ ဂတ်စ်တွေထွက်လိုထွက်… ကျောက်စိမ်းတွေထွက်လိုထွက် … ယူရေနီယံတွေထွက်လို ထွက်… ခင်ဗျားတို့အလှည့်လို ပြောတာပဲ.. စစ်တုရင်ရုပ်တွေကို ရွှေ့ဖို့.. ကုလားထိုင်နဲ့ ပူးချည်ထားတဲ့ ကျွန်တော်လက်ကို အရင်ဖြည်ပေးပါ.. ဖြေဆေးက မိစ္ဆာတွေ ယူသွားတယ်လို့ တရုတ်သိုင်းကားထဲမှာ ခဏခဏ ပြတယ်… နောက်ဆုံး ဇာတ်လိုက်က ဘယ်ချောက်ထဲမှာ သွားအိပ်နေတာလည်း… ပင်လယ်တွေအကုန်လုံး မုန်တိုင်းမိနေတယ်.. သူတို့ကိုကယ်တင်ဖို့ အရေးပေါ် သဘောင်္တွေ ကမ်းစပ်က ခွာပါ…. ဥသြသံရှည်ရှည်ပေးပြီး.. ရထားက ဘီးစလှိမ့်နေပါပြီ… ဥသြသံတိုင်းမှာတော့ နွေရာသီရှိမနေပါ.. လွတ်လပ်မှုကလည်း.. သူလက်ကိုင်ဖုန်းက ဆက်သွယ်ရေးပြင်ပရောက်နေတယ်တဲ့… တင်ထားတဲ့ ပရောဂျက်တွေပြန်မကျခင်… ဆင်ထားတဲ့ အကွက်တွေမရွေ့စေနဲ့….တလောတုန်းကတော့ ဘကြီးဆုံးသွားတယ် မျှော်လင့်ချက် မရှိတဲ့ ရောဂါနဲ့… ဆရာဝန်တွေကလည်း သေသေချာချာ နားမလည်ကြပါဘူး
ထစ်ခနဲဆို နားကျပ်ဆွဲ ဓားဆွဲ… ငှက်ပျောတုံးတွေကို အသက်ရှင်ခိုင်းရသလို မုန့်ဟင်းခါး ချက်တော့ ထည့်စားရတာပေါ့တဲ့… မဲမပေးတတ်လည်း ကိစ္စမရှိဘူး ကြက်ခြေခတ်လေး ခြစ်လိုက်လေ… တွေ့သမျှအကုန် ကြက်ခြေခတ်နေတော့ ဆရာမလည်း အမှတ်မရတော့ဘူး…
ကျောင်းအုပ်ကြီးက စာမေးပွဲကျတယ်… အဲဒီကလေးတွေ ပြည်သူ့နီတိကို အကုန်လုံးရတယ်…
ကမ္ဘာမကြေဆိုတိုင်း… ခြေဆင်းက တရားမျှတမှုမရှိဘူး… ။ အငိုတိတ်သွားတဲ့ ကလေးက အိမ်ပြန်လမ်းကို မရွေးတော့ဘူး.. ကျွန်တော်တို့ ဦးနှောက်နဲ့ နှလုံးသားကို အမဲသားဆိုင် ပို့ထားလိုက်ပါပြီ…။ ကျွန်တော်တို့ မှတ်ပုံတင် အနီရောင်ကဒ်နဲ့ပါ…။ နိုင်ငံတော်ကို ကြည်ညိုလေးမြတ်လျှက်…။


 
 
မိုးလှိုင်ည
 
 

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။