Sunday, August 30, 2009

ကဗျာ၊ ကဗျာရေးသူ၊ ကဗျာဖတ်သူတို့အကွာအဝေး


ကဗျာနဲ့ ပတ်သက်လို့ အယူအဆ တခုဟာ ကဗျာရေးသူနဲ့ကဗျာဖတ်သူ သိပ်မကွာဝေးဘို့၊

ကဗျာရေးသူဟာ ကဗျာဖတ်သူရှေ့ ခြေလှမ်းသိပ်မကျဲဖို့၊ ကဗျာရေး

သူနဲ့ ကဗျာဖတ်သူ တတ်နိုင်သ၍ ကဗျာအပေါ် အကွာအဝေး နီးစပ်နိုင်သမျှ နီးစပ်ဖို့ ဖြစ်ပါတယ်၊

ဘယ်အယူအဆမဆိုဟာ သူပေါက်ဖွားရာဆက်စပ်ဝန်းကျင် အနေအထား

နဲ့ အမှန်တရားနီးပါး ခိုင်မာချင်သလောက် ခိုင်မာလို့ရပါတယ်။ ဒါပေမယ့်..ကျွန်တော်

ဆန့်ကျင်ဘက်က တွေးကြည့်ပါတယ်။



ပထမဆုံး အချက်က ကဗျာနဲ့ ကဗျာရေးသူအကွာအဝေး။ အကယ်၍ ကဗျာနဲ့

ကဗျာရေးသူကြား အကွာအဝေး မရှိသလောက် နည်းပါးတယ်ဆိုရင်.. ကဗျာဆိုတဲ့

ဆန်းသစ်ခြင်း၊ လန်းဆန်းခြင်း၊ ရုတ်တရက် သစ်ဆန်းလို့ စိမ်းခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ

မပျောက်ကွယ်သည့်တိုင်အောင် လျော့ရဲသွားမှာ ဖြစ်ပါတယ်။ ကဗျာရေးသူဟာ ကဗျာ

ရေးခြင်းအပေါ်မှာ မရောက်ဖူးသော အရပ်တခု ရှာဖွေခြင်းအလုပ် မလုပ်တော့ပဲ

အလွယ်တကူ ရောက်ပြီးသားအရပ်ကိုပဲ လွယ်လင့်တကူအထပ်ထပ်အခါခါ ဆက်သွား

နေမှာပဲ ဖြစ်ပါတယ်။



ဥပမာ….အကယ်၍ ကဗျာရေးသူ အကြိမ်ကြိမ်အဖန်ဖန် ရောက်ဖူးပြီးသား အ

ရပ်ဒေသကိုသာ ထပ်ဖန်တလဲလဲ မငြီးမငွေ့ ပြန်ရေးဖွဲ့ပြနေရင် ကဗျာဖတ်သူအတွက်

အကျိုးဘယ်လောက်ရှိမလဲ။ အကယ်၍ အဲဒီကဗျာရေးသူရဲ့ မရိုးမအီ အဲဒီနေရာကို

ကဗျာဖတ်သူတွေထဲက ရောက်ရှိဖူးရုံတင်မက နယ်ပယ်သစ်တွေအထိ ဆက်စမ်း သွား

နေကြပြီ ဆိုရင်ကော။ ကဗျာရေးသူရဲ့ အသစ်ရှာဖွေခြင်းဆိုတဲ့ကဗျာအလုပ် ကျင်လည်

ရာ အရပ်ဒေသမှာပဲ မျက်လုံးကလေး ကလယ်ကလယ်နဲ့ မသေမရှင် ကျောက်ဖြစ်ရုပ်

ကြွင်း ဖြစ်သွားမှာပါပဲ။



ဒုတိယက…ကဗျာဖတ်သူနဲ့အကွာအဝေး။ “ကဗျာဖတ်သူ“ ဆိုတဲ့ အသုံးအနှုံး

ဟာ အားလုံးသဘောတူ လက်ခံထားတဲ့၊ အငြင်းပွားဖွယ်ရာ လုံးဝမရှိတဲ့ အ သုံးလုံး

ကျေပြီးသူအတွက် ရှင်းလင်းတဲ့စကားလုံးမဟုတ်ဘူးဆိုတာ ဦးစွာသတိချပ်သင့်ပါတယ်

ကဗျာဖတ်သူတွေထဲမှာ အသက်အရွယ်၊ ရင့်ကျက်မှု၊ ကဗျာဖတ်ခြင်း အတွေ့အကြုံ

ကဗျာဖတ်ခြင်းအပေါ် သဘောထားပုံ၊ သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်း

ကောင်း၊ ကဗျာအပေါ် သဘောထားပုံ၊ ကဗျာရဲ့ အကျယ်အ၀န်းနဲ့ အတိမ်အနက်၊

ဘယ်၍ဘယ်မျှ ထောက်ရှုထားပုံ စသည်ဖြင့် အမျိုးမျိုး အစားစား ကွဲပြားနေမှာဖြစ်

ပါတယ်။



အဲသလို အမျိုးမျိုး အစားစား ကွဲပြားတဲ့ ကဗျာဖတ် ပရိသတ်ထုကြီးကို၊

“ ပြည်သူ” ဆိုတဲ့ စကားလုံးကို အလွယ်တကူ တစုတဝေး အဓိပ္ပါယ်မတပ်ဘို့ အရေး

ကြီးပါတယ်။ ‘လေးလုံးစပ်ကဗျာ’ကိုမှကဗျာထင်တဲ့သှူ‘ ခေတ်ပေါ်ကဗျာ’ကိုမှကဗျာထင်

တဲ့သူ၊ အလွယ်တကူ ဖတ်ရှုနားလည်ပြီး ဆိုလိုရင်းအကြောင်းအသိထဲ ဒိုင်းကနဲရောက်

သွားမှ ကဗျာလို့ ထင်မှတ်ထားတဲ့သူ၊ ခံစားချက်ပါမှ ကဗျာဖြစ်တယ်လို့ မှတ်ယူထား

တဲ့သူ စသဖြင့် ကွဲပြားမှုကိုယ်တိုင်ဟာ ကဗျာနဲ့ ကဗျာဖတ်သူကြား အကွာအဝေးတွေ

အလိုလို ဖြစ်ခဲ့ပြီး၊ ဖြစ်နေလျက်၊ ဖြစ်နေဆဲ..ဖြစ်ပါတယ်။ ဒါဟာ ကဗျာနဲ့ ကဗျာဖတ်သူ

ကြား လက်ဦးမဆွကတည်းက ရှိခဲ့ပြီးတဲ့ အကွာအဝေးဖြစ်ပါတယ်။ ဒီအကွာအဝေးကို

ဘယ်ကဗျာဆရာက ဘယ်လိုချုံ့ပေးကြမှာလဲ။



တတိယအချက်က…ကဗျာအပါအ၀င်အနုပညာဆိုတာရှိပြီးသားကို ပြန်လည်

ထင်ဟပ်ပြတာလား။ ဒါမှမဟုတ် ရှိတန်ခြေ၊ ဖြစ်တန်ခြေ တွေကို ရှေ့က လမ်းထွင်သွား

တာလား။ ဒါဟာမိမိကိုယ်မိမိကဗျာဆရာလို့ ရိုသေလေးစားစွာ၊သစ္စာရှိစွာမကွယ်မ၀ှက်

စီးချင်းထိုးမေးရမယ့် ကဗျာရေးခြင်းဆိုင်ရာ မူလ အခရာ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ

ကဗျာဟာ နိုင်ငံရေး လက်အောက်ခံ၊ ကဗျာဟာ ပြည်သူကို အကျိုးပြုရင်၊ ကဗျာနဲ့

ပြည်သူတသားထဲ၊ ဆိုတဲ့ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ရတော့တာပဲ ဖြစ်ပါတယ်။

ဒီအထဲမှာ မီဒီယာ လှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ စုရုံး အင်အားသုံးမှုတွေ၊

‘ရေးသက’် ၊ ‘သမ္ဘာ ‘၊ ‘ဘ၀မှာ မည်ရွေ့မည်မျှ အဆုံးရှုံးခံဘူးတာ..‘ စသဖြင့် တွေနဲ့ မိမိကိုယ်မိမိ

သူရဲကောင်းလုပ်ပြီး တပည့်မွေးတာ၊ …………တွေဟာလည်း ရှိဖူး၊ ရှိဆဲ၊ ရှိလတ္တံ့ပေါ့။

ဒါပေမယ့်.. မိမိကိုယ်မိမိ မကြုံစဖူး အရေခွံနွှာ ရဲရဲမေးလိုက်ပါ။ အဲဒါ……

ကဗျာရေးခြင်းအလုပ်လား။



နိဂုံးချုပ်ရရင်..ကျွန်တော့်ပုဂ္ဂလိကအမြင်အားဖြင့် ကဗျာရေးသူနဲ့ ကဗျာအကွာ

အဝေးဟာ ရှိကို ရှိနေမှာပဲ။ ကဗျာဖတ်သူနဲ့ ကဗျာ အကွာအဝေးဟာ ရှိကိုရှိ နေမှာပဲ။

ကဗျာရေးသူ အနေနဲ့ မိမိကဗျာအလုပ်ကို မိမိ လုပ်ခြင်းကသာလျင် မိမိရဲ့ အလုပ်

အပေါ် သစ္စာရှိခြင်းလို့သာ ကျွန်တော်မြင်ပါတယ်။


ဇေယျာလင်း

၅ ဇူလိုင် ၂၀၀၇

ကဗျာ ဘ၀ ရှာတော်ပုံ စာအုပ်မှ ကူးယူဖော်ပြသည်

Thursday, August 27, 2009

ငါနှင့်ငါသာပါသော ငါ့ကဗျာ









ငါ ရေးခဲ့တဲ့ ဇာတ်ပါပဲ...
အော်စကာတော့ မမျှော်ပါဘူး...
ဒါပေမယ့် ငါကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်...
ငါ့ဘာသာ ငါပဲ ကိုယ်တွေခွဲလို့...
ငါ ကိုယ်တိုင်ပဲ သရုပ်ဆောင်တယ်...
ဇာတ်လိုက်ဆိုတဲ့ အကောင်တိုင်းကလည်း ငါဖြစ်လို့...
ငါ ချစ်တဲ့ မင်းသမီးတွေနဲ့ ငါတွဲပစ်လိုက်ပါတယ်...
ဂျက်ဆီကာအယ်လ်ဘာတို့...
ဂျနီဖာလဗ်ဟျူးဝစ်တို့...
ချစ်စရာလေးတွေနဲ့ပေါ့...
နောက်တော့
ငါ့ရုံမှာပဲ ငါ့ဇာတ်ကို ငါတင်ခဲ့တယ်...
ဘာလို့ဆို
တခြားရုံတွေကို ငါက အထင်မကြီးဘူးလေ...
ငါ့ဇာတ်ကို ငါကြည့်ဖို့လည်း
ငါ့ ကိုယ်ငါပဲ တိုက်တွန်း သွေးဆောင် ဖျားယောင်းခဲ့တယ်...
ငါ့ကိုယ်ငါ ဂုဏ်ယူနေမိတာကတော့
ငါ့ဇာတ်ကိုကြည့်ဖို့ ဘယ်သူတစုံတယောက်ကိုမျှ
ငါ မတိုက်တွန်းခဲ့မိတာပါပဲ...
ငါ့ ရုံဝင်ခအတွက်တော့
ငါ့ ဘ၀ကို ငါကိုယ်တိုင် ထိုးချေပြီး ပေးခဲ့ရတာပေါ့လေ...
“ကြေးကြီးလိုက်တာ-”လို့ငါ့ဘာသာငါ စိတ်ထဲမှာ ထင်နေသေးရဲ့...
ပြန်စဉ်းစားမိတိုင်းလည်း...
ငါ့ဘာသာငါ ပြုံးနေမိသေးတယ်...
ငါ့ဇာတ်ရုံကလည်း ဈေးကြီးလွန်းလှချည်လားလို့ စဉ်းစားမိရင်းနဲ့ပါ...
နောက်တော့လည်း
ငါ့ဇာတ်ကို ငါကြည့်ဖို့ ငါ့ကိုယ်ငါ တိုက်တွန်းရင်း ငါ့ရုံရှေ့မှာ ငါကိုယ်တိုင်ရောက်ခဲ့တာပေါ့...
ငါ့ရုံရှေ့ငါရောက်တော့
ငါဘာလျှောက်လုပ်တယ်ထင်လဲ...
ငါ့ရုံဝင် လက်မှတ်ကို
ငါ့ဘာသာငါ တစစီ တစစီ ဆုတ်ဖြဲပစ်လိုက်မိတာပေါ့...
ခုတော့ ငါ့ရုံထဲကို ငါ ၀င်လို့ မရတော့ဘူး....
ငါဟာ ရုပ်ရှင်ကားကောင်းကောင်းတခုအတွက် ရုံဝင်ခွင့် လက်မှတ်ပျောက်နေတဲ့ ကလေးတယောက်လို
ငိုနေမိတာပေါ့...
တကယ်တော့လည်း ငါဟာ ငါ့အရှေ့မှာပဲ
ငါ့ဘာသာငါ ထိုင်ငိုနေမိတာပါ...
ငါ့ကိုယ်ငါလည်း ချော့လို့ မရဘူး...
ငါ့အတွက် ဘယ်သူမှ မငိုကြစေလိုပါ...
ငါ့ဘာသာပဲ ငါ့အတွက်ငါ ငိုပါရစေ...
သည်ကဗျာကိုလည်း
ငါ့ဘာသာငါ ငိုနေရင်း ရေးလိုက်ပါတယ်ဆိုတာ
ငါ့ဘာသာ ငါ သိပါစေ...

(အောင်သာငယ်)

Wednesday, August 26, 2009

မောင်း-ဟိန်းမြတ်ဇော် ရောင်း-လူဆန်း

မောင်း-ဟိန်းမြတ်ဇော်
ရောင်း-လူဆန်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိဘ၊ ဇနီး၊ သား ၊သမီး၊မြေးမြစ်နဲ.အချစ်ကလေးများက ဘေးမသီရန်မခပဲအိမ်အပြန်
စောင့်မျှော် နေကြသည်ကိုသိရှိကြပါသည် ။ ကျွန်ုပ်တို့သည် ဤမွန်မြတ်သည်ဟု ဆိုသော်ဤသစ္စာအဓိဌာန်အ
လုပ်ကို ကျွန်ုပ်တို့သဘောနှင့်ကျွန်ုပ်တို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ထပ်မံရွေးချယ်နိုင်ခွင့် ရှိသည်ကိုလည်း
သိရှိနားလည်ပါသည် ။


ကျွန်ုပ်တို့သည် မော်တော်ယာဉ်စီး လုပ်သားပြည်သူများကို ယေဘူယျအားဖြင့်ယဉ်ကျေးချေငံစွာဆက်ဆံကြပါ
သည်။ သို့သော် မတူသော တက်လိုက် ဆင်းလိုက် စိတ်ကူးအမျိုးမျိုးဖြင့် မျောနေသော လူအများကိုခရီးစဉ် အစအဆုံး နေမထွက်ခင်မှ မိုးစုံးစုံးချုပ် ဆက်ဆံ ပြောဆိုနေရခြင်း ၊ သက်ဆိုင်ရာစ ည်းပိုင်ကမ်းပိုင်တို့၏ အရိပ်အကဲ၊နေ့တွက်ကိုက်ရန် အစဉ် မျက်စိလျင်အော်ဟစ်နေရခြင်း တို့ကြောင့်အလျင်စလိုအပြောအဆို လေယူ လေသိမ်းများရှိခဲ့သော်ဤနေရာမှအညွတ်အနူးတောင်းပန်အပ်ပါသည် ။


ကျွန်ုပ်တို့၏ မိန်းမတို့သည် ဒီနေ့အ၀တ်တမျိုးဝတ်ပြီး ဟင်းတမျိုးချက်ကာ နောက်တနေ့နောက်အ၀တ်တမျိုး
ဖြင့်ဟင်းအမယ်တမျိုး ပြောင်းလျက်နေ့စဉ် ဖန်တီးကြပါသည်။ကျွန်ုပ်တို့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်
က၊ဆယ်နှစ်ခန့် ကခရီးသည်များနှင့် ဆက်ဆံနေရခြင်းမဟုတ်မူပဲ ယနေ့ခရီးသည်များနှင့်ဆက်ဆံနေရသောa
ကြောင့် ယနေ့အတွေးကိုပဲ တွေး ကြရပါသည်။


ဟိုယခင် သိမှီလိုက်သူများအဖို့ သစ်သားဘတ်စ်ကားအိုကြီးပေါ် မောင်းသူအဖိုးကြီး၏ ဒူးတ၀က်လှန်လေ၀င်ပုဆိုးနှင့် ရောင်းသူအဖိုးကြီး၏ မှတ်တိုင်ပါသည်ဆရာဟူသောကွမ်းမြုံ့သံ၊ငါးပြားစေ့ ဆယ်ပြားစေ့ မတ်စေ့ငါးမူးစေ့ ကျပ်စေ့ အလေးစေ့ အပေါ့စေ့ထည့် လွယ်အိတ်ကြီးများ၊ကွမ်းစားထားသော လျှာပေါ်မှ တံတွေးဆွတ်ပြီး လက်မှတ်တစောင်စီ အေးဆေးစွာ ဆွဲဖြုတ်လျက် လေတဖြူးဖြူး စီးရသောခေတ်လည်း မဟုတ်တော့ပါချေ ။


ကျွန်ုပ်တို့တွင် လမ်း၊မီးပွိုင့်၊မှတ်တိုင်၊မော်တော်ယဉ်ပေါ် အချိန်မရွေး ကြုံလာရနိုင်သော အခက်အခဲများကို နေ့
စဉ် နည်းအားဖြင့် တွက်ဆနိုင်ကြပြီး ရရှိသော ၀င်ငွေအားဖြင့် ရပ်တည်ကြရပါသည်။ မနေ့ကအကြောင်းများကို
အချိန်များစွာ မစဉ်းစားနိုင်ပါ၊ မနက်ဖြန်လာမည် သေချာသော်လည်း ကျွန်ုပ်တို့ဘက်မှ ပိုပြီးသေချာ ထားရပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လုပ်ရန်ရှိသည် များကို နေပူပူ မိုးရွာရွာ ပြီးစီးအောင် လုပ်ရပါသည်၊ငြီးငွေ့စရာနေ့စဉ်အပြောအဆိုများ ကြားမှ စကားလုံးအသစ်များ ရလာသလို ဆွဲသုံး၊လိုအပ်က ထင်ဟပ် ထွင်းဖောက်လိုက်ရခြင်းများဖြင့် အလုပ်လုပ်ယင်းဖြေဖျော်ကြရပါသည် ။


ထို့ကြောင့်ပင် အချို့သော ကဗျာဆရာများသည့် ကျွန်ုပ်တို့အား တမင်လ္ဘက်ရည်တိုက် ထမင်းကျွေးပြီးကားနား
ချိန်များတွင့်ကျွန်ုပ်တို့၏ အသုံးအနှုန်းများကို စိတ်ရှည် လက်ရှည် မှတ်သားသွားလေ့ရှိပါသည် အတိတ်ကိုပြန်
တွေးသော် အမောပြေသည်နှင့် တပြိုင်နက် အနာဂါတ်အတွက် မျက်နှာမူခြေကားထားရပါသည်။ အကယ်၍လို
အပ်ပါက မိုက်ရမည်ဆိုပါမူ ရှေးရေဒီယိုလူရွှင်တော်ကြီးများ ပြက်လုံးအတိုင်း
ကျွန်ုပ်တို့၏ ခေါင်းမှချုပ်ရာထစ်ရာများသာ ကြည့်ကြပါကုန် ။


ရေးသူ-လူဆန်း
မေ-၂၀၀၈

Sunday, August 23, 2009

အရေးအသားများ

တချို့က ရေပေါ်မှာ အရုပ်ရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က အထ္တုပတ္တိရေးတယ်

တချို့က ဆီဆေးနဲ့ရေးတယ်

တချို့က ရေဆေးနဲ့ရေးတယ်

တချို့က ရင်ဘတ်နဲ့ရေးတယ်

တချို့က ကောက်ကျစ်တဲ့ခေါင်းတွေနဲ့ရေးတယ်

တချို့က ပရိုဂရမ်တွေရေးတယ်

တချို့က ဗိုင်းရပ်စ်တွေရေးတယ်

တချို့က ဘလော့ရေးတယ်

တချို့က ပရောဂျက်ရေးတယ်

တချို့က အမြတ်ဝေစုရေးတယ်

တချို့က ကုန်ကျစရိတ်ရေးတယ်

တချို့က အလှုအတန်းစာရင်းရေးတယ်

တချို့က ကျောက်စာရေးတယ်

တချို့က သမ္မာန်စာရေးတယ်

တချို့က ၀ရမ်းရေးတယ်

တချို့က စီရင်ချက်ရေးတယ်

တချို့က အများသိစေရန် ကြေညာချက်ရေးတယ်

တချို့က ကွာရှင်းစာချုပ်ရေးတယ်

တချို့က လွတ်လပ်ရေးကြောငြာစာတန်းရေးတယ်

တချို့က အခြေမခိုင်ဥပဒေတွေရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က ရေပေါ်မှာအရုပ်ရေးတယ်….


မိုးလှိုင်ည

Saturday, August 22, 2009

ကျွန်တော်စွဲလမ်းမိနေသော ဖိနပ်တစ်ရံ

ငွေခြောက်သောင်းတန် ဖိနပ်တစ်ရံကို သဘောကျမိတဲ့နေ့မှာ ထောင့်နှစ်ရာတန် တာယာဆိုလ်းပြားနဲ့ ဖိနပ်လေးတစ်ရံကို ကျွန်တော်သတိတရ ရှိသွားမိတယ်….။ အဲဒီတုန်းက လေးတိလေးကန် နေ့စွဲတွေကို အားမလိုအားမရ ဖြတ်သန်းနေရချိန်ပေါ့။ ဘ၀ဆိုတာ အညိုရောင်ပါလို့ စိတ်ထဲက အမာရွတ်တွေကို ပွတ်သပ်နေမိတုန်းလေ။ ကောင်းကင်က ကမ္ဘာဖျက်မိုးလားလို့ ထင်မှတ်မှားအောင်သိပ်သည်းနေပါတယ်။ တတိယလှိုင်းလုံးနဲ့ တတိယကမ္ဘာမှာ ကျွန်တော့်အတွက်တော့ ခေါင်မမြဲတဲ့ ဖိနပ်တစ်ရံအတွက် စိတ်ထဲမှာ မွန်းကျပ်နေပါတယ်…။ ထင်မှတ်ထားတာထက် ပိုမိုခိုင်ခန့်နေတတ်တဲ့ ဆင်းရဲသား ဖိနပ်တစ်ရံဟာ ခရီးတို၊ ခရီးလတ်တွေအတွက်၂၀ကျပ်တန် ဘတ်စ်ကားကို ကြွားကြွားဝါ၀ါမစီးတတ်တဲ့ ကျွန်တော့် အတွက်တော့ ၀ါးစားနေသလား ထင်မှတ်ရအောင် သက်တမ်းကုန်ရက်က သိပ်နီးကပ်နေပါတယ်။ လမ်းများတဲ့ ကျွန်တော့်အတွက် နှစ်လတန်သည် သုံးလတန်သည်မှာ ဖိနပ်အသစ်တစ်ရံ ၀ယ်စီးရလေ့ ရှိပါတယ်။ တခါတရံ ငွေကြေးပြတ်လပ် နေတဲ့အချိန်မှာ ဖိနပ်ချုပ်သည် ဂတ်စ်ဖြည့်သည်ဆိုတဲ့ ၃၈လမ်းထိပ်က ကိုတင်သန်းနဲ့ စကားစမြည် ပြောနေခဲ့ရတတ်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်တော့်ရဲ့ ရန်ကုန်နေ့စွဲတွေထဲမှာ ဖိနပ်မပါဘဲ လျှောက်သွားဖူးတဲ့ နေ့တစ်နေ့ပါပဲ။ ကြာသပတေးလား၊ သောကြာလား မသေချာပေမယ့် အဲဒီနေ့က အိပ်ကပ်ထဲမှာ ပိုက်ဆံပြတ်နေတာ သေချာပါတယ်။ မိုးကလည်း တစိမ့်စိမ့်စွေလို့ပေါ့။ မနက်ရုံးလာကတည်းက ကတ္တီပါသဲကြိုးက နဲ့တဲ့တဲ့။ ပြတ်မှာစိုးလို့ ဖိနပ်ကို ခါးကြိုးထိုးပြီး လမ်းလျှောက်ချင်ပေမယ့် မြည်းတစ်ကောင်နဲ့ သားအဖလို့ ပတ်ဝန်းကျင်အမြင်များ စောင်းမလားဆိုတဲ့ အတွေးနဲ့ ခြေတစ်လှမ်း သိစိတ်တစ်သန်းနဲ့ ထိန်းချုပ်ရွေ့လျားခဲ့ပါတယ်။ အဲဒီအချိန်က ဖိနပ်ကို နှမြောတဲ့ စိတ်ကလေးသာ ဖယ်ထုတ်လိုက်ရင် တစ်မဂ်တစ်ဖိုလ်များ ဆိုက်ရောက်လေမလားကို ထင်မှား တွေးမိသေးတယ်။ ရုံးရောက်တော့ ကျွန်တော့်ကို ဂေါ်လီတစ်လုံးလို လှိမ့်ဖို့ အလုပ်တွေက တပုံတပင် စောင့်နေတယ်။ ပထမဆုံး သွားရမယ့်ခရီးက ကမ်းနားလမ်းပေါ်က ဂျာနယ်တိုက်တစ်ခုမှာ ကြော်ငြာထည့်ဖို့၊ ဒုတိယက ဗိုလ်ချုပ်ဈေးသစ်ထဲက ဆေးဆိုင်အမှာတွေ သွား ကောက်ဖို့၊ တတိယအလုပ်က အထက်အရာရှိ မုတ်ဆိတ်ရိတ်ဓားဝယ်ဖို့နဲ့ သူ့ကိုယောက်ျားစစ်မှန်ကြောင်း အာမခံအားတိုးဆေးဝယ်ဖို့၊ ကြီးကြပ်ရေးမှူးမ အတွက် လက်ကိုင်အိတ်ဈေး မေးခဲ့ဖို့စတာတွေနဲ့ ကျွန်တော်ကို ရုံးအမိုးအောက်ကနေ အပြီးသတ် ကန်ထုတ်လိုက်ပါတယ်။ ရက်စက်လှချည်လား . . . မိုးရယ်…။ ၁၅၀၀ တန် ထီးတစ်လက်နဲ့ ခုခံကာကွယ်လို့ မရနိုင်အောင် မိုးစက်တွေက ကတ္တရာလမ်းပေါ် တဖြောင်းဖြောင်း ရိုက်ချနေပါတယ်။ မိုးတွေ သိပ်များလို့ အလုပ်နားနေလို့ မရတဲ့ဘ၀ဆိုတော့ အသက်တစ်ပိုင်းကို ရွှဲစိုစေချင်လည်း ရွှဲစိုခိုင်းလိုက်ရုံပေါ့။ တခါတလေ ကျွန်တော့်ကိုယ်ကို သံထည်သံသားလို ယုံကြည်မှုထားခဲ့ဖူးတယ်။ လတ်တလောအချိန်မှာ စိတ်ပူ နေရတာကတော့ ကိုယ့်အောက်မှာ တစ်ခုတည်းရှိတဲ့ ဖိနပ်ကိုပါပဲ။ ကိုယ့်ထက် အောက်ကျတယ်ဆိုပြီး သူ့ကို မလေးစားလုပ်လို့ မရတဲ့ အခြေအနေပါ။ အဲဒီလိုနဲ့ မနက်က ရုံးကိုလာတဲ့ သမာဓိကို ပြန်လည်စုပ်ယူပြီး သကာလ ကျွန်တော့်ခြေထောက်တစ်စုံကို ဗိုလ်ချုပ်လမ်းမပေါ် ရွေ့လျားလိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း၊သုံးလှမ်း၊ ခြေလှမ်းသုံးဆယ်၊ ခြေလှမ်းငါးဆယ်၊ ခြေလှမ်း၂၀၀ အရောက်မှာ . . .။ မတော်လို့ပါ . . . ဆောရီးနော် . . .။ ဖောက် . . .။ ကမ္ဘာကြီးကို ချောက်ချောက်ချားချား နောက်လှည့်ကြည့်လိုက်တယ်။ သိမှတ်စိတ်တွေက အပူချိန် တက်လာတယ်။ လူတွေက ဆူးလေမီးပွိုင့်ထိပ်မှာ ခြေချင်းလိမ်နေတယ်။ ကျွန်တော့်မှာသာ ကမ္ဘာလည်နေတာကို ရပ်ရမလို၊ မသိလိုက် မသိဘာသာ လိုက်လည်ပြရမလိုနဲ့ မတ်မတ်ကြီး ငူနေမိတယ်။ ဒီနေရာမှာ ဖိနပ် အပြတ်တွေ စွန့်ပစ်ထားခွင့် ရှိမရှိ၊ ဒါမှမဟုတ် ဖိနပ်အပြတ်တစ်ရံကို ကိုင်ပြီး ဖိနပ်ချုပ်ဆိုင် ရောက်တဲ့အထိ ရှေ့ဆက်သင့် မသင့် ဝေခွဲရခက်နေပါတယ်။ ဒီအရပ်က လူတွေကိုကြည့်ရတာ ဖိနပ်ပြတ်ဖူးပုံ မပေါ်ဘူး။ သစ်သစ်လွင်လွင် ဖိနပ်ဆိုင်ကြီးတွေကို ကျွန်တော် မမြင်ချင်ယောင် ဆောင်နေမိတယ်။ ကျွန်တော်လည်း မသိမသာ ပလက်ဖောင်း ဒေါင့်စွန်းမှာ ဖိနပ်အပြတ်လေးကို စွန့်ပစ်ထားခဲ့တယ်။ မနက်ရောက်ရင်တော့ မြို့တော်သန့်ရှင်းရေး ၀န်ထမ်းက ကျွန် တော့်အပေါ် ကျိန်ဆိုနေမှာ အားနာနာနဲ့ မြင်ယောင်မိရင်း တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ပါဗျာလို့ စိတ်ထဲက တောင်းပန်နေမိလိုက်ပါတယ်။ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့. . .။ ဖိနပ်စီးလို့ရပါတယ်ရှင် . . . ။ ဗျာ . . .။ ဟို ကျွန်တော့်ဖိနပ်က ရေတွေအရမ်းစိုနေလို့ပါ။ တစ်ယောက်ယောက်ကို လိမ်ရတဲ့အခါ နံရံပေါ်က ကိုယ်မျက်နှာကိုယ် ပြန်မကြည့်ရဲ သလိုပဲ။ ပြောင်လက် နေတဲ့ ကြွေပြားနံရံပေါ်က ကိုယ့်မျက်နှာကိုယ် ပြန်ခိုးကြည့်မိတယ်။ ထည့်နေကြ ကြော်ငြာပဲ။ ဟုတ်ကဲ့၊ နှစ်သောင်း ငါးထောင့်သုံးရာ။ ကျွန်တော့်ကို ဘောက်ချာလေးဖြတ်ပေးပါ။ ဟူး . . . လေထဲကို စိုးရိမ်စိတ်တွေ မှုတ်ထုတ်လိုက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ များသွားရင် ခွင့်လွှတ်ပါကမ္ဘာကြီးရေ . . .။ အစ်ကိုဒီမှာ မိုးတွင်းစီးတွေ ထောင့်ငါးရာ။ ဖိနပ်မပါမှန်းသိလို့ ပလက်ဖောင်းဈေးသည်က အတင်းခေါ်ရောင်းနေတယ်။ ကျွန်တော့်ဆီမှာက ၂၁ရာစုကိုဖြတ်သန်းဖို့ လက်ကျန် ငွေနှစ်ရာပဲ ရှိတော့တာ။ ဖိနပ်မပါတဲ့ အတူတူ မထူးဘူးဆိုပြီး အဲဒီနေ့က ဆူးလေဘုရားတက်ဖူးခဲ့တာလည်း အမှတ်ရနေတယ်။ မိုး တွေက ပိုပြီးသိပ်သည်းလာတယ် ။ ဘုရားစောင်းတန်းက ဖိနပ်အပ်ရန်ဆိုတဲ့ ကောင်တာနားထိုင်ပြီး မိုးသည်းထဲက အတွေးစတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရယ်မောနေမိသေးတယ် . . .။ အစ်ကို ဒီဖိနပ်ယူမှာလား . . .။ ဗျာ . . .။ ဟုတ်ကဲ့ မယူသေးဘူးနော် . . . ။ အစ်ကို ဖိနပ်ကိုထိုင်ကြည့်နေတာ ဆယ်မိနစ်တောင်ရှိပြီ . . .။ ဟုတ် ဆောရီးနော် . . .။ တောင်းပန်ပါတယ် . . .။ အတွေးလွန်သွားမိလို့ပါ. . . ။ ဖိနပ်တစ်ရံက ကျွန်တော့်ကို ဆက်ရန်ရှိသော မနက်ဖြန်များဆီကို ဆွဲခေါ်ယူသွားပါတော့တယ် . . .။


မိုးလှိုင်ည

Thursday, August 20, 2009

ဤစည်းကိုကျော်ဖြတ်လျင် သင်၏တာဝန်သာဖြစ်ကြောင်း


ပြဿနာ စိတ်ကူးဥာဏ် လေးနက်တဲ့သိပုံသိနည်းတမျိုး

မကျော်လွှားခင် ခြေတဖက် လေထဲတွဲလောင်း အဲဒါ ငါမသိဘူး

စိတ်ကူးနဲ့တွန်းကြည့်လို့ရတဲ့ နေရာတခု အခု ခြုံငုံဆင်းရဲမှု

တုံ့ပြန်မှု ယနေ့အခါများ ပေတံများ ကိုက်တံများ စည်းမျဉ်းခံ အာရုံခံစားမှုများ

အတွေးထည်နဲ့ချဉ်းကပ်လို့မရတဲ့ ဗိုက်ဆာနေပုံ တင်းခံပေးတဲ့ အဆောက်အအုံ

ထို့ကြောင့် သော်ငြားလည်း ဒီနေ့မိုးလေ၀သအကြောင်းထက် မနက်ဖြန်ကိုကြေငြာပုံ

ဝိသေသ ပြဿနာ ကဗျာကြားခံပစ္စည်းမဟုတ်ဘူး တံတားမဟုတ်ဘူး

အားဖြင့် မှတဆင့် မဟုတ်ဘူး အလင်းလိုလေလို အပိုပစ္စည်းလို ငါတို့

မှားခဲ့ကြ ဘာမဲ့ရင်မဲ့ပါစေ ဘာမမဲ့ပါစေနဲ့ အဲသလိုကွဲပြားတော့ ငါတို့ခြားနားသွားတာပေါ့

အလေးအနက်ထားမှုရဲ့ နောက်ဆုံးကတုတ်ကျင်း ဒီတွင်းမှာပဲ လောင်စာ

တခုခုခံစား...ရလို့ ပြောနေတာလား

တခုခု...ပြောနေတာလို့ ခံစားရသလား

ပြဿနာကိုထပ်ရှုပ်စေတာ ပြဿနာရဲ့ စွဲငင်အား/စွမ်းအား

သမိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ စီးပွားရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ လိင်ဆိုင်ရာ

တပိုင်းအားဖြင့် ဘာကြောင့်လဲဆိုတော့ သူတို့ဟာအမြဲဖြစ်နေလို့

(ခင်ဗျားကိုယ်ခင်ဗျား ဆိုပါစို့၊ဥပမာ) ခေတ်ရေစီးကြောင်းပြင်ပလား

ကမ်းပါးပေါ်ကသစ်ပင်တွေ သစ်ပင်တွေပေါ်က တိမ်တိုက်တွေပေါ့

သူတို့ကော ရေမှာမထင်ဟပ်ဘူးလား သိပ်ဝေးဝေး မရောက်သေးပါဘူး

‘အက်စ်တက်တစ်က်’ ဟာ ဂရိ ‘အက်စ်တီးဆစ္စ'က

မူလ ဂရိ မှာ ‘အာရုံကို/ ဖြင့် သိမြင်ခြင်း’ ‘အဆင့်မြင့် ဆင်ခြင်တုံတရား’ရဲ့

အပါးလွှာဆုံး/ အနူးညံ့ဆုံး အရေပြား စိတ်(၀င်စားရေး) ကိရိယာ

ဦးမှင်တံ ခွာလိပ်ပုံဟာလည်း ရည်ရွယ်ချက်တခု

ရည်ရွယ်ချက်တခုခု... လိုလို ပြောနေတာလား

ပြောနေတာတခုခု..ဟာ ရည်ရွယ်ချက်လား

သိမြင်ခံစားဖို့ သင်ယူလေ့ကျင့်ထားသလောက် ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြ’

ကွဲပြားခြားနားမှုကိုပြဘို့ ဘယ်အရှင်လတ်လတ်ကို ဘယ်မှာပိုင်းဖြတ်မလဲ

အခြေခံဒြဗ်သားတွေဟာ စကားလုံး အမြဲဖွဲ့စည်းရ ထိုရောအခါဝယ်

အကျည်းတန်ခြင်း=ပုံသဏ္ဍာန်အတွင်း သွတ်သွင်းခြင်းကို ဆန့်ကျင်ခြင်း

ဘယ်သူ့အဓိပ္ပါယ်မှတ်ချက်လဲ=အချိန်စောင့်စားရတဲ့အလှ

တနေရာရာရောက်ဖို့ အဝေးကြီးသွားပြီး အနီးလေးမှာ ကွေ့ရကာ

သတ်မှတ်ထားချက်များမှ ကပ်သီးကပ်သပ် လွတ်မြောက်နေဘို့

(ခင်ဗျားလည်းဖတ်ဖူးတဲ့ အချို့လိုင်းတွေမှာ) ဒါဘယ်သူ့သံသယ

လက်နက်ခဲယမ်းမီးကျောက်များ မီးခတ်ကျောက်များ

ထူပိန်းမှုများ ပါးလွှာမှုများ လုံးထားတဲ့စကားများ

အနည်းဆုံးတော့ သိပြီးသား သပ္ပရနံပေါင်းကို သံပြေလေးနဲ့

သံချိုသွေး မနေချင်တော့ဘူး ကြိုတင်မှတ်ချက်ချထားတဲ့အဓိပ္ပါယ်

ဘာတခုမှမရှိသေးတဲ့ ဖွင့်ဆိုချက် ခြားနားသောအရာတခု

ခြားနားရင်... အရာတခုဖြစ်သလား

ခြားနားခြင်း...တခုရဲ့ အရာလား

လက်တွေ့ဖက်တွယ်ထားမှုများ

တသက်မမေ့နိုင်တဲ့ စိတ်ဝေဒနာ ခံစားမှုကြီးများ

ပျင်းရိဘွယ်ရာ အကြမ်းဖက်မှုများ။

ဟုတ်လား။

ဇေယျာလင်း

၁၉ စက်တင်ဘာလ ၂၀၀၇

မနေ့ကမိုးရွာတယ် ကိုခင်အောင်အေး


သေမင်းဟာ စာမှန်မှန်ရေးတယ်

ငါတို့နေ့တိုင်းဖတ်ရတယ်၊ နာရေးကြော်ငြာတွေ

သေမင်းဟာ မိတ်ဆက်စာတွေလဲ ခဏခဏရေးတယ်

ခွဲစိတ်ခန်းထဲက လူနာတွေဆီကိုပေါ့

သေမင်းဟာပျော်ပျော်နေတတ်တယ်

အရက်ဆိုင်ထဲက သီချင်းအော်ဆိုနေတဲ့သူ့အသံဟာ

အကျယ်လောင်ဆုံးပဲ

သေမင်းဟာဉာဏ်ကောင်းတယ်

ဒါကြောင့်လဲ ဘာသာစကားတွေအများကြီးတတ်ကျွမ်းတာပေါ့

သေမင်းဟာ ကတိတည်တယ်

သေချာစွာ ချိန်းဆိုထားတဲ့အတိုင်းသူ

ရောက်လာလေ့ရှိတယ်

သေမင်းဟာခရီးသည်ကြီးပေါ့

မြို့တကာ ရွာတကာ သူလှည့်လည်လေ့ရှိတယ်

ရှိသမျှပျော်ရွင်မှုလေးကို

ခွဲဝေသုံးစွဲနေကြတဲ့ ငါတို့ကမ္ဘာလေးထဲ

သူအလည်လာခဲ့ဘူးတယ်

အဲ့ဒီနေ့ကအဖြစ်အပျက်ကို ငါတို့

ဘယ်တော့မှ မေ့မရ။

မီးသွေးတစ်အိတ်နဲ့ပဲ

ဆောင်းတွင်းကိုငါတို့

ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်

ဘယ်တော့မှ မရိုးနိုင်တဲ့မင်းအကြောင်းကို

ပြောလို့။

နောက်ထပ် ကြေကွဲစရာမရှိအောင်

ကြေကွဲခဲ့ဖူးသူတစ်ယောက်ဟာ

ကမ္ဘာမြေကိုအကောင်းမြင်နိုင်အောင်

ကြိုးစားကြည့်ခဲ့ပါတယ်၊ နည်းနည်းပဲဖြစ်ဖြစ်။

ကဗျာကိုသွယ်ဝိုက်ပြီးမရေးတော့ဘူးလို့

နောက်တစ်ကြိမ်ဆုံးဖြတ်မိတယ်။

သေမင်းရေမလာပါနဲ့ဦး ပြောချင်ရဲ့

ငါ ကဗျာတွေရေးရဦးမယ်ကွဲ့။ ။



နေမျိုး

ဟန်သစ်မဂ္ဂဇင်း

အမှတ်(၆)၊ မေလ ၂၀၀၇

Tuesday, August 18, 2009

အနီးကပ်ပင်လယ်




အနီးကပ်ပင်လယ်


ကြားလား….
ဟိုမှာ.. မိုးကုပ်စက်ဝိုင်းရဲ့ခေါ်သံ ကြားသလား…။

စင်ရော်တွေ ကစဥ့်ကလျားထပျံကြ
ခရုတွေ ကယုကယင် မပြေးလွှားနိုင်တော့
ကျောက်ဆောင်တောင် ကြောက်လန့်တုန်ခါနေရတယ်။

ပင်လယ်က ငိုကြီးချက်မ မျက်ရည်လည်ရွဲ စိုရွှဲနေတယ်
ပင်လယ်က မြစ်တစ်စင်းကို အူယားဖားယား တအားလှမ်းဆွဲထားရတယ်
ပင်လယ်က တိမ်တွေထိုးထားတဲ့ နီဝါရောင်ဆလိုက်တွေအောက် မှောက်ရက်လဲတယ်
ပင်လယ်က လရောင်ကို အုန်းလက်ကိုင်းဖျားနဲ့ ချိတ်ရုံလေး ချိတ်ထားနိုင်တော့တယ်
ပင်လယ်က ရေပြင်ပေါ်ကချော်ကျ သန္တာတန်းတွေကြား ပြတ်ရွေ့သွားတော့မယ်
ပင်လယ်က ငါ့နောက်ကျောကို အသွားနက်နက်လှိုင်းတွေနဲ့ ၀ုန်းကနဲ ထိုးစိုက်လိုက်တော့မယ်။

ပန်ဒိုရာ

(အကြောင်းကြောင်းကြောင့် ကဗျာကို frame ပြန်ပြင်လိုက်ပါတယ်။ မှတ်ချက်များနဲ့တော့ မဆိုင်ပါ။ နောက်ထပ်မှတ်ချက် လက်မခံတော့ပါ။ 21 August 2009 )

Saturday, August 15, 2009

စာရွက်အလွတ်ပေါ်က ငါ့ခြစ်ရာတစ်ချို့

မိုင်တစ်ထောင်

ပျံသန်းလာတဲ့ငှက်ဟာ

လမ်းကြောင်းပြောင်းလိုက်တယ်

အခု

ပင်လယ်ထဲကိုထိုးစိုက်ဆင်းဖို့တဲ့

ဒါဟာ

ရူးရူးမိုက်မိုက်ကိစ္စတော့မဟုတ်ဘူး


နင့်ကို

`ဘယ်သူက ခဏခဏ လာခိုင်းလို့လဲ´

ဒီစကားစုကို

မင်းမကြာမကြာအသုံးပြုဖူးတယ် …ဖေဖော်ဝါရီ


အမှောင်နဲ့ နေသားကျလွန်းလို့

ခံစားမှုကိုယ်၌က ပြိုးပြိုးပြက်ပြက်

လက်လက်ထနေတဲ့ စိတ်ကူးကို

ထူးခတ်ထားစမ်းပါ….

ရေပြင်ကိုထိုးခွဲဝင်သွားဖို့

ကိုယ်စိတ်နှစ်ပါးကိုဖြောင့်တန်းထားယုံပဲ…။


ခရီးစဉ်စဆုံး

အဲဒီဘူတာစဉ်အမည်တွေဖျက်ထားလိုက်တယ်

ဖေဖော်ဝါရီ)

မတ်)

ဧပြီ)

မေ)

မြေပုံမသုံးဘူး

သံလိုက်အိမ်မြှောင်ယူမလာနဲ့

ဂျီပီအက်စ်ကိုရေထဲပစ်ချလိုက်


ကြယ်မြင်လမြင်ဆိုရင်တောင်

ပင်လယ်ရဲ့ရုပ်နာမ်နှစ်ပါးကို

ဆင်ခြင်လို့ရပြီ…


ခင်ဗျားပြောတော့ သက်သက်လွတ်သမားတဲ့

ခင်ဗျားသွားတွေက ချွှန်မြလွန်းနေတယ်


စီးပွားပျက်ကာလလား

ခြူးတစ်ပြားမှမကပ်သူအတွက်တော့

သိပ်မထူးခြားပါဘူး

သေစာရှင်စာတောင်မသင်ဘူးပေမယ့်

ဒီကျမ်းကိုသူအသေအချာရေးခဲ့တာပါ…


ထောင်နံရံကို

အတွေးအခေါ်နဲ့ဆောင့်ဖြိုလိုက်တော့

ခင်ဗျားအသံကို ရာစုသစ်ထဲမှာပြန်ကြားတယ်


ကမ္ဘာကြီးလည်တာကို

ကျွန်တော်ကတော့လက်ပိုက်ကြည့်မနေနိုင်ဘူး

ကိုယ်ကိုယ်တိုင်ချာလပါတ်ရမ်းလို့

တစ်ခါတစ်လေ

ဘ၀ကလွမ်းဖို့တောင်အချိန်မရရှာဘူး…။



မိုးလှိုင်ည

Friday, August 7, 2009

လရောင်အတွက်ရန်ဖြစ်ခြင်း










အမှားတွေသာ မှန်နေ-သတဲ့
မသေချာမှုများသာ သေချာနေ-သတဲ့
ဘုရားစင်ပေါ် တင်ထားတဲ့စာ...
သြော်... ဒုက္ခပါပဲ...
တရားမှတ်တော့လည်း
အနိစ္စနဲ့ အနတ္တကိုပဲ ရွတ်ဆိုနေကြ
ဒုက္ခက နေသားကျနေလို့တဲ့လေ...

ကမ္ဘာမကြေဘူးဆိုတဲ့စကားကိုပဲ
မေ့ထားရတော့မလိုလို...
အရုဏ်တချို့ဆို
မြေပုံမို့မို့တွေမှာ ခေါင်းငိုက်စိုက်လဲကျလို့...
ငရဲခန်း-စာလုံးပေါင်းတော့
သတ်ပုံကျမ်းဟောင်းမှာတောင် ရှာမတွေ့...

ပန်းတွေကြွေတယ်၊ ကြယ်တွေကြွေတယ်၊
တချို့ ရင်ဘတ်တွေထဲမှာ
နေမင်းတောင် ထက်ခြမ်းကွဲ...
အကြွေပန်းတွေပဲ
အမြဲတမ်းကောက်နေရတဲ့ ညတွေ
ပစ်ချခဲ့တော့...

ပန်းချီကားထဲ လရောင်ဆမ်းထားဖို့
တိမ်မဲတို့ကိုပဲ
ဆုတ်ဖြဲ ချိုးဖဲ့ လိုက်စမ်းပါ...
ဂုတ်ဆွဲ ထိုးထည့် လိုက်စမ်းပါ...

(အောင်သာငယ်)

ကဗျာဆရာရဲ့ပန်းပွင့်တွေ









ကဗျာဆိုတာ
နာမကျန်းဖြစ်နေတဲ့ ကဗျာဆရာ
သူ့လမ်းတလျှောက်မှာ ကျဲချဖုံးလွှမ်းခဲ့တဲ့
အမြဲစိမ်းလန်းနေမယ့်
ပန်းပွင့်ကလေးတွေပါ...
တခါခါလည်း
ဝေဒနာလို့ ခေါ်နိုင်မယ်...
တခါတခါလည်း
သိင်္ဂါရတွေပါ...
တခါတခါတော့လည်း
ချစ်ခြင်းမေတ္တာတွေသက်သက်...
တခါတခါမှာလည်း
ကြေငြာချက်တွေ ဖြစ်ချင်ဖြစ်မယ်...
တကယ်မှာတော့
ကဗျာဆိုတာ
အနက်ရှိုင်းဆုံးတွင်းနက်ထဲက
ခုန်ထွက်လာတဲ့
ကွဲအက်ကြေမွ
နှလုံးသားရဲ့ အပိုင်းအစလေးတွေသာ ဖြစ်တယ်။

(အောင်သာငယ်)

Wednesday, August 5, 2009

ဝလုံးကို Mouse Pointer နဲ့ ရေးတဲ့ခေတ်မှာ


အဖေ. . . ကျွန်တော်ကဗျာဆရာလုပ်မယ်လို့ကျွန်တော်ဖွင့်ဟပြောတော့ အဖေ့မျက်နှာပေါ်မှာ နားမလည် နိုင်မှုတွေနဲ့ စိုးရိမ်မှုတွေ ဖြတ်သန်း ရောယှက် သွားတာကို တွေ့လိုက် ရပါတယ်။ အနုပညာသမားဆိုတဲ့ပုံရိပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက ဆင်းရဲခြင်းပုံရိပ်တွေ နဲ့ ထပ်တူကျတာကိုသတိပြုမိဟန်တူပါတယ် ။ ဘ၀ရည်မှန်းချက်ဆိုတဲ့နေရာမှာ ကဗျာဆရာ၊ ပန်းချီဆရာလို့ ထည့်ရေးရင် ဒါဟာ မိုက်တွင်းနက်တာပဲလို့ အစွဲကြီးနေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်ရှင်သန်နေရပါတယ်။ အနုပညာလုပ်ငန်းဟာ ဘိဇနက်တစ်ခုမဟုတ်မှန်းလောက်တော့ ကျွန်တော်လည်း သိထားပါတယ် ။ မနက်မိုးလင်းတာနဲ့ ပိုက်ဆံပိုက်ဆံဆိုပြီး နေ့တွက်ကြေးလေး တွေနဲ့ ဘ၀ရဲ့အချိန်တွေကို ရွေးဝယ်နေရတာ ကိုလည်း ကျွန်တော်စိတ်ပျက်မိတယ် ။ မျှော်မှန်းလစာထည့်ရေးပါဆိုတဲ့ အလုပ် ခေါ်စာတွေဆို ကျွန်တော်ဆုတ်ဖြဲပစ်မိတာများတယ်။ ဘ၀တန်ဖိုး ဆိုတာ လစာငွေကြေးအပေါ် အခြေခံထားတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်သိပ်နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ လစာဝင်ငွေကောင်းကောင်း ရဖို့ ရင်းနှီးစိုက်ထုတ်လိုက်တော့ ဘွဲ့လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ဒီပလိုမာတွေနဲ့ ပညာရပ်ကိုချစ်မြတ်နိုးစိတ်မပါတဲ့ အပေါ်ယံစာသင်ခန်း တွေကို ကျွန်တော် ကျောခိုင်းခဲ့ပါတယ် ။

ရမှတ်ကောင်းဖို့၊ အဆင့်ကောင်းဖို့၊ မှတ်ဥာဏ်ကောင်းကောင်းလိုအပ်တဲ့ စာမေးပွဲတွေမှာ သင်ခန်းစာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ မေးခွန်းလွှာတွေ မပါပါဘူး ။ ဒါဟာ တစ်ခုခုတော့လွဲနေပြီလို့ အထက်တန်းကျောင်းသားဘ၀ထဲက ကျွန်တော်တွေးမိခဲ့ဖူးတယ် ။ မှတ်ဥာဏ်ကောင်းတဲ့ သူငယ်ချင်းတွေက အတန်းထဲမှာ ဆရာမ မျက်နှာသာပေး ခံနေရတဲ့အချိန် ပြဋ္ဌာန်းသင်ရိုးကိုက မရိုးသားဘူးလို့ ငြင်းပယ်တတ်တဲ့ ကျွန်တော်တို့ လို ပေကပ်ကပ်ကောင်တွေက အခန်းထောင့်မှာ အံစာခေါက်နေခဲ့ပါတယ် ။ အတန်းတက်စာမေးပွဲတွေမှာလည်း အောင်မှတ်ရရင် ဆက်မဖြေတတ် တဲ့ ကျွန်တော်ရဲ့ ကျောင်းသင်ပညာရေးက ငွေကုန်သံပြာ ဖြစ်နေတုန်း ဘုန်းကြီးကျောင်းထွက်ပြီး ၀ပ်ရှော့လုပ်တဲ့ ကျွန်တော့်လမ်းထိပ်က ကိုအညာသားက တိုက်နဲ့ကားနဲ့ဖြစ်သွားတယ်။ ကျွန်တော်တက္ကသိုလ်တက်တုန်းက ဖယ်ရီဂိတ်ကိုလိုက်ပို့တဲ့ ၁၄နှစ်ရွယ် ဆိုက်ကားဆရာလေးကတော့ အစ်ကိုရာ ။ ကျောင်းတက်လည်း ဆိုက်ကားတစ်ဖက်နင်းရဦးမှာ ဘာလုပ်မလည်း သူများလည်းဘွဲ့ယူပြီး ကွမ်းရောင်းနေကြရတာပဲဟာ ။ လုပ်နိုင်ကိုင်နိုင်တုန်း ရှာဖွေထားမှ နို့မို့အသက်ကြီးရင် ဒုက္ခရောက်မယ် ။

သူငယ်ချင်း အီကိုဘွဲ့ရ တစ်ယောက်ကတော့ စားဝတ်နေရေးဆိုတဲ့ လူမှုဘ၀ရဲ့လောကတံတွာကို တစ်နေ့ငါးထောင်ကျပ်ဆိုတဲ့ စပယ်ယာ ကြေးလေးနဲ့ ဖြေရှင်းနေရတယ် ။ လွယ်အိတ်တစ်လုံးနဲ့ စာအုပ်ကြီးကြီးတွေကိုင်ပြီး အော်တာနေးတစ်ပညာရေးအကြောင်း ကျွန်တော်သူတို့ကို စကားစလို့ကောင်းမယ့် အချိန်တော့မဟုတ်ပါဘူး ။ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်စာစကားရှိတဲ့ လူမျိုးမှာ လူဖြစ်ရတာကို ဂုဏ်ယူခဲ့မိဘူး ပါတယ် ။ ကမ္ဘာပေါ်ကလူမျိုးပေါင်း ရာနဲ့ချီကာ ခုထက်ထိ ကိုယ်ပိုင်စာစကားမရှိကြသေးပါ ။ ဒါပေမယ့်ပေါ့လေ . . .။

လမ်းဘေးဈေးသည်များ မရောင်းရနယ်မြေလို့ စာတန်းကြီးကြီးကပ်ထားတဲ့ လမ်းတွေပေါ်မှာ အာဏာပိုင်တွေ ကိုယ်တိုင်က ခွင့်ပြုချက် ပေးပြီး ရောင်းခိုင်းတဲ့ဈေးသည်တွေနဲ့ . . .။ ကွမ်းတံတွေးမထွေးရ၊ အမှိုက်မပစ်ရ။ အသက်မရှိတဲ့ စာတန်းတွေကို လူတွေဂရုတစိုက်ကြည့်မနေကြ ပါဘူး။ စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့အတွက် ပြုလုပ်ထားတာလို့ ဓလေ့စွဲနေတဲ့ဒေသတစ်ခု ကျွန်တော်ချစ်တဲ့လူမျိုးက စာစကားတွေမယုံကြည် ကြတော့ဘူး ။ နေ့စဉ်သတင်းလွှာတွေထဲမှာ အမြဲတမ်းအမှားအယွင်းတွေပါလာတော့ သေချာတဲ့နာရေးသတင်းတွေလောက် စောင့်ဖတ်တဲ့နိုင်ငံတစ်ခု ဟာ ပညာရေးစနစ်ကကော ကောင်းမွန်နေပါ့မလား ။ ၀င်ငွေကောင်းဖို့၊ ရာထူးတက်ဖို့၊ ဘွဲ့လက်မှတ်အခွံကို အထူးပြုမွမ်းမံတဲ့ ဘွဲ့လွန်ကျောင်းတွေ ဒေါက်တာ ဘွဲ့တစ်ခုအတွက် သီးစစ်စာတမ်း တစ်စောင်ရဲ့ ကာလပေါက်ဈေးက သိန်းဆယ်ဂဏန်းကြားမှာပါ ။ အာဏာပိုင်တွေရဲ့ စီမံချက်ကိန်းဂဏန်း တွေကြားမှာတော့ ပညာတတ်တွေ ပိုများ လာတယ်ဆိုတဲ့ရလဒ်ပဲရှိပါတယ် ။ ပညာလုပ်အားကကော ဘယ်လောက်များတန်ဖိုးတက်လာပါသလဲ ။ မဖြေမနေရမေးခွန်းဆိုရင်တောင် ဘယ်တော့မှမဖြေမယ့် တာဝန်ရှိသူတွေပါ ။

ကမ္ဘာကြီးက အမြဲမပြတ်ပြောင်းလဲနေပါတယ် ။ ကလေးတွေကိုတော့ ခိုင်းခြင်းဖြင့်သိပ္ပံပညာရှင်တွေကို မွေးထုတ်နိုင်တယ် ။ တီထွင် ဖန်တီးသူတွေကို မွေးထုတ်နိုင်တယ်ဆိုတာ နည်းပညာနဲ့အသက်မွေးဝမ်းကျောင်းရတဲ့ ဂျပန်နိုင်ငံက နားလည်လက်ခံထားပါတယ် ။ အိုင်တီခေတ် ကြီးကလည်း ကမ္ဘာကြီးကို ပညာအရင်းအမြစ်တွေကို အလွယ်တကူဖြန့်ဝေပေးပါတယ် ။ ချမ်းသာကြွယ်ဝမှုတွေက ပညာရေးကို လျစ်လျူရှုနေမိ တတ်ပါတယ် ။ ငတ်မသေဘူးလို့ ခေတ်အဆက်ဆက်ကြွာားဝါဖူးတဲ့ တတိယကမ္ဘာက နိုင်ငံတစ်ခုဟာ ငတ်သေသူတချို့ရှိလာတဲ့အထိ ပညာရေးဆို တာကို မေ့လျော့မိနေမှာလား ။ လက်တွေ့သင်ခန်းစာတွေက လက်မှတ်ထိုးရုံနဲ့ အမှတ်ရတဲ့အချိန်၊ အထက်တန်းကျောင်းတစ်ခုရဲ့ ကွန်ပျူတာအ ခန်းထဲမှာ ဖုံတက်နေတဲ့ကွန်ပျူတာ အဟောင်းသုံးလုံးရှိနေပါတယ်။

ဝင်ငွေနည်းပါးတဲ့ စာပေရေးသားသူတစ်ဦးအနေနဲ့ ကျွန်တော်သင်ကြားခဲ့တဲ့ပညာအပေါ် ကျွန်တော်ပြန်ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ် ။ စာရေးမှ လူပီသမယ်လို့ ကျွန်တော်တွေးခေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ် ဥဏ်အလင်းပွင့်စေတဲ့စာပေကို ကိုယ်တိုင်ကပြန်မရေးသားထားရင် နောက် လူတွေက ဟောဒီခေတ်ကာလအတွက် ဘယ်စာတွေဖတ်ရမှာလည်း ၊ ရှေးစာဆိုတွေအတိုင်းပါပဲ ။ သိပ်မအောင်မြင်တဲ့ စာရေးသမားဘ၀ကို ကျွန် တော် စွန့်စွန့်စားစားရယူခဲ့ပါတယ် ။ အဖေကတော့ စိုးရိမ်နေဆဲပါ . . .။ ရှိစေတော့ . . .။ အလုပ်အကိုင် စာရေးစာဖတ်. . .။

နောက်တစ်ခောတ်ကလေးငယ်တွေ အော်ကျက်ဖို့ ကျွန်တော်ကဗျာတစ်ပုဒ်တစ်လေ ရေးခြစ်မိခဲ့ရင် ကျေနပ်ပြီအဖေ . .။


မိုးလှိုင်ည

နှစ်ယောက်အတူတို့













တကယ်တော့လည်း
မင့်မျက်ရည်တွေက
ငါ့မျက်လုံးက ကျနေတာပါ...

တကယ်တော့လည်း
မင့်တေးတွေကို
ငါ့နှလုံးသွေးနဲ့ ဆိုနေတာပါ...

တကယ်တော့လည်း
မင့်ကဗျာကို
ငါ့လျှာနဲ့ပဲ ရွတ်နေတာပါ...

တကယ်တော့လည်း
မင့်နှလုံးသားက ငါပါ...
ငါ့နှလုံးသားကလည်း မင်းပါ...

(အောင်သာငယ်)

Tuesday, August 4, 2009

ပန်းဆိုးတန်းကိုရောက်ရင် (တစ်ခါတစ်လေ)

တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပလက်ဖောင်းပေါ်က

ဒိန်ချဉ်ဆိုင်လေးမှာ ထိုင်မယ်

ပုဆိုးဆိုင်က ကောင်မလေးကိုငေးမယ်…



တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အေးရှားပလာဇာပေါ်က

ဆရာတင်မောင်ကြည်ကို သွားခေါ်မယ်

ပြီးရင်

လပ်ကီးဖလားဝါးမှာ လက်ဖက်ရည်သောက်မယ်…



တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ရုပ်ရှင်ရုံအဟောင်းကြီးကနေ

စာသင်ကျောင်းဖြစ်သွားတဲ့

( အခုတော့ ခုနစ်ထပ်ကျောင်းဆောင်ဖြစ်နေတဲ့ )

ငါ့မူလတန်းကျောင်းလေးအောက်ကို သွားမယ်

ငယ်ဘ၀က ဆရာ၊ဆရာမတွေမရှိတော့ပေမယ့်

သူတို့ရဲ့ကျေးဇူးကိုအောက်မေ့

ဆင်ခြင်ဖို့လေ…

တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဆရာမြေလတ်ဆီ ကဗျာဝင်ပေးမယ်…

တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပန်နိုရာမားဟိုတယ်ဘေးက

ဘီယာဆိုင်မှာဝင်သောက်ရင်း

ကိုသူရနဲ့ အကြောက်အကန်ငြင်းခဲ့တာကို

အမှတ်ရရင်း

သူ့အတွက်ပါ ပိုသောက်ခဲ့မယ်…



တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဂုံးကျော်တံတားကြီးပေါ်ကိုတက်

ဘုရား၊ သိမ်ကျောင်း၊ ဇရပ်နဲ့

စာသင်ခဲ့တဲ့နေ့စွဲတွေကို ပြန်ဖတ်ဖို့

ဆိုးဆိုးပေပေ ငါ့ကျောင်းသားဘ၀ကို

ထိန်းသိမ်းပေးခဲ့တဲ့

၃၇ လမ်းပေါ်က အထက်တန်းကျောင်းအိုလေးကို

ငေးမယ်…



တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

လားရှိုး king မှာ ၀င်ထိုင်

ကြက်ပေါက်စီနဲ့ ကော်ဖီမစ်မှာပြီး

စပိတ်တစ်နဲ့ ထထရှိုးတတ်တဲ့

ဖေဖော်ဝါရီနဲ့တိုးမှာ

စိုးရိမ်မိသေးတယ်…



တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အရင်ကပန်းဆိုးတန်းကို ပြန်ပြန်လွမ်းလို့

ငါက ပန်းဆိုးတန်းပေါ်လျှောက်ရင်း

ပန်းဆိုးတန်းက ငါ့ဘ၀ပေါ်လျှောက်လို့…။


မိုးလှိုင်ည

Monday, August 3, 2009

အဝေးရောက်ပင်လယ်


အဝေးရောက်ပင်လယ်..

ငါ့ ကြည်နူးမှု လှိုင်းအိလေးတွေ သင့်ကျောကုန်းပေါ်ဖြန့်ခင်းလိုက်ပါရစေ။


အဝေးရောက်ပင်လယ်..

သင်နှစ်မြုပ်ဖျောက်ဖျက်ထားတဲ့ ပုလဲရတနာတွေ ပြန်ဖော်ထုတ်ခွင့် ရပါရစေ။


အဝေးရောက်ပင်လယ်..

ဝင်သက်ထွက်သက်ရှုရှိုက်တိုင်းသင့်ရေတက်ရေကျနဲ့ ပြေပြစ်ညီညွတ်ခြင်းဂီတ တီးခတ်စွမ်းပါရစေ။


အဝေးရောက်ပင်လယ်..

နက်ရှိုင်းရင့်ပြာသင့်သဘာဝ

လောကကိုအနုပညာတွေနဲ့ဆားခပ်လိုက်ပါရစေ။


အဝေးရောက်ပင်လယ်..

စကြာဝဠာထဲမှာသင်ရှိနေကြောင်းဆက်ကာဆက်ကာတုန်ခါမှုတွေပြုနေပါရစေ။


အဝေးရောက်ပင်လယ်.

ရိုးစင်းစွာ …

ကျွန်ုပ်အသက်ကို သင့်ကမ်းခြေတိုင်းမှာ မီး အဖြစ် ပူဇော်ပသ လိုက်ပါရစေ။



ခင်အောင်အေး

Sunday, August 2, 2009

အနှေးပြမြင်ကွင်းများ

ချောက်ခြားဖွယ် တိတ်ဆိတ်မှုက
ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်တယ်
စိတ်ကိုတွန်းဖွင့်လိုက်တော့
ပြင်ပ အထီးကျန်လေများ
ဒလဟော တွန်းထိုးဝင်လာကြ
ငြီးငွေ့ဖွယ် ဖက်တွယ်ခြင်းခံခဲ့ရတဲ့
ပူလောင်မှုများကြားမှ ပဲ့တင်သံ

လွတ်မြောက်ခွင့်ပေးပါ . . .

လွတ်မြောက်ခွင့်ပေးပါ . . .

လွတ်မြောက်ခွင့်ပြုပါ . . .

ငါ့အသံကိုမြင်လား ၊ ငါ့စကားကိုကြားလား
ငါ့တရားက ဓါးသွားတွေခွေလိပ်
ဓါးအိမ်ထဲပိတ်မိနေတယ် . . .

ဒုန်းစိုင်းပြေးနေတဲ့ ငါ့စိတ်မြင်းရိုင်းကို
ဘယ်လိုအလျင်နှုန်းနဲ့ချုပ်ကိုင်မလဲ
ပျံသန်းခြင်းဆိုင်ရာ သီဝရီတခုနဲ့လား
တောင်ပံရိုက်ချိုးခြင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့လား

ဥပါဒ် ၊ ဌီ ၊ ဘင်
ဥပါဒ် ၊ ဌီ ၊ ဘင်
ခင်ဗျားဖြစ်နေချိန်မှာ
ကျနော်ပျက်မယ်
ကျနော်ဖြစ်မယ့်အချိန်မှာ
ခင်ဗျားတို့ပျက်လိုက်ဦးပေါ့

ခရမ်းရောင်ပွ့င်လွှာရဲ့ အလယ်ဗဟိုချက်ကို
တဲ့တဲ့စိုက်ခဲ့တဲ့မြှားချက်ပဲ
ဒါပေမဲ့
ပစ်လိုက်တဲ့ ငါဟာ ပင်လယ်ဓမြ ဆန်တယ် ။ ။


ဖုန်းမြင့်