Saturday, March 19, 2011

ထွက်ခဲ့ကြ

အရောင်အဆင်းမတူတဲ့ အရေပြားတွေကြားကနေထွက်ခွာ

ကတ္တရာလမ်းမပေါ်က စကားလုံးတွေနောက်ထပ်ချပ်မကွာလိုက်လာ

လမ်းဆုံးဟာ ဘယ်မှာလဲ

ငါ့ခြေထောက်တွေက အခုချိန်ထိမရပ်ပါ

အိတ်ကပ်ထဲ လက်နှိုက်

ခေါင်းငုံ့ကာ ခဏရပ် ဓါတ်တိုင်အောက်မှာ

သံဆူးကြိုး အမြင့်ကြီးနဲ့ ၀င်းနရံကြားက ကောင်မတွေက အင်မတန်မောက်မာ

ထားလိုက်ပါ ထားလိုက်ပါ နောက်ကြောင်းပြန်ဖို့ရာ စိတ်မပါ

ခေါင်းထဲကို Beat တွေက အလိုလိုရောက်လာ

ခေါင်းကိုလှုပ်

ခံစားချက်တွေ ရိုက်ကာထုတ်

ဒီ Music က မင်းတို့အတွက် လုံးဝမဟုတ်

လမ်းတွေက ပတ်ကြားအက်ကာ စာသားတွေအန်ထုတ်

ဘယ်လိုမှအောင့်မခံနိုင်တဲ့အခါ လေပြင်းတွေက သစ်ရွက်တွေ ခြွေချ

တဖွာလေးရှိုက်ပြီး သွားတဲ့ဆေးလိပ်ပြာကို ခြွေချ

တော်ပါပြီ ဒီညအတွက် ငါ့ရင်ထဲက အခိုးအငွေ့တွေ

လေထုထဲမှာ လွင့်ပျံနေတဲ့ သစ်ပင်တွေ

ငါ့ကို လက်ယပ်ခေါ်နေကြတဲ့ ချစ်သူတွေ

အမှောင်ထဲမှာ လွင့်ပျံလို့ လွတ်လပ်ခြင်းတွေ လွင့်ထူနေ

ဒါဆိုလဲ ဒီနေရာမှာ Full stop ချ

ကာရန်တွေကြားက ရုန်းထွက်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လျှောက်မလား

ဒါပေမယ့်မရဘူး စကားလုံးတွေက ငါ့ကို ကုတ်ခြစ်

ထွက်လာတဲ့ သွေးစက်တွေက တီးလုံးတွေကြားမှာ ဆို့နစ်

အရာရာကို ပိတ်ထားပေမယ့်အမှောင်ထုထဲမှာ မြင်နေတယ်

မင်းတို့တွေ ဘာမှမပြောပေမယ့် တိတ်ဆိတ်တဲ့ အသံတွေကြားနေတယ်

ငါထွက်ပြေးနေပေမယ့် ဘယ်အချိန်ကြည့်ကြည့် ဒီနေရာကိုပဲ ရောက်နေတယ်

ကလေးတွေကြောက်နေတယ် ဆရာတွေဂေါက်နေတယ်

ငါတို့တတွေ ဘာကိုယုံကြည်ရမလဲ ဘုရားသခင်ဆိုတာပျောက်နေတယ်

ဘယ်သူမှအဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတွေက ငါတို့ ပုခုံးပေါ်ရောက်နေတယ်

တစ်ယောက်ရဲ့ နောက်ကျောကို တစ်ယောက်က ဓါးတွေနဲ့ မွှန်းနေတယ်

အမှန်တရားဆိုတာ မိုးပေါ်က ကျမလာဘူး ဘယ်တော့မှစောင့်မနေနဲ့

ကျဉ်ဆံတွေ ယမ်းငွေ့တွေကို ဘယ်တော့မှကြောက်မနေနဲ့

သစ္စာယွင်းတဲ့ လမ်းပေါ်ဘယ်တော့မှလျှောက်မနေနဲ့

ထွက်ခဲ့ပါသူငယ်ချင်းတို့

ဒီလမ်းမဟာ ငါတို့တတွေရဲ့ ဘ၀တွေပဲ ။



မြေမှုန်လွင်



မှတ်ချက်။ ။ ဒါမင်းရဲ့ ကဗျာလားလို့မေးရင်

မဟုတ်ပါဘူး တီးလုံးမထည့်ရသေးတဲ့ Hip Hop တစ်ပိုဒ်ပါလို့ဖြေမှာဖြစ်ပြီး

ဒါမင်းရဲ့ Rhyme လားကွလို့ မေးရင်တော့

နိုး . . ဘေဘီ . . ကဗျာတစ်ပိုဒ်လို့ ဖြေမှာဖြစ်တယ် ။

Thursday, March 17, 2011

မောင်ဖုန်းမြင့်အား ရည်စူး၍ ။

ရှင်ချိန်တုန်းကတော့ မသိလိုက်မသိဖာသာ
သူသေသွားပြီ သတင်းကြားတော့
နာရေးကြော်ငြာဖတ်ပြီး စုတ်သတ်မိ
အဖြူ ၊ အမဲ ရုပ်ရှင် ဖလက်ရှ် ဘက် ပြန်ပြသလို
သူ့ ဘဝကို ပျော်ရွင်စွာ ဖြုန်းတီးခဲ့ပုံ
သူ ဂျစ်ကြ ၊ ဂျီတိုက် ၊ တဇောက်ကန်း နိုင်ပုံ
သူ့ ညီ အကို မောင်နှမ နဲ့ မတည့်ပုံ
သူ့ အဖေကို သူပုန်ကန်သမျှ
သူ့ အမေပေါ်မှာ ချစ်မြတ်နိုး ပုံ
ဆေးလိပ်၊ အရက် ၊ လ္ဘက်ရည် ၊ ကော်ဖီ စွဲစွဲ မြဲမြဲ ကြိုက်တတ်ပုံ
ဟောင်ဖွာ ၊ စွာကျယ် ၊ တစ်ယူသန် နိုင်ပုံ
တွေဝေ ငေးမော အသည်းငယ် တတ်ပုံ
လောက အကြောင်း အလုံးစုံ နားလည်ပြီးသူလို ဟန်ဆောင်နေတတ်ပုံ
စီအန်အန် သတင်း ၊ အင်တာနက် သတင်း ၊ ဆယ်လီဘရစ်တီ လှို့ဝှက်သတင်း
ကြားဖူးနားဝ သတင်းမှန်သမျှနဲ့ ဆရာကြီး ပုံစံ ဖောက်သည်ချ
ပြန်လည်သုံးသပ်ပြတတ်ပုံ
သူ့တိုင်းပြည် ၊ သူ့လူမျိုး ၊ သူနေထိုင်ရာကမ္ဘာကြီးကိုပါ
ကယ်တယ်မယ့် လူစွမ်းကောင်းကြီးလို သွေးနထင်ရောက်နေတဲ့ပုံ
သရော်သလို အမူအရာနဲ့ ၊ ခွက်ထိုးခွက်လန် ဟားတိုက်ရယ် လိုက်ပုံ
ပို့စ်မော်ဒန် ဆန်အောင် ဂျင်းဘောင်းဘီ မချွတ်တမ်း ဝတ်တတ်ပုံ
လေနှင်ရာလွင့်တဲ့ လဲမှို ၊ အနည်မထိုင်သေးတဲ့ ရေလို
ဘဝကို ရှပ်တိုက်စီး ၊ တေလေ တစ်ကောင်လို ကန့်လန့်တိုက်တတ်ပုံ
အခုတော့လည်း
မှန်ဘောင်သွင်း လိုင်စင်ပုံလေး ရှေ့နား
ခြောက်ကပ်ကပ် နှင်းဆီပန်းလေးတစ်အိုး
စားမြိန်စာ အထုပ်လေး တစ်ထုပ်
ဆေးပေါ့လိပ်လေး ၃ လိပ် ၊ ၄ လိပ် နဲ့
သူ့ဓါတ်ပုံမှိန်မှိန်ကို စိုက်ကြည့်ရင်း
သနားပဲ သနားရတော့မလိုလို . . .
အော်ပဲဆဲရတော့မလိုလို . . .။

MPM
24.12.2010

Saturday, March 5, 2011

တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး

        တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး
        [ ဖြစ်ရပ်မှန် စုံထောက် ကဗျာ ]

တစ်နေ့ ကျွန်ုပ်နှင့် ကျွန်ုပ် မိတ်ဆွေ ဆာအာသာရွှေဥသိင်္ခတို့ ပျင်းပျင်း ရှိလှသဖြင့် တစ်ယောက်ခေါင်း ကို တစ်ယောက် အပြန်အလှန် သန်းရှာကြရာ သန်းမကြီး ခြောက်ကောင်ခန့် ဇီဝိန်ခြွေပြီးချိန်တွင် ထိုပုဂ္ဂိုလ်ကြီး ရောက်လာတော့သည် ။ အနှီ ပုဂ္ဂိုလ်ကြီးမှာ နှယ်နှယ်ရရ မဟုတ် ၊ တစ်ခေတ် တစ်ခါက ဘာဆိုလားပဲ ဆိုသည့် ကဗျာအကျော်အမော်ကြီး ဖြစ်၏ ။ ၎င်း ပုဂ္ဂိုလ်ကြီးနှင့် ကျွန်ုပ်မိတ်ဆွေတို့ အပြန်အလှန် စကား ပြောကြပုံမှာ အင်မတန်ဂေါ်လှသဖြင့် ကြားဝင်တည်းဖြတ်ခြင်းမပြုတော့ပဲ အော်ရဂျင်နယ် အတိုင်း ကဗျာ အဖြစ် ရေးသားတင်ပြလိုက်ပါသည် ။



ဆာအာသာရွှေဥသိင်္ခ  -   “ဘဲကြီးပြော . .  ဘာတွေရှော့ခ်တက်လာလို့လဲ”
ကဗျာကဝိကြီး           -  “သားကြီးရေ ကိုယ့်အဖြစ်ကတော့ သားကြီး မှမကယ်ရင် ဆိုဖွယ်ရာမရှိ ဖြစ်နေပြီ”
ဆာအာသာရွှေဥသိင်္ခ  -   “ဆိုပါဦး”
ကဗျာကဝိကြီး         -  “ကိုယ့်အဖြစ်ကတော့ ဆန်းလိုက်တာမှ နိုင်းလောက်ရှိမယ် သားကြီးရေ ”                                      ဒီလိုကွ .. “ ကိုယ်က ညတိုင်းလိုလို အနည်းဆုံးကဗျာတစ်ပုဒ်လောက် ဆွဲ ပြီးမှ
                                   အိပ်တယ်ကွာ အခုနောက်ပိုင်း ဘာဖြစ်သလဲဆိုတော့ ညဘက် ကိုယ်ရေးထား
                                   တဲ့ ကဗျာတွေက မနက်ရောက်ရင်  စာအုပ်ထဲက ပျောက်ပျောက်သွားပြီး စာ 
                                   စာမျက်နှာ အလွတ်ကြီးပဲ ကျန်ခဲ့ရော အလားတူပဲ ကိုယ့် ဦးနှောက်ထဲမှာလည်း
                                  အဲ့ဒီ ပျောက်သွားတဲ့စာလုံးတွေကို လုံးလုံး ပြန်စဉ်းစားလို့ မရပြန်ဘူး” ။
ဆာအာသာရွှေဥသိင်္ခ  -   “ ဟာ ” . . “ဘဲကြီးတို့ကတော့ကွာ တွေ့လိုက်မှဖြင့် အဆန်းတွေကြီးပဲ”
ကဗျာကဝိကြီး           -  “ အဲ့ဒါကြောင့် ပြောတာပေါ့ကွာ သားကြီးမှ မကယ်ရင် ကိုယ့်ဘဝ ဒိုးရတော့မယ်
                                  လုပ်ပါဦးကွာ”
ဆာအာသာရွှေဥသိင်္ခ  -   “ အိုကေလေ  . . . ဒီလိုဆိုတော့ ဘဲကြီးအိမ်ကို အရင်သွား ချက်ကြတာပေါ့ ပြီး
                                  တော့မှ ဆွဲစရာရှိတဲ့ ဇယားတွေ ဆက်ဆွဲကြတာပေါ့ မဟုတ်ဘူးလား ”

         

                   ပြောပြောဆိုဆိုနှင့် ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆာအာသာရွှေဥသိင်္ခ နှင့် ကဗျာကဝိကြီးတို့သည် တစ်ယောက်ခါး တစ်ယောက်ဖက်ကာ ကျွန်ုပ်၏ ရှစ်လွှာ အထပ်မှ အောက်သို့ ဆင်းသွားကြလေတော့သည်
သူတို့နှစ်ယောက် ထွက်သွားသည့် အခါ ကျွန်ုပ်၏ အခန်းလေးသည်ပြန်လည် တိတ်ဆိတ်သွား ပါတော့သည်။
ကျွန်ုပ်မှာလား ကျွန်ုပ်မိတ်ဆွေကြီး ပြန်လာမည့် အချိန်ကိုသာ ဝရန်တာတွင် ထွက်၍ လည်တဆန့်ဆန့် မျှော်နေမိ၏ ။ [ စုံစမ်းပုံ စုံစမ်းနည်း အပြည့်အစုံကို ဝါခေါင်လထုတ် Yes or No မဂ္ဂဇင်းတွင် ဖတ်ရှု နိုင်ပါသည် ] 

                                                                        သဗ္ဗေသတ္တာ သုခိအတ္တာနံ ပရိဟရန္တု
                                                                                   မြေမှုန်လွင်