Wednesday, September 30, 2009

ဆီးရွှင်သလို အပျော်ရေးလိုက်တဲ့ ကဗျာ




မင်းလာခဲ့..

မင်းကိုငါစောင့်နေတာ

ဝေးတာတွေနီးတာတွေ မပြောနဲ့

မင်းလာသာလာခဲ့ မင်းကိုငါ စောင့်နေတယ်။




မင်းစကား

မင်းပဲပြန်နားထောင်

မင်းပဲ ခုတ်ထစ် ပိုင်းဖြတ် ခွဲစိတ်

မင်းဟာမင်း ပြန်စစ်ဆေး ပြီးရင် မင်းလာခဲ့




မင်းစာသား

မင်းပဲပြန်ဖတ်ကြည့်

မင်းပဲ နှိုက်ဆွ ဖျဉ် ဖျက်

မင်း ကိုယ်မှာ မင်းပြန်ကပ်ကြည့်ပြီး မင်းလာခဲ့




မင်းဝါကျ

မင်းပဲ ပြန်ချိုးဖျက်

မင်းပဲ ဆက်စပ် ဖြုတ်တပ်

မင်း စိတ်ကြိုက်ကစား အားရပြီဆိုရင် မင်းလာခဲ့




မင်း နိမိတ်ပုံတွေ

မင်းပဲ ပြန်ဆင်ကြည့်

မင်းပဲ မှော်ဆရာလို မန်းမှုတ်

မင်း လိုဘပြည့်အောင်ပွတ်သပ် ပြီးရင် မင်းလာခဲ့




မင်းဘာသာစကား

မင်းပဲ အားရပါးရလောင်းချိုး

မင်းပဲ တမိုးလုံးဖျောက်ဆိပ်လို ဖြန့်ကျက်

မင်း လက်ကုန်နှိုက်ပြီးလို့ အားလုံးသေချာပြီဆိုရင် မင်းလာခဲ့




ဟောဟိုမှာ အလင်းတန်းကြီးတွေ့လား

နဂါးငွေ့တန်းလို့ခေါ်ဝေါ်ကြတယ်

ဆူးလေ ကနေ ကြိုက်တဲ့ကားတက်စီးလာခဲ့

ဦးခင်အောင်အေးဆီသွားမလို့ လို့သာပြော၊ စကားကြွယ်တဲ့

စပါယ်ယာလေးကအစ ဒေါသကြီးလှပါတယ်ဆိုတဲ့ ကားဒရိုင်ဘာကောင်ကတောင်

ဝင်ပြောလိမ့်မယ်။ အစ်ကို ထိုင်..ကားခလဲမပေးနဲ့ ဒီမှာ ကွမ်း..ဒီမှာဆေးလိပ်..ဒီမှာရေသန့်ဘူး.

ဟိုကျရင်သာ ကျနော့်ကားနဲ့ အစ်ကို့ကိုတင်လာတယ်ဆိုတဲ့ အကြောင်း ခုန ဦးခင်..ဘယ်သူ..

အဲ…အဲ.. သူ့ကို ပြောပေးပါ။





ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၂၀း၅၆ နာရီ

မြို့မေတ္တာ ခံယူမယ့်သားပေမို့




သူထ အော်ကာနီးမှာ ကိုယ် အားသွင်းကြိုးကိုတပ်လိုက်တယ်

ဆန်အိတ်က တုံးလုံးပက်လက် အခန်းထောင့်မှာ

မျှော်လင့်ခြင်းတွေဟာ ရောင်ခြည်လိုပုံစံမျိုးမဟုတ်ပဲ ခရစ်စတယ်လ်လေးတွေလို

အားကစား သတင်းလာတာနဲ့ တီဗွီကို အော့ဖ် လုပ်လိုက်ရော

ပေါင်းရသင်းရတာ သံပုန်းတီးပြီး တောခြောက်ခံနေရတယ်

အခြောက်တိုက်မြောက်နေတဲ့ အဲဒီကျွတ်ကျွတ်အိတ် လေထဲမှာ လေထက်မှာ လေထဲမှာ လေထက်မှာ

ဝေးပြီးပျောက်သွားပြီ မျက်စေ့ နှစ်ဆုံး သုံးဆုံး တောင်မကဘူး

စင်ထွက်လာတဲ့ ကျည်ခွံတွေဟာ သာသနာပြုတွေလိုပဲ

တအိမ်အိမ်က ချဉ်ပေါင်ဟင်းနံ့

မိုင်ပေါင်း အသောင်းအသိန်း ဝေးတယ် သို့မဟုတ် နီးတယ်

အင်္ကျီဂျိတ် အနီရောင် ၂ ချောင်း၊ အပြာနုရောင် ၁ ချောင်း၊ ဖက်ဖူးရောင် ၁ ချောင်း၊

ညကကောင်းကောင်း အိပ်မအိပ် လိုက်စစ်တဲ့ အဖွဲ့လာနေပြီ

လေယာဉ်ကိုမြေပြင်သို့ဆင်းစေခြင်း၊ လှေကားထိပ်မှ ညီညာသောနေရာ

သူ့ဇာတ်ထုပ်နဲ့သူ အမြောင်းလိုက် အမြောင်းလိုက် တံဆိပ်တွေ ကပ်ထားလိုက်တယ်

စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေး အရည်အသွေးမြင့် သီးနှံများထုတ်လုပ်ရေး နှင့်ပတ်သက်၍

Screen မှာပေါ်လာသမျှတွေ အကြောင်သား ငေးစိုက်ကြည့်နေမိ

ဥပမာ ပြင်သစ်ပိုင်နက်မှာရှိတဲ့ မာကွန်ပြည်နယ်နဲ့တော့ လုံးဝမတူဘူး။ (တွန့်ဆုတ်)

ဘီးလုံးလေးဟာ သူ့ဘ၀တလျှောက်လုံး နှစ်ပေါင်း ၄၀ ကျော် အသုံးတော်ခံခဲ့တယ်

အထက်ကား အောက်ရှူး ဘယ်လိုတွေးခေါ်ပုံမျိုးလဲကွာ သတိဆွဲခိုင်းထားလိုက် အဲဒီကောင်ကို

မျောက်များသည် လူများနီးနီး လူများသည် မျောက်များနီးနီး သင်ယူတတ်မြောက်လွယ်ကူကြသည်

မျောက်လက်ချထားသည် ကျောက်ချထားသည် ဆိုက်ကပ်ထားသည် ထိုးရပ်ထားသည်

ပြောနေဆဲမှာ ညနေ ၆ နာရီတိတိ (ကိုယ့်နာရီမှာ ၁ မိနစ်လို) နိုင်ငံတော် သီချင်းစ, သီဆိုပြီ

အဲသလိုက ပိုကောင်းမယ်၊ စာအုပ်ထဲမှာ အမှတ်စဉ်ထိုး၍ညွှန်ကြားထားသည့်အတိုင်း

ဆရာဝန်မင်းများက ပလိပ်ကပ်ဖျားရောဂါ ဟုပညတ်၍ ထိုအနာကိုလည်း(၁၉၀၅-၁၉၀၇)

အူး….လွမ်းကြမယ် အချစ်ကလေးရယ်x x ဒါပေမယ့်လဲ…နှစ်သိမ့်စရာ ရှိသေးတယ်…x x

ကဗျာဆက်မရေးတတ်လျှင် ထည့်ချင်ရာထည့်သည့်အကျင့်ကို ဖျောက်လို့မရ

“……ဘာရေးရင်” “ ……ဘာရေးရင်” ကဗျာ… ဟုတ်လား? က, ဗျာ ဟုတ်လား? က, ပြီဗျာ ဟောဒီမှာ..

ပလို့ ဂျိ..။



ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၉း၅၄ နာရီ

ချောပြောင်ပြောင် ရောင်စုံ အလုံးကလေး ကိုးလုံး အိပ်ကပ်ထဲမှာ ဗလာ ဗလာ ဗလာ




ဒီနေ့တခုခုထူးခြားလိမ့်မယ်

သီချင်းလေးတွေ ကောင်းတယ် ဒီနေ့လွှင့်တဲ့အစီအစဉ်က

မနေ့ကတည်းကချိန်နေတာ ဒီနေ့တော့လုပ်ဖြစ်အောင်လုပ်မှ

သတင်းစာ ဒီနေ့ မရလိုက်ဘူး အိပ်ပျော်သွားတာ

အရေးပေါ်အစည်းအဝေးက ဒီနေ့ကျင်းပမှာ ကုလသမဂ္ဂမှာဆိုလား ပင်တဂွန်မှာဆိုလား

ကွေးညွတ်သွားတဲ့ မခံချိမခံသာ စိတ်ကို ဒီနေ့ပဲ သားသတ်ရုံပို့လိုက်ပြီ

အခမဲ့ ဆေးတိုက်ကျွေးတာ ဒီနေ့နောက်ဆုံးတဲ့

ဒီနေ့ သူ့မွေးနေ့ မို့ ရဲတွတ်တွတ် နှင်းဆီတပွင့် ပို့လိုက်တယ်

သာမာန်အားဖြင့်တော့ ဒီနေ့ ပိတ်ရက်မဟုတ်ဘူး

သမိုင်းထဲက ဒီနေ့ဟာ အခြား အထူးနေ့တွေလိုပဲ ဘာထူးခြားမှုမရှိပဲ ကုန်ဆုံးသွား

ဟာ.. ဒီနေ့ ဆေးစသောက်ရမယ်လေ အာပါး.. မေ့နေလိုက်တာ

ဒီနေ့ မပေးနိုင်ဘူးလို့မင်းကိုဘယ်နှစ်ခါပြောရမလဲ

တုန်ခါသွားတဲ့ လှိုင်းအလျားနဲ့ အခြားတိုင်းတာရရှိမှုတွေ ဒီနေ့ထုတ်ပြန်ကြေညာလိမ့်မယ်

ဈေးမှာ ဒီနေ့ ငါးပုစွန်ရှားတယ်

ကျောင်းက ဆရာမကမှာလိုက်တယ် ဒီနေ့ အလှူငွေကောက်မယ်တဲ့

အင်း… ဒီနေ့ပဲပေါ့ ဟိုတမြန်နှစ်က ရေကြီးလို့ တာလမ်းမပေါ် တက်နေရတာ

မောင်..ဒီနေ့ ကျမနဲ့မောင်နဲ့ ဘာအမှတ်တရနေ့လဲ မှတ်မိလားဟင်..

မင်းတို့ဟာကလဲ ဒီနေ့မှတဲ့လားကွာ၊ မနက်ဖြန် လုပ်လို့မရဘူးလား

ဒီနေ့ ဗုဒ္ဓဟူးနေ့

အဲဒီ ခရီးစဉ်က ဖျက်သိမ်းထားတယ်လေ ဒီနေ့ မရှိဘူး

မြေပုံအဟောင်းနဲ့ အရှိတရားသစ်တို့ဟာ ကွာဟသွားကြမှာပဲ၊ ဒီနေ့လိုပေါ့

နင်တို့ ဘဘ ဆုံးသွားတာ ဒီနေ့ ဆယ့်ငါးနှစ်ပြည့်ပြီ

ခွဲစိပ်ရမယ့် အစီအစဉ် ဒီနေ့ ဘယ်နှစ်နာရီ စမလဲ

ဒီနေ့မြန်မာ ကဗျာလောကမှာ ခေတ်ပေါ်နဲ့ခေတ်ပြိုင် နှစ်လုံးထဲကပ်ရှုပ်နေကြတယ်ဆိုပဲ

ဆေးသုတ်မယ့်အဖွဲ့တွေ ဒီနေ့စ,၀င်မှာနော် လိုအပ်တာပြင်ဆင်ထား

သူကမျက်နှာသေနဲ့ ပြောသွားတယ် ဒီနေ့ သူ့ကိုယ်သူအဆုံးစီရင်ဖြစ်လိမ့်မယ်တဲ့။



ခင်အောင်အေး

၃၀၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၀း၃၁ နာရီ

Tuesday, September 29, 2009

ကွယ်လွန်သူမိုးလှိုင်ည

ကြေးစည်ကိုထုကြပြီ

ရေအိုးကိုခွဲကြပြီ

စည်ပင်ဝန်ထမ်းက

စန့်စန့်ကြီးသန့်သန့်ကြီးငါ့အလောင်းကို

လက်တွန်းလှည်းပေါ်တင်ဆွဲတော့

မျက်ရည်စစတွေနဲ့ ငါအနည်းအကျဉ်းကောင်းခဲ့တာလေးကို

ဝတ်ကျေတန်းကျေပြောကြဦးမယ်

လေးယောက်ဝင်ကြည့်လို့ရမယ်

လောင်မီးတိုက်တာဝန်ရှိသူကပြောတော့

သူဝင်ငါဝင်နဲ့

သိဟောင်းကျွမ်းဟောင်းနှစ်ယောက်ရယ်

မိန်းမဘက်ကဦးလေးရယ်

စာမူခတွေပေးပြီးစာမူမရလိုက်လို့

စိတ်ထဲကကျိန်ဆဲနေတဲ့ထုတ်ဝေသူတစ်ယောက်ရယ်

သုံးမိနစ်အတွင်းလူတစ်ကိုယ်လုံးပြာကျစေမယ့်

နိုက်ထရိုဂျင်မီးတောက်ထဲ

နှလုံးသားတည့်တည့်ကိုသံချွှန်နဲ့ထိုးမကော်ထည့်တော့

ဟိုလေးယောက်က ဘယ်တော့မှမရတဲ့

သံဝေဂစကာလုံးတွေရေရွတ်ကြမယ်

အဲဒီလိုသရုပ်မှန်ဇာတ်ကွက်အတိုင်းလိုက်သေရမှာ

ပျင်းရိလွန်းလို့

ပိုင်ရှင်မဲ့အလောင်းကောင်(ကဗျာဆရာဖြစ်ကောင်းဖြစ်နိုင်သည်)

သေစာရင်းအရာရှိရဲ့မှတ်ချက်

ငါ့ဝိညာဉ်မှာကပ်ပေးလိုက်ရင်တော်ပြီ....။



မိုးလှိုင်ည

Monday, September 28, 2009

ခင်အောင်အေး ဆိုတဲ့ကောင် သေသွားပြီ


အဲဒီဖိုင်ကိုဆေ့ဖ် ထား ဟာ့ဒ် ကော်ပီလဲကူးထား

မောင်ပြည့်မင်းကိုပြရမယ် ဇေယျာလင်းကိုပြရမယ်

ကိုအောင်ချိမ့်ကို တချက်မေးရမယ်

လှသန်း မိုးဇော် တပ်လှန့်ထား

မိုးဝေးရေ.. ဖုံးနံပတ်တွေ ရသလောက်ပြန်ရှာ

အပြင်မှာ မိုးတွေတအား ရွာကောင်းရွာနေလိမ့်မယ်

ကဗျာရေးလို့တော့ တအားကောင်းပြီပေါ့

သူနေထိုင်ကြီးပြင်းခဲ့ရာတလျှောက်

လက်ဗွေရာ ခြေဗွေရာတွေ ရသလောက်စုဆောင်း

အငယ်တန်းသတင်းထောက် နှစ်ယောက်သုံးယောက်လောက် အမြန်လွှတ်

ဘာတွေ့လဲ ဘာမြင်လဲ ဘာသတင်းရသလဲ ချက်စားလို့ရပြီလား

သူ့ဘ၀ သူ့ဇာတ်ကြောင်း/သူ့ဇာတ်ကြောင် သူနဲ့ပတ်သက်ခဲ့သမျှ ဇာတ်ကောင်တွေ/ဇာတ်ကောင်မတွေ

မွေးသက္ကရဇ် အဖေနာမည် အမေနာမည် ( နောက်ဘာတွေ ဆက်ဖြည့်စွက်ရအုန်းမလဲ)

သူ့ချစ်သူ သူ့မုန်းသူ သူ့ရန်သူ သူ့မိတ်ဆွေ ခင်ဗျား ဘယ်လောက်သိထားသလဲ

သူ့ အသုဘ လူဘယ်လောက်လာလဲ နတ်ပြည်က ဘယ်လောက်လာလဲ ငရဲပြည်ကပရိသတ်ပိုများလား

စစ်တမ်းကောက်အဖွဲ့ ကိုလွတ်လွတ်လပ်လပ် စာရင်းပြုစုပါစေ

သေပြီဆိုမှတော့မလှုပ်တော့ဘူး ( တယောက်က၀င်နောက်တယ်) တကယ်က သူအသက်ရှင်နေတုန်းက

လှုပ်နေရမှ ကျေနပ်သူ သူ့မိတ်ဆွေဆိုသူတွေ ကွာစေ့နွှာရင်း ၀ါးရင်း ရေနွေးကြမ်းငှဲ့ရင်း အိနြေ္ဒဆည်ရင်း

ပြန်ပြောပြနေကြ သူတို့ထိတွေ့မိသမျှ သူ့အကြောင်းတွေ အထွေထွေ အပြားပြား

သူသေသွားပြီ နောက်ထပ် သူ ဘာမှပြောလို့မရတော့ဘူး၊ သူများပြောတဲ့သူ့အကြောင်းတွေလဲ

သူမကြားနိုင်တော့ဘူး၊ သူဆိုတာမရှိတော့ဘူးတဲ့ (တကယ်တော့ ‘သူ’ ဆိုတာ ဘယ်တုန်းကမှလဲ မရှိခဲ့)

လောကဆိုတာ တကယ်မရှိတဲ့ အကြောင်းတွေပဲ အရှိလုပ် သိတယ်ထင်ကြ ပြောကြ ဆိုကြရတာ

ခုတော့ ခင်အောင်အေးက သူသေသွားပြီဆိုတဲ့အကြောင်း သူမရှိတော့ဘူးဆိုတဲ့အကြောင်း

သူ့မျက်ကွယ်ကအကြောင်းတွေ သူမျက်စေ့မှိတ်ပြီးသွားကာမှ ဖြစ်ပျက်တဲ့ အကြောင်းတွေပြန်ပြောနေတော့

ဘယ်လိုလဲ ဖဲကောင်းလား ကုလားပျောက်နေလား သူ့နာမည်တ, လိုက် ပန်းကန်ဖဲ ဆွဲတက်တယ်

ဘုန်းကြီးပွဲ အတွက် အရင်ဆီသတ်တော့မလား ကြက်သားဟင်း လုံးတော့မလား ကွမ်းအစ်ပြင်ပြီးပလား

သမိုင်းမှာ ကြက်ရေးငှက်ရေးဆိုရင် ဘယ်သူ့နံမယ်တွေ အတည်ပေါက်ပြောကြမှာတုန်း

လူကတော်တော်ကြီးတော့မှ ကမောက်ကမတွေ တော်တော်လုပ်သွားတာပဲ

(ကဗျာတွေ တော်တော်ရေးသွားတာတော့ ဘယ်သူမှ ဆေးဖော်ကျောဖက်လုပ်ပြီး မပြောကြ)

လူပျံတော်လေးလို ၀ဲကြည့်နေတယ် အသုဘရှု လာကြသူတွေကို

“တလောက သေသွားတဲ့ သူ့သူငယ်ချင်းအကြောင်းတောင် ကဗျာစပ်လိုက်သေးတာ”

လို့ ပြောတဲ့ သူက ပြော “နိမိတ်ဖတ်သွားတာပေါ့လေ” မှတ်ချက်ချသူကချ

စကားပြေကို ကဗျာလုပ်ယူဘို့ ဘယ်အပလီကေးရှင်းကို အတက်ခ်ျ လုပ်ရမလဲ

ဝါကျသစ် စကားပြေကဗျာ စမ်းသပ်ရင်း သူ့ခမျာ ရေတိမ်နစ်ရရှာတာ

ဇာတ်က အခိုင်ကြီးတော့မဟုတ်ဘူး မင်းသားဦးစားပေးဇာတ်ပဲ ပရိုဂျူဆာ လဲ အိပ်ပျော်စားဝင်အောင်

နောက်တနေ့ မျက်နှာသစ်ဖို့.. မဟုတ်ဘူးလေ ဆပ်ပြာနဲ့သွားတိုက်ဆေးအကြောင်းရေးကြီးခွင်ကျယ်လုပ်ပြီး

ပြောနေတာမဟုတ်ဘူး နို့- ဒါဖြင့်…။



ခင်အောင်အေး

၂၇၊ စက်တင်ဘာ၊ ၂၀၀၉

၂၃း၁၂ နာရီ ဘန်ကောက်စံတော်ချိန်

Saturday, September 26, 2009

သောကြာနေ့တိုင်း



လေ၊ ကျင်ကြီး၊ ကျင်ငယ်၊ ချောင်းဆိုးလိုခြင်း

အန်လိုခြင်း၊ ကြို့ထိုးလိုခြင်း၊ အိပ်လိုခြင်း

အစရှိသည်တို့ကို တရံတဆစ်မျှမတား

မမြစ်ရာ၊ မအောင့်ရာ။ အောင့်လျင်

ရောဂါဥပဒ် ရောက်တတ်သည်။

( ဥတုဘောဇနကျမ်းမှ…)

ဒီအတိုင်းမနေပါနဲ့

မရယ်ပဲ မနေပါနဲ့

စကားတိုးတိုးမပြောပါနဲ့

အကာအစွပ်မပါပဲ မနမ်းပါနဲ့-စသဖြင့် စသဖြင့်တွေ

ငါတို့နားလည်ထားသင့်တယ်-စသဖြင့် စသဖြင့်တွေ။



တွေ့ဖူးတယ် တ၀က်ပြိုကျနေတဲ့ အခုလိုလူ

အဲဒါ ငါကိုယ်တိုင်တောင်ဖြစ်နိုင်သေးတယ်

လမ်းသွားရင်း ပိုက်ဆံအကြီးဆုံးအတန် ကောက်ရနိုင်သလိုပါပဲ

မထင်မှတ်ပဲ ဘာလုပ်ရမှန်းမသိအောင် ဖိနပ်သဲကြိုးပြတ်သွားနိုင်တယ် ဘယ့်နှယ်လဲ။



မြန်မာပြည်ဈေးကွက်ကို ဖြည့်တင်းရန်

နောက်ထပ် ငါ့ကဗျာအသစ်တပုဒ်ပေါ့

ကိတ်မုန့်လို၊ ၀ီစကီလို၊ အရည်းကြီးလို၊ ဇီးသီးလို

အလိုပြည့်စေမယ်ပေါ့ သောကြာနေ့တိုင်း။



အောင်ချိမ့်

လှိုင်းသစ်မဂ္ဂဇင်း ၂၀၀၉ ဇန်န၀ါရီလ မှ ကူးယူဖော်ပြသည်

Thursday, September 24, 2009

ကိုအောင်ဝင်း (ပင်လယ်မဂ္ဂဇင်းအယ်ဒီတာ) အတွက်ဝမ်းနည်းကြေကွဲခြင်း


တေးရေးဆရာ (ဝေးခဲ့ပြီ ပန်းခရမ်းပြာ) ၀တ္ထုတို ဆောင်းပါး များရေးသားခဲ့သူ

ပင်လယ်မဂ္ဂဇင်း (၁၉၉၀ များ) အယ်ဒီတာ ကိုအောင်ဝင်း ခေါ် ကိုနော် ( Art for No Sake) သည်

ယနေ့ (၂၃ စက်တင်ဘာ၂၀၀၉) နံနက်၎း၃၀ အချိန်က ကျောက်ပန်းတောင်းမြို့နေအိမ်တွင်

အသည်းရောဂါဖြင့် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက်မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

ဝတ္ထုတိုပေါင်းချုပ် တအုပ် ထုတ်ဝေရန်စီစဉ်နေဆဲ ယခုလို ကွယ်လွန်သွားခြင်းဟုသိရ။

အနုပညာဓါတ်ခံအားကောင်းသော ကြယ်တပွင့် ကြွေလွင့်ရလေပြီ။


မြေကြီးငဲ့ အထူးဂုဏ်ပြုအပ်သောဧည့်သည်တော်ကြီးအား ကောင်းမွန်စွာ လက္ခံ ပါဖိ

(ယိတ်စ် သို့ အော်ဒင် ၏ ကဗျာမှ)

Wednesday, September 23, 2009

ကဗျာတွေ သက်ရှိထင်ရှားရှိနေရတဲ့အကြောင်း

ဖလော့ရင်စ့်ဒင်္ဂါးတစ်ထောင် မပေးနဲ့ ငါက စပင်နိုဇာ



ဒီလိုပါ ကိုဖုန်းရ
ပါတ်ဝန်းကျင်ဆိုတာ
အလိုလိုက်ခံထားလွန်းတဲ့ကလေးဆိုးလို
အရောတ၀င်နေဖို့သိပ်မကောင်းဘူး…။


တောပြောတောင်ပြောနဲ့
သိက္ခာမရှိတိုင်းလည်းပြောတတ်ကြရဲ
လိပ်ပြာမရှိတိုင်းလည်းယိုးတတ်ကြရဲ့


အဲဒီတော့ ကိုဖုန်းရာ
ကဗျာသမားတွေကပဲ ခွင့်လွှတ်ပေးရတာပဲ
အနုပညာသမားတွေကပဲ
ဆိုဆုံးမပေးရတာပါ..။


ဒီလို ကိုဖုန်းရ
တချို့ကနေဖို့ကလည်း သိက္ခာမရှိ
သေဖို့အတွက်လည်း သီလမရှိတော့
တတ်လို့ရေးတဲ့ကောင်ကို
ငတ်လို့ရေးတဲ့ကောင်က
စာကြောင်လို့ဟောင်တဲ့အခါလည်းရှိတယ်…။


ဒီလိုပါ ကိုဖုန်းရ
ကျွန်တော့်နာမည်ကအောင်ပိုင်စိုး
ကဗျာနာမည်က မိုးလှိုင်ည
ခါးကြားမှာမောင်းချဓားနဲ့
နှလုံးသားမှာအမှန်တရားနဲ့
တစ်ခါတစ်လေတော့လည်းကိုဖုန်းရေ
တရားနဲ့လည်းဖြေတတ်ရတယ်
ဓားနဲ့လည်းခြေတတ်ရတယ်အစ်ကို


ဒီလိုပါ ကိုဖုန်းရ
သစ္စာတရားရဲ့ကျမ်းစာမှာ
အလျော့ပေးတဲ့ လက္ခဏာမပါဘူး…
ဒါပေမယ့်
ယာယီရှုံးနိမ့်သွားတဲ့အမှန်တရားဟာ
ယုတ်ညံ့တဲ့အောင်ပွဲထက်ပိုစွမ်းအားရှိတယ်
မာတင်လူသာကင်းပြောခဲ့သလို
ခွင့်လွှတ်လိုက်ပါအစ်ကို
ဘယ်တော့မှမေ့မပစ်ပါနဲ့
လူတွေကို သူတို့ရဲ့အပြုအမူအရ
ထိုက်တန်တဲ့ရလဒ်ပြန်ပေးတာ
တရားမျှတမှုပဲအစ်ကို…။


ကဗျာတွေသက်ရှိထင်ရှားရှိနေတဲ့အကြောင်းက
လူတွေမကောင်းဘူးဆိုတဲ့အခြေခံအချက်ကလာတာ
ဉာဏ်နည်းတဲ့ကောင်တွေကတော့
လူတွေဟာကောင်းပါတယ်ဆိုပြီး
အထွန့်လာတက်ကြမယ်…
ဗုဒ္ဓတောင်ဆိုဆုံးမမရတဲ့ အန္ဓတွေကိုတော့
ကျွန်တော်တို့ စကားဖက်ပြောနေစရာမလိုဘူးလေ…


ဒီလိုပါကိုဖုန်းရ
ကျွန်တော်က စပင်နိုဇာဆိုတော့
ဒီလိုပဲပြောပြောနေရတာပေါ့
ရွာနီးချုပ်စပ်လေးပဲလိမ္မာရေးခြားရှိနိုင်အောင်လို့…။


မိုးလှိုင်ည

ကဗျာပါးမဝသေးလဲကမ္ဘာသားတွေအကြောင်းက စကြတာပေါ့မိုးလှိုင်ည




မင်းကလဲ မင်းအကြောင်းနဲ့မင်း

ငါကလဲ ငါအကြောင်းနဲ့ငါ

မင်းက တချက်တချက် ဒီလိုထအော်ရင်

ငါ့မှာ ရင်တုန် ပန်းတုန်နဲ့ ကိုယ့်လက်ဖျံရိုး ကိုယ့်ငုံကြည့်နေရ

ငါတို့ဟာ ဗဟုဝါဒ သက်ဝင်ယုံကြည်ကြတာမဟုတ်လား

ကိုယ့်ရဲ့ပျော်ဝင်စီးမှုသဏ္ဍန်အကြောင်းကို

ကျယ်ကျယ်လောင်လောင်မပြောတော့ဘူး

အသစ်အဆန်းဆိုတာ မင်းလဲ မြည်းကြည့်ဘူးပြီပဲကွာ

လျှာပေါ်တင်လိုက်တိုင်းလဲ အရသာတွေ့တာမှမဟုတ်တာ

တံဆိပ်သစ်တွေဟာ ဒီရာစုသစ်ထဲ သိပ်များတဲ့ အဟောင်းထည်တွေ

ကမ္ဘာမြေကြီးဟာ ဝန်ပိုတွေနဲ့ လေးလံလွန်းနေတယ်

ကမ္ဘာမြေတနေရာမှာ မတရားမှုဆိုတာ အသေအချာရှိခဲ့တယ်

ငါတို့ဟာ ဒါတွေကိုလက်ပိုက်ကြည့်နေလိုက်လို့ မဖြစ်ဘူး

မင်းခါးကြားမှာဓါးမြှောင် ငါ့နောက်ကျောမှာက ဆောင်ဓါး

လာ. . ခရီးအတူသွားတာပေါ့

မင်းက ဖေဖော်ဝါရီမှာ သွေးနွေးသလို

ငါကလဲ နိုဝင်ဘာမှာ သွေးဆူလာတတ်တယ်

မိုးထဲရေထဲ သိပ်မသွားနဲ့တော့ကွာ

နာဖျားမှုတွေက ငါ့တို့ဘဝထဲမှာ ပြည့်နှက်နေတာမဟုတ်လား

လေလွင့်မှုတွေအကြောင်း ကိုတော့

ကဗျာမှုပြုမကောင်းတော့ပါဘူး

ကမ္ဘာမြေအတွက် တဖဲ့စာလောက်ဖြစ်ဖြစ် ငိုကြွေးပြီး

အတ္တာဟိ အတ္တနော နာထော

မိမိကိုယ်သာကိုးကွယ်ရာဖြစ်တယ်ဆိုတဲ့အကြောင်းကို

ခေတ်ရေစီးကြောင်းထဲ ကြွေးကြော်ရအောင်



ဖုန်းမြင့်

(22.09.2009)

ရှယ်လီတမ်းချင်း

ပင်လယ်ကြီးကသာ နှစ်သက်မယ်ဆိုရင်
လှလှပပ သေပြလိုက်ချင်တဲ့
အရူး ရှယ်လီကို သတိရမိတယ်။

ဝုန်းဒိုင်းကြဲပင်လယ်ကြီးကို
ကြောက်ဖို့မလို
ချစ်ဘို့ပဲလိုတဲ့ အချစ်တွေရချင်တိုင်း
အရူးရှယ်လီ*ကို သတိရတယ်။ ။


သုခမိန်လှိုင်
ကဗျာဆရာရှယ်လီ*

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှကူးယူဖော်ပြသည်

Sunday, September 20, 2009

လွမ်းချင်း



လူ့ဘ၀ ရခဲ့တဲ့ နှစ်များ

အသူရကယ်ဘ၀ ရခဲ့တဲ့နှစ်များ

ပေတဘ၀ ရခဲ့တဲ့နှစ်များ

ဒေ၀ဘ၀ ရခဲ့တဲ့နှစ်များ

သုခိ အတ္တာနံ ပရိဟရ န္တု ရခဲ့တဲ့နှစ်များ

သမီးတစ်၊ သားတစ် ရခဲ့တဲ့နှစ်များ

ဖြစ်ဖြစ်မြည်အောင် ဖြစ်ခဲ့ ရခဲ့တဲ့နှစ်များ

ဘာမှ မဖြစ်ချင်တော့ဘူး ရခဲ့တဲ့နှစ်များ

ရခဲ့တဲ့ နှစ်များမှာ ပြသနာကောင်

ရခဲ့တဲ့နှစ်များမှာ ကြောက်ချေးအိုး

ရခဲ့တဲ့နှစ်များမှာ ရှပ်ကီဘဲ

ရခဲ့တဲ့နှစ်များမှာ တကိုယ်ကောင်းသမား

ရခဲ့တဲ့နှစ်များမှာ ကလေး၊ အရူး၊ သဘင်သည်

ရခဲ့တဲ့နှစ်များမှာ ဘ၀တွေကူးခဲ့

မိတ္တူတွေကူးခဲ့၊ ရေကူးပြိုင်ပွဲတွေ ၀င်ကူးခဲ့

စာတွေချကူးခဲ့၊ ရောင်စုံဓါတ်ပုံတွေကူးခဲ့

မျက်စိနာနဲ့ တီဘီကူးခဲ့

မြစ်ကြီးငါးသွယ်၊ ပင်လယ်၊ သမုဒ္ဒရာကူးခဲ့

လမ်းမပေါင်း ရာထောင်ကူးခဲ့၊ တံတားအစင်းစင်းကူးခဲ့

ကူးခဲ့သမျှဇာတ်လမ်း အခန်းခန်းမှာ

အိုး မိုင်ဂေါ့တွေနဲ့သာ တွေ့ခဲ့ရ

နောက်ထပ် အိုးမိုင်ဂေါ့တွေနဲ့သာထပ်တွေ့ရ

အစားပြန်မရနိုင်တော့ဘူးလားကွယ်။

(ဖက်ရှင်မဂ္ဂဇင်း၊ ၂၀၀၆)



မောင်ပြည့်မင်း

Tuesday, September 15, 2009

ခင်ဗျားနဲ့ သက်ဆိုင် မဆိုင် ကျွန်တော်နဲ့ သက်ဆိုင် မဆိုင်

မိုးခြိမ်းသံကြောင့် ကားတွေ အလန့်တကြားထအော်တယ်...
လူတွေက ဖာသိဖာသာ...သင်ခန်းစာတစ်ရပ် မနွေးထွေးကြောင်း
ကမ္ဘာကြီးမီးလောင်ရင်..ဘာတွေချ နင်းသင့်ကြောင်း မဆွေးနွေးကောင်း ဆွေးနွေးကောင်း
နေပူနှင်းကျ
အပြောင်း
အလဲ အရမ်း မြန်တယ်
မနေ့ကဟာ ဒီနေ့ကမှာ ခိုအောင်းထားတယ်..
ကောင်မရယ် ငါသိပ်ကြိုက်တဲ့ ချိတ်ထမီလေး
ဘာဟင်းချက်လဲ ဒီနေ့
တူးတူးခါးခါး သတင်းစကားပါးလိုက်ပါရစေ
ကမ္ဘာကြီးနေထွက် နေ၀င်
စောင့်ကြည့်မနေနိုင်ဘူး မနေ့က ဂျင်းဘောင်းဘီ
ပြတ်သွားတဲ့စွန်နောက် တောက်လျှောက်လိုက်နေတဲ့ သူငယ်
ခေတ်ကာလက
ညအခါ ကာလသားဟင်း ချက်မစားတော့ဘူး
မိုက်တယ်ကွာ ကောင်မလေး အလန်းလေး အလန်လေး
ပြန်ပြန်သေးသွားတဲ့ စာလုံးတွေ
မြင်ကွင်းကို
ချဲ့ချဲ့ကြည့် ချုံ့ချုံ့ပေးပါ
စပယ်ယာဟာ ကားနောက်ခန်းမှာ
ထ ထ အော်တဲ့ နာရီ
ည ည ဖားအော်သံမကြားဘဲ ဖားသား စားခဲ့တယ်
စကားလုံးတွေ အဓိပ္ပာယ်တစ်ခုဆီ လွန်းထိုးမနေ ထပ်ခါ ထပ်ခါ ရှင်းပြခြင်းသည် ထပ်ခါထပ်ခါ
လဲကျခြင်းနဲ့ သေဖော်ညှိမညှိ နောက်ဆုံးတင်သွင်းလိုက်တဲ့ စာတမ်းထဲ
နောက်ဆုံးဝင်လာတဲ့ အီးမေးလ်ထဲ
နောက်ဆုံးဝင်လာတဲ့ ထိုးနက်ချက်ထဲ နောက်ဆုံးလူ နောက်ဆုံးစံ/ခံလိုက်ရမလား
နောက်ဆုံးက နောက်ဆုံးစကားပြောဖို့ နောက်ဆုံးအချိန်ရောက်တဲ့အထိ
တစ်ချက်တည်း
ထီးထီးကြီး ရပ်နေတဲ့ ကုက္ကိုပင် တစ်ရွက်ချင်းကြွေ တစ်ပွင့်ချင်းသေ အသီးတွေ
ရွာထဲ လှည်းများ
ဖုန်ထောင်းထောင်း ထသွားတယ်
ခွေးတွေက ထ ထ ဟောင်တယ်
သန်းချီပေမယ့် ပြီတီတီ ရီသွားတယ်
ဆန့်သောလက်ကွေးသွားတယ်
ကွေးသောလက်
ဆန့်သွားတယ် မုန့်လေပွေ
နဲ့ ရပ် ခတ်လို့ ရသတဲ့လား
အမှားပြင်ထားတဲ့ အမှင်လေးထားပါရစေ
ဒီနေ့ ရှေးမြန်မာကဗျာထဲက စကားလိမ်စာသားတွေဖတ်ရတယ်
ဘာသာစကားက ဘယ်လိုသွားပါလိမ့်
ငါ့တို့ကြား
ခြားထားတဲ့ အရိပ်ကလေး
လေထိုးကျွတ်ဖာ ဘေးက ခလုတ်ခလေး နှိပ်ပေးပါခင်ဗျား
ရသမျှကို မပြင်ဆင်ဘဲ ပေါ်သမျှဆက်တိုက်ရေး
ဟေ့ ဟောက်သံ သိပ်မပေးနဲ့
မအိပ်ချင်သေးဘူး
ပုဂ္ဂလိကတွေ သိပ်ဆန်တယ် အများဆိုင်နာမ်
အများပိုင်ကံတွေ
ဝါကျဖွဲထုံး ဂုန်းပိုးစီးသွားတယ် ငါးမရပေမယ့်
ရေချိုးမပြန်ခဲ့ဘူး စကား ပုံထဲ စကားလုံးတွေလိုက်ရှာခဲ့တယ်
ဆန်နေတဲ့လေက ပျံနေတဲ့ငှက်ကို
မေမေရေ အရောင်တွေရင့်တယ်
ပန်းချီကားထဲ ဆေးစက်က ဆွဲကြိုးချသေသွားတယ်
လဟာ ညနံရံမှာ
နံပါတ်မှားနေတဲ့ ခါးက နာမည်မှားခေါ်သွားတယ်
အလုပ်မရှိ အလုပ် ရှာ ကြံ လုပ်တယ်
အပ်နဖားပေါက်ထဲ ကြိုးသေးသေးလေး
အနုပညာထဲ ဘာတွေတပ်ဆင် အနုပညာထဲ အနုပညာ တပ်ဆင်
ပြင်ဆင်ချက်ထဲ ပြင်ဆင်ရင်း ကွင်းဆင်း လမ်းဖြတ်ကူးနေတယ် မီးစိမ်းပေး
အလိုအလျှောက်သိ ကိရိယာက မီးနီ မီးစိမ်း မီးဝါ လမ်းသွားလမ်းလာများ ခင်ဗျား
“သင့်ငွေကြေးများကို ယခုမှစ၍ သက်သာစေနေပါသည်” စာတန်း
စမ်းသပ်ရင်း စမ်းသပ်ရင်း စက်သံတွေ ညံသွားတယ်
စက်သံတွေ ရပ်သွားတယ်
ပျက်နေတဲ့စက်ဟာ ဖျက်နေတဲ့စက်ဟာ တက်ကျိုးလို့ လက်ထိုးလှော်ခဲ့ရ
ပြေး ပြေးပြီလား ဝေး ဝေးနေတဲ့ နေရောင်တွေ။ ။

တည်ရ

Saturday, September 12, 2009

လမ်းလျှောက်ထွက်သွားတဲ့ အိပ်မက်

တနေ့က ကျွန်တော် အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်။ အိပ်မက်အကြောင်း ပြန်ပြောမယ်ဆိုရင် လူအများစုက `ညက ငါ အိပ်မက်မက်တယ်´ ဒါမှမဟုတ် `မနေ့ညက ငါ အိပ်မက်တစ်ခု မက်တယ်´လို့ ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ ကျွန်တော့်အိပ်မက်ကတော့ နေပူပူ နေ့လည်ခင်းတစ်ခုမှာ မက်ခဲ့ပုံပေါ်ပါတယ်။ အဲဒီနေ့လည်ခင်းမှာ အမှန်တကယ် ပူ မပူ ကျွန်တော် မသိပါ။ ကျွန်တော်က အိပ်ပျော်နေပြီး နေပူမယ်ဆိုတာကို ထင်ကြေးဖြင့် ပြောဆိုခြင်းဖြစ်၍ စာဖတ်သူက ကျွန်တော့်အား ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်သည် ညအချိန် အတော်များများကို အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးစေသဖြင့် မနက်စောစောပိုင်းမှသည် နေ့လည်နေ့ခင်းအထိ အိပ်တတ်၍ အိပ်မက်သည်လည်း နေ့ခင်းဘက်ကြီး ရောက်လာရခြင်း ဖြစ်မည်ထင်ပါသည်။ သာမန်အားဖြင့်တော့ ကျွန်တော်သည် အိပ်မက်များကို ယုံကြည်လေ့ရှိသူ မဟုတ်ပါ။ သို့သော်လည်း ထို့အတွက်ကြောင့် ကျွန်တော့်အား အိပ်မက်မမက်သူဟု မယူဆစေလိုပါ။ အိပ်မက်တွေကို မှတ်သား ပြန်ပြော နိမိတ်ကောက် ပုံဖော်တတ်သူတစ်ယောက် မဟုတ်ပါဟုသာ ဆိုလိုခြင်း ဖြစ်ပါသည်။

ယခု အိပ်မက်ကတော့ နည်းနည်းထူးဆန်းနေပါသည်။ နိုးနိုးခြင်း ကျွန်တော် အိပ်မက်မက်နေသည်ဟူသော အသိတရားတစ်ခုကို ဘယ်ကမှန်းမသိ လက်ခံရရှိနေခြင်း ဖြစ်ပါသည်။ ကျွန်တော် အိပ်မက်ကနိုးတော့ ညနေ သုံးနာရီထိုးနေပြီ။ ညနေခင်းနေက အီလည်လည်ကြီး ပွင့်လို့ ပူလောင်အိုက်စပ်နေသည်။ အမှန်မှာ ကျွန်တော်က အိပ်မက်မှ နိုးလာခြင်းမဟုတ်ဘဲ အိပ်ပျော်နေရာမှ နိုးလာခြင်းသာ ဖြစ်ပါသည်။ အိပ်မက်ကတော့ အိပ်ယာထဲမှာ ဆက်မက်နေပုံ ရပါသည်။ ကျွန်တော် ရေမိုးချိုးရန်အတွက် ရေချိုးခန်းထဲ ၀င်စဉ်အတွင်းမှာပဲ အိပ်မက်အကြောင်းကို ပြန်စဉ်းစားမိနေပါတယ်။ အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို တစ်ခုခု ပြောနေပုံပဲ။ `ချစ်သော ဖေဖော်ဝါရီ ကလေးနှစ်ယောက်နဲ့ ရောက်လာပြီး သူမ ဒုက္ခရောက်နေတယ်လို့´ ကျွန်တော့်ကို ပြောပြတာလား… ဒါလည်းမဟုတ်သေးပါဘူး… သိသလိုရှိနေသော သိမှုက သေချာစဉ်းစားကြည့်မှ မသိဘူး ဖြစ်နေပါတယ်။

မျက်နှာသစ် ရေမိုးချိုးပြီးတော့ အိပ်မက်ကို မေ့သလို ရှိသွားပြီ။ `ကျွန်တော် အလုပ်သွားတော့မယ်…´ အိမ်ခန်းထဲကနေ လမ်းမကို ဖွင့်ချလိုက်တော့ တချို့လူတွေက တအိအိနဲ့… တချို့လူတွေက လှုပ်လှုပ်ရွရွနဲ့… ဂနာမငြိမ်တာကို တွေ့နေရတယ်။ သူတို့လည်း သူတို့အိပ်မက်တွေနဲ့ ဒွိဟဖြစ်နေပုံရပါတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း မရေမရာလမ်းတွေ ဆက်လျှောက်နေလိုက်ပါတယ်။ ညနေခင်းကတော့ အဟောင်းတန်းထဲမှာတောင် ရီဂျတ်ထိသွားတဲ့ အင်္ကျီတစ်ထည်လို စိတ်ပျက်လက်ပျက် ဆုတ်ခွာနေတာကို တွေ့လိုက်ရတယ်။

ကျွန်တော်လည်း ညနေခင်းကို ဂရုတစိုက် ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။ နုစဉ်အခါတုန်းကတော့ အခုလို ညနေခင်းမျိုးကို `အသည်းကွဲညနေ ငါးနာရီခွဲ´ လို့ သေသေချာချာ ချိန်တွယ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုယ့်အလုပ်လောက် ညနေခင်းက ငေးမောချင်စရာ မကောင်းတော့ပါဘူး။ အမှန်တကယ် ကျွန်တော့်အလုပ်ဆိုတာက လမ်းများများလျှောက်ပြီး လူတချို့နဲ့ စကားပြောကြည့်တာပါပဲ။ အဲဒီအလုပ်တွေကို ညဉ့်နက်တဲ့အထိ ကျွန်တော်လုပ်ပြီးရင် မိုးသောက်ချိန်နီးပါးလောက်မှာ စကားလုံးများအဖြစ် စာရွက်အလွတ်တွေပေါ် ရေးရေးချတာပါ။ ညနေခင်းလူတချို့က အိပ်တန်းပြန်ပြီးတဲ့နောက် ညထဲကို လူတချို့ ထိုးစိုက်ဆင်းလာသလိုပါပဲ…။ အလင်းရောင်တွေ ကွက်တိကွက်ကြား စွန်းထင်းနေတတ်တဲ့မြို့မှာ ကျွန်တော် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားရင်း အိပ်မက်အကြောင်းကို ဒုတိယအကြိမ် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ အမေရိကန် အိတ်စ်ပရက်စ်ကုဝန်ထမ်းက ကျွန်တော့်ကို တောင်ကြီးက နှင်းဆီပွင့်တွေ လာပို့ပေးတာပါ… ပြီးတော့ သူက ပြောသေးတယ် `ပန်းတွေ နွမ်းကုန်မှာစိုးတဲ့အတွက် သူ့ဆောင်းဥတုထဲ ထည့်သယ်လာခဲ့တာ´ တဲ့… ကျွန်တော်က သူ့ကို ကော်ဖီတစ်ခွက် ဖျော်တိုက်ပါတယ်။ ကော်ဖီက နှစ်ချို့နေတော့ သူ တော်တော် သည်းခံပြီး သောက်သွားရရှာတယ်…´အေးဗျာ… ဘရာဇီးက ကော်ဖီဆိုတော့ ရန်ကုန်ရောက်တော့ တော်တော်နောက်ကျနေပြီ´ လို့ ကျွန်တော် တောင်းပန်စကား ပြောလိုက်မိသလား မသိဘူး။ အိပ်မက်ထဲမှာမို့ သိပ်မသေချာဘူး။

အဲဒီအချိန်မှာပဲ ရဲကင်းက ရဲက ကျွန်တော့်ကို လှမ်းတားတယ်… `ဟေ့လူ… ဘယ်သွားမလို့လဲ…´ `ကျွန်တော် လမ်းလျှောက်နေတာပါ´ `ဒီအချိန် လမ်းလျှောက်တဲ့အချိန် မဟုတ်ဘူး´ သူက ကျွန်တော့်ကို သင်္ကာမကင်း ဖြစ်နေပါတယ်။ ကျွန်တော့်ကို သူခိုးတစ်ယောက်နဲ့ ဆင်ဆင်တူလားလို့ ခြေဆုံးခေါင်းဆုံး ကြည့်နေပါတယ်။ အမှန်တော့လည်း ကျွန်တော်ဟာ သူခိုးတစ်ယောက်ပါ။ လူတွေရဲ့ ခံစားချက်တွေကို ခိုးယူပြီး စာရေးစားသောက်နေတဲ့ သူခိုးတစ်ယောက်ပါပဲ။ ဒါပေမယ့် ကျွန်တော် အဲဒီလို ရှင်းပြလို့မရတဲ့ အခြေအနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော်က မူးယစ်ရီဝေနေဟန်ဆောင်လိုက်ပြီး တစ်ဖက်လမ်းထဲက ဗြူတီဆလွန်းလို့ အမည်ခံထားတဲ့၊ ကောင်မလေးတွေက ဧည့်သည်ကို နှိပ်ပေးပြီး သဘောကောင်းတဲ့ ဧည့်သည်တွေဆို ကောင်မလေးတွေကို ပြန်နှိပ်ပေးလို့ရတဲ့ အနှိပ်ခန်းတစ်ခုကို သွားမလို့ လို့ ပြောလိုက်တယ်။ ရဲသားလည်း အဲဒီတော့မှ စိတ်ချသွားတဲ့ဟန်နဲ့ `ကောင်းပြီ…သွားတော့´လို့ ပြောပါတယ်။ ကျွန်တော်လည်း ခေတ်ဟောင်းဝတ္ထုတွေထဲကလို ခပ်သုတ်သုတ် လျှောက်မသွားပါဘူး။ အေးအေးဆေးဆေး လေချွန်ပြီး ထွက်သွားလိုက်တယ်။ ဒီမြို့ထဲမှာ ဟန်ပျက်လို့ မရပါဘူး။ အကုန်လုံးက ဟန်မပျက် နေနေကြတာမဟုတ်လား…။

လမ်းမတွေကို လှမ်းမျှော်ကြည့်လိုက်တော့ တိတ်တဆိတ်သေနေတဲ့ အနက်ရောင် မြွေကြီးတွေလိုပါပဲ… အလင်းရောင်စူးစူးရှိတဲ့ နေရာတွေကို ပိုက်ဆံအထပ်လိုက်နဲ့ ရမ္မက်ထူထူ လူတချို့ ပိုးဖလံတွေလို တိုးဝှေ့သွားနေပါတယ်။ တချို့နေရာတွေက မယ်လိုဒီမမှန်တဲ့ အသံတွေနဲ့ ရစ်သမ်ပျက်နေတဲ့ ဂီတတွေ ဖိတ်လျှံကျနေပါတယ်။ အကာကွယ်ရောင်းတဲ့ ကောင်လေးတွေ တက္ကစီတစ်စီးဆိုက်တိုင်း ပြေးကပ်သွားတဲ့ မြင်ကွင်းမျိုးကို မနက်ဆိုရင် ဈေး၊ ညဆိုရင် နိုက်ကလပ်… မျက်နှာနှစ်ဖက်နဲ့ အဆောက်အဦးတွေ ကြားထဲမှာ အတိုင်းသား တွေ့နေရပါတယ်။ ကောင်လေးတစ်ယောက်က ငွေအကြွေတွေကို ပလက်ဖောင်းပေါ်မှာ ထိုင်ရေနေပါတယ်။ ဓါတ်မီးတိုင်အောက်မှာတော့ ဆိုက်ကားတစ်စီး အိပ်ပျော်နေပါတယ်။ ဆိုက်ကားရော ဆိုက်ကားဆရာပါ ခြင်မကိုက်သလို၊ အိပ်ယာမလိုသလို လမ်းဓါတ်မီးတိုင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပါ။ လူရိပ်မြင်ရင် ထိုးထိုးရပ်တတ်တဲ့ ဈေးကြိုကားတွေ ထွက်လာတော့မှ ကျွန်တော် အိပ်ပြန်ဖို့ သတိရတာပါ။ ဒါဆိုရင် အလုပ်ချိန်ပြီးပြီလို့ ကျွန်တော်ယူဆလို့ ရပါတယ်။ ကျွန်တော့်အလုပ်က ရုံးဆင်းလက်မှတ် ထိုးစရာမလိုသလို အချိန်မှတ်ကဒ်ပြားကိုလည်း တာလီစက်ထဲ ထိုးထည့်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် မြင်သမျှ ထိတွေ့သမျှ အရာအားလုံးကို ဘာသာစကားထဲ ထိုးသွင်းတတ်ဖို့ လိုပါတယ်။ ဒါကို ကျွန်တော်က စာရေးတာလို့ ယုံကြည်သတ်မှတ်ထားတာပါ။ စာရေးတာ အလုပ်မဟုတ်ဘူးလို့ ကျွန်တော့်ကို သြဇာလွှမ်းမိုးသူတစ်ဦးက ပြောဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်မခံခဲ့ပါဘူး။ တတ်နိုင်သမျှ တစ်ဦးတည်း လုပ်နိုင်တဲ့ ဒီအလုပ်ကို ကျွန်တော် ကြိတ်မှိတ်ချစ်နေမိတယ်။ တစ်ခါတစ်လေတော့ အထီးကျန်ဆန်ခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ မွန်းကြပ်မှုများနဲ့ ထိပ်တိုက်ရင်ဆိုင်တိုးရလေ့ ရှိပါတယ်။

စာရေးဖို့ စားပွဲမှာ ထိုင်လိုက်ချိန်ကျတော့မှ အိပ်မက်အကြောင်း တတိယအကြိမ်မြောက် ပြန်စဉ်းစားမိတာပါ။ အိပ်မက်ထဲမှာ နေရောင်ခြည်ဆိုတဲ့ ကောင်မလေးက ကျွန်တော့်ကို ဝေဖန်နေတာပါ။ `ရှင်က လူတွေအားလုံးထဲမှာ အကောက်ကျစ်ဆုံး ဖြစ်ပုံရတယ်… ရှင့်မျက်လုံးတွေက နွေဦးထဲမှာ ရင့်မှည့်နေတဲ့ သစ်သီးတွေလို နွေးထွေးချိုမြိန်နေပြီး ရှင့်အပြုအမူက အေးစက်အက်ကွဲနေတယ်´ `မဟုတ်သေးပါဘူး…´ ကျွန်တော် တစ်ခုခု ပြန်ရှင်းပြမှဖြစ်မယ်…။ ဒီမနက်တော့ စာမရေးတော့ဘဲ စောစောအိပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်တော် အိပ်ယာခင်းပြီး အိပ်မက်ကို စောင့်နေလိုက်တယ်…။ အတော်အကြာမှာ ကျွန်တော် သတိရမိတယ်။ ကျွန်တော်နိုးတဲ့အချိန်တုန်းက အိပ်ယာကို ခေါက်သိမ်းခဲ့ပြီး အိပ်မက်ကိုမှ ခေါက်မသိမ်းခဲ့တာ…။

အိပ်မက်က အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်သွားပုံရတယ်။

အဲဒီနေ့က ကျွန်တော် အိပ်မက် ထပ်မမက်တော့ပါ။

မိုးလှိုင်ည

Wednesday, September 9, 2009

မိုးနေ့ဟောင်းများ




လာတုံးကတော့ အုန်းရေသောက်ရုံ

ခရုခွံကောက်ရုံသက်သက်


မင်းကမ်းစပ်မှာ
လက်ပမ်းကျတဲ့ပင်လယ်
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ်


လာတုံးကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်


မင်းစဥ့်တီတုံးပေါ်
အရှင်လတ်လတ်ငါးတကောင်သေငယ်ဇောငင်သလို ပင်လယ်
မင်းကောင်းကင်အောက်မှာ
လှိုင်းတွေနဲ့ဘောင်ဘင်ခတ်
မှန်တချပ်လိုဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်


မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ်
မင်းမုန်တိုင်းတွေမှာ
အဘိဓမ္မာဆရာတယောက်လိုငိုကြွေးပြီး
မင်းလေညင်းတွေမှာ
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူပင်လယ်



ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ
စင်ရော်တွေကိုပျံသန်းခိုင်းပြီး
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်


လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူပင်လယ်


မင်းအနမ်းမှာပဲ
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ပင်လယ်
မင်းသေနတ်ထဲမှာပဲ
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်
မင်းရာဇဝင်မှာပဲ
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ပင်လယ်
မင်းလက်ဝါးကပ်တိုင်မှာပဲ
သူတော်စင် ငါဖြစ်ချင်တဲ့ပင်လယ်


လာတုံးက အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက် ။ ။



သစ်ကောင်းအိမ်


( ဒီနေ့က မိုးတွေအရမ်းရွာနေတယ်လေ. . . ဒီမှာ . . အဲဒါကြောင့် ဒီကဗျာကိုအလောတကြီးဖော်ပြခိုင်းမိတာ . ။
ကျနော့မှာ သိမ်းထားတဲ့တောင်ပံတွေလည်းမရှိဘူး လူထူထူမှာ လေလွင့်ပြဖို့ အမွှေးအတောင်တွေလည်းမရှိပါဘူး လိုအပ်ရင် အောက်ချင်းငှက်လို ကဗျာဆီပျက်ကျချင်တာပါ . . . ။ )



Thursday, September 3, 2009

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၇ နှစ်မြောက် လွမ်းဆွတ် အောင့်မေ့ခြင်း အစီအစဉ်တင်ဆက်မှု






ကိုချောရေ..

ကိုချော အုတ်မြစ်ချခဲ့တဲ့ “ပင်လယ်” ရဲ့ဝိဥာဉ်ကို ကိုပြန်လည်အသက်သွင်းထားတဲ့ ဟောဒီ အင်တာနက်

စာမျက်နှာပေါ်ကနေ ကိုချော ရှိ၊ ဖြစ်၊ တည်နေရာ ဌာနကိုမှန်းဆတိုင်တည်လိုက်ပါတယ်။

မြန်မာ ခေတ်ပေါ်ကဗျာ ခရီးကြမ်းကြီးကို ဒရွတ်တိုက် ဖြတ်သန်းခဲ့ရာ ကာလတွေ၊ တကိုယ်ရေ မအောင်မြင်မှုရဲ့ တတိတိလှိုက်စားမှုတွေ၊ ကဗျာဆရာရင့်မကြီး ဖြစ်ကာမှ မြို့ပြရဲ့တချို့ညတွေမှာ ကျောချစရာ တနေရာလေးအတွကတောင် အံကြိတ် တက်ခေါက် ခဲ့ရတာတွေ၊ ပြန်ပြောပြစရာ မကောင်းတဲ့

အကြောင်းမလှမှု အထောင်အသောင်း ကြားက ဖူးပွင့်ခဲ့တဲ့ ကဗျာ အဖူး အငုံ အပွင့် အဆင့်ဆင့် တို့ရဲ့ တင့်တယ်မှု ကြောင့်ပဲ “မောင်ချောနွယ် ဘယ်တော့မှ မသေ…” ဆိုတဲ့ အဆိုစကားတရပ် ခေတ်ပေါ်ကဗျာဆရာ ကြီး ငယ် ရွယ် လတ် တို့ကြားမှာ အသေအချာခိုင်မာ တည်တံ့ခဲ့ပါပြီ။

အဝေးရောက် ပင်လယ်မှ ကိုချော ကွယ်လွန်ပြီး၊ ၇ - နှစ်မြောက်နေ့မှာ စွမ်းသလောက်ကလေးနဲ့

ကိုချောကို အောင့်မေ့ တမ်းတခြင်း အစီအစဉ်ကလေး တင်ဆက်လိုက်ပါတယ်။

ကိုချောရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အနုပညာ ကဗျာ အမွေအနှစ်တွေကို ဦးထိပ်ပန်ဆင်လျက်..

အဝေးရာက် ပင်လယ်

၃ ရက် စက်တင်ဘာ ၂၀၀၉

သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ


မြန်မာ ခေတ်ပေါ်ကဗျာ ရယ်လို့ ယနေ့မြင်နေရတဲ့ အခင်းအကျင်းမျိုး ဖြစ်လာဘို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၃၀

ကျော်ကျော်လောက်က ပေါ်ထွက်ခဲ့တဲ့ ကဗျာသူရဲကောင်း သုံးဖော် အောင်ချိမ့် ဖော်ဝေး မောင်ချောနွယ်

တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ မူရင်းစာအုပ် မျက်နှာဖုံး နှင့် နောက်ကျောဖုံး၊

( ပန်းချီ မြိုးညွန့် ခေါ် မောင်ဒီ ၏လက်ရာ)

မောင်ချောနွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ



မိုးတွေရွာပေါ့

အဲသလို မိုးတွေရွာတုန်းတနေ့မှာ

ဖော်ဝေးဟာ

ထွက်ခွာသွားပါတယ်။

အဲသလို မိုးရွာတုန်းမှာပဲ

ကိုလေးအောင်လဲ

ထွက်ခွာသွားခဲ့ပါတယ်။

ခုတခါ မောင်ချောနွယ်

သူငယ်ချင်း မောင်ချောနွယ်

နှစ်ပေါင်းသုံးဆယ်ကျော်

ငါတို့ချီတက်ခဲ့ကြရာမှ

မင်း ထွက်ခွာသွားပေါ့။

သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား

ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။

အဲဒါကြောင့်

ငါတို့ ရယ်ခဲ့ကြရတယ်။

သူဟာ သူငယ်ချင်းတွေကို

အမြဲ မနာလိုရှိခဲ့တယ်။

အဲဒါကြောင့်လည်း

ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ အများသိ ကဗျာဆရာပေါ့

ဒါပေမယ့် အဲဒိထက်မက

သူဖြစ်ချင်ခဲ့လို့

ကဗျာတွေ အများကြီး ရေးခဲ့တယ်။

ငါတို့ ကဗျာတွေ အများကြီး

ဖတ်ခဲ့ရတယ်။

အဲသလို ရယ်စေ

ကဗျာတွေဖတ်ရစေတဲ့…….

…………………အဲ့ဒီနေရာမှာ

ငါ့ ကဗျာဟာရပ်သွားတယ်။

ငါ ဘာဆက်ရေးရမလဲ

ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို

ငါ့ ကလောင်ကို ခဏချ

ငေးတိ ငေးရာ ငေးရတယ်။

သြော်… မောင်ချောနွယ်

သူဟာ အဆင်မပြေခဲ့ပါ

မတည်ငြိမ်မှုထဲမှာ

ဆောက်တည်ရာ မရခဲ့ပါဘူး။

ဖန်ခွက်တခွက်နဲ့

အရက် တခွက်တခွက်နဲ့

သွေး တစက် တစက်နဲ့

ဘ၀ တဆတ်ဆတ် ကတုံကယင်နဲ့

ငြင်းပယ် ခံရမှုနဲ့

လှည့်လည် တောင်းခံရမှုနဲ့

တကိုယ်လုံး ထိုးအပ်လိုက်ရမှုနဲ့

နောက်ဆုံးတော့ ပါးလျား သေးသေးလေး

သေးသေးလေး အစက်လေး တစက်

အစက် တစက်။

အဲဒီ အစက်လေး တစက်အထိ

ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။

သြော်… သူငယ်ချင်း

ခုလည်း

မိုးတွေ မည်းလို့

မိုးတွေ ရွာပေါ့။

‘ သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ’ ဆိုတဲ့

သူငယ်ချင်း

မင်းသေတော့ ငါ ငိုမထွက်ခဲ့ပါ

ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ

ငါတို့ ဘ၀တွေမှာ

ငါတို့ရဲ့ ပက်ပက်စက်စက် ဘ၀တွေမှာ။

အိမ်မှာ ပန်းချီကားတချပ်

တိမ်ပြာထဲ ခေါင်းအုံးတလုံး

အဲဒီမှာ ခေါင်းအုံးကာ

မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။


ရယ်စရာပါ သူငယ်ချင်း

ငိုစရာလည်း ပါပါလိမ့်မယ်

လူငယ်လေးတယောက် မူးတိုင်းရွတ်ပြတယ်

“ မင်းတို့ ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ကွယ်လွန်ပြီဆို

ခု.. ဘယ်မှာရှိတော့လို့တုန်း” တဲ့

ပြက်လုံးပါ။

ဟုတ်ပါတယ်

မောင်ချောနွယ် မရှိတော့ပါ။

သြော်.. သူငယ်ချင်း

ခုလည်း

မိုးတွေ မည်းလို့

မိုးတွေ ရွာပေါ့။ ။



အောင်ချိမ့်

( ရနံ့သစ်၊ စက်တင်ဘာ၊ ၂၀၀၃ မှ ကူးယူဖော်ပြသည်။)

အခက်ကြီးထဲခုန်ချ

မောင်ချောနွယ်(၁၉၄၉-၂၀၀၂)

အခက်ကြီးထဲခုန်ချ

‘မောင်ချောနွယ် မသေဘူးတဲ့’

မောင်ချောနွယ်သေပြီ

သူ့အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲထည့်တာ

ငါ ကိုယ်တိုင်မြင်လိုက်တယ်။

အကြောဆေးထိုးရမယ်၊

ဝါယာရင်းတွေမှားနေတယ်၊

အပေါ်သွေး တရာ့လေးဆယ်၊အောက်သွေးတရာ၊

ပလပ်တွေ လဲရမယ်၊ မီးပျောက်ပျောက်သွားလို့၊

ငါ မနေနိုင်တော့ဘူး၊

' အခက်ကြီးထဲ ခုန်ချ ' ။

သူရှိစဉ်က သူ့ရန်သူတွေကို

အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူလို့

တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။

မနက်မနက် တွန်းနှိုးနေရတယ်၊

သွေးတွေ သိပ်တိုးနေလားမသိဘူး၊

မိုက်ကနဲ မိုက်ကနဲ ဖြစ်ဖြစ်သွားလို့၊

ဘက်ထရီခေါင်းတွေ ဖြုတ်ဆေးလိုက်

ငါမနေနိုင်တော့ဘူး၊

အခက်ကြီးထဲ ခုန်ချ။

မောင်ချောနွယ် တခါတလေ ဒုက္ခတွေ့တယ်၊

တခါတလေ ဒုက္ခတွေ့ချင်ယောင်ဆောင်တယ်။

မောင်ချောနွယ် တခါတလေ အရက်မူးတယ်၊

တခါတလေ အရက်မူးချင်ယောင်ဆောင်တယ်။

တခါတလေ သေချင်ယောင်ဆောင်တယ်၊

အလောင်းထုပ်ထားတဲ့ အ၀တ်ဖြူကို ဖြည်ပြတော့၊

သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။

ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ

ကိုယ်ပူလိုက်တာ တရာ့သုံး တရာ့လေး

အဖျား တခါမှ မကျသေးဘူး

ဝါးတားပိုက်တွေ ပိတ်နေလို့လား

ငါ မနေနိုင်တော့ဘူး

အခက်ကြီးထဲ ခုန်ချ။

တချို့ သူမသေခင်ကတည်းက သစ္စာဖောက်ခဲ့ကြ

တချို့ သူသေပြီးမှ သစ္စာဖောက်လိုက်ကြ

ရေခဲတိုက် ရှေ့မှာ

“လူတယောက်လုံးထားခဲ့ရပြီးမှ

ဒီစောင်လေးကို ပြန်မယူတော့ပါဘူး” တဲ့

မမမြင့် ငိုရှာတယ်။

အသက်ရှူလိုက်ရင်

ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့

ကာပရိုက်တာ မကောင်းဘူး

တံခါးဟာနေတာ၊

ငါမနေနိုင်တော့ဘူး

အခက်ကြီးထဲ ခုန်ချ။

မောင်ချောနွယ်အသုဘ

ကဗျာဆရာတွေပို့ကြတယ်။

ကဗျာဆရာတွေ ငိုကြ၊ တယောက်ကိုတယောက် လှမ်းကြည့်ကြ

တယောက်နဲ့တယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ

တယောက်နဲ့တယောက် ရန်ဖြစ်ကြ

နောက်ဆုံးမှာ ဘာသံကြီးလဲ မသိ

ဝိုင်းအော်လိုက်ကြတယ်။

လမ်းလျှောက်လို့မကောင်းဘူး

ညာဘက်တခြမ်းလုံး ဆွဲဆွဲနေလို့

ဒူးဆစ်တွေ လဲပစ်ရမယ်

ပီနံကျတွေ လဲလိုက်။

ငါမနေနိုင်တော့ဘူး

အခက်ကြီးထဲခုန်ချ။

မောင်ချောနွယ်(၁၉၄၉ - ၂၀၀၂)

ဒီနေရာမှာ ငါမနေနိုင်ဘူး

အခက်ကြီးထဲ ထိုးချလိုက်တော့မယ်။ ။

မောင်ပြည့်မင်း

ဟန်သစ်မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၄ မှ ကူးယူဖော်ပြသည်။

၂၀၀၂ စက်တင်ဘာ ပထမပါတ်ရထား


(ပုံကိုကလစ်နှိပ်၍ကြည့်ရန်)



၂၀၀၂ စက်တင်ဘာ ပထမပါတ် ရထား

( ၅၊ စက်တင်ဘာ၊ ၂၀၀၉ ညသို့..)

ရန်ကုန်ဆေးရုံကြီးဝင်း အရပ်အခေါ် ရေခဲတိုက် ထဲ လှမ်းဝင်လိုက်တာနဲ့ မျက်လုံးတွေကဝေသီပြီး ဘာကိုမှ

ကောင်းကောင်းမမြင်ရတော့ဘူး သိတဲ့မျက်နှာတွေကိုလဲ အပြုံးအ, နဲ့ပဲ တုံ့ပြန်နိုင်တယ်။ ကိုချောရုပ်ကလပ်

ပြင်ထားရာဘက်ကိုချက်ခြင်း မသွားဖြစ်ဘူး။ တချက်ဝေ့ အကြည့်မှာတော့ မမမြင့် နေခြည် နဲ့ မိုးဇော် တို့ကို

မသဲကွဲလှမ်းမြင်လိုက်တယ်။ လူတိုင်းရဲ့မျက်နှာမှာ နှမျောတ သ ကြေကွဲခြင်း တွေ လျှံငြီးနေတယ်။

က်ကမ်းကဗျာ စာရွက်လေးတွေ အထိမ်းအမှတ် အလွမ်းစာစီ ပင်းန်ဖလက်တွေ လက်ထဲကို တခုပြီးတခု၊

လှသန်းက တခုခုလှမ်းပေးတယ်။ ကိုပြည့်တို့ဟိုမှာလို့မေးဆတ်ပြတယ်။ ဇေယျာလင်းတို့ကောလို့မေးလိုက်

တယ်၊ စောစောက ကိုချောနားမှတွေ့လိုက်တယ်..လူငယ်ကဗျာဆရာ တယောက်က၀င်ဖြေတယ်။

အီး ကနဲ ငိုသံ.. မမမြင့် တိုင်တည်သံ.. ရင်ထဲမှာ ဗလောင်ဆူပွက်နေတယ်။ မြင်ကွင်းကတော့မြင်နေကျ

အသုဘရှု မြင်ကွင်းတခုပါပဲ။ ဒါပေမယ့်..ဒါက ကိုချောလေ..။

တယောက်ယောက်က ကိုချောဆီ ဦးဆောင်ခေါ်သွားတယ်။ မငိုမိအောင် စိတ်တင်းထားရတယ်။ မမမြင့် က

မြင်တာနဲ့ ခင်အောင်အေး လာပြီလေ ကိုချောရဲ့လို့မချိတင်ကဲ အော်ငိုပြန်တယ်။ အံကြိတ်ပြီး နှုတ်ခမ်းကို

နာနာ ဖိ ကိုက်ထားရတယ်။ မြော်လင့်ထားပြီး အဖြစ်အပျက်မြင်ကွင်းတွေပေမယ့် ရင်ခေါင်းထဲက လှိုက်တက်

လာတယ်၊၊ မိုးဇော်ရဲ့ လက်မောင်းအိုး ကိုဖိညှစ်ပြီး မှာစရာစကားတွေအားလုံးကို အသံတိတ် ပါးလိုက်တယ်။

မျက်ရည်ဝေသီ မျက်လုံးနီနီ တွေက ဟုတ်ကဲ့ စိတ်ချပါ အကို.. လို့ အသံမဲ့ တုံ့ပြန်ပြီးသား။

အချင်းချင်းတယောက်နဲ့ တယောက် အသံမဲ့ ဘာသာစကားနဲ့ပဲ ပြောဆိုနားလည်လိုက်ကြတယ်။ ကိုစစ်..

ဘာလိုအုန်းမလဲ ဆိုတော့ ဘီအမ် တစင်းလောက် ထပ်ဆွဲ ရင်ကောင်းမယ်ထင်တယ်တဲ့၊ ဒါဆိုလဲ လုပ်လေ

ကိုစစ်တင် လက်ထဲကို ပိုက်ဆံ တထပ်ထည့်လိုက်တယ်။ လှစ်ကနဲ ပျောက်သွားပြီး ခဏနေတော့ ခပ်လှမ်လှမ်းကနေ လက္မ ထောင်ပြတယ်။

ကိုယ့်ထက် ဖြေမဆည်နိုင် ပူဆွေးသူတွေ အမြောက်အများကြားထဲမှာ မပူရုပ်ဟန်ဆောင်လုပ် မျက်တောင်

ပုတ်ခတ်ပုတ်ခတ်နေပြဖြစ်ခဲ့တယ်။ကိုယ့်ရှေ့မှာကိုအောင်ချိမ့်တို့ကိုသိဒ္ဓတ္ထလှိုင်တို့ရှိသေးတယ်လေ။ ကိုချော

သူငယ်ချင်း ရဲဘော် ရဲဘက်ကြီးတွေလေ..။ သူတို့တောင် အိနြေ္ဒ ဆည်နိုင်သေးတာ..။ လူငယ်တွေ ကတော့

တယောက်ကိုတယောက်ထိန်းလို့ တယောက်ကိုတယောက်ဖြောင့်ဖျလို့။ မချိတင်ကဲ..။

အချိန်ကျ တော့ ဒူ ကနဲ ကြေးစည်သံ နဲ့ စီကနဲ ငိုရှိုက်သံ တွေ ကြွက်ကြွက်ဆူသွားပြန်တယ်။ ကိုချောရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကိုတင်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ် နောက်မှာ အစီအစဉ် အတိုင်း ကားတွေ

တစီးပြီး တစီးလိုက်ပါလို့ ကိုချောရုပ်ခန္ဓာ ကြီးကို နောက်ဆုံးခရီးပို့ဆောင်ကြတယ်။

မိမိ စီးလာတဲ့ ကားကို ပုစွန်တောင် တောင်လုံးပြန် ကနေ ပြန်လှည့်ခဲ့တယ်။ ဘယ်လိုမှ နောက်နေ့ရွှေ့လုပ်

လို့ မရတဲ့ အလုပ်တခု တန်းလန်းနဲ့မို့ ရုံးဆင်းချိန်မတိုင်မီ ပြန်ပြေးခဲ့ရတယ်။ အဲဒီကမှ လိုအပ်တဲ့ စာရွက်စာတမ်း တွေ ရယူကာ သံလျင် သီလ၀ါ ဆိပ်ကမ်းကို ဂမူးရှူးထိုးပြေးရပြန်တယ်။

၇ နာရီလောက်မှ ကိစ္စ တွေ ပြတ်၊ အိမ်ပြန်ရေမိုးချိုး ကားကိုနာရီဝက်အတွင်းပြန်လာဘို့ မှာလိုက်တယ်။ ကားပေါ်တက် လက်ကနာရီ ကိုကြည့်တော့ ဂ နာရီ ခွဲ နေပြီ၊။ အတူသွားဖို့ ချိန်းထားခဲ့တဲ့ ကိုသိဒ္ဓတ္ထ ကိုလှမ်းချိတ်တော့ ရောက်ပြီး လို့ အိမ်တောင်ပြန်ရောက်နေပြီတဲ့။ ကိုချောရဲ့ ကျန်ရစ်သူ မိသားစုရှိရာ

မြောက်ဒဂုံ အိမ်သို့။ သင်္ဃန်းကျွန်း စံပြဈေး ကျော်တော့ ကားကအရှိန်မြှင့် လာတယ်၊ လေကတ၀ူးဝူး..၊ လက်က ဂျာကင်အိပ်ကို အမှတ်တမဲ့ စမ်းမိတော့ မာမာ အခေါက် ကလေးတခု..၊ အိမ်ပေါ်ကဆင်းကာနီး ကမန်းကတန်း ဆွဲထည့် လာခဲ့မိတာ..။ နှစ်ခေါက်ချိုး ကဗျာစာအုပ်လေး..

၂၀၀၂

စက်တင်ဘာ ပထမပါတ် ရထား

မိုဃ်းဇော်

ကားမျက်နှာကျက်က စာကြည့်မီးလေးကိုဖွင့်လိုက်တယ်

ကဗျာ အတွင်းစာမျက်နှာကို ဖွင့်လိုက်တယ်

ခံစားတတ်တဲ့ နှလုံးသားကို ဖွင့်လိုက်တယ်

ကဗျာစာသားတွေကို ဖတ်ရင်း..

ကားပေါ်မှာ တရှုံ့ ရှုံ့ ငိုပါတယ်၊ ရှိုက်ကြီးတငင် အားပါးတရ ငိုချလိုက်ပါတယ်။

ခင်အောင်အေး

၂၊ စက်တင်ဘာ၊ ၂၀၀၉