Wednesday, February 3, 2010

တစ်ဝက်လောက်တော့ သိနေပါပြီ။

လိပ်ခေါင်းရောဂါကြောင့် ဆေးဖက်မဝင်တော့တဲ့အိပ်မက်များကို ပုလင်းလွတ်တစ်လုံးထဲထည့်ပြီး အပေါ်မှ အချိုမှုန့် အနည်းငယ်ဖြူးကာ မေ့လျော့မှုအဆို့တစ်ခုဖြင့် လေလုံစွာပိတ်၍ အလင်းရောင်မဝင်နိုင်သောအခန်းငယ်တစ်ခုအတွင်း

သိမ်းဆည်းထားလိုက်ပါပြီ။

ကဏ္ဍအလိုက် ကြုံကြိုက်ခြင်းများအားဖြင့် ဖတ်ဖတ်မောမော / သောသောနင့်နင့် / လွင့်လွင့်မူးမူးများအစား အထူးတလည် ဖလှယ်ဆက်သွယ်မှုများကို တားဆီးခြင်းပြုရန် အမှတ်အသားပြထားသည့်အတိုင်း… မိသားစုစိတ်ဓါတ်မရှိတဲ့ ခုနှစ်စဉ်ကြယ်(ကျယ်)ရိပ်များနှင့်လည်း သန်းခေါင်စာရင်း ဆေးပေးမီးယူခြင်း အလျဉ်းမရှိတော့ပါ။

ကဗျာဆရာဆိုသည်မှာ…"ဗေလုဝ"လောက်လည်းလူသိမများ၊ ငွေရပေါက်လည်းမချောင်လျက်က အဓမ္မရတဲ့ကိုယ်ဝန်လို အများကဝိုင်းတားလည်း အနုပညာကို ဘုရားပေးတဲ့သားတော်အဖြစ်မွေးထုတ်ဖို့ အသင့်ရှိနေတဲ့သူလို့သိမှုက မှတ်ဉာဏ်ထဲတွင် မှင်ကြောင်ထိုးထားသော ဘီလူးရုပ်တစ်ရုပ်လို ဘယ်အချိန်ကစလို့ ရောက်ရှိနေခဲ့တာပါလဲ?

တဖွဲဖွဲကျိန်စာများကြားမှ ပြန်ကောက်ရသောရနံ့ကလေးသည် ယခင်ကထက် ပိုမိုနွေးထွေးချိုအီ မွှေးရီထုံပျံ့စွာ သက်ဝင်တောက်ပကြောင်းကို ငတုံးများနားလည်နိုင်အောင် ရှင်းပြနိုင်မည့်ဘာသာစကားတစ်မျိုး ဤကမ္ဘာပေါ်တွင် တကယ်ရှိခဲ့ဖူးကြောင်း ဘယ်ကျမ်းအဆူဆူကမှ လက်ဆင့်မကမ်းခဲ့ကြပါ။

သံသရာအငြိုးငြိုးမှာ ဘယ်သေချင်းဆိုးတွေကများ ကျွန်တော့်ကို "ချစ်ခြင်းဆိုး" လို့ ကျိန်စာဝိုင်းတိုက်ခဲ့ကြပါသလဲ?

ဘဝတစ်ခုလုံးစကာဖောက်ပစ်တဲ့ စနိုက်ပါသမားတစ်စုနဲ့ ငရဲပြည်မှာဖဲအတူရိုက်ဖို့ချိန်းထားပြီးသားမို့ ရာသီဥတု သာယာမယ့်နေ့တစ်နေ့ကို ရွေးကြပါစို့။

 

သိုးထိန်း

၂ဝ၁ဝ ဖေဖေါ်ဝါရီ ၂ ညနေ ၉း၃ဝ

No comments:

Post a Comment

ကဖေးဆိုင်ထဲက တစ္ဆေတွေပါပဲ ...
ညလုံးပေါက် သောင်းကျန်းနေတတ်တယ်
သူတို့အသံတွေက ချောက်ချောက်ချားချား
ဘယ်လိုမကျွတ်လွတ်မှုမျိုးနဲ့
သူတို့ခြောက်လှန့်နေဖြစ်ကြလည်း..။
ကဗျာရေးတဲ့ တူရာလူမိုက်တွေ စုပေါင်းနေထိုင်တယ်...။