Wednesday, January 20, 2010

အဖြုန်းများသာ အဖြုန်းများသော

ဤသို့ဖြင့်
အောက်ကမြင်များ ကမြင်းကြောထသော
ခေတ်တစ်ခေတ်ထဲ အဆစ်လွဲနေတဲ့အခါ
ယာဉ်တိုက်ခံရမှုများသော အမျိုးသမီးတစ်ယောက်
ချော်လဲမှာ မကြောက်သလို
ဆင်ခြင်တုံတရား၏ တစ်ဖက်ကမ်း၌
အချိုးအစားတကျ မောက်မာစွာမွန်းတည့်ကြသူ
ပျံလိုရာပျံငှက်ခါးများ လေတိုးမှုများသထက်များလာတဲ့အခါ
အောက်ကနေ မြင့်သထက် မြင့်လာတဲ့အခါ
လက်တစ်ဆုပ်စာ ဆုပ်လည်းဆူး၊ စားလည်းရူးများအတွက် ပြောင်လက်ပြရန်မှာ
ဆာလောင်မှု၏ နဖူးရေ၊ဒူးရေကို ဇောင်းတိုက်လှောင်ပြောင်ရန်မှာ
မနေ့တစ်နေ့ကနာရီထဲ မနက်ဖြန်ရဲ့ လက်တံများကိုရှာဖွေရန်မှာ
တည်နေရာနှင့်အချိန်ကို တပြိုင်တည်းသိရန်မှာ
အဖေနေမကောင်း၊ အမေအသည်းအသန်
ရောက်ရာအရပ်က  အမြန်ပြန်လာပါ
စွန့်ခွာခဲ့ရာစွတ်ကြောင်းတလျှောက် ထင်သလောက်မလွယ်ကူတာ
ဤဤထိုထို ဝဆွဲများ အဝဆွဲပြီးသည့်နောက်
ပြန်လည်ဆယ်မကောက်ရခဲ့သော ညနေခင်းဖျဖျကလေးပေါ်
အထပ်ထပ် ချော်လွဲ ကွဲ ပြား နိမ့်ဆင်းသွားပြန်တော့
သန်းခေါင်ထက်မနက်တဲ့ မနက်ကို ဘယ်လိုထွင်းဖောက်မြင်ကြမယ်ဆိုတာ။

သိုးထိန်း
၂ဝ၁ဝ ဇန်နဝါရီ ၁၉ရက်၊ ညနေ  ဂး၂၅

Monday, January 18, 2010

အက်ကွဲနေတဲ့ အရောင်

ကောင်မလေး အင်္ကျီက လိပ်ပြာတွေ ထပျံနေပါသည်..။ကင်းဗတ်စထဲက မျက်ရည်စက်တွေက သူမ စကပ်တိုတိုပေါ်ကို စိုစွတ်စေခဲ့ပြီ…။ ညနေခင်းက ကြက်ပျံမကျ ဖလမ်းဖလမ်း ထနေသည် နံရံက ထုထည်ကြီးမားသည့်အတွက် အပြင်က အသံဗလံများကို ကျွန်တော် ထွင်းဖောက်မြင်မ နေရတာ အတော့်ကို ကံကောင်းပါသည်.. ။ ပုရွတ်ဆိတ်များ စီးတန်းသွားလာသည် video art ကို ပန်းချီဆရာမ ၀ါနု ကရိုက်ပြတော့ ဆရာဇော်ဇော်အောင်ရဲ့ ၀ထ္တုတိုထဲက ၀ါနုကို သတိတရ ရှိသွားမိသည်…။ ဖြစ်နိုင်ရင် ကျယ်ပြောလှသည့် စကြာဝဠာကြီးထဲမှာ တိုက်ဆိုင်မှုတွေကို အမှတ်ရမနေချင်ပါ.. ဇွန်ဇီလုပ်တဲ့ ဂျုံရုပ်ကလေးထဲမှာ ကိုယ့်ဝိဥာဉ်ပါသွားမယ်မှန်း
 ကြိုတင်မသိခဲ့လို့  သူမရဲ့ ပါဖောင့်မန့် ကိုစိတ်ရှည်လက်ရှည် စောင့်ကြည့်နေမိတယ်… ဆံပင်ရှည် တွေထဲမှာ ငြိနေတာက ဘီယာပုလင်းအဖုံးတွေ ဘားကုဒ်တွေ လေဘယ်ကဒ်ပြားတွေ အစက်အစက်အပြောက်ပြောက် ဗောက်တွေ .. ပြီးတော့ အနုပညာ လည်း ငြိတွယ်နေနိုင်တာပဲ…။


အပြုံးတွေကို သူခိုးဈေးနဲ့ ရောင်းစားလိုက်ရတာ မရိုးသားမှုပဲ..။ အဲဒီအတွက် ခင်ဗျားခပ်လွယ်လွယ် မပြုံးပြပါနဲ့… ခင်ဗျားပါးစပ်ကြီး ဇစ်ပြုတ်နေတော့ ဘာလာလာဝါးမှာပဲ အထာနဲ့ .. ။ ဒေးကာနက်ဂျီကို ပိုက်ဆံအရှာကောင်းတဲ့ အရူးလို့ အနုပညာသမား သုံးဦးနဲ့အတူ ကျွန်တော် အတည်ပြုခဲ့ပါသည်… အင်္ဂတေတချို့ ကွာကျနေတဲ့ အုတ်နံရံအဟောင်းတစ်ချပ် ဟာ ရေစိုထားတဲ့အမှောင်မှာ ခမ်းနားနေပါတယ်… စီးကရက်မသောက်သူ တစ်ဦးနဲ့ အတူထိုင်ရတာ ဘ၀အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံးပဲ.. နာနာကျင်ကျင် ဆွဲထားတဲ့လက်က ပြေလျော့ချလိုက်ချိန်.. လေနီရိုင်းတွေကြားမှာ သူမတင်းမထားနိုင်တော့ဘူးတဲ့… လေဟာနယ်ကို ကိုယ်က ဆုပ်ကိုင်လျှက်နဲ့… နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းစဟာ ချောက်ကမ်းပါးတည့်တည့် ကိုယ့်အနုပညာကို ယုံယုံကြည်ကြည် ပစ်ချလိုက်တယ်… မြေပုပ်ခေါင်းပုပ်.. မဟုတ်တာတွေက
ပုပ်တဲ့အခါ ပေါ်မှာပဲ… တလှေလုံးပုပ်နေတာတောင် ငါးခုံးမက ဈေးကောင်းရတုန်းလား.. ။ ရပ်ပြစ်ရှစ်ပါးထဲမှာတော့ အနုပညာစစ်စစ် တွေမထွန်းကားနိုင်ဘူးပေါ့…။


စီးကရက်အပြေတွေ မရောင်းတော့ဘူးလို့ ကောင်တာက မိန်းမက လှမ်းပြောတယ်..။ အဲယားကွန်းစ် ဘတ်စ်ထဲမှာ အဲယားကွန်းမပါတာ ပြဿနာမရှိပါဘူး..။ ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတော့ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မပါတာ ပြဿနာရှိလို့လား..။ အကြွေလေးမှာ ပြန်မအမ်းနိုင်ရင်တော့ ယူသာထားလိုက်ဗျာ… ရှင်တို့က ရဲတွေပဲ… ။ ရယ်စရာတွေထဲမှာ ဟာသမရှိတာလည်း မထူးဆန်းတော့ပါဘူး… အခုမှတော့ မထူးဘူး ပေါက်တဲ့နဖူးကို ၀ိုင်းတူးလိုက်ကြတာ ဂတ်စ်တွေထွက်လိုထွက်… ကျောက်စိမ်းတွေထွက်လိုထွက် … ယူရေနီယံတွေထွက်လို ထွက်… ခင်ဗျားတို့အလှည့်လို ပြောတာပဲ.. စစ်တုရင်ရုပ်တွေကို ရွှေ့ဖို့.. ကုလားထိုင်နဲ့ ပူးချည်ထားတဲ့ ကျွန်တော်လက်ကို အရင်ဖြည်ပေးပါ.. ဖြေဆေးက မိစ္ဆာတွေ ယူသွားတယ်လို့ တရုတ်သိုင်းကားထဲမှာ ခဏခဏ ပြတယ်… နောက်ဆုံး ဇာတ်လိုက်က ဘယ်ချောက်ထဲမှာ သွားအိပ်နေတာလည်း… ပင်လယ်တွေအကုန်လုံး မုန်တိုင်းမိနေတယ်.. သူတို့ကိုကယ်တင်ဖို့ အရေးပေါ် သဘောင်္တွေ ကမ်းစပ်က ခွာပါ…. ဥသြသံရှည်ရှည်ပေးပြီး.. ရထားက ဘီးစလှိမ့်နေပါပြီ… ဥသြသံတိုင်းမှာတော့ နွေရာသီရှိမနေပါ.. လွတ်လပ်မှုကလည်း.. သူလက်ကိုင်ဖုန်းက ဆက်သွယ်ရေးပြင်ပရောက်နေတယ်တဲ့… တင်ထားတဲ့ ပရောဂျက်တွေပြန်မကျခင်… ဆင်ထားတဲ့ အကွက်တွေမရွေ့စေနဲ့….တလောတုန်းကတော့ ဘကြီးဆုံးသွားတယ် မျှော်လင့်ချက် မရှိတဲ့ ရောဂါနဲ့… ဆရာဝန်တွေကလည်း သေသေချာချာ နားမလည်ကြပါဘူး
ထစ်ခနဲဆို နားကျပ်ဆွဲ ဓားဆွဲ… ငှက်ပျောတုံးတွေကို အသက်ရှင်ခိုင်းရသလို မုန့်ဟင်းခါး ချက်တော့ ထည့်စားရတာပေါ့တဲ့… မဲမပေးတတ်လည်း ကိစ္စမရှိဘူး ကြက်ခြေခတ်လေး ခြစ်လိုက်လေ… တွေ့သမျှအကုန် ကြက်ခြေခတ်နေတော့ ဆရာမလည်း အမှတ်မရတော့ဘူး…
ကျောင်းအုပ်ကြီးက စာမေးပွဲကျတယ်… အဲဒီကလေးတွေ ပြည်သူ့နီတိကို အကုန်လုံးရတယ်…
ကမ္ဘာမကြေဆိုတိုင်း… ခြေဆင်းက တရားမျှတမှုမရှိဘူး… ။ အငိုတိတ်သွားတဲ့ ကလေးက အိမ်ပြန်လမ်းကို မရွေးတော့ဘူး.. ကျွန်တော်တို့ ဦးနှောက်နဲ့ နှလုံးသားကို အမဲသားဆိုင် ပို့ထားလိုက်ပါပြီ…။ ကျွန်တော်တို့ မှတ်ပုံတင် အနီရောင်ကဒ်နဲ့ပါ…။ နိုင်ငံတော်ကို ကြည်ညိုလေးမြတ်လျှက်…။


 
 
မိုးလှိုင်ည
 
 

Saturday, January 16, 2010

အနမ်းတပွင့်ရဲ့ ရွေ့လျားဖြစ်စဉ် မှော်ဝင်ညများ

ကောင်မကြီးရေ . . .

(အသဲကွဲနေတဲ့ ကဗျာဆရာတွေ သုံးနေကြ ကောင်မလေးလို့ မသုံးချင်လို့ )

ငါ့ ဘဝမှာ ဘယ်လောက် လှိုင်းထန် နေရဦးမှာလဲ ဟင်
မင်းနှုတ်ခမ်းကို .. ငါ . စနမ်းတုန်းက တခါ ၊ ရှင့်ကို တနေ့နေ့ ကျမ ထားခဲ့ရဦးမှာပဲလို့ မင်းပြောလိုက်တုန်းက တခါ ၊ ရှင့်လောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာမှ မရှိဘူးလို့ မင်းနောက်ဆုံးပြောတုန်းက တခါ . . . ငါ့ ပင်လယ်မှာ မင်းစကားလုံးတွေ နဲ့ဘောင်ဘင်ခတ် ဆူနာမီ ဖြစ်ခဲ့တဲ့ အရပ်ဟာ ငါ့ရင်ခွင်ပါလို့ ပြောရင် မင်းရယ်သွမ်း သွေး ပြန်ဦးမယ် မဟုတ်လား . . . ။


နှုတ်ခမ်းနဲ့ ပက်သက်လာရင်တော့ ငါ့မှာ ပြောစရာအများကြီးရှိတယ် ကောင်မကြီးရေ . . .
ကမ္ဘာကျော် ဂျိုလီနှုတ်ခမ်းတွေနဲ့ မင်းနှုတ်ခမ်းတွေကို စီးချင်းထိုးခိုင်းရရင် ငါသနားတယ် (ဂျို့လီကို) သူ့နှုတ် ခမ်းတွေ အတုန်းအရုန်းဖြစ်ကုန်မှာ မြင်ယောင်လို့ . . . မင်းက ငါ့ရဲ့ အသဲကွဲ နှုတ်ခမ်း အုံနာကြီးပေါ့ကွာ . . . ငါက မင်းနှုတ်ခမ်းပေါ်မှာ နေ့စားမောင်းနေရသူ . ..( အုံနာကြေး မပြည့်ရင် မင်းက တခြားတယောက် အစား ထိုးဦးမှာ လေ ) . . . ။




ငါက ဘာလဲဆိုတော့ကာ နယ်ကျွံစွဲလန်းမိသူ . . . င့ါ . .အစာအိမ်အတွက် အန္တရယ်ပေးမယ့် ဆေးလိပ် မီးခိုး တွေကို တရိုက်မက်မက် ရှိုက်သွင်း နေသလို . . . မင်းကို ငါ့ဘဝ ထဲ ရှိုက်သွင်းခဲ့... ကဲ . . အခုတော့ . . ငါ့ကင်ဆာ ဟာ မင်းမုန်းတယ်လို့ပြောတဲ့ ငါ့အတ္တပဲ . . ဒီကြားထဲ ဘီယာဆိုင်မှာ ( မင်းမရှိ တာ နဲ့ ကော်ဖီဆိုင် မထိုင်တာတောင်ကြာပြီ )နားထောင်နေရတဲ့ သောက်ရူး အဆိုတော် ဆိုနေတဲ့ သီချင်းက တနေကုန် ထိုင်ပြီး တစိမ့်စိမ့် ကြည့် လာလုပ်နေသေးတယ် . . . ငါက မင်းကို ကမ္ဘာကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့်ချင်နေတာ ကို သူမသိဘူး . . .။




မင်းဖဲထုတ်ကို မင်းချိုးချလိုက်တော့ ငါက အောက်ကိုးနဲ့ လှမ်းရှိုးလိုက်မိသူ (ဟောက်စားပေါ့ကွာ ) မင်းကလဲ စပိတ်တစ်နဲ့ သိပ်ချစ်တယ်လို့ ဟန်ဆောင်ပြခဲ့သေးတာပဲမဟုတ်လား . ... ဝိုင်းထဲမှာတော့ မင်းသာရှုံးသွား ရင် ဘာပေါင်မလဲလို့ စောင့်နေတဲ့ ကောင်တွေကလဲ အများသား ( အဲ့ကောင်တွေက အသေသား ၊ အရှင်သား အကုန်စားတဲ့ အမျိုးကောင်းသား ဝံပုလွေကြီးတွေလေ )




ငါ့ရဲ့ ဟောင်းနွမ်းနေတဲ့ လမ်းမတွေအပေါ်က မင်းဖြတ်မမောင်းတော့တဲ့ အချိန်ထဲက မင်းဆီက တရားမဝင် အခွန်အခ အနမ်းတွေ ငါမရတော့ဘူးပေါ့ .. ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်သလို ငါ့ဆီမှာလဲ နှလုံးသား ပျက်တာပဲ ။


အမဲရိကရဲ့ ပထမဆုံး လူမည်းသမ္မတ က Change လို့ ကြွေးကြော်တော့ ငါက အပြောင်းအလဲကို မလိုချင် တဲ့ကောင် ဒါပေမဲ့ ဘာမှ မရှိတာထက်စာရင် မင်းရဲ့ချည်သား ဗြောင်ထမိန်လေးပေါ်မှာ ကြယ်ပွင်လေး တွေ ကိုတော့ ရှိနေစေချင်လိုက်တာ . . . မင်းသာ ငါ့ဆီက ထွက်မပြေးခဲ့ရင် မင်းနှလုံးသား အရှေ့ဖျားမှာ ငါ ဟာ ကူဗလိုင်ခန့် ဖြစ်နေလောက်ပြီ .. မင်း အတွေးထဲက နောက်တယောက် ဆိုတဲ့ ကောင်ကို လျှပ်စစ် ကုလားထိုင်ပေါ်ကို ငါ ပို့လိုက်တယ် ( တာဝန်သိ အချစ်သား ပြည်သူတယောက် အနေနဲ့ပါ ) . . ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့အချစ်များစွာအတွက် ကာကွယ် စောင့်ရှောက်လိုက်ရတာပါကွာ . . .။




အလင်းဝတ်ရုံပေါ်မှာ . . . နှင်းဝတ်စုံချွတ်ချလိုက်ရတဲ့ . . .ည . .ငါ့မျက်လွှာကိုတောင် ငါမပင့်တင်နိုင်တော့တဲ့ . . . ည ... အမျိုးကောင်းသား ဝံပုလွေတွေ အုပ်စုလိုက်ကခုန်နေတဲ့  . . . ည . . မင်း . . နှုတ်ခမ်းဖျားတွေ .. ဆတ်ဆတ်တုန်နေတဲ့ . . .ည . . . ငါ့ မျက်နှာကို ပက်ပက် စက်စက် တံတွေးနဲ့ ထွေးခံလိုက် ရတဲ့ည . . . လမင်းတောင် အပေါင်ဆိုင် ပြုတင်းမှာ မေးတင် ငေးနေရတဲ့ . . . ည . . အနောက်တိုင်းသား သိပ္ပံပညာရှင် တွေ က စက်ရုပ်ချစ်သူလေး ရိုစီကို တီထွင်လိုက်ပါပြီ လို့ ကြော်ငြာ ဝင်နေတဲ့ . . .ည . . မန်ချက်စတာ ဘော လုံးအသင်း ပင်နယ်တီ အသွင်းခံလိုက်ရတဲ့ည . . .


ကောင်မကြီးရေ . . . အဲ့ဒီလို ညပေါင်းများစွာကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာလိုက်ပြီးနောက်
မင်း ကို သတိရနေလိုက်ပုံများ . . ။


MPM
ဖုန်းမြင့်

Monday, January 11, 2010

ဘယ်ဘက်တစ်ခြမ်းပဲရှိတဲ့ အဘိဓါန်စာအုပ်

အိပ်မက်တစ်ခုတော့မက်ဖြစ်အောင်မက်မှဖြစ်မယ်
အသံတစ်ခုကိုအိပ်ယာဘေးမှာထားပြီးနေ့တိုင်းအိပ်ရတယ်
အရောင်မရှိတဲ့ရထားတစ်စီးကိုစီးဖြစ်တယ်
ဒါပေမယ့်သူ့မှာအသံတွေအပြည့်ရှိနေတယ်လေ။
စက်တစ်ခုကိုထိန်ကျောင်းတတ်ရုံနဲ့ဘ၀တစ်ခုကိုအရဲစွန့်ပြီးစမိတယ်၊
အဲဒီစက်ကဖြစ်နိုင်ခြေတွေအများကြီးနဲ့တည်ဆောက်ထားတာ အခုအချိန်မှာတိမ်တစ်စုံကိုသာစိတ်လိုလက်ရစီးဖြစ်ခဲ့မယ်ဆိုရင် ပျံဝဲစရာနေရာတစ်ခုကိုအဆင်သင့်တွေ့ထားပြီးသား
ဥပမာဗျာ....လက်ငါးချောင်းက
နောက်ထပ်လာတဲ့လက်အပိုတစ်ချောင်း
ကိုအတင်းငြင်းဆန်သလိုမျိုးပဲ ခင်ဗျားသဘောပေါက်ပြီလားတဲ့...
(ကျွန်တော့်အထင်တော့ကျန်တဲ့တစ်ခြမ်းကလက်ငါးချောင်းရဲ့
သဘောကိုမေးစမ်းကြည့်သင့်တယ်॥ထင်တယ်ဗျာ...ထင်တယ်)
တစ်ခါတုန်းကကြားဖူးတယ်တစ်စုံဆိုရင်တစ်ယောက်မဖြစ်ဘူး တစ်ယောက်ဆိုရင်လည်းတစ်စုံမဖြစ်ဘူးတဲ့....
တစ်ယောက်တည်းဖြစ်ဖူးတဲ့တစ်စုံဘ၀ကိုဘယ်မေ့ပါ့မလဲ...
အစနဲ့အဆုံးကြားမှာနေ့စဉ်နေ့စဉ်ဆိုတဲ့
စကားလုံးကိုဖြည့်တွေးကြည့်တယ်.... ကဲဘာကျန်တော့မှာလဲ....သာယာတဲ့ညချမ်းတစ်ခုအတွက်နဲ့ မနက်စောစောလမ်းထလျှောက်တတ်တာခင်ဗျား၊ကျွန်တော်၊ပြီးတော့၊
ဆိုပါစို့ဗျာ
အဲဒီလူသားတွေပေါ့လမ်းတစ်ခုကိုဖြတ်ကူးအပြီးမှာ
ပြန်လာဖို့ကတော်တော်ကြီးကြာဦးမှာ...
ကံပါဗျာအဓိပါယ်ဆိုတာရှိတုန်းက
ာရှိခဲ့ဖူးတာပါ၊နောက်တော့လဲ....
အဲဒါမဖတ်ဖြစ်သေးတဲ့အဘိဓါန်တစ်အုပ်ကိုအိပ်ယာဘေးမှာ
အဲဒီအိပ်ယာ....ဘေးမှာပဲထားပါတော့လေ...
အိပ်မက်တစ်ခုတော့မက်ဖြစ်အောင်မက်ချင်သေးတယ်ပေါ့.......

ကိုရဲ

(မြန်မာအိုအေစစ်ဘလော့မှကူးယူဖော်ပြပါသည်)
(ကဗျာအတွက်ရေးသားသူ ကိုရဲ နှင့် မျှဝေပေးတဲ့ ကိုပွတ်တိုကိုကျေးဇူးအထူးတင်ရှိပါသည်)

Saturday, January 9, 2010

သေချာတာ တစ်ခု

သေချာတာ တစ်ခုက
ကျွန်တော်ချရေးခဲ့တဲ့ ရေးချတွေရှိတယ်  ။
တင်ပစ်ခဲ့တဲ့ လုံးကြီးတင်တွေ ၊
ဆွဲချခဲ့တဲ့  ဝဆွဲတွေ ။
သေချာတာက
ခပ်ချာချာ လူချာတွေ
လူချာနဲ့ လူချာ့တပည့်တွေရှိတယ် ။
ကျွန်တော် ချိန်ပြီးပစ်ခဲ့တဲ့ နောက်ပစ်တွေ
သေသေချာချာ ပေါက်ခဲ့ ဝစ္စပေါက်တွေ
ကပေါက်တိ ကပေါက်ချာ စကားတွေ
ပေါ ချာချာ ငနဲတွေအပြင်
တကယ်သေချာတဲ့ နေကြာပန်းတွေ ရှိတယ် ။
သေချာတာက
ကျွန်တော်လှမ်းထိုးလိုက်တဲ့ ဟထိုးတွေ
ကျွန်တော်လှမ်းထိုးလိုက်တဲ့ ဖြောင့်လက်သီးတွေ
ထားလိုက်ပါ ၊
ပိုသေချာတာ တစ်ခုက
ဒါကို ခင်ဗျား မသိချင်ယောင်ဆောင်နေလို့ မရဘူး ။
ခင်ဗျား ရှောင်ထွက်သွားလို့ မရဘူး ။      ။


မောင်ပြည့်မင်း

ဗြူတီမက်စ် မဂ္ဂဇင်း။ ၂၀၀၄ အောက်တိုဘာ

Monday, January 4, 2010

ရှုခင်းများ (၁)

ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့ ။
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့ ။
မှန်ထဲမှာ . . .
ငါ့မျက်နှာ တရွေ့ရွေ့  ။


သစ္စာနီ 
(စရဏ မဂ္ဂဇင်း ၊ ၂၀၀၉ ၊ အောက်တိုဘာ)